ကမ္ဘောဒီးယားကို ၃ ဂိုး ပြတ် ရှုံးနိမ်နေချိန် ဒုတိယပိုင်းပွဲအစ နည်းပြကြည်လွင်မှ လူအပြောင်းအလဲ ပြုလုပ်လိုက် သည်။
ဆံပင်ရှည်ရှည်နှင့် ကစားသမားတယောက် ဝင်လာသည်၊ သူဝင်လာသည်နှင့် မြန်မာအသင်းကစားကွက်သည် သွက်လက်လာပြီး မိနစ်အနည်းငယ်ကြာ ပထမဆုံး မြန်မာအသင်းအတွက် သီဟဇော်က ဗွေဆော်ဦးဂိုးကို သွင်း လိုက်ရာ စင်ကာပူရောက် မြန်မာပရိတ် သတ်ရော၊ တယ်လီဗေးရှင်းရှေ့တွင် ကြည့်နေသည့် မြန်မာပရိတ်သတ် ကြီးကပါ အားရဝမ်းသာ အော်ဟစ်သံ များဆူညံသွားခဲ့သည်။
ထိုနောက် ပွဲပြီးကာနီးတွင်လည်း ဒုတိယဂိုးကို သူကပင် လှပစွာသွင်းယူလိုက်ပြန်လေသည်။
သူကား အသက် ၂၃ နှစ်အောက် မြန်မာအသင်းတွင် ကျောနံပါတ် ၉ ကိုဝတ်ဆင်ထားသည့် တိုက်စစ်မှူး ကောင်းဆက်နိုင်ပင်ဖြစ်သည်။
ကောင်းဆက်နိုင်ကား မြန်မာလက်ရွေးစင် ဂိုးသမားဟောင်း ဦးတင်ဝင်း၏ မြေး၊ မြန်မာလက်ရွေးစင် တိုက်စစ် မှူးဟောင်း မျိုးလှိုင်ဝင်း၏ တူအရင်း၊ ကိုမျိုးလှိုင်ဝင်း၏ အမ ဒေါ်ခင်သွယ့်သွယ့်ဝင်း၏ သားပင်ဖြစ်သည်။
ကောင်းဆက်နိုင်၏ အဖေသည်လည်း ပို့ဆောင်ရေး အသင်းတွင်ကစားခဲ့ပဏာမ မြန်မာ့လက်ရွေး စင်ရွေးကစားသမားဇော်နိုင် ပင်ဖြစ်၏။
၁၉၆၅- ၇၀ ခုနှစ်တဝိုက်က အဖိုးဖြစ်သူ မြန်မာ့လက်ရွေးစင် ဂိုး တင်ဝင်းကို မသိသူ မရှိသကဲ့သို့၊ မြန်မာ ဘောလုံး ငွေခေတ် ဟု ခေါ်ဆိုကြသည့် ၁၉၉၃ ခုနှစ်တဝိုက်တွင်မူ တိုက်စစ်မှူးမျိုးလှိုင်ဝင်းသည် နာမည်ကြီးဖြစ်ခဲ့သည်။
ထို့ကြောင့် ကောင်းဆက်နိုင်သည် ဘမျိုးဘိုးတူ မျိုးရိုးနှင့်လိုက် ဘောလုံးကစားသူ ၊ ဖိုးအေ၊ ဦးလေးနှင့် ဖခင်ခြေရာနင်းမည်သူဟု ဆိုရပေမည်။
ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဦးဇော်နိုင်နှင့် ဦးလေးဖြစ် ကိုမျိုးလှိုင်ဝင်းတို့ ဘော လုံးကစားရာသို့ လိုက်ပါကစားတတ်ပြီး၊နောက်ပိုင်းမှာတော့ ကျောင်းသားပွဲ၊ ဇုန်ပွဲ၊ လူငယ်ပြိုင်ပွဲ များမှ တဆင့်၊ U 19၊ U 20 အသင်းများတွင် ဆင့်ကဲဆင့်ကဲ ပါဝင်ကစားရင်း U 23 အသင်းတွင် ရွေးချယ် ခံခဲ့ရခြင်း ဖြစ်၏။
အသက် ၂၁နှစ်ရှိပြီဖြစ်သည့် ကောင်းဆက်နိုင်သည် လက်ရှိ U 20 အသင်းကို ကိုင်တွယ်နေသည့် ဂျာမန်နည်းပြ ဂတ်ဇီ၏ တပည့်အရင်းဖြစ်ပြီး နိုင်ငံခြားပွဲများကို လိုက်ပါကစားရင်း အတွေ့အကြုံများရရှိခဲ့သလို၊ လက်ရှိ မကွေး FC အသင်းတွင်လည်း နည်းပြဦးကြည်လွင်နှင့် လက်တွဲကစားနေသူဖြစ်သည်။
ဦးလေးဖြစ်သူ ကိုမျိုးလှိုင်ဝင်းက “ကျနော့်စကားတော့ နားထောင်ပါတယ်၊ ကျနော်တို့လို အောင်မြင်လာ အောင် မခံချင်စိတ်ဖြစ်လာပြီး ပိုကြိုးစားလာအောင် ဆုံးမရတယ်ပြောရတယ်” ဟုဆိုသည်။
မျိုးလှိုင်ဝင်းတို့ခေတ်က ဆီးဂိမ်းတွင် အမျိုးလက်ရွေးစင်အသင်းကြီးသာပါဝင်ရပြီး၊ အသက်အကန့်အသတ်မရှိခဲ့ ပေ။ကောင်းဆက်နိုင်တို့ ခေတ်မှာ တော့ ဆီးဂိမ်းကို အသက် ၂၃ နှစ်အောက် ကစားသမားများသာ ဝင်ရောက် ကစားရတော့သည်။
“မနေ့က ကောင်းဆက်နိုင် သွင်းတဲ့ ဂိုးလေးတွေက အဆင့်မှီတယ်၊ ကစားအားလေးလည်းရှိတယ်၊ ဒါပေမယ့် လာမည့် ဆီးမီးဖိုင်နယ်ပွဲတွေက တကယ့်အသင်းတွေနဲ့တွေ့မှာ သူတို့ကို တဖက်အသင်းက ကောင်းတယ်လို့ ယူဆရင် Marking ပေးလူကပ်ကစားမယ်၊ အဲဒီအချိန်မှာ သူ လျင်လျင်မြန်မြန်နဲ့ အခုထက်ပိုပြီး ကြိုးစားမှဂိုး ရမှာ၊ အသင်းလည်းအောင်မြင်မှာ”ဟု ကိုမျိုးလှိုင်ဝင်းက ဆိုသည်။
ထိုသို့ ဘောလုံးမျိုးရိုးမှ ဆင်းသက်လာသည့် ကောင်းဆက်နိုင်အတွက် အဖိုး၊ အဖေ၊ ဦးလေးတို့၏ ဂုဏ်ကို ဆက်လက်ထိန်းသိမ်းရပေတော့မည်။
လက်ရှိအချိန်တွင် ကောင်းဆက်နိုင်သည် ရန်ကုန်ယူနိုက်တက် ကလပ်အသင်းပိုင် ကစားသမားဟုဆိုသော် လည်း မကွေးFC ကို အငှားချထားသည့် ကစားသမားဖြစ်သည်။
ပြီးခဲ့သည့် ၁နှစ်ကျော်က အိမ်ထောင်ကျခဲ့သည့် ကောင်းဆက်နိုင်သည် ဒဂုံမြိုသစ်တွင် မိဘများအတူနေထိုင်နေ လျှက်ရှိသည်။