ဟိုလူ့အကြောင်း ဒီလူ့အကြောင်း သူ့အကြောင်း ကိုယ့်အကြောင်း ဘယ်အကြောင်းကိုမှ ပြောချင်စိတ် မရှိတော့တာ အမှန်ပဲဗျာ။ ဒါပေမယ့် မပြောဘဲလည်း မနေနိုင်ပြန်ဘူး။ ပြောမယ့်သာ ပြောရမှာ အခုပြောမယ့် အကြောင်းက ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတဲ့ အကြောင်းခင်ဗျ။ အေးလေ အခု ကျုပ်တူတော်မောင် အကြောင်း ဖောက်သည် ချမှာမို့ ပက်လက်လှန်ပြီး တံတွေး ထွေးသလို ဖြစ်နေတယ် ဆိုရင်လည်း ဆိုကြပေရော့။
ဒီကောင် ကျုပ်ဆီကို ရောက်နေတာ ၄ နှစ်ကျော်လောက် ရှိပြီဗျ။ ကျုပ်ကလည်း အရွယ်ထောက်လာ၊ ဒင်းကလည်း တူအရင်း ဖြစ်နေတော့၊ အရှင်မွေး နေ့ချင်းကြီး ဆိုသလို၊ ဆိုင်ရှင့်တူ ဆိုင်မန်နေဂျာ တန်းဖြစ်ကရော ဆိုပါတော့။ နည်းပညာခေတ်ကြီးမှာ မန်နေဂျာသာ ဖြစ်လာတာ၊ လူငယ်ပီပီ ယောက်ျားတို့ တတ်အပ်သော ပညာ ချွတ်ခြုံကျချက် ကတော့ ပြောမဆုံးပေါင် တောသုံးထောင် ဆိုတဲ့ အစားထဲကပဲဗျာ။ ဒီကြားထဲ ကိုယ်ဖျင်းတာ နုံတာကို ဝန်မခံချင်ဘဲ တောက်တိုမယ်ရ ဖတ်ဖူးမှတ်ဖူးတဲ့ စာတိုပေစထဲက ဆင်ခြေဆင်လက်တွေ ပေး ပေး နေတတ်တာကို ကျုပ် အမုန်းဆုံးပဲ။ ဘာတဲ့၊ အိုင်းစတိုင်း ငယ်ငယ်တုန်းက သချၤာညံ့သတဲ့။ ဘီလ်ဂိတ်ဟာ တက္ကသိုလ်ကနေ ဘွဲ့မရဘူးတဲ့။
လာလာချည်သေး။ သူပြောသလို ဆိုရင်ဖြင့် ကျုပ်ဟာ အိုင်းစတိုင်းလောင်းလျာ၊ ဘီလ်ဂိတ် အသေးစားလေးကို ဆူပူကြိမ်းမောင်း နေမိတဲ့ အပေါက်ပေါ့ဗျာ။ ကွန်ပျူတာ ကိုင်တွယ်သုံးစွဲနည်း၊ ဈေးဆိုင်စာရင်း အဝင်အထွက်၊ ဖောက်သည် အကြီး အငယ် အလတ်တွေရဲ့ အခြေအနေ စတာတွေကို ကျုပ်သင်ရိုးအတိုင်း အချိန်တိုအတွင်း ဇွတ်တွန်း ပို့ချ လိုက်တာ ဒင်းလည်း မျက်ရည် စမ်းစမ်း စမ်းစမ်းနဲ့ သင်ရိုးကုန်သလောက်ဖြစ်ခဲ့ရော ဆိုပါတော့။
အမယ် ဒီကောင်ဟာ ဈေးရောင်းခြင်း အတတ်ပညာမှာတော့ ဘမျိုးဘိုးတူမို့ ထင်ပါရဲ့၊ အတော့်ကို မဆိုးရှာဘူး။ ဒီအ ချက်ကိုတော့ ခြွင်းချက်ထားရမယ်။ နေဦးဗျ။ ဒီလိုကောင်မျိုးကို ဒီခေါင်းစဉ် တခုတည်းနဲ့ နင်းကန်ချီးမွမ်းပြီး ဇွတ် မြှောက်ပေး ပြန်ရင်လည်း၊ လိပ်ကို မာရသွန်ချန်ပီယံဘွဲ့ ပေးသလို ဖြစ်မှာလည်း စိုးရသေးတာမို့ ကျုပ်မှာ အကန့်အသတ်လေးနဲ့ မသိမသာ အသိအမှတ် ပြုနေရသဗျာ။
