သူ့တပည့်တွေက ဆရာကြီးကို “အရမ်းတော်တဲ့ သူ၊ မယုံနိုင်လောက်အောင် ထက်မြက် သူ” ဟု ပုံဖော်ပြောဆိုကြ သည်။ သူ မြန်မာစကား ပြောသည်ကို နားထောင်ကြည့်လျှင် မြန်မာတဦးကဲ့သို့ပင် ချောချောမွေ့မွေ့ အထစ်အငေါ့ မရှိ ပြောနိုင်သည် ကို တွေ့ရသည်။ ဘာကြောင့် ဆရာကြီးကို ချီးကျူး ကြသည် ဆိုခြင်းကို ဤတချက်နှင့်ပင် လွယ်ကူစွာ သိနိုင်သည်။
ဆရာကြီး ဂျွန် အိုကဲလ် (John Okell) မြန်မာစာ မြန်မာစကား သင်ကြား ပေးနေခဲ့သည်မှာ ဆယ်စု နှစ် ၅ ခု ကျော်ပြီ ဖြစ်သည်။ ယခု အသက် ၈၀ အရွယ်ရှိသည့်တိုင် ဗြိတိန်နိုင်ငံသား ကထိက ဂျွန် အိုကဲလ်၏ မြန်မာစာအပေါ် စိတ်ပါ ဝင်စားမှုက မှေးမှိန်သွားခြင်း မရှိ။ ယနေ့အချိန်ထိ မြန်မာဘာသာ စကား သင်တန်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် မြန်မာ နိုင်ငံ ရန်ကုန်မြို့တို့တွင် တနှစ် တကြိမ်စီ သွားရောက် သင်ကြားပေးနေဆဲ ဖြစ်ပြီး နိုင်ငံခြားသားများ အတော်များများ တက်ရောက်သင်ယူလျက် ရှိသည်။
၁၉၅၉ ခုနှစ်တွင် ဗြိတိန် နိုင်ငံခြားရေးဌာန နိုင်ငံခြားဘာသာ သင်တန်း အတွက် သွားရောက် စုံစမ်းရာမှ မြန်မာ ဘာသာစကားကို အမှတ်မထင် သင်ယူခွင့်ရခဲ့သည်။
“သူတို့က မြန်မာဘာသာ သင်ပေးဖို့ လူရှာ နေတာ။ ကျနော်က ဘာသာစကားတွေကို စိတ်ဝင်စားတော့ လျှောက်လွှာ တင်လိုက်တယ်။ ကျနော် အရွေးခံရတယ်။ အဲဒီကနေ ကျနော့်ကို လေ့ကျင့် ပေးတယ်” ဟု ဆရာကြီး ဂျွန် အိုကဲလ်က မြန်မာ ဘာသာစကားနှင့် စတင်ရင်းနှီးခဲ့ရပုံကို ပြောပြသည်။
လန်ဒန် တက္ကသိုလ်ရှိ အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးဌာန (SOAS) တွင် ဒေါက်တာ လှဖေနှင့် သဒ္ဒဗေဒ ကထိက ကိတ်သ်စပရစ်ဂ် (Keith Sprigg) တို့ထံတွင် ၁ နှစ်ခွဲခန့် သင်ယူခဲ့ပြီးနောက် မြန်မာပြည်သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ပြီး မြန်မာစကားပြော ပိုမိုတက်မြောက်ရန် အတွက် လေ့ကျင့်နိုင်ရန် ဂျွန် အိုကဲလ်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ဆရာကြီး ဂျွန်က ၁၉၆၀ ခုနှစ်တွင် မြန်မာပြည် သို့ လာရောက်ကာ ၁ နှစ်ခန့် နေထိုင်ခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း အမရပူရမြို့ အနီးမှ ကျေးရွာလေး ၁ ရွာတွင်လည်း တလကျော်ကြာ နေထိုင်ခဲ့ပြီး မြန်မာဘာသာ စကား၏ ကွဲပြားမှု များနှင့် ဒေသ ယဉ်ကျေးမှုများကို လေ့လာခဲ့သည်။
