လူဆိုတာက အသက်အရွယ် ရလာတာနဲ့ အမျှ မေ့တတ်တာ သဘာဝပါ။ သာမန် မေ့လျော့တာထက် ကျော်လွန် လာတော့မှ သူငယ်ပြန် အယ်လ်ဇိုင်းမားလို ရောဂါတွေ အဆင့်ကို ရောက်တာပါ။ မေ့တာကတော့ မေ့ကြတာပါပဲ။ အနည်း အများသာ ကွာကြပါတယ်။ အရွယ် ရောက်လာတဲ့ လူကြီးဆိုတဲ့ အသက်လောက် ဆိုရင်ကိုပဲ အများစုက အသက် ၄ နှစ် မတိုင်ခင် အဖြစ်အပျက်တွေ ထဲက တခု၊ နှစ်ခုကိုသာ မှတ်မိတတ်ပြီး ၃ နှစ် မတိုင်မီက အကြောင်းတွေဆို ဘာမှ မမှတ်မိဘူး လို့ ဆိုကြပါတယ်။
ကလေး ဘဝမှာ ပတ်ဝန်းကျင်က အရာတွေကို သတိထား မှတ်သား တတ်တာကလည်း ၁၀ လ ကနေ ၁၂ လ အထိမှာမှ ဖြစ်ပြီး အဖြစ်အပျက် တွေကို မှတ်မိတာမျိုးက လ ၂၀ ကနေ ၂၄ လ လောက်ကျမှ ပေါ်တတ်တာကိုး။ စကားလုံးနဲ့ မှတ်သားလို့ မရတာတွေ ဆိုရင် ကြီးတဲ့အထိ မှတ်ဉာဏ်မှာ မစွဲဘူးလို့ လေ့လာချက်တွေက ပြောပါတယ်။
မှတ်ဉာဏ်ကို အကြမ်းဖျဉ်း သတ်မှတ်ကြ ရာမှာတော့ ကာလရှည်မှတ်ဉာဏ် (အချိန်တွေ ကြာတဲ့အထိ မှတ်မိနေတာ)၊ အချိန်တို မှတ်ဉာဏ် ( ရေရှည် မဟုတ်ပေမယ့် ကာလတခုအထိ မှတ်မိတာ) နဲ့ တဒင်္ဂမှတ်ဉာဏ် ( ဖြစ်ပျက်နေတုန်း ခဏသာ သိတာ) ရယ်လို့ အချိန်ကာလနဲ့ မူတည် သတ်မှတ် ပါတယ်။ အာရုံခံစားမှုတွေ၊ အဖြစ်အပျက်တွေ အားလုံးက အဲဒီ မှတ်ဉာဏ်တွေထဲက တမျိုးမျိုးမှာ သိုမှီး သိမ်းဆည်း ကြတာပေါ့။
ကာလရှည် မှတ်ဉာဏ်နဲ့ သိမ်းဆည်းမိတာတွေ ကသာ လွယ်လွယ်ကူကူ ပြန်ပြီး ဖော်နိုင်ပါ သတဲ့။ ဒါတောင်မှ ဘာကြောင့်မှန်း မသိ၊ အဲဒီ ကာလရှည် မှတ်ဉာဏ်လည်း မှိန်ပြယ်သွားတာကို လေ့လာတွေ့ရှိ ကြပြန်ပါတယ်။ အချိန်တို မှတ်ဉာဏ်ကတော့ မြန်မြန် (တခါတလေ စက္ကန့်ပိုင်းလောက်နဲ့) ပျောက်လွယ်ပြီး တဒင်္ဂမှတ်ဉာဏ် ကတော့ ရှေ့မှာ နောက်တခု မြင်တွေ့ရုံနဲ့ ပျောက်သွားတတ် ပါသတဲ့။ တချို့ တော့လည်း အထောက်အထား လေးတွေ ပြန်တွေ့ပြီး အမှတ်ရတာမျိုး ရှိတတ် ပါသတဲ့။ ( လက်မှတ်ကို ပိုက်ဆံအိတ်ထဲ ပြန်တွေ့တော့ အဲဒီ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကို သတိပြန်ရ တာမျိုး ပေါ့)။
မှတ်ဉာဏ် ချို့ယွင်းစေတာတွေ
မှတ်ဉာဏ်နဲ့ပတ်သက်ပြီး ထိခိုက်စေနိုင်တယ်လို့ လေ့လာယူဆထားတာ တွေရှိပါတယ်။ အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချို့ယွင်းတာက သဘာဝလို့ ဆိုပေမယ့် တခြား အသက်နဲ့မဆိုင်တဲ့ ကိုယ်ရောစိတ်ပါ အခြေအနေတွေကတော့ သတိပြုစရာပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တာ၊ စိတ်ဖိစီးမှုဖြစ်တာ၊ ကူးစက်ရောဂါတွေ ခံစားရတာ စတာတွေက ပိုပြီး သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ဒါတင်မက ဖြစ်လေ့ရှိတဲ့ မှတ်ဉာဏ်ချို့ယွင်းစရာတွေမှာ သောက်နေရတဲ့ ရောဂါဆိုင်ရာ ဆေးဝါးတွေ၊ မူးယစ်ဆေး အလွဲသုံးတာတွေ၊ အာဟာရချို့တဲ့မှုတွေ၊ စိတ်ကျရောဂါ၊ စိုးရိမ်သောကနဲ့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာ ပုံမှန်မဟုတ်တာတွေလည်း ပါဝင်ကြပါတယ်။
အသက်အရွယ်ကြောင့် မေ့လျော့တတ်တာ သဘာဝဖြစ်ပေမယ့် လူတိုင်းတော့လည်း မဟုတ်ပြန်ပါဘူး။ စိတ်ရောကိုယ်ပါ တက်ကြွလှုပ်ရှား နေတတ်သူတွေမှာ မှတ်ဉာဏ်ပိုကောင်းတာ တွေ့ရပါတယ်။ အငြိမ်ထိုင်သမားတွေ၊ ဘဝမှာ သိပ်ပြီး လှုပ်ရှားရုန်းကန် မလုပ်တဲ့သူတွေက သတိမေ့တာ၊ မှတ်ဉာဏ်ယိုယွင်းတာ ပိုဖြစ်တတ်ပါ သတဲ့။
ဒါကြောင့် သက်ကြီးရွယ်အို ဖြစ်လာချိန်မှာ လူမှုရေးရာတွေ ပိုပြီးတက်ကြွ ဆက်ဆံပေါင်းသင်း လုပ်ကိုင်နေရင် မှတ်ဉာဏ်နဲ့ပတ်သက်ပြီး ပြဿနာတွေ နည်းပါးစေတယ်လို့ ဆိုကြပါတယ်။ အထီးကျန်နေပြီး လူ့အသိုင်းအဝိုင်းနဲ့ ဖယ်ကျဉ်နေလေလေ သတိမေ့လျော့ ချွတ်ယွင်းမှုက ပိုလေလေဖြစ်တာ တွေ့ကြရတယ်လို့ ဆိုပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူး ပြောဖို့ရာ လူတောထဲ တိုးရမယ့်သဘောပေါ့။
အသက်အရွယ်နဲ့ ဆက်စပ်ပြီး မှတ်ဉာဏ်ကို ထိခိုက်စေတာတွေမှာ သွေးတိုးရောဂါကိုလည်း မေ့ထားလို့ မရပါဘူး။ သွေးတိုးက ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေကို ထိခိုက်ပြီး မှတ်ဉာဏ်ကိုလည်း ထိစေတာကြောင့်ပါ။
မှတ်ဉာဏ်အတွက် ဘာတွေလုပ်သင့်သလဲ
မှတ်ဉာဏ်တိုးတက်ဖို့ ပဟေဠိတွေနဲ့ ကစားတာ၊ တရားထိုင်တာ၊ ကိုယ်လက်လှုပ်ရှား လုပ်တာတွေက အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။ အဲဒါတွေက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းသိမ်းပေးပြီး မှတ်ဉာဏ်ကိုလည်း ထိန်းထားပေးရာ ကျပါတယ်။ တရားထိုင်တာကို သီတင်းပတ် ၈ ပတ်လောက် လုပ်ခိုင်းတဲ့ လေ့လာမှုတခုမှာ မှတ်ဉာဏ်တိုးတက်လာတာ တွေ့ဖူးပါသတဲ့။
မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေ
အသက် ကြီးလာတာနဲ့ အမျှ အာရုံစူးစိုက် နိုင်စွမ်းက လျော့ကျလာ သလို တပြိုင်နက်တည်း အလုပ်တွေ အများကြီး လုပ်ဖို့လည်း မစွမ်းတော့ပါဘူး။ တခါတလေ ကားရပ်ခဲ့ပြီး ဘယ်နားမှာ ရပ်ခဲ့မှန်း မသိတာမျိုး အထိ ဖြစ်လေ့ ရှိပါတယ်။
