နေရာကား လူများ ကြက်ပျံမကျ စည်ကားနေတဲ့ ပါဆယ်နာရီစင်ကြီး တဝိုက်။ တောင်ပေါ်မြို့လေး တမြို့ဖြစ်တဲ့ မေမြို့ခေါ် ပြင်ဦးလွင်မြို့လယ်။ အချိန်မှန်ပြီး တိကျလှတဲ့ နာရီစင်ကြီးက နေ့ခင်း နှစ်နာရီထိုးလို့ မြည်သံနှစ်ချက် ခပ်လေးလေး ထွက်ပေါ်လာပါတယ်။
မြင်းညိုကြီး တကောင်က သူ့ကိုယ်ပေါ်မှာ နားနေတဲ့ ယင်ကောင်ကို အမြီးနဲ့ ခါထုတ်နေတဲ့ တဘတ်ဘတ် အသံ၊ မြင်းခွာတွေကို ကျောက်လမ်းပေါ် ဆောင့်ချနေတဲ့ အသံတွေက ဆက်တိုက် ထွက်ပေါ်နေတယ်။ မြင်းညိုကြီးဟာ ဘယ်ခရီးစဉ်မှ မလိုက်ရဘဲ ရပ်နေရတာ ကြာလို့ ညောင်းနေဟန်နဲ့ သူ့ရဲ့ကိုယ်လုံးကြီးကို လှုပ်ခါနေတာ တွေ့ရတယ်။ မြင်းရဲ့ နောက်ကျောမှာ ချိတ်ထားတဲ့ ရထားလုံး ဖြူဖြူလွလွလေးရယ်၊ မြင်းမှာ ချိတ်ဆွဲထားတဲ့ ခြူတွေ၊ ခေါင်းလောင်းလေးတွေ ရယ်က စည်းချက်ကျသံနဲ့ အတူ လှုပ်ရှားနေတယ်။ ခဏကြာတော့ မြင်းရဲ့ နံဘေးကို သူ့သခင် ခပ်ပိန်ပိန်ပါးပါး အမျိုးသားကြီး တဦး ရောက်လာပြီး ချော့မြှူ လိုက်တယ်။ မြင်းကြီးက ချက်ချင်းပဲ ငြိမ်ကျသွားတယ်။
ပါဆယ်နာရီစင်ကြီးနဲ့ မနီးမဝေးက မြို့မ ဗလီကြီး နံဘေးမှာ ရှိတဲ့ မြင်းရထားလုံး ဂိတ်က မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ခံတွေ အတွက်တော့ ဒီမြင်ကွင်းနဲ့ အသံတွေဟာ မထူးဆန်းတော့ပါဘူး။ တခြားမြို့ကနေ လာလည်တဲ့ သူတွေ အတွက်သာ မရိုးနိုင်တဲ့ မြင်ကွင်းလို ဖြစ်နေတာပါ။
မြင်းညိုကြီးရဲ့ သခင်ဖြစ်သူကတော့ ဖက်ဦးထုပ် ဆောင်းထားတဲ့ အသက် ငါးဆယ်နီးပါး အရွယ် ဦးကြက်ရိုးပဲ ဖြစ်ပါတယ်။ နာမည်အရင်းက ဦးစိုးဝင်း ဖြစ်ပေမယ့် အရမ်းပိန်လွန်းလို့ ပြင်ဦးလွင် ရထားလုံး မြင်းလှည်းမောင်းသူ အသိုင်းအဝိုင်းက (ဦး) ကြက်ရိုးလို့ အမည် ပေးထားကြတာပါ။
ဦးကြက်ရိုးရဲ့ အဘိုးရော၊ အဖေပါ ပြင်ဦးလွင်မှာ မျိုးရိုး အစဉ်အဆက်လိုက် မြင်းလှည်းမောင်းသူတွေပါ။ ဦးကြက်ရိုးတို့ ဘိုးဘွားစဉ်ဆက် ရထားလုံး မြင်းလှည်းမောင်းလာတဲ့ သက်တမ်းကို ပေါင်းလိုက်ရင် အခုအခါမှာ နှစ်ပေါင်း တရာ ဝန်းကျင် လောက်တောင် ရှိနေပါပြီ။ ဦးကြက်ရိုးတို့ လူငယ်ဘဝ ၁၉၇၀ ဝန်းကျင်ကာလတွေ တုန်းက