အသက်အရွယ် ကြီးရင့်လာလို့ သတိ မေ့လျော့မှုတွေ ဖြစ်လာတဲ့ dementia ခေါ်တဲ့ ဝေဒနာရဲ့ ပုံစံကွဲတွေ အများကြီး ထဲမှာ လူတချို့ ယဉ်ပါးနေပြီ ဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါလည်း ပါဝင်ပါတယ်။ အသက်အရွယ် အိုမင်းလို့ မေ့လျော့တတ်တာက သဘာဝတခု ပါ။ သူငယ်ပြန်တယ်၊ ငယ်မူပြန်တယ် ခေါ်ကြတာမျိုး တွေလည်း ရှိပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမား လို့ ခေါ်ရတဲ့ အဆင့်အထိ မေ့လျော့သွားရင်တော့ ရောဂါဖြစ်နေတာလို့ သတ်မှတ်ရ ပါတော့ တယ်။
လက်ရှိ အကြမ်းဖျဉ်း ကောက်ချက်တွေ အရ အသက် ၆၅ နှစ်နဲ့ အထက် လူ ၈ ယောက်မှာ ၁ ယောက်က အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေ ရှိနေတာ တွေ့ရပါသတဲ့။ မိသားစုတွေ၊ မိတ်ဆွေတွေ အဖို့ ဝေဒနာရှင် ခံစားနေရတာကို တခြား အနာ အဖျားလို မြင်သာတာ မဟုတ်လို့ ပြဿနာ ဖြစ်ရတာပါ။ ဒါပေမယ့် မိသားစုဝင်ထဲမှာ တယောက်ယောက် ဒါမျိုး ဖြစ်နိုင်တာကို သတိပြုရမယ့် လက္ခဏာတွေတော့ ရှိပါတယ်။
မှတ်ဉာဏ် နဲ့ စကား
အယ်လ်ဇိုင်းမားရဲ့ အစဦးပိုင်းမှာ ဟို အချိန်ကာလ ဝေးဝေးတုန်းက အကြောင်းတွေ မမေ့သေး ပေမယ့် အချိန်တို အတွင်း ကိစ္စတွေကို မေ့လျော့လာတာမျိုး ပါ။ စကားပြောနေရင်း ပြောတာကို မေ့ပြီး စကားရပ်သွားတာ၊ စကားတွေကို မှတ်မိဖို့ အရမ်း အားစိုက်ရ တာတွေ ဖြစ်လာပါတယ်။
အပြုအမူ
အယ်လ်ဇိုင်းမားက သတိ မေ့လျော့မှု လောက် မကတော့ဘဲ စိတ်တွေ ရှုပ်ထွေးပြီး အမူအကျင့်တွေ ပြောင်းလာတာ လည်း ပူးတွဲ ဖြစ်တတ်ပါတယ်။ ကျွမ်းဝင်ပြီးသား နေရာတွေကိုပါ သတိ မရ ဖြစ်လာပါတယ်။ စိတ်ခံစားမှုတွေ အပြောင်း အလဲ မြန်လွန်း လာပါတယ်။ တကိုယ်ရည် သန့်ရှင်းမှု လိုမျိုးတွေပါ လုပ်ဖို့မေ့လာတတ်ပါတယ်။ သပ်သပ် ရပ်ရပ် စတိုင်ကျကျ လူမျိုးက ဖရိုဖရဲတွေ ဝတ်စားဆင်ယင်တာ၊ ရေချိုး၊ ခေါင်းလျှော်တွေပါ မေ့လာတာမျိုး အထိ ပါပဲ။
လက္ခဏာတွေကို ဥပေက္ခာ မပြုပါနဲ့
ကိုယ့် မိသားစုဝင်၊ မိတ်ဆွေ တဦးဦးမှာ ဒီဝေဒနာနဲ့ ကြုံရနိုင်ပါတယ်။ အဲဒီ အခါမျိုးမှာ ရင်ဆိုင်ရတာလည်း ခက်ခဲပါ တယ်။ ဒါပေမယ့် အဲသလို လက္ခဏာတွေ ပြလာချိန်မှာ ဆရာဝန်နဲ့ စောနိုင်သမျှ စောစောပြတာ အကောင်းဆုံးပါ။ ရောဂါ သေချာပြီလား ဆိုတာ သိဖို့၊ စောစော ကုသပေးဖို့ ပေါ့။ တခြား လက္ခဏာဆင်တဲ့ သိုင်းရွိုက်ဂလင်း လုပ်ငန်း ဆောင်တာ ချို့ယွင်းမှုတွေ ဖြစ်နေရင်လည်း ပျောက်အောင် ကုသနိုင်တာမို့ ပါပဲ။ အယ်လ်ဇိုင်းမားကိုလည်း စောစော ကုသပေးတာက နောက်ဆက်တွဲ ဆိုးကျိုးတွေ နည်းစေပါတယ်။
ရောဂါကို ဘယ်လိုသိမလဲ
