လူတဦး ဝေဒနာ ခံစားနေရပြီး ဆေးရုံပေါ် ရောက်သည့်အခါ တွေ့ကြုံရသော နောက်ဆက်တွဲ အခက်အခဲ ဒုက္ခများကို တတ်စွမ်းသမျှ ကူညီနိုင်ရန် အတွက် “ရှင်ရေး ကူညီမှု အသင်း”ကို ဖွဲ့စည်းခြင်း ဖြစ်သည်ဟု အသင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးမြတ်ဆွေက ပြောပြသည်။
“လူတယောက် သေတာမဟုတ်ဘဲနဲ့ နာပြီး ဆေးရုံတက်ရတာဆိုရင် သူ့ရဲ့နောက်ဆက်တွဲ အခက်အခဲ၊ ဒုက္ခ၊ ပြဿနာ တွေဟာ အများကြီးပဲ။ မိသားစုပါ အဲဒီဝန်ထုပ်ဝန်ပိုးကြီးကို လိုက်ဖြေရှင်းရတာ။ ဒီလူတွေရဲ့ ဒုက္ခတွေကို တတ်စွမ်းသမျှ ကူညီနိုင်အောင်ဆိုပြီး ဒီအသင်းလေးကို ဖွဲ့ဖြစ်သွားတာပါ”ဟု ဦးမြတ်ဆွေက ပြောသည်။
ရှင်ရေးကူညီမှုအသင်း (Noble Heart)ကို ၂၀၁၅ ခုနှစ် ဇန်နဝါရလီ ၁ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရောဂါ ဝေဒနာရှင်များ၏ အဓိကအခက်အခဲဖြစ်သော သွားလာရေးအတွက် အရေးပေါ်ဖုန်းဆက် အကြောင်းကြား လိုက်သည်နှင့် သွားချင်သည့် ဆေးရုံသို့ အခမဲ့ လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အသင်းဖွဲ့စည်းမှု မတိုင်ခင်က အာဟာရဒါန ပရဟိတမောင်နှမများနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်း၍ ၂၀၁၄ ခုနှစ် ဇွန်လ ကတည်းက စတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အခြားဆေးရုံများတွင် ကြက်သားဆန်ပြုတ်၊ သောက်ရေသန့်နှင့် အာဟာရဒါနများ လှူဒါန်းမှုပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆေးရုံကြီးသို့ အလှူဒါနသွားလုပ်ရင်းက ဆေးရုံတက်နေသည့် လူနာများနှင့် လူနာရှင်များ၏ အခက်အခဲများကို မျက်မြင် ကိုယ်တွေ့ တွေ့ကြရသည်။ ထို့ကြောင့် တတ်နိုင်သမျှ ကူညီဖြေရှင်းပေးလိုသည့် စိတ်ဆန္ဒများက ရှင်ရေး ကူညီမှုအသင်းဖွဲ့စည်းဖြစ်ရန် တွန်းအားဖြစ်လာသည်ဟု အသင်းတည်ထောင်သူများက ပြောပြသည်။
လက်ရှိအချိန်တွင် ရှင်ရေးကူညီမှုအသင်းအနေဖြင့် ပြည်သူ့ဆေးရုံများရှိ ဝေဒနာရှင်များကို သောက်ရေသန့်နှင့် အာဟာရ ဒါနများ လှူဒါန်းခြင်း၊ ရန်ကုန်မြို့မှ အရေးပေါ် လူနာများ၊ ထိခိုက်ဒဏ်ရာရသူများကို အချိန်မီ ဆေးရုံသို့ ရောက်ရှိရန် လူနာတင်ယာဉ်ဖြင့် အခမဲ့ ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်နေသည်။
ရန်ကုန်ဆေးရုံကြီးတွင် နေ့စဉ် အာဟာရဒါန (ကြက်သားဆန်ပြုတ်)နှင့် သောက်ရေသန့်လှူခြင်းအပြင် စံပြဆေးရုံ၊ ဟယ်လ်ပင် ကလေးဆေးရုံ၊ မြောက်ဥက္ကလာ ဆေးရုံတို့တွင်လည်း အလှည့်ကျ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
