မန္တလေးတက္ကသိုလ်မှာ မစ္စတာဒေးဗစ် အလုပ်လုပ်ဖို့သွားတော့ စန္ဒရာလည်း အင်္ဂလန် ကနေ ဘိုကေနောက် ဆံတောက်ပါခဲ့ရတယ်။ လက်ထပ်ကြတော့လည်း ဒေးဗစ်က ၂၆ နှစ်၊ စန္ဒရာက ၂၄ နှစ်။ အင်မတန်မှ ငယ်ရွယ်ပျိုမျစ်ကြသေးတယ်။
စန္ဒရာက မန်ချက်စတာတက္ကသိုလ်မှာ နားမကြားတဲ့သူတွေကို စကားပြောနိုင်၊ စာရေးနိုင်၊ စာဖတ်နိုင်အောင် သင်ပြပေးတဲ့ ဆရာဖြစ်တန်း တက်ထားသူ။ နားမကြားတဲ့ ကလေးတွေအတွက် ဖွင့်ထားတဲ့ လန်ဒန်မြို့တော်က ကျောင်းမှာ သူက သင်ပြပေးသူ။
စန္ဒရာ မန္တလေးကိုရောက်တော့ တဖက်တလမ်း က လူ့အကျိုးပြုလုပ်ငန်းကိုလုပ်ချင်တယ်။ ဒါကြောင့် နားမကြားတဲ့ ကလေး၊ ဆွံ့အတဲ့ ကလေးတွေကို စကားပြောနိုင်အောင်၊ စာရေး စာဖတ်နိုင်အောင် သင်ကြားပေးမယ်လို့ လက်ကမ်းစာရွက်လေးတွေ ပုံနှိပ်ပြီး ဖြန့်ဝေလိုက်တော့ သူ့အိမ်ကို ကလေးတွေ ရောက်လာတယ်။ အိမ်ဝရန်တာမှာပဲ သင်ကြားပေး တယ်။ ကလေးတွေများလာတော့ ဒိုင်အိုဆီဇင်ကျောင်း အနီးက တဖက်ရပ် တဲကလေးကို စာသင်ခန်းလုပ်ပြီး သင်ပေးတယ်။ ၁၉၆၄ ခုနှစ်မှာ နားမကြားတဲ့ကလေး ၂၇ ယောက်အထိ အရေအတွက်များလာတယ်။
ဒီလိုအချိန်မှာပဲ မြန်မာနိုင်ငံကို အာဏာသိမ်း တဲ့ စစ်အစိုးရက နိုင်ငံခြားသားတွေကို နှင်ထုတ်လို့ ဒေးဗစ်နဲ့ စန္ဒရာလည်း အင်္ဂလန်ကို ပြန်ခဲ့ကြရတယ်။ စန္ဒရာ စတင်တည်ထောင်ခဲ့တဲ့ နားမကြားတဲ့ကလေးများရဲ့ ကျောင်းဟာ ဆက်လက်ရှင်သန် ကြီးထွားလာ နေတာကတော့ သူတို့မသိဘူး။
၂၀၁၃ ခု မေလ ၇ ရက်နေ့မှာ စန္ဒရာ ကင်ဆာ ရောဂါနဲ့ ကွယ်လွန်ရှာပြီး နှစ်ရက်အကြာ မေလ ၉ ရက်နေ့မှာ သူတို့သားသမက်မှာ မန္တလေးက နားမကြားတဲ့ ကလေးများရဲ့ကျောင်းလို့ အမှတ်မထင် ရိုက်ထည့်လိုက်မိတော့ ကလေး ၂၀ဝ လောက်ကို ပညာသင်ပေးရင်း ရှင်သန်နေတဲ့ ကျောင်းကြီးရဲ့ အကြောင်းအရာအပြည့်အစုံ ပေါ် လာတယ်။ ဒေးဗစ် အံ့ဩဝမ်းသာမိတယ်။ ကျောင်း သမိုင်းရေးသားပြီး အင်တာနက်တင်သူက ဒီကျောင်း ကို စတင်တည်ထောင်သူကိုလည်း အလေးထား အသိအမှတ်ပြု မှတ်တမ်းတင်ထားတယ်။
ချစ်ဇနီးစန္ဒရာ စတည်ခဲ့တဲ့ကျောင်း၊ ရှင်သန် ဖွံ့ဖြိုး အကျိုးပြုနေတဲ့ကျောင်းကို ဒေးဗစ် ပြန်သွားပြီး ကြည့်ချင်တယ်။ ဒါကြောင့် ဒီကျောင်းအကြောင်း အင်တာနက်မှာသိရတာ ခုနစ်လတိတိကြာတဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ မြန်မာနိုင်ငံကို သူလာပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျောင်းကိုလေ့လာဖို့ ခွင့်ပြုချက်ပေးတယ်။ ဒေးဗစ်က မန္တလေးမြို့မှာရှိတဲ့ နားမကြားတဲ့ ကလေးတွေရဲ့ ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးကို တချိန်က စန္ဒရာရဲ့ဓာတ်ပုံလေး အမှတ်တရ လက်ဆောင်အဖြစ် ပေးတယ်။
နှစ်ရက်အကြာ ကျောင်းကို နောက်တခေါက် ဒေးဗစ်သွားတော့ ကျောင်းခန်းမ အဝင်ဝမှာ လူ ၅ ယောက်က သူ့ကို စောင့်ကြိုနေတယ်။ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်။ သူတို့က ၁၉၆၂ ခုနှစ်တုန်းက စန္ဒရာရဲ့ တပည့်ဟောင်းတွေ။ ယခုတော့ သူတို့ အသက်အရွယ်တွေက ၆၀-၇၀ တွေ။ စန္ဒရာရဲ့ ကျေးဇူးနဲ့ ရေးနိုင် ဖတ်နိုင်ကြလို့ အလုပ်တွေ ကိုယ်စီရခဲ့ကြတယ်။ ခုတော့ ပင်စင်စား တွေပေါ့။ ဒေးဗစ် ရောက်နေတယ် ကြားကြလို့ ဝမ်းမြောက်ဝမ်းသာ လာတွေ့ကြတာ။
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလ ၁၉၆၂ ခုနှစ်တုန်းကတော့ သူတို့အားလုံးဟာ လူမမည် ကလေးသူငယ် တွေပါ။ သူတို့ နားမကြားဘူး။ နား မကြားသူကို ဘယ်သူကမှ ပညာသင်ပြမပေးနိုင်ဘူး။ သူတို့ ပညာမဲ့နေခဲ့ကြ တယ်။ ကုန်ကုန်ပြောရရင် သူတို့နာမည်ကိုတောင်မှ သူတို့မသိတဲ့ဘဝ။ နား ကြားတဲ့သူက ကိုယ့်နာမည်ကို သူများကပြောရင် ကြားတယ်၊ သိတယ်။ သူတို့က ဘယ်မှာနေတယ်ဆိုတဲ့ နေရပ်လိပ်စာဆိုတာ သိဖို့ကတော့ ဝေလာဝေးပေါ့။ စန္ဒရာက သူတို့ကို တကယ့်ကောင်းမွန်လှတဲ့ ဘဝ သစ်ကို တည်ဆောက်ပေးခဲ့တယ်။
၂၀၁၅ ခု၊ မတ်လ ၂၆ ရက်မှာ ဒေးဗစ် နောက် ထပ်တခေါက် ကျောင်းကိုရောက်လာချိန်မှာ ကျနော်နဲ့ ဒေးဗစ်တို့ တွေ့ကြတယ်။ နားမကြားတဲ့ ကလေးတွေ ရဲ့ကျောင်း အစည်းအဝေးခန်းမဆောင်ထဲမှာ ဒေးဗစ် နဲ့ထိုင်ပြီး သူ့ခရီးစဉ်အကြောင်း ကျနော် မေးတယ်။ သူက ၂၀၁၃ ခုနှစ်က ပထမဆုံးအခေါက် ရောက်စဉ် က အဖြစ်အပျက်ကို ပြန်ပြောပြတယ်။
