မန္တလေး အမရပူရ တောင်သမန် အင်းစောင်းမှာ အမှတ်တရသစ်ပင်၊ အမှတ်တရ ကျောက်တုံး တွေထားဖို့ စိတ်ကူး စတာက သမိုင်း ပါမောက္ခ ဆရာကြီး ဒေါက်တာ သန်းထွန်းပဲ ဖြစ်ပါတယ်။
ဆရာကြီးက ဂျပန်နိုင်ငံက တက္ကသိုလ်တစ်ခုမှာ ဧည့်ပါမောက္ခအဖြစ် သွားရောက်တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ သူတို့ဆီက အထင်ကရ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့အမည်တွေကို တက္ကသိုလ်တွေထဲမှာ အမှတ်တရ ကျောက်တုံးတွေ လုပ်၊ အမှတ်တရ သစ်ပင်တွေစိုက်ပြီး ဂုဏ်ပြုထားတာကို တွေ့မြင်ခဲ့ပါတယ်။ အဲ့ဒီလိုမြင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံလည်းလုပ်ဖို့ စိတ်အား ထက်သန်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့်ဆရာကြီးကပဲ ဦးဆောင်ပြီး ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်တွေမှာ လူထုဦးလှနဲ့ ဆရာတော် ရွှေကိုင်းသား တို့အတွက် အမှတ်တရ ကျောက်တုံး၊ သစ်ပင်တွေကို စတင်ပြုလုပ်တယ်။ လုပ်ပြီးပြီးချင်းမှာ ကျောက်တုံးတွေကို မန္တလေးမြို့က သာသနာ့တက္ကသိုလ် ထဲမှာ ထားဖို့ရည်ရွယ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မြတောင်ပရိယတ္တိ စာသင်ကျောင်းထဲမှာသာ ထားရှိခဲ့ရပါတယ်။ ဒီနေ့အချိန် ထိ လည်း မြတောင် ကျောင်းတိုက်ထဲမှာ အဲ့ဒီအမှတ်တရ ကျောက်တုံး နှစ်ခုနဲ့ သစ်ပင်နှစ်ပင်ကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။
အခုအချိန်မှာ မြတောင် ကျောင်းတိုက်ထဲကိုသွားပြီး ကြည့်ရင် ကျောက်တုံးတွေရော သစ်ပင်တွေကိုပါ မြင်ရမှာပါ။ လူထုဦးလှ အတွက် အမှတ်တရ ကျောက်တုံးပေါ်မှာတော့ ကမ္ဘာကျော် အီတလီ ပန်းချီ ပန်းပုဆရာ မိုက်ကယ်အိန်ဂျလို ရဲ့အတွေးစာသားလေးကို ဆရာကြီး ဒေါက်တာ သန်းထွန်းက ကိုးကားထားတဲ့ စာသားလေးနှစ်ကြောင်းနဲ့ ကျောက်ထက်အက္ခရာ တင်ထားတယ်။
“ကျောက်တုံးထဲမှာ အရုပ်ကရှိပြီးသား
ကျုပ်က မလိုတာတွေခွာချပြီး အရုပ်ကို
လုပ်ရုံပဲ” မိုက်ကယ်အိန်ဂျလို
“သည်လိုပဲ ဦးလှက လူငယ်တွေကို
ထင်ပေါ်အောင်ပွဲထုတ်ပေးခဲ့တယ်”
ဒေါက်တာ သန်းထွန်း
