စစ်အစိုးရလက်ထက်မှာ ထိပ်တန်းဗိုလ်ချုပ်ကြီး တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် ခံခဲ့ရတဲ့ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကောင်မရှင်က ဦးစီးကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်နိုင်ပါ့မလား ဆိုတဲ့ ဝေဖန်သုံးသပ် မေးခွန်းထုတ်မှုတွေက ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ပိုပြီး ကျယ်ကျယ် လောင်လောင် ပေါ်ထွက် လာနေပါတယ်။
နိုင်ငံတော်သမ္မတလည်းဖြစ်၊ ဗိုလ်ချုပ်ကြီး ဟောင်း လည်းဖြစ်တဲ့ ဦးသိန်းစိန်နဲ့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် ၉ အတူတူ တက်ရောက် သင်တန်းဆင်းခဲ့တဲ့ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်က အမှီအခို လုံးဝကင်းတဲ့ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ဖြစ်ရဲ့လား၊ ကော်မရှင်ဥက္ကဋ္ဌ တင် မဟုတ်ဘဲ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ကော်မရှင် ယန္တရားကြီးတခုလုံးက ဘယ်လောက် သမာသမတ် ကျနိုင်မလဲဆိုတဲ့ မေးခွန်းတွေက ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ရွေးကောက်ပွဲ စောင့် ကြည့် လေ့လာရေးအဖွဲ့တွေ စိတ်ဝင်တစား ရှိတဲ့ မေးခွန်းတွေဖြစ်ပါတယ်။
ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က ခန့်အပ်ခဲ့တာဖြစ်ပြီး သူ့ကို စတင် ခန့်အပ်ချိန်ကတည်းက ရွေးကောက်ပွဲကော်မရှင်မှာ စစ်တပ်က ရွှေ့ပြောင်း လာတဲ့ အရာရှိတွေ အတော် များများကို ကော်မရှင်ယန္တရားထဲမှာ ထည့်သွင်း ခဲ့ပါတယ်။ ထင်သာမြင်သာ ပြောင်းရွှေ့မှုတခုကတော့ ၂၀၁၄ ခုနှစ် အတွင်းမှာ စစ်တပ်မှ အငြိမ်းစားယူ လာတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီး စတဲ့ အရာရှိ ၆၀ ကျော် ကို ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တွေအဖြစ် တာဝန်ပေး ခန့်အပ်ခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေအများစုက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို နိုင်ငံရေးပါတီ တခုရဲ့ လွှမ်းမိုးမှု မရှိတဲ့ အများပြည်သူလေးစား ကြည်ညိုတဲ့ ပုဂ္ဂိုလ်ကိုသာ ခန့်အပ်ပေးဖို့ အစဉ် တစိုက် တောင်းဆိုခဲ့ပေမယ့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတက ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပေးပိုင်ခွင့် အာဏာအပြည့် အဝ ရှိတာမို့ ပါတီတွေရဲ့ တောင်းဆိုမှုက မအောင်မြင်ခဲ့ ပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ကော်မရှင် ယန္တရားတခုလုံးရဲ့ ၃ ပုံ ၁ ပုံက စစ်တပ် အငြိမ်းစား အရာရှိ တွေဖြစ်နေပြီး အဲဒီ စစ်အရာရှိတွေက ကော်မရှင်မှာ အဓိကကျတဲ့ မြို့နယ်၊ ခရိုင်၊ တိုင်းဥက္ကဋ္ဌ ရာထူးတွေကို ရယူထား တာဖြစ်ပါတယ်။
“ဦးတင်အေးသည်ပင် အငြိမ်းစား ဗိုလ်ချုပ်ကြီး တဦး ဖြစ်တယ်။ ပြီးတော့ တချိန်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပုဂ္ဂိုလ် တယောက်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးပါတီ တခုနဲ့ ဆက်စပ် ပတ်သက်နေတဲ့ ပုဂ္ဂိုလ် တယောက် ဖြစ်တယ်။ ဒီလို တပ်ကလာတဲ့ အငြိမ်းစားတွေ၊ တနည်းနည်းနဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပတ်သက်မှု ရှိနေ တဲ့ ကော်မရှင်အဖွဲ့ဝင်တွေ၊ တိုင်းအဆင့်၊ ခရိုင် အဆင့်တွေမှာ ရှိနေခြင်းကို ကျနော်တို့က သံသယ ရှိတယ်”လို့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးအေးသာအောင်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရ မယ်လို့ မကြာခဏဆိုသလို ပြောဆိုထားပေမယ့် သူရဲ့ ပြောဆိုချက်တွေကို နိုင်ငံရေးပါတီတွေနဲ့ ရွေး ကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက သံသယ နဲ့ စောင့်ကြည့်နေဆဲဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်များကိုလေ့လာခြင်း
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံ မှာ ၂၆ နှစ်ကျော်ကြာအောင် ဒီမိုကရေစီ ဆိတ်သုဉ်းပြီး အာဏာရှင်စနစ် အောင်ပွဲခံခဲ့တာမို့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကော်မရှင်တွေရဲ့ အခန်းကဏ္ဍ မှေးမှိန်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီအရေး တော်ပုံကြီးပေါ်ပေါက် လာချိန်မှာတော့ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ ရွေးကောက်ပွဲ ကြီးကျင်းပမယ့် အဖွဲ့ဝင် ၅ ဦးပါတဲ့ ကော်မရှင်တရပ် ပေါ်ပေါက်လာခဲ့ပါတယ်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) လွှတ်တော်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့မှာ အဖွဲ့ဝင် ၅ ဦး ပါ ရွေးကောက်ပွဲ ကော်မရှင်တရပ်ဖွဲ့စည်းပေးခဲ့ပြီး ဦးဘဌေး၊ ဦးစန်း မောင်၊ ဦးကျော်ညွန့်၊ ဦးစောကြာဒိုး၊ ဆရာချယ် တို့ပါဝင်ပါတယ်။ အဲဒီနောက် ဦးဘဌေးကို ကော်မ ရှင် ဥက္ကဋ္ဌ အဖြစ် အဖွဲ့ဝင်တွေက တင်မြှောက်ခဲ့ကြပြီး ဥက္ကဋ္ဌ ဦးဘဌေးဟာဆိုရင် နိုင်ငံရေးပါတီအဖွဲ့ဝင် မဟုတ်တဲ့ အငြိမ်းစား ပြည်သူ့ဝန်ထမ်းအရာရှိ ဟောင်းကြီးတဦး ဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ဝင် တွေမှာလည်း မဆလ လွှတ်တော်အမတ် ဆရာချယ် တဦးကလွဲရင် ကျန်သူတွေဟာ မဆလအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့နဲ့ ကင်းလွတ်သူတွေလည်း ဖြစ်ပါ တယ်။
ကော်မရှင်အဖွဲ့ဝင် ဦးစောကြာဒိုးဟာ ကရင် တိုင်းရင်းသားဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းဦးနုနှင့် အတူ ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရကို လက်နက် ကိုင်တော်လှန်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်ပြီး အမှီ အခို ကင်းတဲ့ ကော်မရှင်တရပ်လို့ဆိုနိုင်ပြီး ကော်မရှင် နဲ့ပတ်သက်လို့ မေးခွန်းထုတ်မှု အတော်ကို နည်းပါး ခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက အသိ အမှတ်ပြုပြီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
၁၀ စုနှစ်တခုကျော်အကြာ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲတခုကျင်းပဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက ရွေးကောက်ပွဲ ကော် မရှင်တရပ် ဖွဲ့စည်းပေးခဲ့ပြီး အဲဒီကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် စစ်ဥပဒေချုပ် အဖြစ် တာဝန်ထမ်း ဆောင်နေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးကို တာဝန် ပေးအပ်ခဲ့ပါတယ်။ ကော်မရှင်အဖွဲ့ဝင် တွေအဖြစ် ခန့်အပ်ခံရသူတွေကလည်း စစ်အစိုးရ စိတ်ကြိုက် ရွေးချယ်ထားသူတွေဖြစ်လို့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင် အဖြစ် မရပ်တည်နိုင်ခဲ့ဘဲ စစ်အစိုးရ အလိုကျ လုပ်ဆောင် ခဲ့ရပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ မဲခိုးမှုတွေ၊ မဲမသာမှု တွေ တောက်လျောက်ပေါ်ပေါက်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေး ပါတီက မဲအများစု မသမာ တဲ့နည်းလမ်းနဲ့ အနိုင်ရခဲ့တာမို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲ အဖြစ် နိုင်ငံတကာ အလယ်မှာ ရပ်တည်နိုင်ခဲ့ခြင်းမရှိပါဘူး။
၂၀၁၁ ခုနှစ်မှာတော့ ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်တရပ် ပေါ်ထွန်းလာပြီး ၂၀၁၂ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။ ကြားဖြတ်မဲ ဆန္ဒနယ် ၄၅ ခု အတွက်ကျင်းပတဲ့ ကြားဖြတ် ရွေး ကောက်ပွဲမှာ မဲဆန္ဒနယ် ၄၃ ခု NLD က အနိုင်ရရှိ ခဲ့တာမို့ တရားမျှတတဲ့ ရွေးကောက်ပွဲတခုအဖြစ် အသိအမှတ်ပြုမှု ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကြားဖြတ် ရွေးကောက်ပွဲက NLD အတွက် အရေးကြီးပေမယ့် လွှတ်တော်ကို ကြီးစိုးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင် ရေးနဲ့ဖွံ့ဖြိုးရေးပါတီအတွက် သိပ်ပြီး အရေးမပါဘဲ နိုင်ငံရေးအားစမ်းမှုတခုအဖြစ် စမ်းသပ်တဲ့ ရွေးကောက် ပွဲတခုဖြစ်လို့ လွတ်လပ်ပြီး တရားမျှတတာ ဖြစ်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။
ဦးတင်အေးဦးစီးတဲ့ ရွေးကောက်ပွဲ ကော်မရှင်
တရားဝင်ရဲ့လား
စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြဋ္ဌာန်းပြီး ဦးသိန်းစိုး ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်တဲ့ ရွေး ကောက် ပွဲ ကော်မရှင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာတဲ့ သမ္မတဦးသိန်းစိန် အစိုးရ စတင် အာဏာရယူလာချိန် ၂၀၁၁ ခုနှစ်မှာပဲ မူလ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး ဦးတင်အေး ဥက္ကဋ္ဌအဖြစ် ရွေးကောက် ပွဲကော်မရှင်တရပ် ထပ်မံ ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေ မယ့် ဦးတင်အေးဦးစီးတဲ့ ရွေးကောက်ပွဲကော်မရှင် ကို ၂၀၁၀ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီဥပဒေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင် ဥပဒေကို လွှတ်တော်က ပယ်ဖျက်လိုက်ပြီး ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ပါတယ်။ ဒါပေမယ့် ဥပဒေဟောင်းနဲ့ ဖွဲ့စည်းထားတဲ့ ဦးတင်အေး ဦးစီးတဲ့ ရွေးကောက်ပွဲ ကော်မရှင် မဖျက်သေးဘဲ ဒီအတိုင်းပဲ ဆက်ထား တာက ဥပဒေကို ဆန့်ကျင်ရာရောက်တယ်လို့ ဥပဒေပညာရှင်တွေက ဝေဖန်ပြောဆိုပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီက “ ရွေး ကောက်ပွဲ ကော်မရှင်ဥပဒေသစ်ပေါ်လာရင် လက်ရှိ ကော်မရှင်ကို ထားလို့မရဘူး။ ဖျက်ပြီး အသစ်ပြန်ဖွဲ့ ရမယ်။ ဘာကြောင့်လဲဆိုတော့ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၂ ရွေး ကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၅ မှာ ကော်မရှင်ကို ဘယ်လိုလူမျိုးတွေနဲ့ ဖွဲ့ရမယ် ဆိုတာ တိတိကျကျ ပြဋ္ဌာန်းထားတယ်”လို့ ဆိုပါ တယ်။