ဒီကောင်နဲ့ ကျုပ် ထိပ်တိုက်တွေ့တဲ့ ကိစ္စကတော့ မီးဖိုချောင် စစ်ဆင်ရေးပဲ ဗျ။ ဟုတ်တယ်လေ။ သူများ နိုင်ငံမှာ လာပြီး ရှာဖွေ စားသောက်နေကြရတဲ့ သူတိုင်း ကိုယ့်ဝမ်းမီး ကိုယ်ငြိမ်းဖို့ ကိုယ်တိုင် ချက်ပြုတ် စားသောက်ရတာ ဓမ္မတာပဲ မဟုတ်လား။ ရေခြားမြေခြားမှာ လက်ဆေးပြီး အသင့်ဝင်စားဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာကလား။ ကျုပ်လည်း ဒီအသက် ဒီအရွယ်နဲ့ အမြဲတစေ၊ ဒင်းအတွက် စားတော်ကဲ တာဝန် မယူနိုင်ဘူး။ ဒီမှာတင် ကျုပ်နဲ့ ကျုပ်တူ ပွဲကြီး ပွဲကောင်း တွေ့ကြတော့တာပဲဗျို့။
တမနက်သား၊ မနက်စာ အတွက်တခုခုလုပ်ကွာ လို့လည်း ဒင်းကို ပြောလိုက်ရော၊ ရပါတယ် ဦးလေးရ၊ မလေးရှား ကြက်ဥကြော် ကောင်းကောင်း ကြော်ပေးပါ့မယ် ဆိုပြီး၊ နာရီဝက် သာသာလောက် အကြာ မျက်နှာပြင်နှစ်ဘက်စလုံး မည်းတူးနေတဲ့ အပြားတချပ် ပန်းကန်ထဲထည့်လာတယ်။ ကြိုပြောထားလို့သာ ကြက်ဥကြော်မှန်း သိရတာပေါ့။ မလေးရှားမှာ ကြက်ဥကို ဒီလိုကြော်စားကြတယ်လို့ ကျုပ်ဖြင့် မကြားဖူးပေါင်ဗျာ။ အမယ်၊ နောက်တနေ့ကျတော့ ရှယ် ကန်စွန်းရွက်ကြော် တဲ့။ ကန်စွန်းရွက်ကို နွားစာစဉ်းသလို နုတ်နုတ်စင်းပြီး၊ ဆီတရွှဲရွှွဲ အချိုမှုန့်နိုင်းချင်းနဲ့၊ ပြာနှမ်းနေအောင် လုပ်လာပြန်ပါလေရော။
ဘယ် တတ်နိုင်ပါ့ မတုန်း။ ဇီဇာကြောင်တယ် ဆိုတာ ယောက်ျားကောင်းတွေ အလုပ် မဟုတ်ပါဘူးလေ ဆိုပြီး၊ ရေနွေး ကြမ်းနဲ့ မျှောချ လိုက်ရပေမယ့် လည်ချောင်းမှာ နင်နင်နေလို့ “မင်းနှယ်ကွာ၊ ဒီအရွယ်အထိ၊ ဘာတခုမှ ဖြစ်ဖြစ် မြောက်မြောက် မတတ်သေးပါကလား။ ငါ့တူလို့ ပြောရမှာတောင် ရှက်စရာကွာ” လို့လည်း ငေါက်မိရော၊ ကိုယ် တော်ချောက “ကျနော့် အမေနဲ့ အဖေက ကျနော်တို့ကို တသက်လုံး ချက်ကျွေးလာတာဗျ” တဲ့။ အရေးထဲ သူ့ အမေကျုပ်နှမ၊ ကျုပ်ယောက်ဖ သူ့အဖေ အကောင်းစားတွေကို စန်းတင်နေလို့ နားရင်းထရိုက်ချင်စိတ်ကို တော်တော် ထိန်းထားလိုက်ရတယ်။
ဒီမှာတင် ကျုပ်လည်း မဖြစ်ချေဘူး၊ ဒင်းကို သေချာသင်တန်းပေးလေမှ ဆိုပြီး ကန်စွန်းရွက်ကြော်နည်း အခြေခံ သင်တန်း ပေးရရော ဆိုပါတော့။
