နော်အယ်ဝါး အနေနှင့် သူမ၏ လက်မှုပစ္စည်းဆိုင် အတွက် ဝန်ထမ်းများ ခန့်ထားရာတွင် မသန်စွမ်းသူများကို အဓိက ခေါ်ယူ ခန့်အပ်လေ့ရှိသည်။
“မသန်စွမ်းသူတွေက ကျမရဲ့ ဆွေမျိုးတွေ လို ပါပဲ။ သူတို့က ကျမရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှိတယ်။ တခြား သူတွေကို အလုပ်ပေးရမှာ ထက်စာရင် သူတို့ကို အလုပ်ပေးရတာ ကျမ ပိုပြီး ပျော်ပါတယ်” ဟု သူက ပြောသည်။
NGO တခုတွင် မသန်စွမ်းသူများ အတွက် livelihood coordinator အဖြစ် လုပ်ကိုင်နေရာမှ ၂၀၁၃ ခုနှစ်တွင် နုတ်ထွက်ခဲ့ပြီး နောက် နော်အယ်ဝါးက သူ ၄ နှစ်ကျော်ကြာ ရင်းနှီးသိကျွမ်းခဲ့သည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ လူမှုအသိုင်းအဝိုင်း အတွက် ပိုမိုကောင်းမွန်သော တခုခု ဆက်လက် ဆောင်ရွက် ပေးချင်ခဲ့သည်။
သူ့ အတွက်ကတော့ သူကျွမ်းကျင်သည့် အလုပ်များဖြစ်သော လက်ဖြင့် ပြုလုပ်သည့် အသုံးအဆောင် ပစ္စည်းများ (handmade accessories) ပြုလုပ်ခြင်းနှင့် မသန်စွမ်းသူများ ဝင်ငွေရှာနိုင်ရန် အကူအညီပေးခြင်း တို့ကို ဆက်လုပ်ခြင်း လည်း ဖြစ်ပါသည်။
ယင်းမှာ ပြည်တွင်းဖြစ် ပစ္စည်းများကို အသုံးပြု၍ လက်ဖြင့် ပြုလုပ်သည့် လက်ဝတ် အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သည့် Amazing Grace အမည်ရှိ ရန်ကုန်အခြေစိုက် လူမှုအကျိုးပြု စီးပွားရေး လုပ်ငန်း၏ အစပင် ဖြစ်သည်။ နော်အယ်ဝါး မိသားစု၏ အကူအညီဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လတွင် စတင်ဖွင့်လှစ်ခဲ့ သည်။
Amazing Grace မှ အလုပ်သမား အင်အားစုမှာ မသန်စွမ်းသူများကို အခြေခံပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အများစုမှာ မိမိတို့ နေအိမ်တွင် ယူ၍ လုပ် ကြပြီး အလုပ် လက်ခံရန်နှင့် ပြုလုပ်ပြီးသည့် ပစ္စည်းများကို ဆိုင်သို့ ပြန်ပေးသွင်းရန် တပတ် တကြိမ် လာရောက်ကြရသည်။ မသန်စွမ်းဖြစ်ပုံများ ကလည်း အမျိုးမျိုး ဖြစ်ပြီး အကြားအာရုံ ချို့ယွင်းသူများ၊ ပိုလီယို ဝေဒနာရှင်များနှင့် မတော်တဆမှုကြောင့် ကိုယ်အင်္ဂါထိခိုက် ဆုံးရှုံးရခြင်းများ အထိ အမျိုးမျိုးဖြစ်သည်။ သူတို့ အားလုံးတွင် တူညီသော အချက်က လက်ဖြင့် အလုပ်ကောင်းကောင်း လုပ်နိုင်ကြခြင်း ဖြစ်သည်။