ပြင်ဦးလွင်မြို့ဟာ မြင်းရထားလုံး မောင်းသူတွေ အတွက် ရွှေခေတ်တွေလို့ ပြောရင်ရနိုင်ပါတယ်။ ဦးကြက်ရိုးမှာ မွေးချင်း မောင်နှမ ဆယ်ယောက်ရှိပြီး ဆယ်ယောက်စလုံးကို သူ့အဖေက မြင်းရထားလုံး မောင်းရင်း ရရှိတဲ့ ဝင်ငွေနဲ့ ကျွေးမွေး စောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ ဦးကြက်ရိုး အဖေဖြစ်သူဟာ အသက် ၇၀ ကျော်နေပြီ ဖြစ်ပေမယ့်လည်း အခုချိန်ထိ မြင်းလှည်း မောင်းနေဆဲ ပါ။ ဦးကြက်ရိုး အတွက်တော့ သူ့ဖခင်ဟာ သူရဲကောင်း တယောက်ပါပဲ။
ငယ်စဉ် ဆယ်ကျော်သက် ဘဝကတည်းက အဖေ့ရဲ့ မြင်းလှည်းနောက်ကို လိုက်ခဲ့ရာကနေ အထူးတလည် သင်စရာ မလိုဘဲ ကျွမ်းကျင်စွာ မောင်းနိုင်တဲ့ မြင်းရထားလုံးမောင်းသမား ဖြစ်လာတာလို့ ဦးကြက်ရိုးက ဂုဏ်ယူတဲ့ အသံနဲ့ သူ့ရှေ့က ဖြတ်သွားတဲ့ ရထားလုံး မြင်းလှည်း တစီးကို ဝေ့ကြည့်ရင်း ပြောတယ်။ မြင်းလှည်းသမား တယောက် ဖြစ်နေရတာကို ကျေနပ်ပီတိ ဖြစ်နေပုံကလည်း သူ့မျက်နှာမှာ အထင်းသား ပေါ်လွင်နေတယ်။
ရထားလုံး မြင်းလှည်းမောင်းသမား ဘဝအပေါ် ရူးသွပ်မှုတွေကို အဖိုးနဲ့ အဖေတို့ဆီက အမွေရခဲ့တာလို့ ဦးကြက်ရိုး တယောက် ရိုးသားစွာ ခံယူထားတယ်။
အရင်က ရထားလုံးမြင်းလှည်း ရွှေခေတ်ကာလ၊ အတိတ်တုန်းက ခရီးသည် လုတင်ရလို့ ရထားလုံး မောင်းသူချင်း အချိတ်အစောင်း လေးတွေ ရှိခဲ့တာကို အခုအချိန်မှာ ပြန်သတိရမိတယ်လို့ သူက ဆိုတယ်။ အခုအချိန်မှာတော့ ဂိတ်ထဲမှာ အမှတ်စဉ်လိုက် ထိုးထားရင်တောင် ခရီးသည်လိုက်ဖို့ နံပါတ်စဉ် (၁) ရတဲ့ ရထားလုံးက အခုလို နေ့ခင်း နှစ်နာရီ ကျော်တဲ့အထိ မထွက်နိုင်သေး။ ဂိတ်မှာပဲ ကျောက်ချ နေနေရတယ်။
“တနေ့တည်း ခရီးသည် အများကြီး လိုက်ရလို့ ငွေတွေ အများကြီး ဝင်တဲ့ အချိန်တွေကို ပြန်တွေးတိုင်း စိတ်ထဲ အပျော်စိတ် ကလေးတွေ ရောက်ရောက်လာရတယ်။ အဲဒီ အချိန်တွေတုန်းကဆို မြင်းလည်း စပါယ်ရှယ် စားရတယ်။ အခုလို ပါးတဲ့ အချိန်တွေမှာတော့ မြင်းရော လူတွေရော ချွေတာပြီး မျှစားရတာပေါ့” လို့ ဦးကြက်ရိုးက သူ့မြင်းရဲ့ လည်ဂုတ်ကလေးကို သပ်ပေးရင်းပြောပြတယ်။
