အစားအသောက်လောက် လူနဲ့မကင်းတာ အစားအသောက်ပါ။ ဒါကြောင့် (အစာလည်းဆေး ဆေးလည်းအစာ) တို့၊ (တန်ဆေး၊ လွန်ဘေး) တို့လို စကားပုံတွေ ဖြစ်လာကြတာပေါ့။ အစားအသောက်က အာဟာရ အတွက်၊ ကျန်းမာရေး အတွက် မရှိမဖြစ် လိုအပ်သလို၊ တခါတရံ ကျတော့လည်း အစားအသောက်ကြောင့် နေထိုင်မကောင်း ဖြစ်ရပြန်ပါ တယ်။ မအီမသာကနေ အစာ အဆိပ်သင့်တာမျိုး အထိ ဖြစ်တတ်ပေရဲ့။ ဒါကြောင့် ဘယ် အစာတွေကဖြင့် ဘာအခန့် မသင့် ဖြစ်သလဲဆိုတာ သိထားရင် ချင့်ချိန်နှိုင်းဆ စားတတ်ကြမယ် လို့ မျှော်လင့်မိပါတယ်။ အစာတွေ ရှောင်ဖို့တော့ မဟုတ်ပါဘူး။ အတိုင်းအထွာနဲ့ ချင့်ချိန်နိုင်ဖို့ ပါ။
လတ်လတ် ဆတ်ဆတ် အရွက်တွေ
မုန်ညင်း၊ ဂေါ်ဖီ၊ ဟင်းနုနွယ် စတာမျိုးတွေ အပါအဝင် လူကြိုက်များပြီး အစိမ်းစားလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ ပါ။ အဓိက အားဖြင့်တော့ စိုက်ခင်းထဲက ပါလာတတ်တဲ့ အညစ်အကြေးတွေ၊ မသန့်ရှင်းတဲ့ရေနဲ့ ဆေးကြောထားတာတွေ၊ ကိုင်တွယ်သူရဲ့ လက်မသန့်ရှင်းတာတွေက အရွက်တွေမှာ ရောဂါပိုးတွေ ကပ်ငြိနေတာပါ။ လက်ကို သန့်ရှင်းအောင် ဆေးကြော၊ အရွက်တွေကို ရေသန့်သန့်နဲ့ဆေး၊ အသားတွေ ကိုင်တွယ် ခုတ်ထစ်တဲ့ စဉ်းတီတုံးကို အရွက်တွေ အတွက် မသုံး ဆိုတာတွေ လုပ်ရင်ဖြင့် အဲဒီ အန္တရာယ်က ကာကွယ်ရာ ရောက်ပါတယ်။
ကြက်ဥ
အဲဒီ ကြက်ဥကလည်း Salmonella ဘက်တီးရီးယား ရောဂါကို ပျံ့ပွားစေပါတယ်။ ဒီပိုးက ကြက်ဥအတွင်းမှာ ပေါက်ပွား နေနိုင်လို့ပါ။ ကျက်အောင် ချက်ပြုတ်ရင်တော့ အန္တရာယ် မရှိပါဘူး။ အခုခေတ်ပေါ် ကြက်၊ ငှက် တုပ်ကွေး လိုမျိုးတွေလည်း ကြက်ဥကို မကျက်ပဲ စားရင် ဖြစ်စေတာပါပဲ။ ကြက်ဥ မကျက်တကျက် စားတာ၊ မုန့်တွေမှာလည်း ထည့်တာ မလုပ်မိဖို့ လိုပါတယ်။ ကြက်ဥတွေကို မစားသုံးသေးမီ ရေခဲ သေတ္တာမှာ သိမ်းဆည်းတာလည်း အကောင်းဆုံး နည်းပါ။ ကိုင်တွယ်တဲ့ လက်ကို သန့်အောင်ဆေးကြောဖို့ လိုသလို ကြက်ဥကိုလည်း ဆေးကြော သန့်စင်တာ အကောင်းဆုံးပါ။
အသား
အသားတွေ ကနေ ရောဂါစုံ ကူးစက်တတ်တာလည်း ဖြစ်ရိုးဖြစ်စဉ်ပါ။ ကြက်သားက အဆိုးဆုံးလို့ သုတေသနတွေက ဆိုပါတယ်။ ပြီးရင်တော့ အမဲသားပေါ့။ အမဲသားကနေ အန္တရာယ်များတဲ့ ဘက်တီးရီးယား E.coli ကူးစက်တတ်ပါ တယ်။ အထူးသဖြင့် သေချာကျက်အောင် မချက်တဲ့ အသား၊ ကြက်ဥ၊ နွားနို့၊ ပင်လယ်စာ အားလုံးက ရောဂါပိုး ကူးစက်စေတာပါ။ သေသေချာချာ ဆေးကြောပြင်ဆင်ပြီး ကျက်အောင် ချက်ထားတဲ့ အသားတွေကတော့ အန္တရာယ် ကင်းပါတယ်။
တူနာ ငါး