နေဦးဗျ။ လူတွေကသာ ကျုပ်ကို ခပ်အေးအေးလူလို့ ထင်နေကြပေမယ့် အမှန်က ယမ်းဘီလူး အကြီးစား ဆိုတာ ဒီလူတွေ သေချာ မသိကြလို့။ အထူးသဖြင့် ပါးရည်နပ်ရည် မရှိတဲ့ နလပိန်းတုံးတွေကို သွန်သင်ဆုံးမရတဲ့ အခါ ကျုပ်က စိတ်လွှတ် တိုတတ်တယ်။ အထူးသဖြင့် အမျိုး ဖြစ်နေတော့ ဂရုဏာဒေါသောနဲ့ ပိုဆိုးနေတယ် ဆိုတာ ကျုပ်သင်တန်း ပို့ချပုံ နမူနာလေးကို နားဆင်ကြည့်ကြ ပေတော့။
ဟေ့ကောင် ရေခဲသေတ္တာထဲမှာ ကန်စွန်းစည်း ၄ စည်း ရှိတယ်။ တို့နှစ်ယောက် ညမနက်စာ ဆိုတော့ ၂ စည်းဆို တော်ပြီ။ ကန်စွန်းရွက်စည်းကို အရင်းကနေ လက်ငါးလုံးလောက် ဖြတ်လိုက်။ ကန်စွန်းရွက်မှာ ပိုးသတ်ဆေးတွေ ပါလာတတ်တယ်။ ရေစင်အောင် မဆေးလို့ကတော့ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မယ်သာ မှတ်။ ဇလုံကြီးကြီးထဲ ထည့်ပြီး လေးငါးခါ ရေနိုင်နိုင်ဆေး။ ဖြတ်ပြီးမှ မဆေးနဲ့လဟ။ မဖြတ်ခင်ဆေးနိုင်အောင် ဇလုံကြီးကြီး သုံးခိုင်းတာ။ အမှန်က ကန်စွန်းရွက်ကို အနေတော်ဖြစ်အောင် လက်နဲ့သင်တာ အကောင်းဆုံး။ ဒါပေမယ့် မင်းလိုတုံးပုံနဲ့ ဒီသင်ခန်းစာကို ကျော်မှ ဖြစ်မယ်။
ပြီးရင် ကန်စွန်းရွက် လေးငါးညွန့်ကို စုကိုင်၊ အဖျားကနေ ဓားပြားနဲ့ ခပ်ဆတ်ဆတ် နှစ်ချက်လောက်ရိုက်၊ လက် လေးလုံးလောက် အရှည်လေးတွေ ဖြတ်၊ ဆန်ခါခပ်သန့်သန့်နဲ့ ရေစစ်ထားလိုက်။ ဘာလဲ။ အခုလို ဖြတ်ပြီးမှ ရေဆေးရတာ ထုံးစံပဲ ဟုတ်လား။ မင်းပါးစပ် ပိတ်ထားကွာ။ ဓားပြားနဲ့ ရိုက်ပြီးမှ ရေဆေးလိုက်ရင်၊ ဘာဗီတာမင်မှ မကျန်ဘဲ ကောက်ရိုး စင်းပြီးသား ဝါးစားသလို ဖြစ်တော့မပေါ့ ဟ။
သေချာ ရေစစ်နော်။ ရေမစင်ရင် မင်း ကန်စွန်းရွက်ကြော်က ဘတ်လဘိုင် လိုက်ကုန်မှာ။ ကဲ၊ ကန်စွန်းရွက် ဇလုံကို ခဏပစ်ထားလိုက်ဦး။ ကြက်သွန်နီ အနေတော် နှစ်လုံး အခွံနွာပြီး ခပ်ပါးပါးလှီး၊ အဖြူလေးငါးမွှာလည်း ထိုနည်းလည်း ကောင်းပဲ။ အဲဒီ နှစ်မျိုးစလုံးကို ပန်းကန် သေးသေး တလုံးထဲမှာ ထည့်၊ မီးဖိုဘေးမှာ ချထား။ ငရုပ်သီးစိမ်း သုံးလေး တောင့်ကို ဓားပြားနဲ့ရိုက်ပြီး၊ စဉ်းတီတုံးပေါ်မှာ တင်ထားလိုက်ဦး။ ငရုပ်သီးဆိုတာလည်း ကျန်းမာရေး အတွက် အနည်းအကျဉ်း စားသင့်တယ်။
ဟမ်၊ ဂက်စ်မီးဖို ဖွင့်တော့မယ်၊ ဟုတ်လား။ နေဦးဟ၊ ဟိုမှာပဲစေ့လေးတွေပါတဲ့ ငံပြာရည် အနောက်လိုလို ပုလင်းတွေ့လား။ အဲဒီ ပုလင်းထဲက ပဲစေ့နဲ့အရည် သုံးဇွန်းစာလောက် ပန်းကန်လုံး အသေးထဲမှာ ထည့်လိုက်ဦး။ ဆီပုလင်းနဲ့ ငံပြာရည်ပုလင်းကို လက်တကမ်းမှာ အဆင်သင့် ချထား။ ရပြီ။
