မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ဘက် ကီလိုမီတာ ၂၀ ခန့်အကွာ ရှမ်းတောင်တန်းများကြားရှိ ပြောင်ခေါင်း တောင်ကြားတွင် တချိန်က ဘားနဒ်မြို့ ဟုခေါ်ကြသည့် ရွာသာယာမြို့ တည်ရှိခဲ့သည်။ ၁၈၈၀ ပြည့်နှစ်များ အစောပိုင်းက တပ်စခန်းမြို့တခု အဖြစ် တည်ထောင်ပေးခဲ့သော အထက်မြန်မာနိုင်ငံ ဝန်ရှင်တော် မင်းကြီး ဆာချားလ်အက်ဒွပ် ဘားနတ်ဒ်၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ခဲ့သည့် ဘားနတ်ဒ်မြို့သည် အင်္ဂလိပ်ခေတ် မြန်မာနိုင်ငံမှ သမိုင်းအမွေအနှစ်များ ရှိနေသော အမှတ်တရ နေရာတခု ဖြစ်သည်။
ချုံပုတ်များ၊ နွယ်ပင်များ ဖုံးလွှမ်းထားသည့် လှပသော ရှမ်းတောင်စောင်း တခုပေါ်မှ ၁၉ ရာစု အင်္ဂလိပ်သချႋုင်း ဟောင်းက ကြည်လင်ငြိမ်းချမ်းမှုနှင့် သမိုင်းကိုသာမက ဥပေက္ခာပြုခံထားရခြင်း အတွက်လည်း ဝမ်းနည်းမှုကို ခံစားရစေသည်။
အုတ်ဂူကမ္ပည်းစာများတွင် ၁၈၈၆ ခုနှစ်မှ ၁၈၉၃ ခုနှစ် အတွင်းဖြစ်ပွားခဲ့သည့် အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲ အတွင်းတွင် ကျဆုံးခဲ့သော ဗြိတိသျှ စစ်သားများ၏ ဘဝ အကြောင်းတချို့ကို တွေ့မြင်နိုင်သည်။ အဆိုပါ နှစ်များ အတွင်း ဗြိတိသျှတို့ကအထက် မြန်မာနိုင်ငံကို စိုးမိုးနိုင်အောင် ကြိုးစားခဲ့ရာတွင် ဒေသခံ ပြည်သူများ၏ လက်နက်ကိုင် တွန်းလှန် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ဘုရင်မ၏ အမှုတော်ကို ထမ်းဆောင်ရင်း နိုင်ငံရပ်ခြားတွင် ကျဆုံးခဲ့ရသော ဗြိတိသျှစစ်သားများ၏ အမည်၊ တပ်ရင်းနှင့် သေဆုံးသည့် နေ့စွဲများကိုသာ ဖော်ပြထားသည်ကို တွေ့ရသည်။ အုတ်ဂူ တခုတွင် တပ်သား J. Pierree၊ Cheshire အမှတ် ၂ တပ်ရင်း၊ ၁၆.၄.၁၈၉၀ တွင် သေဆုံးသည်ဟု ရေးသားထားသည်။
ကျဆုံးသူ အများစုသည် ဗြိတိသျှတပ်ရင်း ၄ ခု ဖြစ်သော Devonshire ၊ Hampshire ၊ PWO Yorkshire နှင့် နယ်ခြားစောင့် တပ်မှ ဖြစ်သည်။
၁၈၈၆ ခုနှစ်တွင် ဗြိတိသျှ အာဏာပိုင်များက တပ်ဖွဲ့များ အခြေပြုရန် အတွက် မိုးကုတ်၌ စစ်ရုံးတခု ဖွင့်လှစ်ရန်နှင့် ပြောင်ခေါင်း ဒေသတွင် တပ်စခန်းတခု ထားရှိရန် ဆုံးဖြတ်ခဲ့သည် ဟု မိုးကုတ် ဒေသခံတဦး ဖြစ်သည့် ဦးထက်နိုင် ရေးသားသော မိုးကုတ်သမိုင်း အမည် ရှိစာအုပ်တွင် ဖော်ပြထားသည်။ နောက်ပိုင်းတွင် ဘားနဒ်မြို့သည် တပ်စခန်း အနီး၌ ပေါ်ပေါက်လာပြီး ဒေသအတွင်းတွင် လက်နက် သိုလှောင်ရုံများ၊ လမ်းများနှင့် တံတားများ တည်ဆောက် ခဲ့ကြသည်။
ဗြိတိသျှ သချႋုင်းတွင် ယခင်က အုတ်ဂူ ၁၀ဝ ခန့်ရှိသည်ဟု ဒေသခံသက်ကြီး ရွယ်အိုများ၏ အဆိုအရ သိရသော်လည်း ယခုအခါတွင် အုတ်ဂူ ၂၀ ခန့်သာ ကျန်ရှိတော့သည်။