“ကျနော့်ကို ကျောင်းအုပ်ဆရာမကြီးက တကျောင်းလုံးလှည့်ပြတယ်။ စာသင်ခန်းတွေ တခန်း ဝင် တခန်းထွက်ပေါ့။ တွေ့သမျှ ကလေးတိုင်းက ကျနော့်ကို လိုလိုလားလား တက်တက်ကြွကြွ ကြိုဆို ကြတယ်”
ဒေးဗစ် မျက်နှာပေါ်မှာ ရွှင်လန်းတဲ့ အပြုံးကို ဆောင်ထားတယ်။
“စာသင်ခန်းတခန်းထဲကို ဝင်သွားတော့ ကလေး တယောက်က နားကြား အကူကိရိယာ (နားကြပ်) တပ်ထားတာ တွေ့တယ်။ ဆရာမကို မေးကြည့်တော့ အဲဒီကလေးက ချမ်းသာတယ်တဲ့။ တကျောင်းလုံးမှာ လည်း ဒီကလေးတယောက်ပဲ နားကြားအကူကိရိယာ သုံးနိုင်တယ်။ ဒီပစ္စည်းကဈေးသိပ်ကြီးတော့ သာမန် မိသားစုတွေ ဘယ်မှာတတ်နိုင်ပါ့မလဲ”
ဒေးဗစ်က ပြောလက်စ ခဏနားတယ်။ ကျနော် က ဘာမေးခွန်းမျှမထုတ်ဘဲ သူဆက်ပြောမှာကိုပဲ စောင့်နားထောင်နေလိုက်တယ်။
“နားကြားကိရိယာ သုံးလိုက်ရင် အကြားအာရုံ ရနိုင်တဲ့ တခြားကလေး ဒီကျောင်းမှာ ရှိသေးသလား လို့ ဆရာမကို ကျနော်မေးတော့ သိပ်ရှိတာပေါ့၊ အများကြီးရှိတယ်။ ဥပမာ ဒီကလေးဆိုပြီး အနီးက အပြာရောင် ဂျာစီလေးဝတ်ထားတဲ့ ခြောက်နှစ် အရွယ် ချာတိတ်လေးတယောက်ကို ညွှန်ပြတယ်။ ကျနော်လည်း နားကြား ကိရိယာ သုံးရသူပါ”
ဒေးဗစ်က သူ့ညာဘက်နားမှာ တပ်ထားတဲ့ နားကြားကိရိယာလေးကို ဖြုတ်ယူပြီး ကျနော့်ကို ပြတယ်။ ဒီတော့မှ သူလည်း အကြားအာရုံ ချို့တဲ့သူ ပဲလို့ ကျနော်သိရတယ်။ သေသေချာချာ ကြည့်လိုက် တော့ သူ့ဘယ်ဘက်နား မှာလည်း နားကြားကိရိယာ တပ်ထားတာ မြင်ရတယ်။ ကိရိယာလေးတွေက သေးသေးလေးပါ။ တစင်တီမီတာလောက်ရှည်ပြီး ခဲတံလုံးလောက်ပဲ ရှိတယ်။
ဒေးဗစ် ပြောလက်စ စကားကို ဆက်ပြောတယ်။
“ကျနော်က ကျနော့်နားက နားကြားကိရိယာ တခုကိုဖြုတ်ယူပြီး ဒီကလေးကိုတပ်ပေးမယ်၊ သူ့အတွက် အကြားအာရုံ ထူးခြားမှုရှိသလား၊ စမ်းကြည့်ပါရစေ လို့ ဆရာမကို ခွင့်တောင်းတယ်။ ဆရာမက ရပါတယ် တဲ့။ ကျနော်က ပထမတခုကို ကလေးရဲ့နားတဖက်မှာ တပ်ပေးတယ်၊ ပြီးတော့ နောက်တခု၊ ဘယ်လိုထူးခြား မှုဖြစ်လာမှာလဲ ကျနော် စိတ်ဝင်တစား နားစွင့်နေ တယ်”