အာ၊ ဒီဒယ်အိုး အသေးနဲ့ မဖြစ်ဘူးလေ။ မင်းလို အူတူတူပုံစံနဲ့ ဆိုရင်အောက်က မီးတောက်က နင့်လက်ကို လောင်မှာ ပေါ့ ဟ။ ဒယ်အိုး အလတ်ကို ရွေး။ ဒယ်အိုးအဖုံးကို အဆင်သင့် ပြင်ထားဦးနော်။ မင်းကြည့်ရတာ ခြေတုန် လက်တုန်နဲ့ ကွာ။ ကန်စွန်းရွက် ကြော်တာလေးများ၊ ကျားနဲ့ နပမ်းလုံးနေတယ် လို့များ မှတ်နေရော့သလား။ အာပေါက်ချက်ကွာ။
အေး…၊ မီးဖိုပေါ် ဒယ်အိုး တင်ပြီးရင် ဂတ်စ်အိုးကို ဖွင့်လို့ ရပြီ။ ဘားကုန်အောင် နင်းကန် မဖွင့်နဲ့နော်။ ဂက်စ်အိုးက အန္တရာယ် များတယ်။ ဂက်စ်အိုးကို နမော်နမဲ့ လုပ်လို့ သေရတဲ့ မသာတွေ မနည်းတော့ဘူး။ အနေတော်ပဲ ဖွင့် မီးတောက်ကို ကြည့်ပြီး များနေရင် ပြန်လျှော့လိုက်။ ဆီထည့်လေ။ ဒယ်အိုးပူအောင်စောင့်ဖို့ မလိုဘူး။ ဆီပူဖို့သာ အဓိက၊ ဆီက ပါလေရုံပဲနော်။ ဆီ နင်းကန်ထည့်ရင် သွေးထဲမှာ ကိုလက်စထရောများပြီး ကျန်းမာရေး အတွက် ပြဿနာအကြီးကြီး ရှိတယ်။
ဟာ…၊ ဒီကောင်နဲ့တော့ ဒယ်အိုးထဲက ဆီတွေ မီးထတောက်တော့မှာပဲ။ ကြက်သွန် အဖြူအနီ ပန်းကန်ကို သွန်ချလိုက် တော့လေ။ ခပ်ဖြည်းဖြည်း မွှေဟ။ ဒယ်အိုးအပြင် စင်ကုန်ပါ့မယ်။ မနားနဲ့နော်၊ တူးကုန်မယ်။ ကြက်သွန်စိမ်းနံံ့ ပျောက်ပြီး အကြော်နံ့လေး သင်းလာရင်၊ စောစောက ရေစစ်ထားတဲ့ ကန်စွန်းရိုးတွေ ထည့်လိုက်တော့။ ဟေ့ကောင်..၊ သံ ယောင်းမနဲ့ လှေလှော်သလို လျှောက်လုပ်နေပြန်ပြီ။ ဆီသတ်ထားတဲ့ ကြက်သွန်ဖတ်တွေ အပေါ်ရောက်လာအောင် အထက်အောက် လှန်မွေရမှာကွ။ ငတုံးရ။
အေး…၊ ယောင်းမနဲ့ ဒယ်အိုး အလယ်ခေါင်ကို နည်းနည်းဖြဲလိုက်။ ပဲစေ့အရည် လောင်းချလိုက်၊ ငံပြာရည် ၂ ဇွန်းစာထည့်၊ စောစောက ငရုပ်သီးစိမ်းတွေ ထည့်လိုက်တော့။ ရပြီ၊ အဖုံးအုပ်လိုက်တော့။ တမိနစ်ကြာအောင်စောင့်။ နာရီမပါဘူး ဟုတ်လား၊ နာရီမပါရင် ခန့်မှန်းပေါ့ကွ။ တသက်လုံး နာရီကြည့်လာတာ။ အမ်…၊ တယ်လီဖုန်းကို မီးဖိုနားယူထားမလို့လား။ ပေါက်ကွဲတတ်တယ် ကွ၊ သေတတ်တယ်။ တော်တော့်ကို ဉာဏ်နည်းတဲ့ကောင်။
