မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏသည် နှစ်စဉ် တိုးတက်လျက်ရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံ အထိ ရောက်ရှိလာ ခဲ့သော်လည်း အဆိုပါ ကုန်သွယ်မှု ပမာဏတွင် သွင်းကုန်ကသာ ပိုမို များပြားပြီး ပို့ကုန်ပမာဏမှာ အလွန်နည်းပါးလျက် ရှိသည်။
သွင်းကုန် တင်သွင်းမှုကသာ များပြားပြီး ပို့ကုန် ပမာဏက နည်းပါးလွန်းသည့် အတွက် ကုန်သွယ်ရေး လိုငွေပြမှု နှစ်စဉ် ဖြစ်ပေါ်လျက်ရှိပြီး ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ အထက်တွင် ရှိရာ အစိုးရသစ် လက်ထက်၌ အများဆုံးဟု ဆိုရမည်။
ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်နေခြင်းနှင့် နိုင်ငံ့လိုအပ်ချက် အခြေခံ အဆောက်အအုံများ တည်ဆောက်ဆဲ ကာလ ဖြစ်သည့် အတွက် သွင်းကုန်များ၍ ကုန်သွယ်ရေး လိုငွေပြသည်ကို လက်ခံသော်လည်း အမျိုးသား ပို့ကုန်ဝင်ငွေ မတိုးတက်လျှင် တိုင်းပြည်စီးပွားရေး ဦးမော့လာနိုင်မည် မဟုတ်ဘဲ ဆင်းရဲတွင်းနက်နေ မည်သာ ဖြစ်သည်ဟု စီးပွားရေးပညာရှင်တို့က ထောက်ပြ ပြောဆိုကြသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ဝင်ငွေသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်သာ သွင်းကုန်တင်သွင်းသည့် ပမာဏ သည် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ထက်မနည်း အသုံးပြုခဲ့သည်။ ဒေသတွင်းအာဆီယံနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၏ပို့ကုန်ဝင်ငွေသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂၂၀ ဘီလီယံကျော် ပမာဏ ရှိပြီး ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ဝင်ငွေသည် အမေရိ ကန် ဒေါ်လာ ၁၃၀ဘီလီယံ အထက်တွင် လည်း ကောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန် ဒေါ်လာ ၁၈၀ဘီလီယံအထက်တွင် လည်းကောင်း၊ စင်ကာပူနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၀ဝ ဘီလီယံ အထက်တွင်လည်းကောင်း အသီးသီးရှိ နေရာ ဒေသတွင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ် လျှင် မြန်မာနိုင်ငံ၏ ပို့ကုန်ပမာဏသည် အလွန်ဆိုးရွား နိမ့်ကျလျက်ရှိသည်။
မြန်မာနိုင်ငံ၏ တနှစ်စာ ပို့ကုန်ဝင်ငွေသည် ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့၏ တလစာပို့ကုန် ဝင်ငွေ လောက်ပင် မရှိဟု ဆိုရပေမည်။ အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့၏ ပို့ကုန်ဝင်ငွေ မှာမူ မြန်မာနိုင်ငံနှင့် မတိမ်းမ ယိမ်းတွင် ရှိနေကြသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အတူ ဖွံ့ဖြိုးတိုးတက်ရန် မြန်မာ့ပို့ ကုန် ဝင်ငွေ မြင့်တက်လာရန် အထူးလိုအပ် နေပြီ ဖြစ်သည်။ အစိုးရက ပို့ကုန်တိုးမြှင့်ရေး မဟာဗျူဟာ တရပ်ကို ဂျာမန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (GIZ) ၏ အကူအညီ၊ နိုင်ငံတကာ ကုန်သွယ်မှုစင်တာ (ITC) ၏ နည်းပညာ အထောက်အပံ့တို့နှင့် ရေးဆွဲပြီး စတင်အကောင် အထည်ဖော်နေပြီ ဟု သိရှိရသည်။