“ကလေးရဲ့မျက်နှာမှာ ချက်ချင်းပဲ တကယ့်ကို ရွှန်းရွှန်းပပအပြုံး ဖြစ်ပေါ်လာတယ်။ ပြီးတော့ သူ့ဆရာမကို ဝူးဝူးဝါးဝါး စကားတွေ ဝမ်းသာအားရ ပြောတော့တာပေါ့။ သူ့ပုံကိုကြည့်ရတာ သိပ်သိပ်ကို ပျော်နေတဲ့ပုံ၊ တကယ့်ကို ကျေနပ်အားရနေတဲ့ပုံ။ အပြောင်းအလဲက တကယ့်ကို မမေ့နိုင်စရာပါပဲ”
ဒေးဗစ်ရဲ့မျက်နှာပေါ်မှာ ယခုပဲ ချာတိတ်လေး နဲ့ တွေ့ထားရသလို ကြည်နူးရိပ်တွေ ပေါ်နေပါတယ်။
“ဒီအခြေအနေမှာ ကျနော့်အတွက် အကျပ် ရိုက်စေတဲ့ပြဿနာ တွေ့တော့တာပဲ။ ကျနော့်ရဲ့ နားကြားကိရိယာ ဒီကလေးကို ပေးထားခဲ့ရမလား၊ သူ့ဆီက ပြန်ဖြုတ်ယူရမှာလား ဆိုတာပဲ။ သူ့မှာ နားကြားကိရိယာတပ်ရရင် အင်မတန် အကျိုးထူး တာက ကိုယ့်မျက်မြင်ကိုယ်တွေ့ပဲ။ ကျနော်ဘာလုပ် ရမှာလဲ”
သူက ဆက်မပြောဘဲ သူတပ်ထားတဲ့ မျက်မှန် ကို ချွတ်လိုက်ပါတယ်။ ဒေးဗစ်အတွက် နားကြား ကိရိယာ အသစ်တခု ထပ်ဝယ်ဖို့ဆိုတာ အင်မတန် လွယ်ကူမှာပါ။ မြန်မာနိုင်ငံက နားမကြားတဲ့ကလေး ငယ်တယောက်၊ ကျေနပ်ပျော်ရွှင်နေတဲ့ ကလေး တယောက်ကို နှမြောတွန့်တိုမှုမရှိဘဲ နားကြား ကိရိယာ ပေးပစ်ခဲ့သင့်တာပေါ့လို့ ကျနော်ကတွေးနေ မိတယ်။
ဒေးဗစ်က မျက်မှန်တပ်ထားတဲ့ ကျနော့်ကို ပြန်ကြည့်ပြီး ဆက်ပြောတယ်။
“အခု ခင်ဗျားတပ်ထားတဲ့ မျက်မှန်က ခင်ဗျား ရဲ့မျက်စိနဲ့ အဆင်ပြေအောင် ချိန်ကိုက်ထားတာ။ ကျနော့်မျက်မှန်က ကျနော့်မျက်စိနဲ့ ချိန်ကိုက်ထား တာ။ ခင်ဗျားမျက်မှန်ကို ကျနော်ယူတပ်လို့ အဆင် မပြေဘူး။ နားကြားကိရိယာကလည်း ဒီလိုပဲ၊ လူ တယောက်ချင်းစီရဲ့ နားနဲ့ကိုက်ညီအောင် ချိန်ကိုက် ထားရတာ။ နားတောင်မှ တဖက်နဲ့တဖက်ကြားပုံခြင်း မတူဘူး။ သူ့ဘက်နဲ့သူ အကြားအာရုံ အဆင်ပြေ အောင် ကွန်ပျူတာနဲ့ ညှိထားရတာ”
သူရှင်းပြမှ ကျနော် နားလည်သွားတယ်။ သူ့ နားကြားကိရိယာကို လိုအပ်နေတဲ့ ကလေးအတွက် မပေးခဲ့ရကောင်းလားလို့ စိတ်ထဲမှာ ကျိတ်အပြစ် တင်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဆုံးမမိတယ်။