အရင်က ဆိုင်ကယ်တွေ ပေါပေါများများ မရှိခင်တုန်းက မြို့တွင်းတနေရာနဲ့ တနေရာကို မြင်းရထားလုံး တွေနဲ့ပဲ ကူးလူး သွားလာကြရတယ်။ ပြင်ဦးလွင်မြို့ရဲ့ လမ်းအများစုဟာ တောင်တက် တောင်ဆင်းလမ်းတွေ ဖြစ်တာကြောင့် မြို့ခံတွေဟာ စက်ဘီးထက် ရထားလုံးမြင်းလှည်းကို အဓိကအားထားပြီး သွားလာကြတယ်။ မှတ်မှတ်ရရ ဆိုရရင် ၁၉၉၆ ခုနှစ် ပြင်ဦးလွင်မြို့ နှစ်တရာ ပြည့်ပွဲ ကျင်းပတဲ့အချိန်ထိကို မြင်းလှည်းတွေ ခေတ်ကောင်းသေးတယ် လို့ ဆိုနိုင်ပါတယ်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ ဆိုင်ကယ်တွေရော၊ သုံးဘီးဆိုင်ကယ်တွေပါ မြို့တွင်းမှာ အားချင်း ပေါများ လာတာကြောင့် မြို့ခံအများစုဟာ သွားလာရေး အတွက် မြင်းရထားလုံးကို မသုံးဖြစ်ကြတော့ပါဘူး။ ယနေ့ခေတ် ၂၀၁၅ ခု ကာလတွေမှာတော့ ရထားလုံးစီးတဲ့ မြို့ခံဆိုတာ ရှိကို မရှိတော့တာပါ။ တခြားမြို့တွေကနေ ပြင်ဦးလွင်မြို့လေးကို လာရောက်လည်ပတ်တဲ့ ပြည်တွင်း ဧည့်သည်အချို့နဲ့ နိုင်ငံခြားသား ဧည့်သည်တွေ လောက်သာ ရထားလုံးကို အပျော်တမ်းစီးတော့တဲ့ အနေအထား ရောက်နေပါပြီ။
နာရီစင်ကြီးကလည်း ညနေသုံးနာရီထိုးလို့ သုံးချက်အော်နေပြန်ပြီ။ ဦးကြက်ရိုးနဲ့ သူ့တပည့်ကျော် မြင်းညိုကြီးတို့ဟာ အခုအချိန်ထိ ခရီးသည်လိုက်ဖို့ ဈေးဦးမပေါက်သေး။ စောင့်မျှော်နေဆဲ …။
ဈေးဦး မပေါက်ပေမယ့် ဦးကြက်ရိုးအဖို့ ကတော့ စိုးရိမ်မှု သိပ်မရှိ။ ညမှောင်မှောင် ဆယ်နာရီလောက် အထိတော့ ဂိတ်မှာ ဆက်နေပြီး ဈေးဦးပေါက်ချိန်အထိ စောင့်မယ်လို့ မှန်းထားတယ်။ တခါတရံ ညဉ့်နက်တဲ့အထိ စောင့်ပေမယ့်လည်း ခရီးသည် ဈေးဦးမပေါက်တဲ့ နေ့များကလည်း မကြာခဏဆိုသလို ရှိတတ်ပါသေးတယ်။
ဦးကြက်ရိုး အဖို့ ဈေးဦး မပေါက်တာတွေ ကလည်း ရိုးနေပါပြီ။ တခါတလေ ဈေးဦး မပေါက်တဲ့ ရက် ငါးရက်လောက် အထိ ဆက်တိုက် ကြုံခဲ့ဖူးတယ် လို့ ဦးကြက်ရိုးက ဆိုတယ်။ ရက်ဆက်ပြီး ဈေးဦး မပေါက်တဲ့ ဖြစ်ရပ်မျိုးနှဲ့ စိတ်ဓာတ် ကျတဲ့ အချိန် နှစ်ခု ထိပ်တိုက်ကြုံလာရင်တော့ ရထားလုံးမောင်းတဲ့ လုပ်ငန်းကို အပြီးတိုင် စွန့်လွှတ်ချင်စိတ် ပေါ်လာတတ်တယ် လို့ ဆိုတယ်။ အမှန်တကယ် စွန့်ခွာသွားကြသူများ ကလည်း ပြင်ဦးလွင် ရထားလုံး မြင်းလှည်းလောကမှာ ဒုနဲ့ဒေးရှိနေခဲ့တယ်။ ဒီလိုမျိုး အချိန်တွေမှာဆို ဘိုးစဉ်ဘောင်ဆက် သုံးလာကြတဲ့ ရထားလုံးတွဲ တွေကို ငွေကျပ်ဆယ်သိန်းနဲ့ သိန်းနှစ်ဆယ် အကြားထိ ပေးဝယ်တဲ့ သူတွေကလည်း အရံသင့် ပေါ်လာတတ်ပြန်တယ်။