ဦးတင်အေး ဦးစီးတဲ့ ရွေးကောက်ပွဲကော်မရှင်က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီတဲ့အပြင် တည်ဆဲ ဥပဒေ ဖြစ်တဲ့ ၂၀၁၂ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် ဥပဒေနဲ့လည်း မညီတဲ့အတွက် ဥပဒေနဲ့ညီတဲ့ ကော်မရှင်ပြန်ဖွဲ့ပေးဖို့ လိုအပ်တယ် လို့ တရားလွှတ်တော်ရှေ့နေဦးကိုနီက ဆက်လက် ပြောဆိုပါ တယ်။ ရွေးကောက်ပွဲ ကော်မရှင်အသစ် ပြန်လည် မဖွဲ့စည်းဖူးဆိုရင်တော့ ၂၀၁၅ ရွေးကောက် ပွဲက တရားမျှတ ပြီး လွတ်လပ်ဖို့ လမ်းမမြင်ဘူးလို့ သူက ဆိုပါတယ်။
“တရားမျှတပြီး လွတ်လပ်အောင် လုပ်ပေးဖို့ မဖြစ်နိုင်ဘူး။ ဖွဲ့ထားတဲ့လူကို ကြည့်ရင် ထိပ်တင် မဟုတ်ဘူး၊ အောက်ခြေမှာလည်း စစ်အရာရှိဟောင်း တွေ နည်းနည်းနောနော မဟုတ်ဘူး။ ပြည်ခိုင်ဖြိုး ပါတီ (ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ) ဆိုတာ စစ်တပ်က ထောင်ထားတဲ့ ပါတီ။ ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်တွေ အားလုံးဟာလည်း စစ်သား တွေချည်းပဲ။ အဲဒီတော့ အချင်းချင်းကတော့ အနည်းနဲ့အများ ဖေးမမှာပဲ။ ဥပဒေကြောင်းအရ ပြောရရင် ဦးတင်အေးဟာ လုံးဝ တရားဝင် ဥက္ကဋ္ဌ မဟုတ်ဘူး။ သူ့အဖွဲ့တဖွဲ့လုံးကို တရားဝင်တဲ့ အဖွဲ့လို့ ပြောဖို့ အတော်ခဲယဉ်းတယ်။ ဥပဒေဟောင်းကို ဖျက်ပြီး အသစ်ပြန်ပြဋ္ဌာန်းရင် အဲဒီအသစ်နဲ့ညီတဲ့ ကော်မရှင်တရပ်ကို ဖွဲ့ပေးဖို့ဟာ သမ္မတတာဝန်ပဲ။ ပြဋ္ဌာန်း ထားတဲ့ ဥပဒေနဲ့အညီ ဖြစ်အောင်လုပ်ပါလို့ အဓိက ပြောချင်တာ။ အဲဒီလောက် ဥပဒေနဲ့မညီတာ သိသိကြီးနဲ့တောင် ဆက်ပြီး တော့ ထားတယ်ဆိုတော့ တရားမျှတမလားဆိုတာ ဖြေစရာတောင် မလိုတော့ ဘူး”လို့ ဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ အလားအလာ
မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲနဲ့ ပြုပြင် ပြောင်းလဲရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲက အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍတခုအဖြစ် ရပ်တည်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း ကလည်း ၂၀၁၅ ရွေးကောက်ပွဲ အလားအလာ ပေါ်မှာမူတည်ပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံရေး ၊ စီပွား ရေး ပူးပေါင်းဆောင်ရွက်ရေး ဆုံးဖြတ်ဖို့ စောင့်ကြည့် နေကြပါတယ်။
ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းနဲ့ တိုင်းရင်း သားတွေဘက်ကလည်း ၂၀၁၅ ရွေးကောက်ပွဲရဲ့ ပေါ်ထွက်လာတဲ့ ရလဒ်ပေါ်မူတည်ပြီး ငြိမ်းချမ်း ရေး ၊ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံအနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ရှိနေပါ တယ်။
၂၀၁၅ ရွေးကောက်ပွဲ တရားမျှတလွတ်လပ်လို့ အတိုက်အခံနိုင်ငံရေးသမားတွေ အနိုင်ရသည့်တိုင် အာဏာလွှဲပေးပါ့မလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ တိုင်းရင်းသားတွေဆီမှာ ရှိနေပါတယ်။
“ဒါ သက်သက် ပြောနေတာမဟုတ်ဘူး။ ၉၀ တုန်းက ကျနော်တို့ အတွေ့အကြုံ ရှိတယ်။ ၉၀ တုန်းက သူတို့ မျှော်မှန်းထားတဲ့ တစညပါတီ နိုင် မယ်လို့ ထင်ခဲ့တယ်။ ခွက်ခွက်လန်အောင် ရှုံးပြီး ၁၀ နေရာလောက်ရတော့ အာဏာ လွှဲပြောင်းဖို့ သဘောထား မရှိတော့ဘူး” လို့ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲတုန်းကလို မဲလိမ်၊ မဲခိုးမှုတွေ ဖြစ်လာရင် ရွေးကောက်ပွဲမှာ မသမာတဲ့ နည်းလမ်းအမျိုးမျိုး