“ဒီနားကြားကိရိယာက ကျနော့်နားနဲ့ ချိန်ညှိ ထားတာ။ ဒါ တပ်မထားရင် ငှက်ကလေးတွေ မြည်သံကို ကျနော် မကြားရဘူး။ ခင်ဗျား စကား ပြောတဲ့အသံကိုလည်း ပီပီသသမကြားရဘူး။ လူတွေ အသက်ကြီးလာရင် မျက်စိမှုန်သလို အကြားအာရုံ လည်း အပြောင်းအလဲရှိတယ်”
အသက် ၈၀ အရွယ် ဒေးဗစ်က သူ့နားကြား ကိရိယာလေးကို ပြန်ဖြုတ်ပြီး ကျနော့်ကို ပြတယ်။
“ဒီကရိယာလေးမှာ ခလုတ်သုံးခုရှိတယ်။ တခု က အခုလို အတူထိုင်ပြီး စကားပြောဖို့ ၊ တခုက ဂီတနားဆင်ဖို့၊ နောက်တခုက ဟောပြောပွဲလို လူ ပရိသတ်ကြား သွားတဲ့အခါ နားထောင်ဖို့”
ကျနော့်အတွက်တော့ ဗဟုသုတအသစ်အဆန်း တွေချည်းပါပဲ။
“ကျနော့်အတွက်လည်း နားကြားကိရိယာက လိုအပ်နေတာပဲ။ ဒါကြောင့် သိပ်ကို တုံ့ဆိုင်းစွာနဲ့ပဲ ကလေးရဲ့နားမှာ တပ်ပေးထားတဲ့ နားကြားကိရိယာ ကို ကျနော် ပြန်ဖြုတ်လိုက်တယ်။ သူ့မျက်နှာ၊ ကလေးလေးရဲ့ မျက်နှာမှာ ဘယ်လိုဖြစ်သွားသလဲ ဆိုတော့ မျက်နှာကို လက်နဲ့ ဖျန်းခနဲ ဖြတ်ရိုက်တာ ခံလိုက်ရသလိုပဲ။ သိပ်ကို စိတ်ပျက် ဒေါသထွက် တုန်လှုပ်ချောက်ချားသွားပုံပေါ်တယ်။ မျှော်လင့်ချက် ကင်းမဲ့ပြီး ကြေကွဲသွားပုံရတယ်။ ကြေကွဲဝမ်းနည်း တဲ့ သူ့မျက်လုံးတွေကို ကျနော် ဘယ်တော့မှ မေ့နိုင် မှာမဟုတ်တော့ဘူး။ ကျနော်က သူ့ကို ကောင်းကင် ဘုံကို ခေတ္တပို့ပြီး အရသာကို မြည်းစမ်းစေလိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ သူ့ကို ပြန်ဆွဲချလိုက်သလို”
ဒေးဗစ်က သက်ပြင်းလေပူကြီးကို မှုတ်ထုတ် လိုက်ပြီး ပြောလက်စ စကားကို ခဏနားတယ်။
“ကျနော် ဆုံးဖြတ်ချက်တခု ချလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးရော ကျောင်းက တခြား ကလေးတွေအတွက်ပါ ကျနော် အကူအညီပေးရ မယ်။ ဘာပဲဖြစ်နေဖြစ်နေ ကျနော် ကူညီကို ကူညီရ မယ်။ ၂၀၁၄ ခု ဇန်နဝါရီလမှာ ကျနော် အင်္ဂလန်ကို ပြန်သွားတယ်။ နားကြားအကူကိရိယာတခုရဲ့တန်ဖိုး က ဒေါ်လာ ၁၀ဝ၀ ကျော်တန်တယ်”
နားမကြားတဲ့ ကလေးတယောက်အတွက် သုံး ရမယ့်တန်ဖိုးက မြန်မာငွေနဲ့ ကျပ် ၁၀ သိန်းကျော် တန်တာပဲလို့ ကျနော်က ခန့်မှန်းတွက်နေတယ်။ ဒေးဗစ်ကတော့ သူ့စကားကို ဆက်ပြောတယ်။