ဦးကြက်ရိုးကတော့ ဘယ်နှရက် ဆက်တိုက်ပင် ဈေးဦးမပေါက် မပေါက်၊ စိတ်ဓာတ် လုံး၀ မကျ။ အနာဂတ်ကာလမှာ ရထားလုံး မြင်းလှည်းမောင်းခြင်း လုပ်ငန်းတခုတည်းနဲ့ ဘဝကို ရပ်တည်လို့ မရနိုင်မှန်း ကြိုတင်ရိပ်မိခဲ့တာကြောင့် အိမ်မှာ နွားလေးကောင် မွေးထားခဲ့ပြီး နွားနို့ ရောင်းရင်း မိသားစုဝင်ငွေကို ဖြည့်တင်းခဲ့တယ်။ အဲဒီဝင်ငွေလေး ရှိနေသေးလို့သာ ဦးကြက်ရိုးတယောက် တခြား ရထားလုံးမောင်းသူတွေနဲ့ စာရင် နည်းနည်းပို အဆင်ပြေတယ် လို့ ပြောလို့ ရတယ်။
သူချစ်မြတ်နိုးရတဲ့ ရထားလုံးကို သူ့ရဲ့ ရည်မှန်းချက်အတိုင်း အသက်သေသည် အထိ ဆက်လက်မောင်းနေနိုင်ဖို့ နွားတွေ ကိုလည်း ကျေးဇူးတင်ရမယ် လို့ ဦးကြက်ရိုးက ရယ်ရယ်မောမောနဲ့ ရိုးရိုးသားသား ဝန်ခံတယ်။
အင်္ဂလိပ် လက်အောက်ခံ ကိုလိုနီဘဝက အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ရထားလုံး မြင်းလှည်းတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စတင် အသုံးပြုခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း အင်္ဂလိပ်တွေဟာ အထက်မြန်မာနိုင်ငံကို သိမ်းယူပြီး မေမြို့ အပန်းဖြေစခန်းကို တည်ဆောက်ပြီးတဲ့ အချိန်ရောက်မှသာ ရထားလုံးတွေကို မေမြို့သို့ သယ်ယူပြီး စတင် ပြေးဆွဲစေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ပြင်ဦးလွင်နဲ့ ရထားလုံးမြင်းလှည်းတို့ရဲ့ ဆက်စပ်မှုရာဇဝင် ဇာတ်လမ်းတွေ ဖြစ်လာခဲ့ရ ပါတော့တယ်။
ပြင်ဦးလွင်မြို့လို့ ပြောလိုက်ရင် မြန်မာနိုင်ငံ အတွင်းမှာ မြင်းရထားလုံး စီးလို့ ရနိုင်တဲ့ တခုတည်းသော မြို့အဖြစ် ဆက်စပ် မြင်တတ်ကြပါတယ်။ ရထားလုံးယဉ်ကျေးမှု စတင်ခဲ့တဲ့ ရန်ကုန်မှာတော့ ယနေ့အချိန်မှာ ရထားလုံးတွေကို မူးလို့တောင် ရှူစရာ ရှာမတွေ့တော့ပါဘူး။