အဆိုပါ အမျိုးသား ပို့ကုန် မဟာဗျူဟာ၏ ဦးစားပေးပို့ကုန် ကဏ္ဍများတွင် ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ရေထွက် ပစ္စည်းအမျိုးမျိုးနှင့် အထည်အလိပ်တို့က အစဉ်လိုက် ထိပ်ဆုံးမှာ ရှိနေပြီး သစ်နှင့် သစ်တောထွက် ပစ္စည်း၊ ခရီးသွား လုပ်ငန်းတို့မှာလည်း ဦးစားပေး ကဏ္ဍတွင် ပါဝင်လျက် ရှိသည်။
အမျိုးသား ပို့ကုန်မဟာဗျူဟာ အလုပ်ဖြစ်၊ မဖြစ် စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း လတ်တလော နိုင်ငံ့စီးပွားရေး တိုးတက်မှု အတွက် အချက်အချာ ဖြစ်သည့် ပို့ကုန်ဝင်ငွေ မတိုးတက်လာခြင်းက ပြည်သူများကို ဆင်းရဲတွင်း ပိုမို နက်ရှိုင်းစေမည် ဖြစ်သည်။ စီးပွားရေး အသိုင်းအဝိုင်းက မြန်မာနိုင်ငံ၏ ပို့ကုန် တိုးမြှင့်ရေးတွင် မဟာဗျူဟာ ချမှတ်ရုံဖြင့် ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ အစိုးရပိုင်းက မဟာဗျူဟာထက် အရေးကြီးသည့် လုပ်ဆောင်ချက်များစွာ ဆောင်ရွက်ရန် လိုအပ်သည်ဟု ထောက်ပြကြသည်။
ပို့ကုန် တိုးမြှင့်ရေး အတွက် အစိုးရက မလုပ်ဆောင်ပေးသည့် အားနည်းချက်များစွာ ရှိနေပြီး မြန်မာ့ပို့ကုန် ဈေးကွက်ချဲ့ထွင်ရေး အတွက် အစိုးရ အချင်းချင်း G to G ချိတ်ဆက်ညှိနှိုင်းမှု မလုပ်ဆောင်ခြင်း၊ ပြည်တွင်း ထုတ်ကုန်များကို အရည်သွေး တိုးတက်လာအောင် ငွေကြေးနှင့် နည်းပညာ ထောက်ပံမှု အလွန်အားနည်းခြင်း၊ အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးမှု အားနည်းခြင်းနှင့် ပို့ကုန် တိုးတက်မှုကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မည့် မူဝါဒကို ထိရောက်စွာ ကျင့်သုံး အကောင်အထည် ဖော်မှု အားနည်းခြင်း တို့ဖြစ်ကြောင်း စီးပွားရေး အသိုင်းအဝိုင်းက ထောက်ပြသည်။
မြန်မာ လယ်ယာစီးပွား အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာ ဦးရဲမင်းအောင်က “ပို့ကုန်ဈေးကွက် အတွက် အစိုးရချင်း ချိတ်ဆက်ညှိနှိုင်းပြီး ဈေးကွက် ရှာဖွေနိုင်မှု မလုပ်နိုင်တာဟာ စိုးရိမ်စရာပါ။ ကမ္ဘာ့ ကုန်သွယ်မှု ဈေးကွက်မှာလည်း အစိုးရအချင်းချင်း လမ်းကြောင်း ဖောက်ပြီးမှ ပုဂ္ဂလိကတွေက နောက်က လိုက်ကြပါတယ်။ ထိုင်း၊ ဗီယက်နမ် ဝန်ကြီးချုပ်တွေဟာ နိုင်ငံတကာကို ဆန်အရောင်း ထွက်လေ့ရှိ ပါတယ်။ မြန်မာကို အင်ဒိုနီးရှား သမ္မတ လာတုန်းက မြန်မာက ဆန်ရောင်းဖို့၊ အင်ဒိုက ဓာတ်မြေသြဇာရောင်းဖို့ G to G အပြန်အလှန်သဘော တူခဲ့တယ်။ ဒါပေမယ့် အင်ဒိုနီးရှားကသာ ဒီကိုအဖွဲ့စုံ ချောင်းပေါက်အောင် လာပြီး ဓာတ်မြေဩဇာ တန်ချိန် အများကြီး အရောင်းအဝယ် ဖြစ်သွားတယ်။ မြန်မာ့ဆန်ကတော့ ဘာမှ မရောင်းခဲ့ရပါဘူး။ G to G ထိုးခဲ့တဲ့ MOU ကိုလည်း ဘယ်သူမှ Follow – up မလုပ်ကြဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန်၏ ဦးစားပေး ကဏ္ဍ များတွင် ပါဝင်နေသည့် ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံတို့မှာ စိုက်ပျိုးရေး ထုတ်ကုန်များ ဖြစ်ပြီး ကုန်ကြမ်း အဆင့်ထက် သာလွန်သော တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ် တင်ပို့နိုင် မှသာ ပို့ကုန် ဝင်ငွေ တိုးတက်နိုင်မည် ဖြစ်သည်။ စိုက်ပျိုးရေး ထွက်ကုန်များကို တန်ဖိုး မြှင့်ထုတ်ကုန် အဖြစ် ထုတ်လုပ်နိုင်ရန် နည်းပညာနှင့် ငွေကြေး အရင်းအနှီးတို့က မဖြစ်မနေ လိုအပ်ပြီး လတ်တလော နည်းပညာနှင့် အရင်းအနှီး ရရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံသို့ ဝင်ရောက်နေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် စိုက်ပျိုးရေး ကဏ္ဍသို့ ဝင်ရောက်သည့် ပမာဏက နည်းပါးလျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏတွင် (ဝ) ဒသမ ၅ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ရှိနေသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “မြန်မာနိုင်ငံက စိုက်ပျိုးရေး အခြေခံတယ်။ ဒါကြောင့် စိုက်ပျိုးရေး အခြေခံ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရတော့မယ်။ စိုက်ပျိုးရေး တန်ဖိုးမြှင့် ထုတ်ကုန်တွေနဲ့ သွားရတော့မယ်။ ဒီအတိုင်း မူလထုတ်ကုန်ထက် အဆင့် ထပ်မြှင့် လုပ်ရတော့မှာ ပါ။ ဒါက စက်မှုကဏ္ဍ တိုးတက်မှ ရမှာပေါ့။ စိုက်ပျိုးရေး ပို့ကုန်နဲ့တော့ နိုင်ငံတကာကို ဝင်ဆံ့လို့ မရပါဘူး။ နိုင်ငံတကာမှာ အဓိကက ရတဲ့ဝင်ငွေဟာ Production ရယ် Manufacturing ရယ်ပေါ့။ Manufacturing မှာ ပိုက်ဆံများများ ရနိုင်တဲ့ high tech တွေ လုပ်နိုင်မှ ထိုင်း နိုင်ငံတို့လို ထုတ်လုပ်နိုင်မှ ရမှာပဲ။ ဒါက အခြေခံလို အပ်ချက်တွေ အများကြီး လိုပါတယ်” ဟု ပြောသည်။
မြန်မာ ပို့ကုန်တိုးမြှင့်ရေး စက်မှုကဏ္ဍ မြှင့်တင် ရမည် ဖြစ်ပြီး လက်ရှိတွင် လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေး အပါအဝင် အခြေခံ အဆောက်အဦ များမှာ လိုအပ်ချက် များစွာဖြင့် ရင်ဆိုင်နေရသည်။ အစိုးရက အမျိုးသား ပို့ကုန် မဟာဗျူဟာ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်သော်လည်း ပို့ကုန် ဝင်ငွေမြင့်မားလာမှာမူ အလှမ်းဝေးနေဦးမည် ဖြစ်သည်။
မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက “အခု လောလောဆယ်တော့ ဒေသတွင်း နိုင်ငံတွေကို ချက်ချင်း မီဖို့ မလွယ်သေးပါဘူး။ ဒါပေမယ့် မမီဘူး လို့တော့ ပြောလို့ မရဘူးပေါ့။ ဒီကဏ္ဍတွေ တက်လာဖို့ ဆိုရင် Infrastructure လို ဟာမျိုးတွေ၊ ပိုက်ဆံ အများကြီး ကုန်မယ့်ဟာမှာ အစိုးရတို့ World Bank တို့လို အဖွဲ့အစည်း တွေက လုပ်ပေးရမှာ။ လိုအပ်ချက်တွေ ကတော့ အများကြီး ပါပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်များတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ သစ်တောထွက် ပစ္စည်းတို့ ကဲ့သို့သော သဘာဝ သယံဇာတ များက ဝင်ငွေ အများဆုံးရှာပေး နိုင်သော ပို့ကုန်အဖြစ် ဦးဆောင်လျက် ရှိရာ မြန်မာနိုင်ငံ ဆင်းရဲတွင်းမှ လွတ်မြောက် ရေး နှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် စိုက်ပျိုးရေး ပို့ကုန်၊ တန်ဖိုးမြှင့် ပို့ကုန်နှင့် နည်းပညာ မြင့်ထုတ်ကုန်များက သဘာဝ သယံဇာတ ထုတ်ကုန်များ၏ နေရာတွင် ဝင်ရောက် နေရာဝင်ယူနိုင်ရေး အရေးတကြီး ဆောင်ရွက်ရမည့် အချိန် ဖြစ်သည်။