“လူတယောက်အတွက်ကို ဆန်ပြုတ် ၂ ထုပ်ပေးပါတယ်။ မလောက်ရင်လည်း ထပ်တန်းစီလို့ရပါတယ်။ ဆန်ပြုတ်ကို လည်း ကိုယ်တိုင်ချက်ကြတာပါ။ စေတနာအပြည့်နဲ့ ချက်ပြုတ်ပြီး ကျွေးမွေးလှူဒါန်းကြတာပါ”ဟု အသင်း၏ အမှု ဆောင် တဦးဖြစ်ပြီး အာဟာရဒါန ကြက်သားဆန်ပြုတ်ကို ကိုယ်တိုင်ဦးစီးချက်ပြုတ်သူ ဦးမင်းအောင်ထွေးက ပြောပြ သည်။
ထို့အပြင် ချို့တဲ့ နွမ်းပါးသော ဝေဒနာရှင်များကို ဆေးကုသစရိတ် ထောက်ပံ့လှူဒါန်းခြင်းနှင့် အရေးပေါ် သွေး လိုအပ် သော ဝေဒနာရှင်များအတွက် သန့်ရှင်းသောသွေးများ ရရှိရန်ဆောင်ရွက်ပေးခြင်း၊ သဘာ၀ ဘေးအန္တရာယ် ကျရောက် သော ဒေသများသို့ သွားရောက်၍ ဘေးဒုက္ခသည်များအား လှူဒါန်းခြင်းတို့ကိုပါ ဆောင်ရွက်နေသည်ဟု ဆိုသည်။
အသင်းတွင် လက်ရှိ လူနာတင်ယာဉ် ၂ စီးဖြင့် ပို့ဆောင်နေခြင်း ဖြစ်ပြီး မကြာမီအချိန်တွင် ၄ စီးထပ်မံ အင်အား ဖြည့် မည်ဖြစ်ကြောင်း၊ အသင်းတွင် စေတနာ့ဝန်ထမ်း လာရောက်လုပ်ကိုင်ပေးသူ စုစုပေါင်း ၆၀ ခန့်ရှိပြီး အမြဲတမ်း လာရောက်လုပ်ကိုင်နိုင်သူ ၂၀ ကျော် ရှိကြောင်း သိရသည်။
အသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးထွန်းထွန်းဦးက “ဒီအသင်းမှာ အားလုံးကတော့ ရလာတဲ့ ပီတိလေးပဲ စားနေတာပါ။ အားလုံးက ကိုယ့်ရဲ့စီးပွားရေးတွေ ပစ်ပြီးတော့မှ ဒီမှာလာလုပ်ကြတာ။ လက်ရည်တပြင်စည်း တက်ညီလက်ညီ ဝိုင်းဝန်းလုပ် ဆောင်နေကြတာပါ”ဟု ရှင်းပြသည်။
အသင်းက ကူညီပေးရသည့် လူနာများစွာသည် ချို့တဲ့နွမ်းပါးသည့် လူနာများဖြစ်သောကြောင့် အသင်းဝင်များက တတ်နိုင်သမျှ စုစည်း၍ ဆေးဖိုးထောက်ပံ့ပေးကြရကြောင်း၊ ယင်းကဲ့သို့ ချို့တဲ့နွမ်းပါးသည့်် လူနာများ စိတ်အေး ချမ်းသာ စွာ ကျန်းမာရေးကုသမှု ခံယူနိုင်ရေးအတွက် အသင်းအနေဖြင့် စနစ်တကျဆောင်ရွက်သွားရန်လည်း စီစဉ်ထား ကြောင်း သိရသည်။
အသင်းဖွဲ့စည်းခဲ့သည့် အချိန်ကစ၍ ယခုအချိန်အထိ လူနာပေါင်း ၆၀၀ ကျော်ကို လူနာတင်ယာဉ်ဖြင့် အခမဲ့ ပို့ဆောင် ပေးခဲ့ပြီးဖြစ်သည်။ တရက်လျှင် ပျမ်းမျှ လူနာ ၇ ဦးခန့် ပို့ဆောင်ပေးရပြီး တခါတရံ ၁၀ ဦးကျော် ပို့ဆောင်ပေးရသည်ဟု ဆိုသည်။
“တခါတလေ မောလို့ လိုက်ပို့ဖို့ ငြင်းချင်ပေမယ့် တကယ်တမ်းတော့ မငြင်းရက်ပါဘူး။ ကူညီပြီးတဲ့အခါ နှစ်ဦးနှစ်ဖက် ပီတိဖြစ်ရတာပေါ့။ ဘယ်လောက်ပဲ မောပါစေ၊ ပင်ပန်းပါစေ၊ တကယ်လုပ်ဖူးတဲ့အခါ၊ ဒီကရလာတဲ့ ပီတိရဲ့အရသာကို ခံစားရတာဟာ ဘာနဲ့မှမတူဘူး။ ငွေရေးကြေးရေးကူညီရတာလွယ်ကူပေမယ့် ဒီလို အင်အားသုံးပြီး ကူညီတဲ့အလုပ်က မရှိသလောက်ရှားပါတယ်”ဟု အသင်း၏ ဒု ဥက္ကဋ္ဌ ကိုမြင့်ဇော်က ပြောပြသည်။