ပြင်ဦးလွင်က မြင်းရထားလုံး ယဉ်ကျေးမှုဟာ တနေ့နေ့ တချိန်ချိန်မှာ ရန်ကုန်မြို့မှာလိုပဲ ပျောက်ကွယ်သွားမယ့် အခြေအနေမှာ ရှိနေပြီလို့ မြို့ခံ ရထားလုံး မောင်းသူတွေက ဆိုကြတယ်။ ၂၀၁၀ ပြည့်နှစ် ဝန်းကျင်က ပြင်ဦးလွင်မြို့မှာ ရထားလုံး မြင်းလှည်း စုစုပေါင်း ၁၅၀ ကျော်ရှိရာကနေ ယနေ့အချိန်မှာတော့ အစီးရေ ခြောက်ဆယ်လောက်သာ ကျန်ပါတော့တယ်။ တနှစ်ကို အနည်းဆုံး မြင်းရထားလုံးမောင်းသူ နှစ်ဦးကနေ လေးဦးလောက်ဟာ တခြား ဝင်ငွေပုံမှန်ရတဲ့ အလုပ်တွေကို ပြောင်းရွှေ့ လုပ်ကိုင်နေကြပါပြီ။
ဦးကြက်ရိုးကတော့ ခပ်ရှင်းရှင်းပဲ။ ဘယ်လောက်ပဲ စားဝတ်နေရေး ခက်ခဲပြီး တခြား ရထားလုံးမြင်းလှည်း တစီးတလေမှ မရှိတော့ရင်တောင် သူ့အသက် သေဆုံးချိန်ကျမှ မြင်းလှည်းမောင်းသမား ဘဝကို စွန့်လွှတ်ဖို့ ရည်ရွယ် ထားတယ် လို့ ဆိုတယ်။ သူရဲ့အဖိုးဟာ သေဆုံးတဲ့အချိန်ထိ ရထားလုံး မြင်းလှည်းမောင်းသမား အဖြစ် လုပ်ကိုင်ခဲ့တာ ကြောင့် သူလည်းပဲ သူ့အဖိုးရဲ့ ခြေရာကို လိုက်နင်းမယ်လို့ ပြောပါတယ်။
သူ အသက် သေဆုံးသွားရင်တော့ သူ့ရဲ့ မြင်းနဲ့ ရထားလုံးကို ရောင်းချပစ်ဖို့ သူ့မိသားစုကို မှာကြားထားပြီး ဖြစ်ပါ တယ်။ သူကိုယ်တိုင်ကသာ မြင်းလှည်းမောင်းသမား ဘဝကို ခုံမင်ချစ်မြတ်နိုးပြီး မရုန်းထွက်နိုင်ပေမယ့် သူ့ရဲ့ မျိုးဆက်ဖြစ်သူ သားကိုတော့ ပင်ပန်းလွန်းလှတဲ့ မြင်းလှည်းသမားဘဝကို အရောက် မခံတော့ဘူး လို့ ဆိုတယ်။ ပညာတတ်ဖြစ်စေဖို့ ဦးစားပေးပြီး ပညာပဲ သင်ပေးထားပါတယ်။
ဦးကြက်ရိုး မရှိတော့တဲ့အချိန် ပြင်ဦးလွင်မြို့မှာ မြို့ရဲ့ သင်္ကေတ ရထားလုံး မြင်းလှည်းလေးတွေ ဘယ်လောက်ထိ ကျန်ရှိနေဦးမလဲ ဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်ကြ ပါဘူး။ ခေတ်ရဲ့တိုးတက်လာမှုကို ရထားလုံး မြင်းလှည်းလေး တွေ တောင့်ခံနိုင်ပါ့မလား ဆိုတာလည်း မသိနိုင်ပါဘူး။
ညနေလေးနာရီထိုးလို့ ပြင်ဦးလွင် မြို့လယ်က ပါဆယ်နာရီစင်ကြီးရဲ့ လေးချက်ထိုးသံ ကြားရပါပြီ။ ဒါပေမယ့် ဦးကြက်ရိုးတို့ ဆရာတပည့် နှစ်ဦးကတော့ မြင်းလှည်းဂိတ်ထဲမှာ ဒုံရင်း၊ ဒုံရင်း ကျောက်ချ ရပ်နားနေရဆဲ။ ။