မြန်မာနိုင်ငံကို တန်းတူညီမျှရေးဝါဒ ကြီးစိုးရေး၊ အာဏာရှင်ကို ဖြုတ်ချရေး မျှော်မှန်းချက်များနှင့် လက်နက်စွဲ ကိုင်၍ တိုက်ပွဲဆင်နွှဲခဲ့ကြသူတို့၏ ဌာနချုပ်တခုလုံးသည် လူသူကင်းမဲ့ပြီး ချုံပုတ်များ၊ ဖုန်များအတိ ဖုံးလွှမ်းနေ သည်။
ရုံးသုံး ဗီရိုများ၊ စားပွဲများက အခန်းများအတွင်း ဖရိုဖရဲ။
ထိုနေရာသည် ရှမ်းပြည်နယ်မြောက်ပိုင်း “ဝ” တောင်တန်းဒေသ ပန်ဆန်းမြို့ အတွင်းရှိ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ၏ ဗဟိုဌာနချုပ် ဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီကို မြန်မာနိုင်ငံ လွတ် လပ်ရေးရရန် ဦးဆောင်ခဲ့သူများက ၁၉၃၉ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင် ခဲ့သည်။ ပါတီတည်ထောင်စတွင် ဗိုလ်ချုပ်အောင်ဆန်း သည်လည်း ဦးဆောင်သူတဦး ဖြစ်သည်။
ပင့်ကူအိမ်များ လက်ညှိုးထိုးမလွဲရှိနေပြီဖြစ်သည့် ထို ဗကပ ဌာနချုပ်ကို ၁၉၇၈ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့သည်ဟု ဝင်ဝင်ချင်းမြင်တွေ့ရ သည့် ကျောက်ကမ္ပည်းလေးတွင် ရေးထိုးထားသည် ကို တွေ့ရသည်။
ဥက္ကဋ္ဌ သခင် ဗသိန်းတင် ၊ ဒု ဥက္ကဋ္ဌ သခင် ဖေတင် ၊ အတွင်းရေးမှူး သခင်မောင်ကြီး၊ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ဗိုလ်သန်းရွှေ၊ ဗိုလ်ချုပ် ကျော်ဇော နှင့် ဗဟိုဌာနချုပ်ရုံး လုပ်သားများ နေထိုင်ခဲ့သည်ဟု လည်း ပါရှိသည်။
အဆိုပါ ဌာနချုပ်၏ လျှောက်လမ်းအတိုင်း ဝင်လာလျှင် ပထမဆုံးတွေ့ရသည်မှာ ဥက္ကဋ္ဌ သခင် ဗသိန်းတင်၏ အိပ်ခန်းဆောင် ဖြစ်သည်။ အိပ်ခန်း အတွင်း ခုတင်ကြီးသည် နေရာတကျ ရှိသေးသော် လည်း ဖုန်အလိမ်းလိမ်းနှင့် ယိုယွင်းပျက်စီးနေသည် ကို မြင်ရသည်။
သခင် ဗသိန်းတင် အသုံးပြုခဲ့သည့် စာအုပ်စင် ကြီးသည်လည်း အိပ်ခန်းတွင်းက ထောင့်ကျကျ နေရာလေးမှာ ပင် လဲကျနေပြီး ခြများက ၎င်းတို့ အိမ်အဖြစ် နေရာဝင်ယူထားသည်။ ခုတင်ခြေရင်းရှိ စာရေးစားပွဲ ခုံလေးသည်လည်း ဆွေးမြည့်နေသည်။ အိပ်ခန်းအတွင်း သည်ပင် ရေချိုးခန်းနှင့်အိမ်သာ တွဲလျက် ပါရှိသည်။ ရေချိုးခန်း နံရံကြီးတွင် ဒေါင် လိုက် အက်ကွဲကြောင်းကြီး တခုကို ထင်ထင်ရှားရှား တွေ့ရသည်။
သခင်ဗသိန်းတင် အိပ်ခန်းနှင့်တွဲလျက် အခန်း သုံးခန်းရှိသည်။ ထိုအခန်းများတွင်လည်း ခုတင်များ ရှိသည်။
ပစ္စည်းအားလုံးတို့က ဖုန်တက် ခြစားနေသည် က လွဲ၍ ဗကပတို့ အသုံးပြုခဲ့စဉ်ကအတိုင်း သူ့ နေရာနှင့်သူ ရှိနေသေးသည်။
