ပျားပန်းခပ်မျှ စည်ကားနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေး ပင်မ အဆောက်အအုံရဲ့ အရှေ့ဘက်ခြမ်း ပထမထပ်ရှိ ရိုးရာမေ တိုင်းရင်းသား အဝတ်အထည်နဲ့ အသုံးအဆောင်များ အရောင်းပြခန်းလေးထဲမှာ ချင်းအမျိုးသမီးကြီး ဒေါ်ခွန်းရွှေက လာရောက် ကြည့်ရှုသူ ဧည့်သည်တွေကို ရွှင်လန်းတဲ့ မျက်နှာနဲ့ မမောနိုင် မပန်းနိုင် ရှင်းပြပြောဆို နေပါတယ်။
ပြခန်းထဲမှာတော့ ချင်းနဲ့ နာဂ အဝတ်အထည်များ၊ တဘက်များ၊ ခြုံလွှာများ၊ လည်ဆွဲပုတီးများကို တွေ့ရပါတယ်။ ချင်းအမျိုးသား အသုံးအဆောင် ပစ္စည်းတွေ အပြင် ချင်းအထည်စနဲ့ ပြုလုပ်ထားတဲ့ ခေတ်မီ အသုံးအဆောင်များ လည်း တွေ့ရပါတယ်။ အဲဒီအထဲမှာ ခေါင်းအုံးငယ်များ၊ အမျိုးသား အမျိုးသမီးသုံး ရောင်စုံ ပိုက်ဆံအိတ်ကလေးများ၊ စားပွဲ အလှခင်း အထည်လေး များလည်း ပါဝင်ပါတယ်။ ဒါကြောင့် ချင်းရိုးရာ အဝတ်အထည်များကို ခေတ်သစ် အသုံးအဆောင်များ အဖြစ် ဖန်တီးယူဖို့ ပေါင်းကူးပေးထားတယ်လို့ ဆိုနိုင်ပါတယ်။
ဒီ လုပ်ငန်းကို ၁၉၉၃ ခုနှစ် လောက်က စတင်ခဲ့တာဖြစ်ပြီး မြန်မာရော၊ ကမ္ဘာကပါ သတိပြုမိစေတာကတော့ ၁၉၉၆ မြန်မာ့ခရီးသွားနှစ် အကောင်အထည်ဖော်တဲ့ အခါကျမှ ဖြစ်တယ်လို့ ဒေါ်ခွန်းရွှေရဲ့ ခင်ပွန်း ဦးကျင်လန်မန်းက ပြောပြတယ်။
“စတုန်းကတော့ နတ်စိမ်းဂမုန်း အရောင်းအဝယ်နဲ့ စခဲ့တယ်၊ နောက်ပိုင်းမှာ ရိုးရာအထည်တွေ အသုံးအဆောင် ပစ္စည်းတွေ ပါလာတာပါ။ အလှည့်အပြောင်းသဖွယ် ဖြစ်သွားတာက ၁၉၉၆ မြန်မာ့ ခရီးသွားနှစ် မှာပါ။ တိုင်းရင်းသား တွေရဲ့ ရိုးရာအသုံးအဆောင်နဲ့ အဝတ်အထည်တွေ ပြသရောင်းချဖို့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ၁ လကြာ ပြသခဲ့တာက စပြီး မြန်မာရော ကမ္ဘာကပါ စိတ်ဝင်စားလာတာလို့ ဆိုနိုင် ပါတယ်။ အဲဒီနောက် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ ချင်းနဲ့ နာဂရိုးရာ အသုံးအဆောင်၊ အဝတ်အထည်တွေပဲ ဆက်လုပ် ဖြစ်တာပါ” လို့ အသက် ၅၆ နှစ် အရွယ် ဦးကျင်လန်မန်းက ရှင်းပြပါတယ်။
ရိုးရာမေ အရောင်းပြခန်း အတွက် ချင်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်း ဒေသက ချင်းတိုင်းသား အမျိးသမီး ၁၀၀ လောက်က ရက်လုပ်ပေးတာ ဖြစ်ပြီး၊ သမဝါယမ အသွင်ဆောင်တဲ့ စီးပွားရေး ဖော်ဆောင်မှု နည်းလမ်းနဲ့ စုပေါင်းလုပ်ကိုင်တာလို့လည်း ဦးကျင်လန်မန်းက ပြောပါတယ်။