အသင်းအနေဖြင့် လောလောဆယ်တွင် ရန်ကုန်စည်ပင်နယ်နိမိတ် အတွင်းကိုသာ ပို့ဆောင်ပေးနိုင်သေးကြောင်း၊ ထပ် မံ အားဖြည့်မည့် ယာဉ် ၄ စီးရောက်လာပြီး ရာသက်ပန် ပဒေသာပင်၏ မတည်အလှူငွေ များလာပါက နယ်မြို့များ အထိ ထပ်မံတိုးချဲ့နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ရှင်ရေးကူညီမှုအသင်း ပေါ်ပေါက်လာသောကြောင့် အထပ်မြင့်အဆောက်အအုံများပေါ်တွင် နေထိုင်သူများအတွက် ပိုမို အားကိုးကြရသည်ဟု ဆိုသည်။
အသင်းအနေဖြင့် လူနာတင်ယာဉ်သာမက အိမ်ပေါ်မှ အိမ်အောက်၊ ဆေးရုံအထိကို အသင်းဝင် ပရဟိတ လူငယ်များ က လူနာကို မနာမကျင်စေဘဲ သက်သောင့်သက်သာဖြစ်ရန် သယ်ယူပို့ဆောင် ပေးကြကြောင်း သိရသည်။
“အခုလို အသင်းတွေပေါ်လာတာ ကောင်းပါတယ်။ အထပ်မြင့်မှာနေသူတွေဆို ပိုလိုအပ်တယ်။ လူနာတင်ယာဉ်တွေကို ငှားရင်လည်း ကားသာလာတာ လူပါလာတာမဟုတ်ဘူးလေ။ သူတို့က လူကိုယ်တိုင် အတင်အချအကုန်လုပ်ပေးတော့ ပိုအဆင်ပြေတယ်။ ဒါပေမယ့် ရေရှည်ဆောင်ရွက်နိုင်ဖို့တော့ လိုတယ်”ဟု သုဝဏ္ဏမြို့နယ်တွင် နေထိုင်သူ မမိုးမိုးက ပြော သည်။
အသင်းရေရှည်ရပ်တည်နိုင်ရေးအတွက်ကို စေတနာ့ဝန်ထမ်း အင်အား လိုအပ်သည်ဟုလည်း သူက ဆိုသည်။
လက်ရှိအခြေအနေတွင် စေတနာ့ဝန်ထမ်း လုံလောက်နေသေးသော်လည်း ထပ်မံတိုးချဲ့ပါက လိုအပ်မည် ဖြစ်သည်။ လူနာတင်ယာဉ် ၁ စီးကို လူအင်အား ၄ ဦးသုံးရသည့်အတွက် ကား ၆ စီးဖြစ်လာပါက လူနာတင် ယာဉ်အတွက်ချည်း လူအင်အား ၂၀ ကျော် သုံးရမည်ဖြစ်သည်။
ရုံးတွင်အမြဲတမ်းထိုင်မည့်သူ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မည့်သူများလည်း လိုအပ်သည့်အတွက် စေတနာ့ ဝန်ထမ်း များများပါဝင်လာစေချင်ကြောင်း အသင်းဝင်များကလည်း ပြောသည်။
အသင်းစတင်တည်ထောင် သူများကလည်း အသင်းကို ခဏတာ ပေါ်ပင်မဟုတ်ဘဲ ရာသက်ပန်ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ပြောပြသည်။
ရေရှည် ဆောင်ရွက်သွားနိုင်ရေးအတွက် အသင်းရန်ပုံငွေကို ဘဏ်တွင် ရာသက်ပန်ပဒေသာပင် အဖြစ် ဘဏ်စာအုပ် လုပ်ပြီး အပ်နှံထားကြောင်း၊ လက်ရှိအချိန်တွင် သိန်း ၈၀၀ ကျော်ဖြင့် လည်ပတ်နေကြောင်း သိရသည်။
ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက“အသင်း ရေရှည်လုပ်နိုင်ဖို့အတွက်ကတော့ မှန်မှန်ကန်ကန် လုပ်ဖို့ ပဲ အရေးကြီးပါတယ်။ လူငယ်တွေကိုလည်း စနစ်တကျသုံးဖို့ အရေးကြီးတယ်။ နာမည်ကြီးဖို့ မဟုတ်ဘဲနဲ့ တကယ့် အများကို ကူညီချင်တဲ့ စိတ်ထားမျိုးနဲ့ လုပ်ဖို့လိုပါတယ်။ ကောင်းတဲ့အလုပ်ပါပဲ”ဟု မှတ်ချက်ပြုသည်။
အသင်းတရားဝင်ဖြစ်ရေး အတွက်လည်း မှတ်ပုံတင်ထားကြောင်း၊ အသင်းတွင် ပါဝင်သူများသည် အသက် ၁၈ နှစ်ပြည့် ပြီး မိဘခွင့်ပြုချက်ရသူတိုင်း မည်သူမဆို ပါဝင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