အယ်လ်ဇိုင်းမားကို သာမန်ရောဂါတွေလို ဓာတ်ခွဲခန်းတွေ၊ ဓာတ်မှန်တွေနဲ့ သိရတာမျိုး မဟုတ်တာကြောင့် ဝေဒနာရှင်ရဲ့ ပြောင်းလဲမှု အပေါ် အတူနေသူတွေရဲ့ ပြောဆိုချက် ကနေ စဉ်းစားကြရတာပါ။ အချိန်တိုအတွင်းက မှတ်ဉာဏ် နဲ့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ပြီး ဆုံးဖြတ်ကြရတာပါ။ လေဖြတ်တာ၊ ဦးနှောက်ထဲက အလုံး အကြိတ် စတာတွေကြောင့် မဟုတ်တာကို အရင် စစ်ဆေးဖယ်ထုတ် စဉ်းစားကြရပါတယ်။
ဦးနှောက်မှာ ပြောင်းလဲတာ
အယ်လ်ဇိုင်းမား ဖြစ်တဲ့အခါ ဦးနှောက်ထဲမှာ အာရုံကြောဆဲလ်တွေ သေတာ၊ လျော့နည်းတာ ဖြစ်ကြပါတယ်။ ဝေဒနာ ဆိုးလာရင်တော့ ဦးနှောက်က ရှုံ့သွားပြီး အရည် (Cerebrospinal Fluid) တွေသာ ပိုများ လာပါတော့တယ်။ အဲဒီမှာ မေ့လျော့တာ၊ စကားပြောဖို့ နားလည်ဖို့ ချို့ယွင်းလာတာတွေ ဖြစ်လာပါတော့တယ်။
လူတိုင်းမှာ ပုံသဏ္ဌာန် မျိုးစုံနဲ့ ဖြစ်လေ့ ရှိပါတယ်။ တချို့ကျတော့လည်း ဖြစ်လာတာက သိပ်မြန်ပါတယ်။ မှတ်ဉာဏ် ချို့ယွင်းမှုနဲ့ အမူအကျင့် ပြောင်းလဲတာတွေ နှစ်အနည်းငယ်နဲ့ ပေါ်လာပါတယ်။ တချို့တော့လည်း နှစ်၂၀ လောက် အထိ တဖြည်းဖြည်း ဖြစ်လာပြီးမှ အယ်လ်ဇိုင်းမား ဆိုတဲ့ အဆင့်ကို ရောက်တာပါ။ ဒီရောဂါ ပီပီသသ ဖြစ်ပြီ ဆိုရင်တော့ ၃ နှစ်ကနေ ၅ နှစ်လောက် အထိသာ ရှင်သန်လေ့ ရှိတယ် လို့ ဆိုပါတယ်။
နေ့စဉ်ဘဝနဲ့ အယ်လ်ဇိုင်းမား
အယ်လ်ဇိုင်းမားက အာရုံစူးစိုက်မှုကို ထိခိုက်တာမို့ ပုံမှန် လုပ်နေကျလေးတွေ (ချက်ပြုတ်တာ၊ ပိုက်ဆံရေတာမျိုးက အစ) မလုပ်နိုင် ဖြစ်လာပါတယ်။ အခြေအနေ ဆိုးလာရင် ရင်းနှီးပြီးသား လူနဲ့ နေရာတွေပါ မမှတ်မိ ဖြစ်လာပါတော့ တယ်။ ပစ္စည်း ပစ္စယတွေ သူ့နေရာနဲ့သူ မသုံးတတ်တော့ တာတွေ ဖြစ်လာ ပါတယ်။ ဆံပင်တောင် ဘီးနဲ့ မဖြီးသင် နိုင်တော့တာမျိုးပါ။ ဆီးထွက်ကျတာ၊ ဟန်ချက် မထိန်းနိုင်တာ၊ စကားပြောဖို့ ခက်လာတာတွေ တွေ့ရပါလိမ့့်မယ်။
အရေးကြီးတဲ့ သတိမူစရာ
ကိုယ့် အသိုင်းအဝိုင်းမှာ အယ်လ်ဇိုင်းမား ရှိနေပြီလို့ သတ်မှတ်ရတဲ့သူ တဦးဦးကို တွေ့ကြုံပြီ ဆိုရင် အရေးကြီးတာက ယာဉ်မောင်းတာမျိုး မလုပ်ခိုင်းဖို့ ပါ။ ထိန်းညှိဆင်ခြင်တာ မလုပ်နိုင်၊ မှတ်ဉာဏ်ယိုယွင်း၊ အာရုံတွေ နောက်ကျိ ရှုတ်ထွေး နေတဲ့ သူကို ကားစတီယာရင် ကိုင်ခိုင်းလို့ မဖြစ်နိုင်ပေဘူး။ သတိထားပြီး သူ့ကို နားချဖို့ရယ်၊ လစ်တဲ့ အချိန်မျိုးမှာ သူ အသိမဲ့ မောင်းနှင် မသွားဖို့ရယ် အထူး သတိထားကြရမှာပါ။
အခုပြောခဲ့တာတွေက အယ်လ်ဇိုင်းမားနဲ့ ပတ်သက်လို့ အခြေခံလောက် သိရှိဖို့ နိဒါန်းပျိုးတဲ့ သဘောပါ။ ကိုယ့် အသိုင်းအဝိုင်းထဲမှာ အဲဒီလို လူနာ ရှိနေရင်လည်း သတိထားမိဖို့ အတွက်ပါ။ ဘယ်လို ဆက်လက် ကိုင်တွယ် ရင်ဆိုင်ရမလဲ ဆိုတာလေးတွေတော့ ရှေ့တပတ် ဆက်ပြောချင်ပါသေးတယ်။ ။