“အဓိကကတော့ ဈေးကွက်ရလာပြီ ဆိုရင် အဲဒီ ဈေးကွက်ရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ဖို့ စီစဉ်တာပါပဲ။ ပြီးတော့ ကိုယ့်ဆီမှာ ထုတ်လုပ်တဲ့ ပစ္စည်းရဲ့ အရည်အသွေးနဲ့ တန်ဖိုးကိုလည်း ဝယ်ယူသူတွေ သိမြင်အောင် ပြောပြရှင်းပြရ ပါတယ်။ တခါတလေ ဝယ်ယူသူတွေက သူတို့ လိုလားတဲ့ အရွယ်အစားနဲ့ အရောင်ကို ပြောရင်လည်း ထုတ်လုပ် ပေးနိုင်အောင် စီစဉ်ပေးပါတယ်။ အခက်အခဲ တချို့တော့ ရှိတာပေါ့” လို့ သူက ဆိုပါတယ်။
၂၀၀၃ နဲ့ ၂၀၀၄ ခုနှစ်တွေက မက္ကဆီကိုနိုင်ငံ စင်တာဖဲမြို့မှာ International Folk Art Market ကို သွားရောက် ပြသ ခဲ့ပြီး သူတို့ရဲ့ ပစ္စည်းတွေကို ပြည်ပဈေးကွက်နဲ့ မိတ်ဆက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် နယူးယောက်မှာ ပြုလုပ်တဲ့ International Gift Fair မှာလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
“သူတို့ကို ကျမတို့ရဲ့ ချင်းနဲ့ နာဂ အသုံးအဆောင် အဝတ်အထည်တွေနဲ့ နိုင်ငံတကာကို မိတ်ဆက်ပေးနိုင်ခဲ့ပေမယ့် ဝယ်ယူ သုံးစွဲ သူကတော့ နည်းနေသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ လိုလားတဲ့ အရွယ်အစားနဲ့ အရောင်ကို ကျတော့ အပြည့်အဝ လုပ်မပေးနိုင်ဘူးလေ” လို့ ဒေါ်ခွန်းရွှေက ရှင်းပြပါတယ်။
အခုနောက်ပိုင်းမှာတော့ နိုင်ငံတကာက နှစ်သက်တဲ့ အရွယ်အစား၊ မှာယူတဲ့ အရောင်တွေ ဖန်တီးချုပ်လုပ်နိုင်ဖို့ ဒေသခံ အထည် ရက်လုပ်သူတွေနဲ့ ညှိနှိုင်း လုပ်ကိုင်လျက် ရှိပြီး၊ ရိုးရာ အဝတ်အထည်များနဲ့ နိုင်ငံတကာ ဈေးကွက်ထဲ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းနေပါပြီ။
ချင်းနဲ့ နာဂ တိုင်းရင်းသားတွေရဲ့ ရိုးရာ အဝတ်အထည်နဲ့ အသုံးအဆောင်တွေကို ကမ္ဘာက သိမြင်စေနိုင်ခဲ့ သလို၊ မျိုးဆက်သစ် တိုင်းရင်းသား အထည်ရက်လုပ်သူ အမျိုးသမီးတွေ ကိုလည်း အဝတ်အထည် ရက်လုပ်နည်းတွေ လက်ဆင့်ကမ်း ပေးနိုင်ခဲ့တာကြောင့် ဦးကျင်လန်မန်းနဲ့ ဒေါ်ခွန်းရွှေတို့ ဂုဏ်ယူနေကြပါတယ်။
“အားလုံးဟာ ချင်းရိုးရာနဲ့ နာဂ ရိုးရာ အဝတ်အထည် လက်လုပ် အသုံးအဆောင်တွေပါ။ စလုပ်ဖြစ်တုန်းကတော့ မိသားစု လုပ်ငန်းလေး အဖြစ် စတင်ခဲ့တာပေါ့။ နောက်တော့ တဖြည်းဖြည်း ကျယ်ပြန့်အောင် တိုးချဲ့လာခဲ့ရတာပါ။ ဒီလုပ်ငန်းက ကျမတို့ ချင်း အမျိုးသမီးတွေ အတွက် အထေက်အပံ့ တစုံတရာ ပေးနိုင်တဲ့ အပြင် ကိုယ့်တိုင်းရင်းသားရဲ့ လက်မှုအနုပညာကို ဖော်လှစ်ပြနိုင်တာကြောင့် ကျမ ဂုဏ်ယူတယ်” လို့ ဒေါ်ခွန်းရွှေက ပြောပါတယ်။