လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ဖြစ်ပါသည်။ ရန်ကုန်မြို့၏ ကျောင်းတကျောင်းမှ ကစားကွင်းထဲသို့ လူကောင် ခပ် သေးသေး စကော့လူမျိုး ဆရာတယောက် လျှောက်ဝင်လာပြီး အိန္ဒိယ ရာဘာနှင့် ပြုလုပ်ထားသော အလုံးတလုံးကို အပူပိုင်းဒေသ၏ လေထု အတွင်း သို့ ကန်တင်လိုက်သည်။ ထိုနှစ်က ၁၈၇၈ ခုနှစ်ဖြစ်သည်။ ထိုဆရာ၏ အမည်က ဂျိမ်း ဂျော့စကော့ (J. George Scott) ဖြစ်ပြီး စကော့တလန်နိုင်ငံ Fife မှ တရားဟောဆရာ တဦး၏ သားဖြစ်သည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံသို့ ဘောလုံးအားကစားကို သူ ယူဆောင်လာခဲ့သည်။ သို့သော် ယခုအခါ တမျိုးသားလုံး အရူးအမူး စွဲလန်းသည့် အားကစားနည်းကို စတင်မိတ်ဆက်ပေးလိုက်သူသည် ဂျိမ်း ဂျော့စကော့ ဖြစ်ကြောင်း သိရှိသူ မြန်မာနိုင်ငံတွင် အလွန်နည်းပါလိမ့်မည်။
ဘာသာစကားများကို လေ့လာရာတွင ်ပါရမီထူးချွန်သော ဂျိမ်း ဂျော့စကော့သည် သူ၏ ဝန်ထမ်းဘဝ၌ ကိုလိုနီနယ်များတွင် အုပ်ချုပ်ရေးမှူးအဖြစ် အများဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူက လူကောင်သေးသော်လည်း စိတ်ဓာတ် မာကျောပြီး အကြောက်အရွံ့ကင်းသည်။ ထိုစဉ်က ဦးခေါင်းဖြတ်သူများ၏ သိကြသည့် ‘ဝ’လူရိုင်းများနှင့် တွေ့ရန်အတွက် တောင်တန်းများပေါ်သို့ တက်ခဲ့သည်။ ထိုစဉ်က နယ်နိမိတ် မရေးဆွဲရသေးသည့် တရုတ်-မြန်မာနယ်စပ်သို့ ခရီးသွားရင်း လူသားစား စပါးကြီးမြွေကြီးများနှင့် ရဲဝံ့စွာ ရင်ဆိုင်ခဲ့သည်။“ပျော့ပြီး ချော်ထွက်နေတဲ့ တစုံတရာပေါ်မှာ လျှောက်ခဲ့ရတယ်။ မီးခြစ် ခြစ်ကြည့်လိုက်တော့ တရုတ်တယောက် အလောင်းကိုတွေ့ရတယ်” ဟု သူ၏ တောတွင်း နေ့စဉ်မှတ်တမ်းတွင် ဂျိမ်း ဂျော့စကော့က ရေးသားခဲ့သည်။
ဂျိမ်း ဂျော့စကော့အတွက် ဘောလုံးအားကစားက ဝါသနာတခုသာမဟုတ် ဗြိတိန် အင်ပါယာတည်ဆောက်ရေး အတွက် အသုံးဝင်သည့် ကိရိယာတခုဖြစ်သည်။ သန့်ရှင်းစွာ ကစားခြင်းနှင့် အာဏာပိုင်များကို လေးစားတတ်ရန် အတွေးအခေါ်များ ဖြန့်ဖြူးပေးသည့် နည်းလမ်းတခုလည်း ဖြစ်ပါသည်။ အလွန်အကျွံ စိတ်ဝင်စားခြင်းနှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များကြောင့် ၀ လူမျိုးများအား ဘောလုံးကစားနည်းသင်ကြားပေးခြင်းကို ရပ်တန့်ခဲ့သော်လည်း လူမျိုးစု ခေါင်းဆောင်များ ၏ နောက်လိုက်နောက်ပါများ အတွင်းတွင် ဘောလုံးပွဲများ စီစဉ်ပေးခဲ့သည်။ မြန်မာများနှင့် လည်း ပြင်းထန်သည့် ပြိုင်ပွဲ များ ယှဉ်ပြိုင်ခဲ့သည်။ ဘောလုံးသည် တိုက်ပွဲနှင့် တူသည့်အတွက် မြန်မာများက နှစ်ချိုက်ကြသည်ဟု ဂျိမ်း ဂျော့စကော့က မှတ်ချက်ပြုခဲ့သည်။
အမှန်တကယ်အားဖြင့် ကိုလိုနီခေတ် မြန်မာနိုင်ငံ၌ အဆင့်မီ ဘောလုံးကွင်းများ မရှိခဲ့ပါ။ သစ်၊ ကျောက်မျက်ရတနာ နှင့် တွင်းထွက်များက ဗြိတိန်နိုင်ငံ၏ ဘဏ္ဍာတိုက်ကို ဖြည့်ပေးခဲ့သော်လည်း မြန်မာအများစု၏ ဘဝမှာ နိမ့်ကျပါသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ရွှေခေတ်ဟု ခေါ်နိုင်သည့် ကာလ တခု ရရှိခဲ့သည်။ အမျိုးသားလက်ရွေးစင် အသင်းက အာရှ၏ အကောင်းဆုံးအသင်းများထဲတွင် စာရင်းဝင်ခဲ့သလို ယဉ်ကျေးမှုနှင့် သယံဇာတ အရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံအတွက် စီးပွားရေး အလားအလာများလည်း ကျယ်ပြန့်စွာ ရှိခဲ့သည်။