“ကျနော် အရမ်းကံကောင်းပါတယ်။ ဆရာ လှဖေက အရမ်း သဘောကောင်းတယ်။ မိတ်ဆွေတွေ အများကြီးနဲ့လည်း မိတ်ဆက်ပေးခဲ့တယ်” ဟု ဂျွန် အိုကဲလ်က ပြောသည်။
မြန်မာပြည်မှ ပြန်သွားပြီးနောက် SOAS ကျောင်းတွင် မြန်မာဘာသာ သင်ဆရာ ဖြစ်လာခဲ့သည်။ ကျောင်းတွင် သာမက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံတမန်များ ကိုလည်း သင်ကြားပေးရသည်။ ထိုနှစ်များ အတွင်း မြန်မာနိုင်ငံသို့လည်း အနည်းဆုံး ၅ နှစ် တကြိမ်လောက် လာရောက်ခဲ့သည်။
အသက် ၆၅ နှစ် အရွယ်တွင် အငြိမ်းစား ယူခဲ့ သော်လည်း စာသင်ကြားရေး မရပ်တန့်ခဲ့ပေ။ အငြိမ်း စားယူပြီးမှ ထိုင်းနိုင်ငံတွင် မြန်မာ့အရေး ဆောင်ရွက် နေသည့် နိုင်ငံခြားသားများကို မြန်မာ ဘာသာစကား သင်ကြား ပေးရန် ဖိတ်ခေါ်ခြင်း ခံရ၍ သွားရောက် သင်ကြားပေးခဲ့ရသည်။ ယခုအထိလည်း သင်ကြား ပေးလျက်ရှိသည်။
Myanmar Institute for Integrated Development မှ အကြီးတန်း ပရိုဂရမ်မန်နေဂျာ မာရီဆာချားလ်စ် (Marisa Charles) က ၂၀ဝ၈ ခုနှစ်၊ ၂၀ဝ၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် ချင်းမိုင် မြို့၌ ဂျွန်အိုကဲလ်၏ သင်တန်းများကို တက်ရောက်ခဲ့သူ ဖြစ်သည်။
“သူက တကယ်ကို စေတနာ အပြည့်နဲ့ သင်ပေး တဲ့ ဆရာတဦးပဲ။ ဘာသာစကား ပေါ်ပေါက်လာရပုံ သမိုင်းနဲ့ မြန်မာတွေ နေ့စဉ်ပြောစကားတွေကို ဘယ်လို တီထွင်ပြောဆိုကြတယ် ဆိုတာ ကျမတို့ နားလည်လွယ်အောင် စိတ်ဝင်စားစရာ၊ ဟာသတွေ ဖြစ်ရပ်တွေ ပြောပြပြီး သင်ပြပေးတယ်” ဟု သူမက ဆရာကြီးဂျွန် အကြောင်း ပြန်ပြောင်း ပြောပြသည်။
ဂျွန် အိုကဲလ်၏ တပည့်ဟောင်းတဦး ဖြစ်ပြီး လက်ရှိ ဘန်ကောက်တွင် နေသော လူမှုဆက်သွယ် ရေးဆိုင်ရာ အတိုင်ပင်ခံ တဦးဖြစ်သည့် ဂယ်ဘရီရယ် ဂလန်းနက်ခ် (Gabrielle Galanek) က ဆရာကြီး ဂျွန်အနေဖြင့် ဘာသာစကား အပေါ် မည်မျှ မြတ်နိုးပုံကို ပြောပြသည်။
“သူက မြန်မာစာ စကားအပေါ် တအား စိတ်ထက်သန်တယ်။ စကားပြောလည်း ကောင်းတယ်။ ဘာသာစကား ရဲ့ အသေးစိတ် အကြောင်းအရာတွေနဲ့ လေယူလေသိမ်းက အစ ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်း သေချာရှင်းပြတယ်” ဟု သူမက ဆိုသည်။