လက်ရှိ “ဝ” ပြည်သူ့ အစိုးရအဖွဲ့၌ ကျန်းမာရေး မှူး တာဝန်ထမ်းဆောင်နေပြီး ယခင်က ဗကပ တွင် ဆရာဝန်တဦး ဖြစ်ခဲ့သူ ဒေါက်တာ ထွန်းကြည်က သခင်ဗသိန်းတင် အိပ်ခန်းနှင့် နှစ်ခန်းကျော်က အခန်းကို လက်ညှိုထိုးပြပြီး “ဒါ ကျနော် နေခဲ့တဲ့ အခန်း” ဟု ပြောသည်။
သခင်ဗသိန်းတင် အိပ်ခန်းနှင့် ထိုအိပ်ခန်း နောက်ဘက် အဆောက်အအုံရှိ ဗဟိုရုံး ရုံးခန်း စာရွက်စာတမ်း ဂိုဒေါင်မှလွဲ၍ အခြား အဆောက် အအုံများ၊ အိပ်ခန်းဆောင်များတွင် စာအုပ်စင်မတွေ့ ရ၊ စာရေးစားပွဲ မတွေ့ရပါ။ အခန်းတိုင်းတွင် အနီနှင့်အနက်ရောင် နှစ်ကြိုးရစ်ထားသည့် လျှပ်စစ် ကြိုးလေးများက ခေါင်မိုးကနေ တန်းလန်း ကျနေ သည်ကို တွေ့မြင်ရသည်။ မီးသီးများကတော့ မရှိ တော့ပါ။
ဗဟိုရုံးခန်း စာရွက်စာတမ်းဂိုဒေါင်သည် သခင် ဗသိန်းတင်တို့ နေထိုင်စဉ်က ပါတီ၏ အရေးကြီး စာရွက်စာတမ်းများ၊ မှတ်တမ်းမှတ်ရာများ သိမ်း ဆည်းရာ ဂိုဒေါင်ဖြစ်သည်။ ထိုအခန်းတွင် လေးခန်း တွဲထားသည့် သုံးဆင့်ဗီရိုတလုံးသည် စောင်းနေပြီး ဗီရိုတံခါးများက ပွင့်နေသည်။ အလျင်စလို စာရွက် စာတမ်းများကို သိမ်းဆည်းသွားရဟန်နှင့် တူနေ သည်။
ထိုဗီရိုကြီးသည် တချိန်က လွန်စွာအရေးပါလိမ့် မည်။ အာဏာရှင်ကို တွန်းလှန်ရန် စစ်ရေးဗျူဟာ များ၊ မဟာစီမံကိန်းများ၊ အစည်းအဝေး မှတ်တမ်း များနှင့် ပြည့်နေသော ဗီရိုကြီးဖြစ်လိမ့်မည်ဟု ယူဆ ရသည်။ ဗီရိုတံခါး ၁၂ ပေါက်လုံးကို သော့ဖြင့် ခတ်ထားခြင်းလည်း ဖြစ်နိုင်သည်။ သော့ပေါက်ရာ များနှင့် ပျက်စီးနေသည့် ပတ္တာများက ရှိနေသေး သည်။
အဆိုပါ ဗီရိုထဲရှိ အရေးကြီး စာရွက်စာတမ်း များ မည်သည့်နေရာကို ရောက်သွားသလဲ မသိ တော့ပါ။
ဗဟိုရုံးခန်း စာရွက်စာတမ်း ဂိုဒေါင် အဆောက် အအုံ၏ နဖူးစည်းတွင် ကွန်မြူနစ်အမှတ်အသားဖြစ် သော တပေပတ်လည်ခန့် ကြီးမားလှသည့် ကြယ်နီ တပွင့်ကို ထွင်းထုထားသည်။ ကြယ်နီသည် အရောင် ပြယ်လွင့်နေပြီ ဖြစ်သော်လည်း ကြယ်နီဖြစ်ကြောင်း ထင်ထင်ရှားရှား မြင်ရသေးသည်။
ဗကပ ဌာနချုပ်ဝင်းအတွင်း စုစုပေါင်း အဆောက်အုံ ငါးခုရှိသည်။ အားလုံးသည် တထပ် တိုက်များဖြစ်သည်။
အဆောက်အအုံ ငါးခုအလွန်တွင်တော့ စားဖို ဆောင်ကြီးကြီး တခုနှင့် တောအုပ်ကြီး ရှိသည်။ တောအုပ်ကြီး၏ တဖက်တွင်တော့ တရုတ်နိုင်ငံ နယ်စပ် ဖြစ်သည်။
၁၉၆၈ ခုနှစ်က အစိုးရကို ဖြုတ်ချနိုင်ရန် ရည် ရွယ်၍ မြန်မာနိုင်ငံ နယ်စပ်ဒေသတိုင်းကို ဗကပ တို့ အာဏာ ချဲ့ထွင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း မှ တောင်ပိုင်းနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသများထိ စစ်ဆင်ရေးစခန်း များ တည်ထောင်ခဲ့သည်ဟု ဗကပ ဌာနချုပ်ရှိ ကျောက်တိုင်လေးတွင် ထွင်းထု ရေးထား သည်ကို တွေ့ရသည်။