“တကယ်ပရဟိတကို စိတ်ပါဝင်စားတဲ့ လူငယ်တွေ များများ ပါဝင်လာစေချင်တယ်။ သူတို့ပါလာပြီဆိုရင် မျိုးဆက်သစ် တွေကို နေရာပေးမယ်။ ကျနော်တို့မရှိတော့ရင်လည်း ဒီအသင်းဟာ လူတွေကို ကူညီတယ်။ လူ့လောကကြီးကို အကျိုးပြု တဲ့ အသင်းတသင်းဖြစ်ဖို့ မျှော်လင့်ထားပါတယ်”ဟု ဦးမင်းအောင်ထွေးက ပြောသည်။
၎င်းတို့အနေဖြင့် ရေရှားပါးသည့် ဒလမြို့နယ်တွင်လည်း ၁ ရက်လျှင် ရေသန့်ဘူးကြီး ၁၁၀ ကို ရက်တရာပြည့် သည် အထိ လှူဒါန်းနေကြကြောင်း၊ ရေရှည်အတွက် သောက်သုံးရေကန် ၁၁ ကန်ကို ဒိုက်ဆယ်ခြင်း၊ ခြံကာ ခြင်းများ ပြုလုပ်နေကြကြောင်းလည်း ပြောပြသည်။
ရှင်ရေးကူညီမှုအသင်းသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ရောဂါ ဝေဒနာမရွေး ကူညီသည့် ပရဟိတ အဖွဲ့ အစည်းတခု ဖြစ်သည်။ လိုက်လံပို့ဆောင်သည့် လူနာများတွင် ကျိုးပဲ့ဒဏ်ရာရသူများ၊ လေဖြတ်ပြီး ကိုယ်လက် အင်္ဂါ မလှုပ်ရှားနိုင်သူများကစပြီး အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အထိ ပါဝင်သည်ဟု သိရသည်။
ဦးထွန်းထွန်းဦးက“လူကိုလူလိုမြင်ပြီး ကူညီတာပါ။ ဝတ်စုံမရွေးဘူး။ လူမျိုးမရွေးဘူး။ ဘာသာမရွေးဘူး။ လမ်းဘေး လဲနေတဲ့ သူတောင်းစားလည်း ကူညီတယ်”ဟု ပြောသည်။
အမြဲတမ်းအသင်းဝင်များသည် ရှေးဦးသူနာပြုသင်တန်း တက်ထားကြသူများဖြစ်သည့်အတွက် လူနာကို သက်သောင့် သက်သာ သယ်ယူရန် အခက်အခဲမရှိကြောင်း၊ စေတနာ့ ဝန်ထမ်း များကိုလည်း ပြန်လည်မျှဝေ သင်ကြား ပေးလျက် ရှိကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း လုံခြုံစိတ်ချမှုရှိရန် စနစ်တကျဆောင်ရွက်ကြောင်းလည်း အသင်းဝင်များက ဆို သည်။
အသင်းအနေဖြင့် ယခုအခါ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေပြီး နောက်ပိုင်းတွင် ၂၄ နာရီအပြည့် ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်းတည်ထောင်သူများက ပြောပြသည်။
အသင်းအနေဖြင့် အများအကျိုးပြု ပရဟိတလုပ်ငန်းများကို မေတ္တာ စေတနာ ကရုဏာရှေ့ထား၍ ကိုယ်ကျိုးမဖက်ဘဲ ရာသက်ပန် ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟုလည်း ဆိုသည်။
အသင်းမှ လူနာတင်ယာဉ်မောင်း ကိုသက်လွင်ဦး ကလည်း“လူနာတွေ ဆေးရုံကိုချောချောမွေ့ ရောက်သွားတဲ့အခါ လူနာရှင် တွေရဲ့ အပြုံးနဲ့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို ကြားရတာ ကျေနပ်ပီတိဖြစ်ရပါတယ်။ အဲဒီပီတိဟာ ဘာနဲ့မှ မလဲ နိုင် ပါဘူး”ဟု ပြောပြသည်။
ထိုကဲ့သို့ အခက်အခဲများနှင့် ကြုံတွေ့နေရသော ရောဂါ ဝေဒနာရှင်များကို ကူညီစောင့်ရှောက် ပေးနိုင်မည့် ရှင်ရေး ကူညီမှု အသင်း ကဲ့သို့သော ပရဟိတ အသင်းမျိုး မြောက်မြားစွာ ပေါ်ထွက်လာစေရန် ဆန္ဒပြုလိုက်ရ ပါသည်။