ရလောက်ပြီ … ဟိတ်ကောင်။ မီးဖိုခလုပ်ကို ပိတ်လိုက်တော့။ ဂက်စ်ဘားကိုလည်း ပိတ်လို့ရပြီ။ ပန်းကန်လုံးနဲ့ မထည့်နဲ့ လေကွာ၊ အစားအသောက် ပြင်ဆင်တယ် ဆိုတာမျက်စိ ပသာဒလေးဖြစ်မှ ကောင်းတာဟ။ ကနုတ်ပန်းဆေးရေးနဲ့ ခပ်ပက်ပက် ပန်းကန်ပြားလေးမှာထည့်။ စွတ်ပြီး ထိုးကော်မနေနဲ့လေ။ အရှိန် မလွန်စေနဲ့။ ဖိတ်ကျတတ်တယ်။ ဒါမျိုးက အချိန်အဆ သိပ်အရေးကြီးတယ် ဟ။ မင်းပုံစံကြည့်ရတာ လက်ဆမှန်နိုင်ဖို့ လေးသချေၤနဲ့ကမ္ဘာတသိန်းကြာဦးမှာ သေချာတယ်။
ကဲ၊ ကန်စွန်းရွက် ပန်းကန်ကို စားပွဲပေါ် တင်ထားလိုက်။ မီးဖို၊ ဒယ်အိုးနဲ့ ပန်းခွက်ခွက်ယောက်တွေကို သေချာဆေး။ မထူးပါဘူးကွာ။ မင်းသုံးနေတဲ့ လက်နှီးစုတ်ကိုပါ လျှော်လိုက်။ မင်းတို့ဟာလေ ဘယ်ဟာ လက်ခုဝတ်၊ ဘယ်ဟာ လက်နှီးစုတ်၊ ဘယ်ဟာ လက်သုတ်ပုဝါ ဆိုတာ မသိတဲ့ ကောင်စားတွေပဲ။
ဟေ့ကောင်..၊ ပြီးပါပြီ ဆိုပြီး အီလေးဆွဲ မနေနဲ့ဦးနော်။ အချိန် သိပ်အရေးကြီးတယ်။ ဘယ်အလုပ်ကို၊ အချိန် ဘယ်လောက်အကြာမှာ၊ ဘယ်လောက် သေသေသပ်သပ် လုပ်နိုင်တာ ဘဝအောင်မြင်ရေး အတွက် (Key) သော့ချက်ပဲ။ မင်းနဲ့ တော့မောပါ့ကွာ။
အမှန်တော့ ကျုပ် ပို့ချနေတဲ့ ကန်စွန်းရွက်ကြော်နည်း သင်ခန်းစာဟာ လက်တွေ့ပဲ ရှိသေးတယ်ဗျ။ သဘောတရား မပါသေးဘူး။ ဘာ အရသာမှ မရှိတဲ့ဆီကို ချို ချဉ် စပ် ဖန် ခါး ငံ အစရှိတဲ့ အခြားသော အရသာတွေကို စွာထွက် မလာအောင် ထိန်းညှိဖို့ သင့်ရုံသုံးရတဲ့ အကြောင်း၊ ကန်စွန်းရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်၊ ဂက်စ်အိုး မတော်တဆ ပေါက်ကွဲမှု မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ၊ အချိုမှုန့်နဲ့ ဆားကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ရောဂါ အန္တရာယ်၊ မီးဖိုချောင် သန့်ရှင်းရေး၊ ပန်းကန်ခွက်ယောက် ပြောင်စင်အောင် မဆေးကြောခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးစတာတွေ ဒင်းသိဖို့ အများကြီး လိုသေးတယ်။
အင်း…၊ ကျုပ်တူရဲ့ အတင်းကို ချနေသလိုများ ဖြစ်နေရော့သလား မဆိုနိုင်ဘူး။ ပြောမယ့်သာ ပြောရတာ အဆင့်မီ ကန်စွန်းရွက်ကြော် တပွဲ ဖြစ်လာဖို့ ဆိုတာ၊ လွယ်ကူတဲ့ အလုပ်တခုတော့ မဟုတ်ဘူး ခင်ဗျ။ ကျုပ်သင်ခဲ့တဲ့ နည်းဟာလည်း ပြည့်စုံတယ် လို့ မဆိုနိုင်သေးဘူး။ ဒီထက် လေးနက်တဲ့ နည်းပညာပိုင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အများကြီး ရှိသေးတယ်။