ဆိုတဲ့ စာသားတွေ ရေးထားတယ်။ ဒါပေမယ့် ကျောက်တုံးဟာ နှစ်ကာလကြာရှည်မှုရဲ့သင်္ကေတအဖြစ် ရေညှိတွေနဲ့ မည်းနေပြီး ကျောက်တုံးပေါ်က စာတွေကို သေချာအားစိုက် ဖတ်ကြည့်မှပဲ မြင်ရတော့တယ်။ အမှတ်တရ မယ်ဇယ်ပင်ကတော့ ကြီးထွားရှင်သန် ကာ အခုချိန်ထိ နုပျိုနေဆဲပါပဲ။
လူထုဦးလှရဲ့ကျောက်တုံးနဲ့ သစ်ပင်တွေနဲ့ နီးနီးလေးမှာပဲ ဆရာတော် ရွှေကိုင်းသားရဲ့အမှတ်တရကျောက်တုံး နဲ့ မဉ္ဇူသကပင် ကို တွေ့ရမယ်။ ဆရာတော် ရွှေကိုင်းသား အတွက် အမှတ်တရကျောက်တုံးပေါ်မှာတော့ “ဗမာ့နိုင်ငံရေး စီးပွားရေး၊ လူမှုရေး ဓလေ့ သမိုင်းဆရာ တွေထဲမှာ ဆရာတော်က ဓလေ့သမိုင်းရေး ပုဂ္ဂိုလ်ကျော်ဖြစ်ပါတယ်”ဆိုပြီး ဆရာကြီး ဒေါက်တာ သန်းထွန်းကပဲ ကျောက် ထက် အက္ခရာ ရေးထိုးထားတာကို တွေ့ရပါတယ်။
အလားတူ အထိမ်းအမှတ် ကျောက်တုံးတွေနဲ့သစ်ပင်တွေကို မြတောင်တိုက်အပြင် တွေ့နိုင်မယ့် အခြား နေရာတခုလည်း ရှိနေပါသေး တယ်။ လူထုဦးလှနဲ့ ဆရာတော် ရွှေကိုင်းသားတို့ကို ဂုဏ်ပြုသလို ဆက်လက်ဂုဏ်ပြုရမယ့်သူတွေ အများကြီးရှိသေးတယ်ဆိုပြီး မန္တလေးမြို့စာပေအသိုင်းအဝိုင်းက အမရပူရ တောင်လေးလုံး ကျောင်းထဲမှာ အမှတ်တရကျောက်တုံးတွေ၊ သစ်ပင်တွေ ဆက် လက် ပြုလုပ်ကြတယ်။
တောင်လေးလုံး ကျောင်းတိုက် ဆိုတာ အမရပူရမြို့ တောင်သမန်အင်းရဲ့အနောက်ဘက်နားက သမိုင်းဝင် ဘုန်းကြီးကျောင်း
ကြီး တကျောင်းပဲ ဖြစ်ပါတယ်။
တောင်လေးလုံး ကျောင်းမှာတော့ အမှတ်တရသစ်ပင်တွေ၊ ကျောက်တုံးတွေတင် မကတော့ပါဘူး။ အမှတ်တရအဖြစ် တည်ဆောက်ထားတဲ့ ကွန်ကရစ်နှစ်ယောက်ထိုင်ခုံ အရှည်လေးတွေ၊ အမှတ်တရ ရေချမ်းစင်လေးတွေကိုပါ တစုတစည်းတည်း တွေ့နိုင်ပါတယ်။
တောင်လေးလုံး ကျောင်းရဲ့ဝင်ပေါက်၀ ညာဘက်မှာ စာရေးဆရာ၊ ကဗျာဆရာ လမင်းတရာ မောင်မြတ်မှိုင်း အတွက် အမှတ်တရ ရေချမ်းစင်လေး ပြုလုပ်ထားပြီး ဘယ်ဘက်မှာတော့ ကဗျာဆရာ နီမောင်(အင်းဝ)ရဲ့ ရေချမ်းစင်လေးကို တည်ဆောက်ထားပါတယ်။ မောင်မြတ်မှိုင်း ဟာ လမင်းတရာအငြိမ့်ကို တည်ထောင်ခဲ့သူဖြစ်တယ်။ လမင်းတရာဟာ အငြိမ့်တခေတ်မှာ ထိပ်ဆုံးက နေ ရာရခဲ့တယ်။ ပန်ထွာဧကရီ၊ ဂင်္ဂါမြစ်ဝှမ်းက မေခလာ စတဲ့လူကြိုက်အလွန်များတဲ့ ပြဇာတ်တွေကို စီစဉ်တင်ဆက်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် လမင်းတရာ မောင်မြတ်မှိုင်း အထိမ်းအမှတ် ရေအိုးစင်ကို အငြိမ့်စင်ပုံစံဒီဇိုင်း လုပ်ထားတယ်။