“ကျမ သူတို့ကို ဆက်ပြီးသင်ပေးတယ်။ ဒီဇိုင်း အသစ်တွေ လေ့လာတယ်။ ဒီပစ္စည်းတွေ ရောင်းဖို့ အတွက် ဈေးကွက် ရှာတယ်” ဟု အသက် ၂၇ နှစ် အရွယ် ကရင်အမျိုးသမီး နော်အယ်ဝါးက ပြောသည်။
လက်ဖြစ် အသုံးအဆောင် ပစ္စည်းများ ပြုလုပ်ခြင်းက နော်အယ်ဝါး အတွက် အသစ်အဆန်း မဟုတ်ပါ။ သူ အမြဲတမ်း ဝါသနာပါခဲ့သည့် အရာ ဖြစ်သည်။
“ဒီလို ပစ္စည်းလေးတွေ လုပ်ဖို့ ကျမငယ်ငယ်က တည်းက စိတ်ဝင်စားခဲ့တယ်။ ကျမ သူငယ်ချင်းတွေရဲ့ မွေးနေ့တွေမှာ ကျမ ကိုယ်တိုင် လုပ်တဲ့ ပစ္စည်းတွေ လက်ဆောင် အမြဲတမ်း ပေးတယ်” ဟု သူက ပြောသည်။
Amazing Grace မှ ထုတ်လုပ်သည့် ပစ္စည်းများ တွင် နားကွင်း၊ လက်ကောက်နှင့် လည်ဆွဲများ ပါဝင်ပြီး အားလုံးကို စက်ဘီးတာယာများ၊ ကျောက်တုံးများ၊ ပုတီးစေ့များနှင့် ကြိုးများကဲ့သို့သော ပြန်လည်အသုံး ပြုနိုင်သည့် ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
အချို့ပစ္စည်းများကို IntiraThepsittawiwat အမည်ရှိသည့် ထိုင်းနိုင်ငံသူ အမျိုးသမီးတယောက်၏ ကူညီမှုဖြင့် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ဖြင့် ပြုလုပ်သည့် အသုံးအဆောင်များကို စိတ်ဝင်စားသော IntiraThepsittawiwat က နော်အယ်ဝါး ထံသို့ ဖေဖော်ဝါရီလ အတွင်းက ရောက် ရှိလာခဲ့ပြီး ပြည်တွင်းဖြစ် ချည်ထည်များဖြင့် ပြုလုပ်သည့် လည်ဆွဲများ ထုတ်လုပ်ရန် အကြံပြုခဲ့သည်။ ထိုအချိန်မှစ၍ သူတို့ ၂ ဦး ပူးပေါင်းကာ မြန်မာ့ရိုးရာ လုံချည်အဆင်များ အတိုင်း ပြုလုပ်သည့် လည်ဆွဲများကို Amazing Grace က ဈေးကွက်တင်နိုင်ခဲ့သည်။
“ကျမက မြန်မာပြည်မှာလုပ်တဲ့ လက်နဲ့ လုပ်တဲ့ လက်ဝတ်ပစ္စည်းတွေ ထုတ်လုပ်ချင်တယ်။ ဒါကြောင့် အသုံးပြုတဲ့ ပစ္စည်းတွေကလည်း ပြည်တွင်းကဟာတွေ ဖြစ်သင့်တယ်လေ။ ကျမ လုံချည်တွေကို စဉ်းစား မိတယ်။ ဒါကြောင့် ကျမ ဒီကိုလာပြီး လုံချည်စတွေနဲ့ လုပ်လို့ရမလားလို့ သူ့ကို မေးလိုက်တယ်” ဟု Intira Thepsittawiwat က ပြောသည်။