“အင်္ဂလန်ပြန်ရောက်တော့ နားကြားကိရိယာ တွေရဖို့ ကျနော် ဘယ်လိုစုဆောင်းရမှာလဲ စဉ်းစား တယ်။ ဆေးရုံတွေမှာ လူနာတွေ သေဆုံးသွားရင် မိသားစုက သူတပ်ဆင်ထားတဲ့ နားကြားကိရိယာတွေ ကို ပစ်ထားခဲ့တယ်။ ကျနော် ဘယ်လိုရယူနိုင်မှာလဲ မသိဘူး။ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်တွေကို ကျနော် လိုက်တွေ့တယ်။ အဲဒီမှာ ဒေါက်တာ ရော်ဘင်ယန်းစ်နဲ့ တွေ့တယ်”
ဒေးဗစ်က Dr. Robin Youngs အမည် စာလုံးပေါင်းပုံကို တလုံးချင်း ပြောပြတယ်။ သူက ချယ်လ်တင်ဟမ် (Cheltenham) နဲ့ ဂလော်ဆက် စတာ (Gloucester) ဆေးရုံတွေက နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ် အထူးကုဆရာဝန် ဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက နှစ်စဉ်နှစ်တိုင်း မြန်မာ နိုင်ငံကို သူ့စရိတ်နဲ့သူ လာရောက်ပြီး နားခွဲစိတ် ကုသမှုတွေ လုပ်ပေးနေသူဖြစ်တယ်။ မြန်မာဆရာဝန် တွေကို နားခွဲစိတ်ကုသတဲ့ နည်းပညာတွေ မျှဝေ သင်ပြပေးနေသူ ဖြစ်တယ်ဆိုတာတွေကို ပြောပြပါ တယ်။ ဒေါက်တာ ယန်းစ်နဲ့ နေ့လယ်စာအတူစားရင်း မန္တလေးက နားမကြားတဲ့ ကလေးတွေရဲ့ကျောင်းကို အကူအညီပေးချင်တဲ့ အစီအစဉ်ကို ဒေးဗစ်က ပြောပြတယ်။
“ဒေါက်တာ ယန်းစ်က ကျနော်တို့အတွက် နား ခွဲစိတ်ကု ဆရာဝန်ချည်းပဲမဟုတ်ဘူး၊ အကြားအာရုံ ပညာရှင် လည်း လိုအပ်တယ်လို့ပြောပြတယ်။ မြန်မာ နိုင်ငံမှာ နားအကြားပညာရှင် အမျိုးသမီးတယောက် သာရှိခဲ့တယ်။ အခု အငြိမ်းစားယူသွားပြီ။ အခုလော လောဆယ် အကြားအာရုံပညာရှင် တယောက်မျှမရှိ တော့ အင်္ဂလန်က စေတနာ့ဝန်ထမ်း ခေါ်ယူခဲ့ရမယ်။ စီစဉ်လိုက်တော့ အကြားအာရုံပညာရှင် ၇ ယောက် တောင် စေတနာ့ဝန်ထမ်း လိုက်ကြမယ်တဲ့ တကယ့် အံ့ဩစရာပဲ”
ကျနော်က သူတို့စေတနာကို လေးစားမိပါ တယ်။
“မနှစ်က နိုဝင်ဘာလမှာ ကျနော်တို့ အစည်း အဝေးလုပ်ပြီး အစီအစဉ်တွေဆွဲကြတယ်။ မန္တလေးက နားမကြားတဲ့ ကလေးများကျောင်းကို အကူအညီ ပေးခွင့်ရဖို့ မြန်မာအစိုးရကို ခွင့်ပြုချက်တောင်းတဲ့စာ ရေးကြတယ်။ ကလေးတွေကို အကြားအာရုံစမ်းပေး မယ်။ နားကြားကိရိယာတွေ အကူအညီပေးကြမယ် ပေါ့။ မြန်မာအစိုးရကလည်း ခွင့်ပြုတယ်။ အခု အခေါက်မှာ အကြားအာရုံပညာရှင် ၂ ယောက် ပါတယ်။ နားကြားကိရိယာ ခုရေ ၂၀ဝ ယူလာတယ်။ လာမယ့် နိုဝင်ဘာလကျရင် နားခွဲစိတ်ကု ဆရာဝန် ၄ ယောက်နဲ့ အကြားအာရုံပညာရှင် ၃ ယောက် ခေါ်ပြီး ထပ်လာမယ်”