တောင်လေးလုံးကျောင်း ပရဝုဏ်ထဲကို ဝင်ကြည့်ရင်တော့ အမှတ်တရကျောက်စာ၊ ကျောက်တုံးတွေနဲ့ ပြည့်နေတဲ့ “သူဌေး” ဘုရား ရင်ပြင်ကို ထင်ထင်ရှားရှားကြီး တွေ့ရပါလိမ့်မယ်။ စာရေးဆရာကြီး မြသန်းတင့်၊ ကဗျာဆရာကြီး တင်မိုး၊ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ကဗျာဆရာကြီး ကြည်အောင်တို့အတွက် အမှတ်တရကျောက်တုံးတွေကိုလည်း တွေ့မြင်ရပါတယ်။ စကျင် ကျောက် ဖြုဖြူ အတုံးကြီးတွေပေါ်မှာ ကျောက်ထက် အက္ခရာတွေ တင်ထားကြတာပါ။
ကျောက်တုံးတွေထဲမှာ ဆရာဦးဝင်းတင်ရဲ့အမှတ်တရ ကျောက်တုံးကတော့ ခေတ်အမီဆုံးလို့ ပြောရပါမယ်။ ကျောက်တုံးပေါ်မှာ အပြာရောင် ထောင်အကျႌဝတ်ထားပြီး ကျွဲကော်ကိုင်း ပုံသဏ္ဌာန် မျက်မှန် တပ်ထားတဲ့ ဆရာဦးဝင်းတင်ရဲ့ မျက်နှာတပိုင်းပုံကို ထု ဆစ် ထားတယ်။ မျက်နှာတပိုင်းပုံရဲ့အောက်ကမှ “ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်သူ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာ ဦးဝင်းတင် ရဲ့ အတ္ထုပ္ပတ္တိ ကို ရေးထားတယ်။ အဲ့ဒီအောက်မှာမှ တခါ သော့ခလောက် ခတ်ထားတဲ့ သံချိန်းကြိုးကြီးတကြိုးကို ချိတ် ဆွဲ ဟန်ပုံစံကို ကျောက်ဆစ်ပညာရပ်နဲ့ ပုံဖော်ထားပါတယ်။
ဆရာမြသန်းတင့်ရဲ့ ကျောက်တုံးမှာတော့ “စာရေးခြင်းအလုပ်ဆိုတာ ခဏတဖြုတ်လမ်းကြုံလို့ ဝင်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး၊ အပျင်းပြေဝင်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး။ အားအားလျားလျား ရှိလို့ ဝင်လုပ်ရမယ့်အလုပ်မျိုး မဟုတ်ဘူး။ တကယ့်ကိုစွဲစွဲမြဲမြဲ လုပ်ရမယ့်အလုပ်၊ အချိန်မရွေး လုပ်နေရမယ့်အလုပ်၊ တသက်လုံးလုပ်နေရမယ့် အလုပ်လို့ မြင်တယ်။ မြသန်းတင့်” ဆိုပြီး ဆရာမြ သန်းတင့်ရဲ့စာရေးခြင်းအပေါ် သဘောထားအမြင်တွေကို ပြန်လည် မှတ်တမ်းတင်ထားတယ်။ တဆက်စပ်တည်း ဆရာ တင်မိုးရဲ့အမှတ်တရ ကျောက်စာပေါ်မှာ ရေးထိုးထားတဲ့ စာသားတွေကိုလည်း တင်ပြပေးလိုက်ပါတယ်။