သို့ သော်လည်း ၁၉၆၂ ခုနှစ်စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးမှု၊ အထီး ကျန်မှုနှင့် ကြောက်ရွံ့မှုများထဲသို့ ကျရောက်သွားခဲ့ရသည်။ သံသယကြီးပြီး နိုင်ငံခြားသားများကို ကြောက်လန့်သည့် စစ်အစိုးရများက နိုင်ငံခြားသားများကို နှင်ထုတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းယူခြင်းများ ပြုလုပ်ခဲ့ပြီး တိုင်းပြည်၏ ပြဿနာများကို ကိုလိုနီစနစ်၏ အမွေများအဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်း တွင် ရာနှင့်ချီသော ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်တပ်က ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခဲ့ပြီး အတိုက်အခံများကို ဖမ်းဆီး ထောင်ချခြင်း သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ အတိုက်အခံခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း နေအိမ်အကျယ်ချုပ်ချထားခဲ့သည်။ ဘောလုံး အားကစားသည်လည်း ထိခိုက် ကျဆင်းခဲ့ရသည်။ အားကစားကွင်းများ၊ ကျောင်းများ၊ တက္ကသိုလ်များနှင့် ဆေးရုံများကိုလည်း ဥပေက္ခာပြုထားခဲ့သည်။
ယနေ့ဆိုလျှင် လူဦးရေ သန်း ၅၀ မျှရှိသော မြန်မာနိုင်ငံ၏ ဘောလုံးလက်ရွေးစင် အသင်းအတွက် အရှုံးဆိုသည်က မထူးဆန်းတော့သလို ဖြစ်နေသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းအားကစားကို ထိခိုက်ပျက်စီးစေခဲ့သော အာဏာရှင်များသည် ပြည်သူတို့၏ ဘောလုံးအားကစားအပေါ် စိတ်ပါဝင်စားမှုကိုတော့ ရပ်တန့်နိုင်ခဲ့ခြင်း မရှိပါ။ အားနည်းနေသည့် စီးပွားရေး အတွင်းတွင် First Eleven ကဲ့သို့သော ဘောလုံးဂျာနယ်များ ဖွံ့ဖြိုးအောင်မြင်လာခဲ့သည်။ လတ်တလော ကျင်းပနေသော အသက် ၂၀ အောက် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များတွင် ရှုံးနိမ့်ပြီး ထွက်ခဲ့ရသော်လည်း မြန်မာအသင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့်ရခဲ့သည်။
စင်္ကာပူတွင် ကျင်းပကျင်းပနေသော ဆီးဂိမ်းပြိုင်ပွဲတွင် ခြေစွမ်းတက်နေသော မြန်မာလက်ရွေးစင်အသင်းကို စောင့်ကြည့် အားပေးနေကြသည်။ လျှပ်စစ်ဓာတ်အားကို ခွဲတမ်းနှင့် သုံးစွဲနေရသော်လည်း မြန်မာနိုင်ငံတွင် အရေးကြီးသော ပွဲစဉ်များ တိုက်ရိုက် ထုတ်လွှင့်သည့် အချိန်၌ လျှပ်စစ်မီး ရရှိမည်ဖြစ်သည်။ ကာလရှည်ကြာစွာ ထိခိုက်နစ်နာခဲ့ရသည့် မြန်မာပြည် သူများအတွက် ယခုကဲ့သို့ ရိုးရှင်းသည့် ပျော်ရွှင်မှုကလေးကို မြန်မာစစ်ဗိုလ်ချုပ်ကြီးများပင်လျှင် နားလည်ထားကြသည့် အသွင်ရှိသည်။
ဂျိမ်း ဂျော့စကော့ကိုတော့ တောဆောင်းဦးထုပ်များ၊ အမဲလိုက်ပွဲများနှင့်အတူ ကြာမြင့်စွာမေ့လျော့ထားခဲ့ကြသည်။ သို့ သော်လည်း ဝိတိုရိယခေတ်က သူစတင်မိတ်ဆက်ပေးခဲ့သော အားကစားနည်းကတော့ မြန်မာပြည်သူတွေကို ကျယ်ပြန့် သော ကမ္ဘာနှင့် ဆက်သွယ်ပေးနိုင်ဆဲဖြစ်ပါသည်။
(၂၀၀၆ ခုနှစ် ဇွန်လ ၄ ရက် TIME မဂ္ဂဇင်းတွင် Andrew Marshall ရေးသားခဲ့သော Fair Play in Burma ကို ဆီလျော်အောင် ဖြည့်စွက်ဘာသာပြန်ဆိုပါသည်)