စစ်ရေးဆိုင်ရာအရေးကြီးကိစ္စရပ်များ၊ လျှို့ဝှက် ချက်များကို ဗဟိုကော်မတီ အစည်းအဝေး ခန်းတွင် ဆွေးနွေးသည်ဟု သိခဲ့ရသည်။ ထူးဆန်းသည်မှာ ဗဟိုကော်မတီ အစည်းအဝေးခန်းမသို့ ဝင်ထွက်ရန် တံခါးပေါက် တပေါက်တည်းရှိပြီး ထိုတံခါးပေါက် သည် သခင် ဗသိန်းတင် ခုတင်၏ ဘေးတွင် ဖြစ် သည်။ ထို့ကြောင့် အစည်းအဝေး လာသူတိုင်းက သခင် ဗသိန်းတင်၏ အိပ်ခန်းကို ဖြတ်သန်းပြီးမှသာ ဗဟိုကော်မတီ အစည်းအဝေးခန်းမထဲသို့ ရောက် မည် ဖြစ်သည်။
ထိုအခန်းတွင် မြန်မာတနိုင်ငံလုံးအနှံ့ လုပ် ဆောင်နေသည့် တော်လှန်ရေး လုပ်ငန်းစဉ်အားလုံး ကို ဆွေးနွေးခဲ့ ကြမည်ဟု ထင်သည်။ တော်လှန်ရေး လှုပ်ရှားမှု ဖြစ်စဉ်အားလုံးကိုလည်း ထိုအခန်းအတွင်း မှနေ၍ ညွှန်ကြားခဲ့ကြခြင်းလည်း ဖြစ်နိုင်ပါသည်။
ဗကပတို့ စစ်ရေးမူဝါဒသည် တရုတ် ကွန်မြူနစ် ခေါင်းဆောင် မော်စီတုန်း၏ မူဝါဒနှင့် တထပ်တည်း ဖြစ်ကာ ကျေးလက်မှ မြို့ပြသို့ သိမ်းပိုက်ပြီး အာဏာ ရှင် အစိုးရကို ဖြုတ်ချ အာဏာသိမ်းရေး ဖြစ်သည်ဟု လေ့လာဖူးသည်။
ထိုအချိန်က အာဏာရှင်လက်အောက်ရှိ ဆင်းရဲ မွဲတေလွန်းသည့် ပြည်သူများသည် တန်းတူညီမျှရေး၊ အာဏာရှင် ဖြုတ်ချရေးကို လိုလားခဲ့ကြကြောင်း သိရှိရသည်။
တချိန်တခါက ဗကပ၏ ဩဇာ အရှိန်အဝါ ထွန်းတောက်ခဲ့ဖူးသော်လည်း ၁၉၈၉ ခုနှစ် မတ်လ တွင် ဗကပ လက်အောက်ခံ ကိုးကန့်အဖွဲ့က စတင် ဆန့်ကျင်ခဲ့ပြီး ဧပြီလတွင် “ဝ” တိုင်းရင်းသားရဲဘော် များက တပ်တွင်း ပုန်ကန်မှု ပြုလုပ်၍ ဗကပ ဗဟို ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီးနောက် မှေးမှိန်ခဲ့ရ ကြောင်း သမိုင်းမှတ်တမ်းများ၌ ဖော်ပြထားသည်ကို တွေ့ရသည်။
ထိုစဉ်က ဗကပ ဌာနချုပ်တွင် ရှိနေခဲ့သည့် ကြေးနန်း ဆက်သွယ်ရေးဆိုင်ရာ တာဝန်ခံ ရဲဘော် နေဦးဝေက “ကျနော်တို့ အားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ဌာနချုပ်က ထွက်လာခဲ့ရတယ်” ဟု သူမှတ်မိသမျှကို ပြန်ပြောပြသည်။ ဗကပ ခေါင်း ဆောင်တချို့ တရုတ်နိုင်ငံတွင် ခိုလှုံလိုက်ကြရ ကြောင်း သိရသည်။
“ဝ” အဖွဲ့ကတော့ ၁၉၈၉ ခုနှစ်တွင်ပင် အစိုးရ နှင့် အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ယူလိုက်သည်။
ခေါင်းဆောင်များ စွန့်ခွာသွားပြီးသည့်နောက် ဗကပ ဌာနချုပ်သည်လည်း နေထိုင်သူ မရှိတော့။ ကိုးကန့်တပ်ဖွဲ့နှင့် “ဝ” အဖွဲ့တို့ကလည်း ဗကပ ဌာန ချုပ်ကြီးကို လုံးဝ စွန့်ပစ်ထားခဲ့ကြသည်။ အချိန် ကြာမြင့်လာသည်နှင့်အမျှ ဌာနချုပ် ပတ်ဝန်းကျင် တခုလုံးကို ချုံနွယ်များ၊ ဝါးပင်များက နေရာယူလိုက် ကြသည်။