သုံးလာရင် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သမာသမတ်ကျကျ ဘယ်လို အရေးယူ ဆောင်ရွက်မလဲ၊ တကယ်ပဲ ရွေးကောက် ပွဲကော်မရှင်က မျှမျှတတ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ပြည်သူ့ဆန္ဒကို အလေးထား ပါ့မလား ဆိုတဲ့ မေးခွန်းတွေကတော့ ရွေးကောက်ပွဲ နီးလာ လေလေ ပိုကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာ လေလေ ဖြစ်နေပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံ ရေးပါတီဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင် ချိုကတော့ “လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲကို ဥပဒေနဲ့အညီပဲ ဆောင်ရွက်လို့ရပါ တယ်။ သတ်မှတ်ထားတဲ့ ဥပဒေကို ကျနော်တို့က လေးစားသလို၊ သက်ဆိုင်ရာ ပါတီတွေကလည်း လေးစားသလို၊ ဆန္ဒမဲပေးမယ့် ပြည်သူတွေကိုယ်တိုင် လည်း ဥပဒေတွေကို နားလည် သိရှိဖို့ လိုပါတယ်။ Free and Fair ဖြစ်တယ် မဖြစ်ဘူးဆိုတာကရွေး ကောက်ပွဲလုပ်တဲ့ အချိန်မှသိမှာ။ အခု ကျနော်လည်း မပြောနိုင်သေးဘူး။ ဒါပေမယ့် ကျနော်တို့ ရွေး ကောက်ပွဲ ကော်မရှင်အနေနဲ့က ဘယ်သူ့ဘက်မှ မလိုက်ပါဘူး။ ဥပဒေအတိုင်း ဆောင်ရွက် သွားပါ မှာပါ” လို့ ဆိုပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်က ၂၀၁၅ ရွေးကောက် ပွဲရလဒ်ပေါ်မှာမူတည် နေပေမယ့် တကယ်တန်း နိုင်ငံ့ ခေါင်းဆောင် နေရာရယူနေတဲ့ စစ်ဗိုလ်ချုပ် ဟောင်းတွေသာ စေတနာအစစ်အမှန်နဲ့ တိုင်းပြည် အတွက် ပြောင်းလဲမယ်ဆိုရင် ၂၀၁၅ ရွေးကောက် ပွဲကို မျှော်နေစရာမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးညိုထွန်းက ပြောပါတယ်။
“တကယ်တော့ တိုင်းပြည်တခုမှာ တပ်မတော် ကဝင်ပြီးလွှမ်းမိုးတာ လုံးဝမသင့်ဘူး။ တပ်မတော်က တပ်မတော်နေရာမှာပဲ ရှိသင့်တယ်။ တိုင်းပြည်ရဲ့ အာဏာကိစ္စတွေ၊ ရွေးကောက်ပွဲကိစ္စတွေမှာ မပါ ရင်တော့ ပိုကောင်းတာပေါ့။ လာမယ့် ရွေးကောက်ပွဲ ကို ဘယ်လောက်ထိ လွတ်လပ်တရားမျှတတဲ့ ရွေး ကောက်ပွဲ ဖြစ်အောင်လုပ်ပေးနိုင်မလဲ ဆိုတာတော့ သူတို့ ပေါ်မှာပဲမူတည်တယ်။ တကယ်တိုင်းပြည်ကို ချစ်တယ်၊ တကယ်ဒီမိုကရေစီ Mindest တွေ ပြောင်းသွားပြီဆိုရင် ထောက်ခံရမှာပဲ။ ဘယ်လောက် ထိ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာကတော့ ခန့်မှန်းရခက်ပါတယ်။ စောင့်ကြည့် ရမှာပါပဲ” လို့ ဦးညိုထွန်းက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်း ကတော့ ၂၀၁၅ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတဖို့ လမ်းမမြင်ဘဲ အဓိကအားဖြင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးရဲ့ အခန်းကဏ္ဍကြောင့် ရွေးကောက်ပွဲ တရားမျှတမှု မရှိနိုင်ဘူးလို့ သုံးသပ်တာဖြစ်ကြောင်း ပြောဆိုပါ တယ်။
“ကော်မရှင်တခုလုံးကိုခြုံကြည့်ရင် တပ်မတော် အရာရှိဟောင်းတွေ ဖြစ်နေတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တခုတည်း မဟုတ်ဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် မှာလည်း အစိုးရ အရာရှိဟောင်းတွေပဲ။ အဲလို အနေအထားတွေအောက်မှာ လုပ်ရမယ့် ရွေး ကောက်ပွဲ။ ဦးတင်အေးလိုလူမျိုး ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတနိုင်ခြေ နည်းတယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။