လက်ဖြင့် ပြုလုပ်သည့် လက်ဝတ်ရတနာတခု၏ တန်ဖိုးက ကျပ် ၂၀ဝ၀ မှ ၁၅၀ဝ၀ အတွင်း ရှိပြီး ချည်ထည်နှင့် ပြုလုပ်သည့် လည်ဆွဲများ၏ တန်ဘိုး ကျပ် ၁၀ဝဝဝ မှ ၃၀ဝဝဝ အတွင်း ကျသည်။ သူတို့၏ ထုတ်ကုန်များက မင်္ဂလာပွဲများတွင် ဧည့်သည်များကို ပြန်ပေးသည့် လက်ဆောင်အဖြစ် လူသိများလာခဲ့သည် ဟု နော်အယ်ဝါးက ပြောသည်။
လက်ရှိအချိန်တွင် Amazing Grace ၌ အလုပ်လုပ်နေသော မသန်စွမ်းသူ ၁၀ ဦးခန့် ရှိသည်။ သူတို့လုပ်နိုင်သည့် ပစ္စည်းအရေအတွက်ပေါ် မူတည်၍ တလလျှင် ဝင်ငွေ ၇၀ဝဝဝ ကျပ်မှ ၁၀ဝဝဝ၀ အတွင်း ရရှိနိုင်ကြသည်။ လုပ်ငန်း အဆင်ပြေလာသည့် အချိန်တွင် ဝန်ထမ်း အင်အားကို တိုးချဲ့ရန် နော်အယ်ဝါး စဉ်းစားနေသည်။
“တခါတလေကျရင် ကျမတို့မှာ ရှိတဲ့ လူအင်အားက အလုပ် အတွက် မလုံလောက်ဘူး” ဟု သူက ပြောသည်။
မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်ရှိ အနာကြီး ရောဂါကုဆေးရုံမှ ဝေဒနာရှင်များကြားတွင် ကြီးပြင်း ခဲ့ရသော နော်အယ်ဝါးက နောက်ထပ် ခြေလှမ်းတခု အနေဖြင့် ၎င်းတို့ အတွက်လည်း အလုပ်အကိုင် နေရာများ ဖန်တီးပေးမည် ဟု ပြောသည်။ အနာကြီးရောဂါ ဆေးရုံတဝိုက်တွင် နေထိုင်သူ အမျိုးသား၊ အမျိုး သမီးများကို မူကြို ကလေးငယ်များ အတွက် သင် ထောက်ကူပစ္စည်း အဖြစ် အသုံးပြုသည့် သစ်သားတုံးငယ်များ ပြုလုပ်နည်းနှင့် လက်မှုပညာများ သင်ကြား ပေးရန် သူက စီစဉ်ထားသည်။
“သူတို့ အနာကြီးရောဂါ ခံစားခဲ့ရပြီးတော့ ကုသပြီးခဲ့ ကြပြီ။ ဒါပေမယ့် ကိုယ်လက်အင်္ဂါချို့ယွင်းနေတာကြောင့် မူလ အသိုင်းအဝိုင်းကို ပြန်သွားလို့ မရတော့ဘူး” ဟု နော်အယ်ဝါးက ပြောသည်။ အများ၏ အထင်အမြင်သေးမှုနှင့် ကိုယ်အင်္ဂါ ချို့ယွင်းမှုများကြောင့် အနာကြီး ရောဂါဝေဒနာရှင်များမှာ မိမိတို့၏ အသိုင်းအဝိုင်းသို့ ပြန်သွားရန် အခက်အခဲ ဖြစ်ကြ ရသည် ဟုလည်း ရှင်းပြသည်။
“ကျမ ဈေးကွက်တွေ ဆက်ရှာသွားမယ်။ ကျမ အလုပ်တွေကို တိုးချဲ့မယ်” ဟု သူက ထပ်ပြောသည်။
Amazing Grace မှ ထုတ်လုပ်သော ပစ္စည်းများကို အမှတ် ၂၆(က) မင်းရဲကျော်စွာလမ်း၊ ကျောက်ကုန်း၊ ရန်ကင်း မြို့နယ်နှင့် အမှတ် (၈၉) သိမ်ဖြူလမ်းရှိ Pomelo တွင် ဝယ်ယူရရှိနိုင်ပါသည်။ ။