တင်မိုး
၁၉၃၃-၂၀၀၇
“သူက အမှန်တရားဘက်ကသာ ရပ်လိုတယ်၊
အဓမ္မတရားကို ဆန့်ကျင်တယ်၊
လူတိုင်းကို စာပေဗဟုသုတ ဘဝဉာဏ်ပညာ အလင်းနဲ့
ပြည့်ဝစေချင်တယ်၊
ဒါမှလဲ အမှန်တကယ်လွတ်မြောက်ကြမှာကိုး” ဆိုပြီး စာရေး ဆရာ ၊ ရုပ်ရှင် ဒါရိုက်တာ၊ ပန်းချီဆရာ ဝင်းဖေက ရေးသားပေး ထား တာ တွေ့ရပါတယ်။
တောင်လေးလုံးကျောင်းနဲ့ မျက်နှာချင်းဆိုင်က လောကသရဖူ ဘုရား ရင်ပြင်မှာတော့ စာပေအသိုင်းအဝိုင်းက နာမည် ကျော်ကြား သူတွေရဲ့အမည်တွေကို မှတ်တမ်းတင်ထားတဲ့ နောက်မှီပါတဲ့ ကွန်ကရစ် ခုံတန်းရှည်လေးတွေကို တွေ့ရပါမယ်။ လောကသရဖူ ဘုရား ဆိုတာကတော့ တောင်လေးလုံးကျောင်း ပရဝုဏ်ထဲက ဘုရားတဆူပဲ ဖြစ်ပါတယ်။ ဘုရားရင်ပြင်မှာ အမှတ်တရ သစ်ပင် လေး တွေ ရှိတယ်။ ထိုင်စရာ အင်္ဂတေ ခုံတန်းရှည်လေးတွေရဲ့ နောက်ကျောမှာတော့ သစ်ပင်တပင်ချင်းစီကို အထိမ်းအမှတ်အနေနဲ့ စိုက်ထားပါတယ်။
ခုံရှည်လေးတွေက လေးခုံတန်းလျက် တောင်မြောက်တန်းထားတယ်။ အဲ့ဒီခုံလေးတွေနောက်မှာမှ အမှတ်တရ သစ်ပင်လေးတွေက တပင်စီ။ မြောက်ဘက်ဆုံးမှာတော့ စာရေးဆရာကြီး မဟာဆွေကို ဂုဏ်ပြုထားတဲ့ ကမ္ပည်းစာနဲ့ ထိုင်ခုံလေးရှိတယ်။ သူ့ရဲ့တောင် ဘက်မှာ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုအတွက် အမှတ်တရ တမာပင်နဲ့ ခုံတန်းရှည်လေးကို တွေ့ရတယ်။ ဒေါ်ခင်နှင်းယုရဲ့တောင်ဘက်မှာမှ ဆရာ ကြီးမောင်(ငွေဥဒေါင်း)အတွက် အမှတ်တရ ခုံတန်းရှည်ရှိပါတယ်။ နောက်ဆုံး တောင်ဘက်အစွန်းမှာတော့ စာရေးဆရာ လည်းဖြစ် ကဗျာဆရာလည်း ဖြစ်တဲ့ တက္ကသိုလ် မောင်စောလွင်ကို ဂုဏ်ပြုထားတဲ့ မဉ္ဇူသကပင်နဲ့ ခုံတန်းရှည်လေးရှိပါတယ်။
ခုံတန်းရှည်တွေ တခုချင်းစီပေါ်မှာ ကမ္ပည်းစာတွေ အသီးသီးရေးထိုးထားကြပေမယ့် တချို့စာတွေဟာ ရာသီဥတုဒဏ်ကြောင့် အသေချာ မမြင်ရတော့ပါဘူး။ ခုံတန်းရှည်တွေထဲကနေမှ ဒေါက်တာ သန်းထွန်း ရေးပေးထားတဲ့ ကမ္ပည်း စာသားပါတဲ့ တက္ကသိုလ် မောင်စောလွင်ရဲ့အမှတ်တရ ကျောက်စာနဲ့ ဆရာဦးဝင်းတင် ရေးပေးထားတဲ့ ဆရာကြီး ငွေဥဒေါင်း အမှတ်တရ ကမ္ပည်းစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