အခန်းများအတွင်း၌ သစ်ရွက်ခြောက်များ၊ ဖုန်များ၊ ပင့်ကူအိမ်များက အပြည့်။
သခင်တို့ စွန့်ပစ်ခြင်း ခံလိုက်ရသည့် ခုတင်များ၊ ဗီရိုများ၊ စားပွဲခုံများသည်လည်း ခြအိမ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဗကပ ခေါင်းဆောင် တဦးဖြစ်သည့် သခင် ဗသိန်းတင်သည် ၁၉၉၇ ခုနှစ်တွင် တရုတ်နိုင်ငံ၌ပင် ကွယ်လွန်ခဲ့ကြောင်း၊ အခြားခေါင်း ဆောင်များလည်း အသီးသီး ကွယ်လွန်ခဲ့ကြကြောင်း သိရသည်။
ဗကပ ခေါင်းဆောင်တို့ မရှိတော့သော်လည်း “ဝ” တောင်တန်း ဒေသတွင်ကား ယခုအထိ ဗကပ အငွေ့အသက်တချို့ ကျန်ရှိနေသေးသည်ဟု ဆိုရပါ လိမ့်မည်။
မြန်မာ့သမိုင်းတွင် သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေး ပါတီကြီးတခု ၏ နောက်ဆုံး ဌာနချုပ်သည် ပန်ဆန်း မြို့တွင် ရှိနေဆဲဖြစ်သည်။
“ဝ” ပြည်သူ့အစိုးရ၏ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)တွင် ယခုအချိန် ထိ ယူနီဖောင်းများ၌ ရာထူးအဆင့် သတ်မှတ်ချက်၊ ကြယ်ပွင့်များကို ပခုံးတွင် မည်သူမျှ မတတ်ကြပါ။
UWSA ခေါင်းဆောင် ပေါက်ယူချန်း က “ဒါက အားလုံးက အတူတူပဲ ဆိုတဲ့ သဘောပါ”ဟု ဆိုသည်။
ဤသည်ပင် ကွန်မြူနစ်ဝါဒ ၏ ယူဆချက်တခု ဖြစ်သည်ဟု ဆိုရမည်လား တွေးမိသေးသည်။
မြန်မာပြည်သူလူထုကို တန်းတူညီမျှရေးဝါဒဖြင့် ချမ်းသာစေလိုသည့်စိတ် ထားခဲ့သည့် ဗကပတို့ ရည် ရွယ်ချက်ကားမပြည့်ဝခဲ့။ အာဏာရှင်ကို တော်လှန် မှုသည်လည်း မပြီးမြောက်ခဲ့ပါ။
ဆက်လက် ကျန်ရှိနေသေးသည်ကတော့ ဌာန ချုပ် အဟောင်းကြီးပင် ဖြစ်သည်။ သမိုင်းတွင် ဖယ် ချန်ထား၍ မရသည့် နေရာတခုဖြစ်သော်လည်း လျစ်လျူရှု ခံထားရသည်။
UWSA အနေဖြင့် ဗကပနှင့်ပတ်သက်၍ အတိတ်ခံစားမှုများ ရှိခဲ့သော်လည်း သမိုင်းတွင် အရေးကြီးသည့် အခန်းကဏ္ဍတရပ်က ပါဝင်ခဲ့သည့် ဗကပ ဌာနချုပ်နေရာကို မဖြိုဖျက်ကြပါ။ ၂၀ဝ၉ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ရန်ပင် ရည်ရွယ်ခဲ့ကြ သော်လည်း မည်သည့် အကြောင်းကြောင့် မသိ၊ ပြင်ဆင်ရေး လုပ်ငန်းများကို ရပ်တန့်လိုက်ကြောင်း သိရသည်။
လက်ရှိ UWSA အကြီးအကဲများကတော့ ဗကပ ဌာနချုပ်ဟောင်းကို ရှေးမူမပျက် ပြန်လည် ပြင်ဆင်ပြီး အများပြည်သူ လာရောက် လေ့လာနိုင် သည့် နေရာအဖြစ် လုပ်ဆောင်သွားမည်ဟု ပြောဆို ကြသည်။
လက်ရှိ အခြေအနေတွင် ဗကပ ဌာနချုပ်ကို လာရောက်လေ့လာခွင့် ရသူများအတွက်မူ မြင်ကွင်း များက သမိုင်းစာအုပ်ထဲနှင့် ကွာခြားကြောင်း ပြောဆိုကြမည်ဟု ထင်မြင်မိပါသည်။