အခုနောက်ပိုင်း ကျန်းမာရေး အတွက် စားသုံးဖို့ နှိုးဆော်ကြတဲ့ ဒီငါးကလည်း သတိထားစရာတော့ ရှိပါတယ်။ သူ့မှာ Scombrotoxin ဆိုတဲ့ အဆိပ်အတောက် တမျိုး ကပ်ငြိနေတတ် တာမို့ ခေါင်းကိုက်၊ ကြွက်တက်၊ တကိုယ်လုံး နီရဲ ယားယံတွေ ဖြစ်တတ်ပါတယ်။ ဖမ်းမိပြီး လတ်လတ်ဆတ်ဆတ်မှာ ၆ဝံ ဖာရင်ဟိုက် အထက်မှာ ထားမိရင် အဲဒီ အဆိပ်တွေ ထွက်လာပြီး ချက်ပြုတ်လို့လည်း မကျေပျက်နိုင်တာ ဆိုးတာပါ။ ကျက်အောင် ချက်တာက ရောဂါပိုးတွေ သေပေမယ့် တချို့ အဆိပ်အတောက်တွေ အာနိသင် မပျယ်စေပါဘူး။ ပင်လယ်စာတွေ အတွက် အန္တရာယ် မဖြစ်စေတာက လတ်ဆတ်မှုပါ။ အအေးခန်းမှာ စနစ်တကျ သိုလှောင်ထားတဲ့၊ ခဲထားတဲ့ တူနားငါးတွေကိုသာ စားသင့်တာ ပါ။ တချို့တော့ ဖမ်းမိတာနဲ့ စည်သွပ်ဘူး ဖြစ်သွားတာကတော့ စိတ်ချရတာပေါ့။
ကမာ
တန်ဖိုးကြီးပြီး အရသာ ရှိလှတဲ့ ပုလဲဥတဲ့ ကမာတွေကလည်း ဒုက္ခ ပေးတတ်ပါတယ်။ အများအားဖြင့်တော့ သူတို့ ခိုအောင်းရာ ရေပြင်ရဲ့ မသန့်ရှင်းမှု၊ ကိုင်တွယ်ရာမှာ မသန့်ရှင်းမှုတွေ ကြောင့်ပါ။ ကမာကို ကျက်အောင် မချက်ရင် လည်း Vibrio vulnificus ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဝမ်းလျှော၊ ပျို့၊ အန် စတာတွေ ဖြစ်တတ်ပါတယ်။
အာလူး
လူကြိုက်များပြီး ကင်းလို့ မရတဲ့ အာလူးကလည်း အသေအချာ ကျက်အောင် ချက်ပြုတ်ထားရင် ဘေးကင်းတာ များပါတယ်။ မကျက်တကျက် အာလူးတွေကတော့ အန္တရာယ် ရှိပါသတဲ့။ တခြား ရောဂါပိုးရှိနေတဲ့ အသားတွေနဲ့ ရောနှောရာက နေလည်း ကူးစက်စေပါတယ်။ အာလူးကြောင့် ဖြစ်ရတဲ့ ရောဂါတွေမှာ Listeria ၊ Shigella ၊ E.coli နဲ့ Salmonella ဘက်တီးရီးယားတွေ အစုံ တွေ့ရတတ် ပါသတဲ့။
ချိစ်
ဒီအစားအစာကလည်း တဖြည်းဖြည်း မပါမဖြစ်လို ဖြစ်လာနေတာပါ။ စားသောက်ဆိုင်တွေ၊ အိမ်တွေမှာ ချိစ်ကနေ ရောဂါ ဖြစ်ရတတ်တာ တွေ့ရပြန်ပါတယ်။ အများအားဖြင့် Salmonella နဲ့ Listeria ပေါ့။ Listeria ရောဂါပိုးက ကလေး ပျက်ကျတဲ့ အထိ ဆိုးရွားတယ် လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်တွေ ချိစ်ကို အထူးသဖြင့် ရှောင်သင့်တယ် လို့ ဆိုပါ တယ်။
ရေခဲမုန့်
လူအတော်များများ နှစ်သက်ကြတဲ့ အိုက်စ်ခရင် ကလည်း Salmonella နဲ့ Staphylococcus ဘက်တီးရီးယားတွေ ကြောင့် ဖြစ်တဲ့ ရောဂါတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ တကယ်တမ်း လေ့လာချက်တွေ အရ ရေခဲမုန့် လုပ်ဖို့ အသုံးပြုတဲ့ ပစ္စည်းတွေမှာ ရောဂါပိုး ကပ်ငြိလာတာကြောင့် လို့ ဆိုပါတယ်။ နို့နဲ့တကွ ပါဝင်တဲ့ ပစ္စည်းတွေကို ပိုးသတ်တာ (Pasteurize) သေချာ မလုပ်လို့ ဖြစ်ရတာပါ။ အထူးသဖြင့် ကြက်ဥ အစိမ်းတွေ သုံးတဲ့ ရေခဲမုန့်က ပိုဆိုးပါသတဲ့။ ရေခဲမုန့်ကို စနစ်တကျ ပိုးသတ်တာက အစ အဆင့်ဆင့် လုပ်မထားရင် အန္တရာယ်များပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီး ကလည်း ဘက်တီးရီးယား ပိုးတွေ ပေါက်ပွားရာ ရေခံမြေခံ တခုပါ။ အစာ အဆိပ်အတောက် ဖြစ်စေ ပါတယ်။ အစားအသောက် အတွက် မပြင်ဆင်မီ အသီးတွေကို စီးနေတဲ့ ဘုံဘိုင်ရေလိုမျိုးမှာ အသေအချာ ဆေးကြော ရပါမယ်။ ကိုင်တွယ်မယ့် သူကလည်း လက်ကိုရေနွေး၊ ဆပ်ပြာတွေနဲ့ ဆေးကြောရပါတယ်။ အစိမ်း စားသောက်မယ့် အသီးအရွက်တွေကို တခြားစားစရာတွေနဲ့ ရောထား၊ ထိထား မလုပ်ဖို့လည်း လိုပါတယ်။
ပဲပင်ပေါက်
ပဲပင်ပေါက်ကလည်း ရောဂါပိုးတွေ ပေါက်ဖွားဖို့ အခြေအနေကောင်းပါ။ သူ့ကို အညှောင့်ပေါက်အောင် ထားရတဲ့ ပူနွေး စွတ်စို အနေအထားက ရောဂါပိုးတွေ ပေါက်ပွားဖို့ အကြိုက်ဖြစ်နေလို့ပါ။ ကိုယ်ခံအားနည်းပါးတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေဆို စားဖို့တောင် မသင့်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအတိုင်း အစိမ်းစားတာကသာ အန္တရာယ် များပြီး ကျက်အောင် ချက်လိုက်ရင်တော့ ပြဿနာ မရှိလှပါဘူးလို့ ဆိုကြပြန်ပါတယ်။
ဖရဲသီး
ဖရဲသီးကလည်း သဘာဝ အရတော့ ကျန်းမာစေတဲ့ အစားအစာ ဖြစ်ပေမယ့် Salmonella နဲ့ listeria တို့လို ဘက်တီးရီးယားတွေ တွေ့ရတဲ့ အသီးပါ။ ဒါကလည်း အသီးကို မစားသောက်မီ အခွံကို သေချာပွတ်တိုက် ဆေးကြော ပေးရင် ကာကွယ်နိုင်ပါတယ်။ ဒါတင်မက အထဲက အသားတွေကို ထုတ်ပြီး အပြင်မှာ တခုခုနဲ့ ရောစားတာ ကလည်း ရောဂါပိုးတွေ ကပ်ငြိဖို့ အခွင့်အလမ်း များတယ် လို့ ဆိုပါတယ်။
နို့စိမ်း
နွားနို့ အစိမ်းသောက်တဲ့ အလေ့အထတွေ ကနေ ရောဂါရတာပါ။ နို့က နွားရဲ့ နို့အုံကနေ ကိုယ့်ရဲ့ စားပွဲပေါ် တန်းရောက်လာတာ မျိုးပေါ့။ နွားနို့ကို Pasteurized ခေါ်တဲ့ ပိုးသတ်တာ၊ ကျက်အောင် ကျိုချက်သောက်တာ မလုပ်ရင်တော့ ကြွယ်ဝတဲ့ ကယ်လ်ဆီယမ် ဓာတ်တွေနဲ့ အတူ Salmonella , Campylobacter နဲ့E.coli လို ဘက်တီးရီးယားတွေက ပေးတဲ့ ရောဂါတွေပါ ပူးတွဲ ရရှိမှာပါ။ နို့ကို အစိမ်း မသောက်ရင် ဒီအန္တရာယ်က ကာကွယ်ပြီးသား ဖြစ်မှာပါ။
စားနေကျ အစားအသောက်တွေကနေ ဒုက္ခပေးတတ်တဲ့ အစာတချို့ကို သိလောက်ပါပြီ။ ဒါကလည်း သူတို့ရဲ့ သဘာဝကြောင့့် မဟုတ်ဘဲ ကိုင်တွယ်၊ ချက်ပြုတ်၊ ပြင်ဆင်မှုတွေ စနစ်တကျ လုပ်ရင်ဖြင့် ကာကွယ်နိုင်တာ တွေ့ရမှာပါ။ နှစ်သက်တဲ့ အစားအစာတွေကို သန့်ရှင်းပြီး ကျက်အောင်ချက်ပြုတ် စားဖို့သာ လိုပါတယ်။ အန္တရာယ်ဖြစ်လို့ လုံးဝ ရှောင်ကျဉ်စရာ မလိုဘူးဆိုတာ အသိပေးလိုက်ရပါတယ်။ ။