မှတ်ဉာဏ်နဲ့ ပတ်သက်ပြီး အဆိုးရွားဆုံး ပြဿနာက အယ်လ်ဇိုင်းမားလို့ ပြောကြတဲ့ သူငယ်ပြန် ရောဂါတမျိုး ပါ။ မှတ်ဉာဏ် ချို့ယွင်းမှုတွေ အသက်နဲ့ အမျှ တိုးလာရင် အဲဒီရောဂါကို သတိပြုဖို့ လိုအပ်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျလာတဲ့ သူတိုင်းတော့ အယ်လ်ဇိုင်းမား မဖြစ်နိုင်ပါဘူး။
မှတ်ဉာဏ် ချို့ယွင်းရာမှာ သော့ကို ဘယ်နားထားမှန်း မသိတာ၊ နာမည်တွေ မေ့တာ၊ သင်ယူမှု တခုခု အသစ်လုပ်ရင် အချိန် ပိုကြာတာတွေက ဖြစ်လေ့ ရှိသလို သိပ်စိုးရိမ်စရာ မရှိလှပါဘူး။
အရေးကြီးတဲ့ ဆိုးရွားတဲ့ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာကတော့ ကိုယ်ကျွမ်းဝင်ပြီးသား နေရာကို မေ့လျော့တာ ပါပဲ။ အဲဒါမျိုး ကတော့ အယ်လ်ဇိုင်းမားရဲ့ နိဒါန်းအစ လို့ ပြောတောင် ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြား ဦးနှောက်ဆိုင်ရာ ပြဿနာတွေ (အလုံး အကျိတ်၊ သွေးခဲတာ၊ စိတ်ကျ ရောဂါ စတာတွေ ပေါ့) မရှိမှသာ အယ်လ်ဇိုင်းမားလို့ ဆိုရတာပါ။ တခြား စိုးရိမ်စရာ သတိမေ့မှုတွေ ကတော့ မေးနေကျ မေးခွန်းကို ထပ်ပြန် တလဲလဲ မေးတာ၊ ပြောတဲ့ ညွှန်ကြားချက်ကို မလုပ်နိုင်တာ၊ အချိန်၊ နေရာ၊ လူတွေကို မှတ်သားမှု ရောထွေးလာတာနဲ့ ကိုယ့်ဘာသာ ကိုယ်တောင် စောင့်ရှောက်နိုင်စွမ်း မရှိတော့တာတွေ ပါပဲ။
ဘဝဖော်ရဲ့အမွေ
လောလောဆယ် လေ့လာတွေ့ရှိချက် တခုက ထူးဆန်းပေရဲ့။ သက်ကြီးရွယ်အို တွေထဲက သတိမေ့လျော့ တတ်တဲ့ ဇနီးသည်နဲ့ အတူနေတဲ့ ခင်ပွန်းတွေမှာ သတိမေ့လျော့မှု ဖြစ်နိုင်ခြေက သာမန်လူတွေထက် ၁၂ ဆ ပိုများတာတွေ့ ရပါ သတဲ့။ သတိမေ့တဲ့ ခင်ပွန်းတွေနဲ့ အတူနေတဲ့ ဇနီးသည်တွေ ကျတော့ ၄ ဆ ဖြစ်နိုင်ခြေ ပိုများတာ တွေ့ရပါ သတဲ့။
တချို့ အနည်းစု ကတော့ အဲသလို အခြေအနေမျိုး ပေမယ့် သတိမေ့လျော့တာ မဖြစ်တာ တွေ့ရပါ သတဲ့။ အဲဒါကလည်း သတိ ချွတ်ယွင်းသူကို ပြုစုရတဲ့ စိတ်ဖိအားနဲ့ ဆက်စပ်မှု ရှိနိုင်တယ် လို့ မှန်းဆ ကောက်ချက်ဆွဲကြပါတယ်။
ဒါတွေကို ကြည့်ရင် အသက်အရွယ်ကြောင့် သတိမေ့လျော့မှုက သဘာဝ ဖြစ်သလို သဘာဝလွန် သတိမေ့လျော့စေတဲ့ ရောဂါတွေလည်း ရှိနေတာကို တွေ့ရမှာပါ။ အထူး ဂရုစိုက်ရမယ့် သတိမေ့လျော့မှု လက္ခဏာတွေ ကိုလည်း ဆင်ခြင်နိုင်မှာ ပါ။ သတိမေ့လျော့မှု သက်သာရာ သက်သာကြောင်း လေးတွေ လေ့ကျင့်လုပ်ဆောင်ရင်း ကိုယ့် အသိုင်း အဝိုင်းထဲမှာ သတိမေ့လျော့ ချွတ်ယွင်းသူ တွေ့ရင်လည်း ဂရုပြုနိုင်စေဖို့ အခြေခံ သိအပ်ဖွယ်လေးတွေ လက်ဆင့်ကမ်း လိုက်ပါတယ်။ ။