ထိုနေရာကို ဥပေက္ခာပြုထားခြင်း ခံရသည့် အတွက် ဝမ်းနည်းကြောင်း ဘားနဒ်မြို့ခံများက ပြောကြသည်။ လတ်တလော နှစ်များ အတွင်းတွင် နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်လေ့လာမှု မြင့်တက်လာအောင် ဆွဲဆောင်နိုင်ခဲ့သည့် နေရာဖြစ် သဖြင့် တာဝန်ရှိသူများက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးသင့်သည် ဟုလည်း သူတို့က ဆိုသည်။
“ကျနော် ငယ်ငယ်တုန်းက ဒီသချႋုင်းထဲမှာ အုတ်ဂူတွေ အများကြီးရှိတယ်။ ကျနော်တို့ ဒီနား တဝိုက်မှာ ကစားလေ့ ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဒေသခံတချို့က အုတ်ဂူတွေက ကျောက်ပြားတွေကို အဝတ်လျှော်တဲ့ အခါမှာ အောက်ခံလုပ်ဖို့ ယူသွားကြတယ်။ ဘယ်သူကမှလည်း အရေးမယူဘူး။ ဒါကြောင့်လည်း အုတ်ဂူတွေ နည်းသထက် နည်းလာခဲ့ရတယ်” ဟု အသက် ၃၅ နှစ် အရွယ်ရှိပြီ ဖြစ်သော ဒေသခံကို အောင်နိုင်က ပြောသည်။
နောက်ထပ် ခြိမ်းခြောက်မှု တခုမှာ ဒေသ၏ သဘာဝအရင်း အမြစ်ကြွယ်ဝမှု ဖြစ်သည်။ သချႋုင်းနှင့် မီတာအနည်းငယ် အကွာတွင် ကြီးမားသော အနီရောင် ရွှံ့စီးကြောင်းကြီး တခုကို တွေ့ရသည်။ တောင်ထိပ်တခုပေါ်ရှိ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းမှ ပတ္တမြားနှင့် နီလာ ရှာဖွေနေကြသည့် အလုပ်သမားများက ရေဆေးချလိုက်ရာမှ စီးဆင်း လာခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်မှ စတင်၍ မိုးကုတ်ဒေသသို့ နိုင်ငံခြားသားများ သွားရောက် လည်ပတ်ခွင့် ပြုခဲ့သည်။ သို့သော်လည်း ကမ္ဘာလှည့် ခရီးသည် အဖြစ် သွားရောက်လည်ပတ်ရန် အစိုးရ၏ ခွင့်ပြုချက်ကို ပထမဆုံး ရယူရန် လိုအပ်သည်။ ခွင့်ပြုချက် ရရှိရန် ဒေသခံ ခရီးသွား ကိုယ်စားလှယ်များက ဆောင်ရွက်ပေးနိုင် သော်လည်း အချိန် ၂ ပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။
ကမ္ဘာလှည့် ခရီးသည်များ လာရောက်မှု မြင့်တက်လာသည့် အတွက် ထိုနေရာကို တာဝန်ရှိသူများက ပိုမိုအလေးထား လာခဲ့ပြီး အကာအရံများ ပြုလုပ်၍ နယ်နိမိတ် သတ်မှတ်ပေးခဲ့သော်လည်း ပြုပြင်ထိန်းသိမ်းရေး အတွက် လုပ်ဆောင်ခဲ့ ခြင်း မရှိဟု ကိုအောင်နိုင်က ပြောသည်။
မိုးကုတ် သမိုင်းစာအုပ်ကို ရေးသားခဲ့သော ဦးထက်နိုင်က မိုးကုတ်မြို့နယ် တာဝန်ရှိသူများ အနေဖြင့် အုတ်ဂူများကို ပြုပြင် ထိန်းသိမ်းရေး ပြုလုပ်ပေးသင့်ပြီး လာရောက် လည်ပတ်လေ့လာလို သူများ ပိုမိုလွယ်ကူစွာ လာရောက် နိုင်အောင်လည်း ဆောင်ရွက်ပေးသင့်သည် ဟု ဆိုသည်။
“ဒါက ကျနော်တို့ မိုးကုတ်မြို့ရဲ့ သမိုင်းပါ။ သဘာဝ ဘေးအန္တရာယ်တွေနဲ့ လူသားတွေရဲ့ အမှားအယွင်းတွေကြောင့် ဒါတွေ ပျောက်ပျက် မသွားရအောင် ကျနော်တို့က ကာကွယ် တားဆီးရပါလိမ့်မယ်” ဟု သူက ပြောသည်။
(၂၀၁၅ ခုနှစ်၊ ဧပြီလထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ကျော်ဆုမွန် ရေးသားသည့် Forgotten Resting Place ဆောင်းပါးကို ဘာသာပြန်ဆိုသည်)