တက္ကသိုလ် မောင်စောလွင်
(၂၀ ရက် စက်တင်ဘာလ ၁၉၃၂ – ၂ ရက် သြဂုတ်လ ၁၉၈၈)
“ကိုယ့်ဘက်ကိုယ့်တာက ဘာကူညီရမလဲလို့ အမြဲစောင့်နေပါတယ်။
အဲ့သည်စိတ်ထား အမြဲရှိတဲ့လူပါ”
ဒေါက်တာ သန်းထွန်း
နောက် ဆရာကြီး ငွေဥဒေါင်းရဲ့ အမှတ်တရ ထိုင်ခုံမှာတော့
“ခေတ်သမိုင်းအလွှာစုံ
စာကြေးမုံထင်ဟပ်
ဘဝဇာတ် အသွယ်သွယ်
စာပန်းချီရေးလို့ ခြယ်ရင်း
ဘုံလယ်ခွင် ခရီးအနှံ့
စာဝင်္ဂဘာ ခြေဆန့်သူ” ဆိုပြီး ဆရာဦးဝင်းတင်က ရေးထိုးထားပါတယ်။
တောင်လေးလုံးကျောင်းတိုက်ရဲ့ နီးနီးနားနားမှာပဲ နောက်ထပ် အမှတ်တရအထိမ်းအမှတ်တခု ရှိနေပါသေးတယ်။ တောင် လေးလုံး ကျောင်းဝင်းကြီးရဲ့အနောက်ဘက်နားဆီမှာရှိတဲ့ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့ အထိမ်းအမှတ်အုတ်ဂူပဲဖြစ်ပါတယ်။
တောင်လေးလုံးကျောင်း ပရဝုဏ်ထဲမှာ အခုလို အထင်ကရပုဂ္ဂိုလ်ကြီးတွေရဲ့အထိမ်းအမှတ်ကျောက်တုံးတွေ၊ သစ်ပင်တွေ၊ ခုံတန်း ရှည်တွေ တစုတစည်းတည်း တည်ရှိနေနိုင်ခြင်းဟာ တောင်လေးလုံးကျောင်းတိုက် ဆရာတော်ဦးပညာရဲ့အမြော်အမြင်ကြီးမှု လို့လည်း ပြောနိုင်ပါတယ်။
အမျိုးသားစာပေဆု ရထားတဲ့ စာရေးဆရာလည်းဖြစ်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးလည်းဖြစ်တဲ့ ဆရာတော် ဦးပညာကတော့ သူ့ကျောင်း ပရဝုဏ်ထဲမှာ လူတိုင်းကို အမှတ်တရ ကျောက်တုံး လုပ်ခွင့် မပြုပါဘူး။ ပြည်သူတွေကို တကယ် အကျိုးပြုတဲ့ ပြည်သူ တွေက တကယ် ချစ်ခင်မြတ်နိုး လေးစားရတဲ့ စာပေသမားကြီးတွေကိုသာ မှတ်တမ်းတင်ခံနိုင်မယ်လို့ ခပ်တိုတို ခပ်ပြတ်ပြတ် ပြော လေ့ရှိပါတယ်။
အခုလို အမှတ်တရကျောက်တုံးတွေ သစ်ပင်တွေ ခုံတန်းတွေထားရှိဖို့ စတင်အကြံပြုခဲ့တဲ့ ဆရာကြီး ဒေါက်တာ သန်းထွန်း၊ ဝိုင်းဝန်း အကောင်ထည် ဖော်ပေးကြတဲ့ မန္တလေး စာပေအသိုင်းအဝိုင်းနဲ့ တောင်သမန်၊ တောင်လေးလုံး ကျောင်းတိုက် ဆရာတော် ဦးပညာတို့ကြောင့် အမှတ်တရသစ်ပင်နဲ့ အမှတ်တရ ကျောက်တုံးတွေဟာ အခုချိန်အထိရှိနေရတာ ဖြစ်ပါတယ်။
အခုလို ဂုဏ်ပြုသင့်သူတွေကို ဂုဏ်ပြုတာဟာ မင်္ဂလာ တပါးပဲ မဟုတ်ပါလား…..။ ။
(အေးမွန်ရာပြည့်သည် မန္တလေးအခြေစိုက် အမျိုးသမီး သတင်းစာဆရာတဦး ဖြစ်သည်)