၂၀ဝ၉ ခုနှစ်က ရန်ကုန်တွင် ပြုလုပ်သည့် သုံးပတ်ကြာ သင်တန်းတခုတွင် လာရောက် စာသင်ကြားရန် ဖိတ်ကြားခံရချိန်က ကနဦးတွင် သူအနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ “သူတို့က မြန်မာစကားပဲ ပြောတဲ့ လူမျိုးတွေ ကြားမှာ နေနေပြီး သူတို့ကို မြန်မာစာသင်ပေးဖို့ ကျနော့်ကို ခေါ်တဲ့အချိန်မှာ ကျနော်သွားသင်ရမှာ ခပ်ရှက်ရှက်ပဲ” ဟု ဂျွန် အိုကဲလ်က မြန်မာလိုပင် ပြန်ပြောပြသည်။
သို့သော် သူ၏ ကျောင်းသားများက တခြား ဆရာများလည်း ရှိသည့်တိုင် ဂျွန်အိုကဲလ် ကဲ့သို့သော ဆရာကို ရရှိသည့် အတွက် ဝမ်းသာကြောင်း ပြောကြသည်။
“ဂျွန်နဲ့ စာသင်တဲ့ အခါမှာ သူ့ကို စိတ်အနှောင့်အယှက် မပေးမိအောင် နေမိကြတယ်။ သူက ကျနော်ဆုံဖူးတဲ့ ဆရာတွေထဲ အားကျစရာ အကောင်း ဆုံး၊ စိတ်ပါဝင်စားလာအောင် လှုံ့ဆော်မှု အပေးနိုင်ဆုံး ဆရာတွေထဲက တယောက် ဖြစ်တယ်” ဟု အမေရိကန်စင်တာတွင် ဖွင့်လှစ်ထားသောInstitute for Political and Civic Engagement မှ senior program trainer ဖြစ်သည့် Kirt Mau-sert က ပြောသည်။
ဆရာကြီးဂျွန် အကြောင်း Kirt Mausert စတင်သိခဲ့ရပုံက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ စာအုပ်ဆိုင် တဆိုင်တွင် ဖြစ်သည်။ မြန်မာစာ စကားလေ့လာရန် စုံစမ်းရင်း ဂျွန် အိုကဲလ် ရေးသားသော “ First Steps in Burmese” စာအုပ်ကို ရရှိခဲ့ရာက စသည်။
“ကျနော် တွေ့ဖူးသမျှ ဆရာတွေထဲမှာ ဂျွန်က ဘယ်အရာကို မဆို စိတ်ရှည်ပြီးတော့ နားလည်မှု ရှိတဲ့ ဆရာ တယောက် ဖြစ်တယ်။ သူ မြန်မာစာကို မြတ်မြတ်နိုးနိုး သင်ပေးတာ ကလည်း ကျနော်တို့ ကျောင်းသားတွေကို အားကျ လာစေတယ်” ဟု ရန်ကုန်တွင် ဂျွန်အိုကဲလ်၏ မြန်မာစာသင်တန်း အတွက် စီစဉ်သူအဖြစ် ဆောင်ရွက် ပေးနေသော Kirt Mausert က ပြောပြသည်။
ချင်းမိုင်တက္ကသိုလ်မှ မြန်မာစာကထိက ဒေါ်ယမင်းရွှေစင်ထိုက်က ဘာသာစကား သင်သည့် နိုင်ငံခြားသား ဆရာများထဲတွင် ဂျွန်အိုကဲလ်က အတော်ဆုံး ဆရာတဦး ဖြစ်သည် ဟု ပြောသည်။ ဘာသာစကား၏ လေးနက်မှုကို နားလည်သည့် အပြင် မြန်မာ စကားပြောသည့် အခါတွင် အလွန် ယဉ်ကျေးစွာ ပြောတတ်သူ ဖြစ်သော်လည်း ရှေးရိုးစွဲ တယောက် မဟုတ်ဘဲ စကားလုံးသစ်များကို မျက်ခြည် မပြတ် လေ့လာမှတ်သားနေသူ ဖြစ်သည်ဟုလည်း ဆိုသည်။
“သူက မြန်မာစာနဲ့ ပတ်သက်ပြီး သူမတူ ပြိုင်သူရှားတဲ့ စွယ်စုံရ ဆရာ တဦးပါ။ သူက ကိုယ့်ကိုယ်ကိုနှိမ်ချ ပြောဆိုတတ် ပေမယ့် သူ့ရဲ့ ဘာသာ စကားဆိုင်ရာ ကြွယ်ဝမှုက တကယ့် အတိုင်းထက် အလွန်ပဲလို့ ကျနော် ထင်တယ်” ဟု Kirt Mausert က ဆိုသည်။
ဘာသာစကားနှင့် ပတ်သက်သော သင်ရိုး စာအုပ်များ အကဲဒမစ် စာတမ်းများ ရေးသားနေပြီး သူ့ဘဝ တလျှောက်လုံးတွင် စာသင်ကြားခြင်း၊ သင်ယူခြင်းများသာ လုပ်ဆောင်နေသော ဂျွန် အိုကဲလ်က ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိရေးရန် စိတ်ဝင်စားခြင်း မရှိ။ ကိုယ့်အကြောင်း ကိုယ် ပြန်ရေးရခြင်းက “စိတ်ဝင်စားစရာ မကောင်း”ဟု သူက ဆိုသည်။
အင်္ဂလန်နိုင်ငံတွင် နေထိုင်နေသော်လည်း မြန်မာ့လူမှု အသိုင်းအဝိုင်းနှင့် အဆက်အသွယ် မပြတ်ခဲ့သလို လက်ရှိ မြန်မာနိုင်ငံ အရေးကိစ္စများနှင့်လည်း သူက မျက်ခြည်မပြတ်ခဲ့ပါ။
မြန်မာနိုင်ငံ၏ လတ်တလော တိုးတက်ပြောင်းလဲမှုများနှင့် ပတ်သက်၍ သူ၏ အမြင်ကို မေးသော အခါ “သိသာ ထင်ရှားတဲ့ ပြောင်းလဲမှု တခုကတော့ လွတ်လပ်စွာ ပြောဆိုခွင့်လို့ ကျနော် ထင်ပါတယ်။ တချိန်တုန်းက လူတွေဟာ ကိုယ်ပြောတဲ့ စကားကို ကိုယ်ကြောက်နေရတယ်လေ။ တခြား တိုးတက်မှုဆိုရင် ပြောင်းလဲလာတဲ့ စီးပွားရေး အခြေအနေ၊ ဝင်ငွေတွေ ပိုရလာတာ၊ ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေလည်း ရွေးချယ်စရာ ပိုများလာတာ တွေလို့ ပြောလို့ရမယ်။ ဒါပေမယ့် ကျနော်သိတဲ့ လူတော်တော် များများကတော့ ပြုပြင်ပြောင်းလဲမှု တွေက အရင်ကနဲ့ သိပ်မခြားပါဘူး လို့ ပြောကြတယ်” ဟု ဂျွန် အိုကဲလ်က မှတ်ချက်ပေးသည်။
သူ သတိပြုမိသည့် နောက်ထပ် အပြောင်းအလဲ တခုမှာ ယနေ့ခေတ် ရန်ကုန်မြို့၏ လမ်းမပေါ်မှ လူများကို သူ မြန်မာလို ပြောဆို မေးမြန်းနိုင်ခြင်းပင်။ လွန်ခဲ့သောနှစ် ၅၀ ကျော်က စာသင်သား ဂျွန် အိုကဲလ် မြန်မာနိုင်ငံသို့ ရောက်သည့် အချိန်တွင် သူတခုခုမေးတိုင်း ရန်ကုန်မြို့ခံများက သူ့ကို အင်္ဂလိပ်ဘာသာဖြင့်သာ ပြောခဲ့ကြခြင်း ကြောင့် သူ့အတွက် အလွန်ခက်ခဲခဲ့ရသည် ဟုလည်း ပြန်ပြောင်း ပြောပြသေးသည်။
(၂၀၁၅ ခုနှစ် ဇွန်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော Nyein Nyein ၏ “Love of the Lingo” ကို ဆုမွန်ဖြိုး ဘာသာပြန်သည်။)