သေချာ စဉ်းစားကြည့်ရင် ကျုပ်ပြောခဲ့တဲ့ ကန်စွန်းရွက် လက်ချာမှာ စစ်ရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ရသုံးခန့်မှန်းခြေ၊ နိုင်ငံတကာဆက်ဆံရေး စတာတွေနဲ့ အလားသဏ္ဍန် တူတဲ့ အချက် အတော်များများ ပတ်သက် ဆက်စပ် အကျုံးဝင်နေတာ ကလား။
အလျဉ်းသင့်လို့များ၊ အခု ကျုပ်ပြောခဲ့တဲ့ ကန်စွန်းရွက်ကြော်နည်း နိသျှည်းကို မြန်မာ့တပ်မတော်ရဲ့ လက်ရှိ ဗိုလ်ချုပ်ကြီးများ ကတော့ လက်ခံလိမ့်မယ် မထင်မိဘူးဗျ။ သူတို့ခမျာ စစ်တက္ကသိုလ် ကနေ ဆင်းလိုက်တာနဲ့..၊ မသိမတတ် တာမရှိ၊ ဂုရုဆရာ၊ ဒီသာပါမောက္ခတွေကြီးတွေ ဖြစ်ပြီ၊ ဇမ္ဗူတလူပဲကွ လို့ ကိုယ့်ကိုယ်ကို ထင်တလုံးဖြစ်နေကြသကိုး။
အဲဒီလို ဘဝင်လေဟပ် နေတဲ့ လက်ရှိ စစ်ဗိုလ်ချုပ်ကြီး တယောက်ကို ခေါ်ပြီး အဆင့်မီ ကန်းစွန်းရွက်ကြော် တဒယ်စာလောက်များ ကြော်ခိုင်းကြည့်ရင် ကျုပ်တူ ဖင်ဖျားတောင် မီမှာ မဟုတ်တာ သိပ်သေချာတယ်။
ဒါပေသိ ဒင်းတို့ ဟာပြောတော့မိုး၊ ထိုးတော့မြေကြီးု။ နှစ်ပေါင်းခြောက်ဆယ် နီးပါး ဦးဆောင်ခဲ့တဲ့တိုင်းပြည်ကို ပြန်ကြည့်တော့ ဖွတ်ကျောပြာစု၊ ခရုတ်ဆံကျွတ်၊ အမွဲတကာ့ထိပ်ခေါင်၊ အီသီယိုးပီးယားက အဘခေါ် နေရပြီလေ။ အမယ်၊ ရွှေကိုယ်တော်တွေ ကတော့ လေလုံးထွားချက်က တပြားသားမှ မလျော့သေးဘူးဗျ။ ဘာတဲ့..၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ တပ်မတော်ဟာ ဦးဆောင်မှုအခန်း ကဏ္ဍကနေ အမြဲတစေ ပါဝင်နေရမည် ဘာညာ သာရကာ လုပ်နေကြတုန်း။
ဒါကြောင့် ကျုပ်ဖြင့် ကျုပ်တို့ နိုင်ငံရဲ့ ရှေ့လာမယ့် အနာဂတ်ခရီးမှာ မိခင်ကောင်းစိတ် အပြည့်အဝ ရှိပြီး မီးဖိုချောင်ရေးရာကို နိုင်ငံတကာအဆင့်မီ စီမံခန့်ခွဲနိုင်တဲ့ အိမ်ထောင်ရှင် အမျိုးသမီး တယောက်ယောက်ကို သမ္မတနေရာပေးလိုက်တာကမှ ဒင်းတို့ထက် ကိုးဆယ်ဆ သာလိမ့်အုံးမယ် ထင်မိတာပါပဲ။
အောင်မယ်၊ ဒီကိစ္စမျိုး ကျတော့ မောင်မင်းကြီးသားတွေက လွှတ်အကင်းပါး သဗျ။ ဒင်းတို့က လွဲရင် တခြားသူ ဘယ်သူမှ အဲဒီထိုင်ခုံမှာ ထိုင်ခွင့် မရအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကျကျနန ရေးသွင်း ပြဋ္ဌာန်းထားလေရဲ့။ နိုင်ငံတော်သမ္မတသည် စစ်ရေးအမြင် ရှိရမည် တဲ့။ လုပ်ပေါက်က။ ။