ဒေးဗစ်နဲ့ ကျနော်နဲ့ တွေ့ကြတဲ့နေ့က ကလေး တွေကိုစမ်းသပ်ပြီး နားကြားကိရိယာ တပ်ဆင်ပေး နေတာ ဒုတိယနေ့ပါ။ ပညာရှင်ကကလေးတယောက် ချင်းကို စိတ်ရှည်လက်ရှည် စမ်းသပ် စစ်ဆေးပေးနေ တာကို ကျနော် မြင်ရတယ်။
“အကြားအာရုံပညာရှင်တွေ ခေါ်ပြီး မတ်လ ၂၅ ရက်နေ့မှာ ကျောင်းကို ကျနော်ရောက်တယ်။ လက်ထောက် ကျောင်းအုပ်ဆရာမကြီးက နွေရာသီ မြန်မာနှစ်သစ်ကူး ကျောင်းပိတ်ရက်မို့ ကလေးတွေ အားလုံး မရှိကြဘူးတဲ့။ လက်လှမ်းမီသလောက် ဖုန်းဆက်ပြီး ခေါ်ပေးပါ၊ ကျနော်တို့က တပတ်ပဲ နေနိုင်မယ်လို့ ပြောတယ်။ မနေ့က ကလေး ၃၁ ယောက်လာတယ်။ ဒီနေ့ ၃၀ လောက် စာရင်းပေး ထားတယ်”
ကလေးတွေ ကံကောင်းကြပါစေလို့ ဆုတောင်း ရုံသာ ကျနော် တတ်နိုင်ပါတယ်။
“မနေ့က ကလေးတယောက်ကို စမ်းသပ်တော့ သူ့အကြားအာရုံက သိပ် သိပ်ကို အားနည်းတယ်။ သူ့ကိုစမ်းသပ်ပေးပြီး အကြားအာရုံကိရိယာ တပ် ပေးလိုက်တယ်။ အဲဒီအချိန်မှာ လမ်းပေါ်က သင်္ကြန် သီချင်းဖွင့်သွားတယ်။ ကလေးက “ဟာ … ဟာ”ဆိုပြီး အသံကြားရာ လိုက်ကြည့်တယ်။ မယုံနိုင်စရာ ပဲ။ ကလေးမျက်နှာပေါ်မှာ ကျေနပ်ပျော်ရွှင်လို့”
အမြင်အာရုံက အချိန်နဲ့အမျှ ပြောင်းလဲနေ တာမို့ မျက်မှန်ပြန်စမ်းရသလိုပဲ နားကြားကိရိယာ ကိုလည်း နားနဲ့ ကိုက်၊ မကိုက် ခြောက်လတကြိမ် လောက် ပြန်စမ်းဖို့လိုကြောင်း၊ အခု နားကြားကိရိယာ တပ်ဆင်ပေးထားတဲ့ ကလေးတွေကို လာမယ့်နိုဝင်ဘာ လမှာ ပြန်စမ်းသပ်ပေးမှာဖြစ်ကြောင်း၊ တချို့ကလေး တွေက ခေါင်းတွင်း ကိုယ်ခန္ဓာဖွဲ့စည်းပုံ ချွတ်ယွင်း တာကြောင့် အကြားအာရုံ ချွတ်ယွင်းမှု ဖြစ်တာမျိုးကို ဒေါက်တာယန်းစ်နဲ့အဖွဲ့က မန္တလေး ဆေးရုံကြီးမှာ ခွဲစိတ်ကုသပေးမယ့်အကြောင်း၊ မြန်မာ ဆရာဝန် တွေနဲ့ အတူတွဲလုပ်ရင်း နည်းပညာတွေ ပြပေးသွား မယ့် အကြောင်းတွေကို ဒေးဗစ်က ရှင်းပြတယ်။ ကျနော်တို့ အလုပ်လုပ်ရာမှာ တဦးနဲ့တဦး တန်းတူ ရည်တူ လက်တွဲလုပ်သွားမှာ ဖြစ်တယ်။ အထင်သေး အမြင်သေး ဆက်ဆံရေး လုံးဝမရှိဘူးလို့ သူကပြော တယ်။
နားကြားကိရိယာတခုရဲ့ တန်ဖိုးက ဒေါ်လာ ၁၀ဝ၀ လောက်၊ အခု ၂၀ဝ ပါလာတယ်။ အင်္ဂလန် က မြန်မာပြည်ကိုလာကြရမယ့် စရိတ်စကတွေ ရှိဦးမယ်။ ကျနော်က စိတ်တွက် တွက်နေတယ်။
“မန္တလေးက နားမကြားတဲ့ ကလေးများကျောင်း အကူအညီပေးရေးအဖွဲ့ကို ကျနော် တည်ထောင် လိုက်တယ်။ လပိုင်းအတွင်းမှာပဲ ထည့်လှူငွေအမြောက် အမြားရတယ်။ ဒီငွေတွေနဲ့ နားကြားကိရိယာတွေ ဝယ်တယ်။ ဆရာဝန်တွေ ပညာရှင်တွေက သူတို့ အားလပ်ရက်ရချိန်မှာ စေတနာ့ဝန်ထမ်း လာလုပ် တာ။ ကျနော်တို့ အများကြီး ဆက်လုပ်ချင်သေးတယ်”
ဒေးဗစ်က ပြောလက်စကို ရပ်နားပြီး နှစ်နှစ် ခြိုက်ခြိုက် ပြုံးလိုက်တယ်။
“ကျနော့်ဇနီး လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က ကျနော်တို့နေတဲ့ အိမ်ဝရန်တာမှာစတင်ခဲ့တဲ့ ကျောင်း ကလေးကနေ အခုဆိုရင် မြန်မာနိုင်ငံက နားမကြားသူ ကလေးတွေ ရာနဲ့ချီလို့ အကျိုးထူးခံစားခွင့် ရသွားကြ တာ သိပ်ကျေနပ်ဖို့ကောင်းတယ်။ တကယ့်ကို အံ့ဩ စရာပါ။ သူတို့မှာ နားကြားကိရိယာ ရကြမယ်ဆိုရင် သူတို့ရဲ့ ပညာသင်ယူရေးအတွက် အများကြီး အထောက်အပံ့ ဖြစ်ကြမှာပဲ”
ဇနီးကို မြတ်နိုးတန်ဖိုးထားတဲ့ ဒေးဗစ် တယောက် သူ့ဇနီး စတင်ပျိုးထောင်ခဲ့တဲ့ မန္တလေးက နားမကြားတဲ့ ကလေးများကျောင်းကို ပိုမိုရှင်သန် အောင်၊ ကလေးတွေရဲ့ဘဝကို ပြောင်းလဲတိုးတက် အောင် လုပ်ပေးနေရတာကို ကျေနပ်ပျော်ရွှင်နေပုံ ရပါတယ်။ တကယ်တော့ ဒေးဗစ်ရဲ့အသက်က ၈၀ ရှိပြီ။ ဒါပေမယ့် မမောမပန်းနိုင်ဘဲ မိုင်ထောင်ပေါင်း များစွာ ကွာလှမ်းတဲ့ မြန်မာနိုင်ငံကို ဆွေမတော် မျိုးမစပ်ပေမယ့် လူသားစိတ်ဓာတ်နဲ့ သူလာရောက် ပြီး လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်ကစခဲ့တဲ့ဇာတ်လမ်း ကို ဆက်လက်ပြီး ကပြနေဆဲဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
ချစ်သူ့ခြေရာ ရှာဖွေ တွေ့သူ နှာခေါင်းကြီး ဒေးဗစ်