ဆောင်းပါး

ဓားကိုဓားချင်း၊ လှံကိုလှံချင်း စကားနောက်ဝယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၆၂ ခုနှစ် 7th July ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားရာချီ ကျဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုနဲ့ ဇူလိုင် ၈ ရက်နေ့ နံနက် ၆ နာရီ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဒိုင်််းနမိုက် ဗုံးခွဲခံရမှု သမိုင်းဖြစ်စဉ်ကြီးဟာ မြန်မာ့နိုင်ငံရေး သုံးသပ်ရာမှာ အင်မတန် အရေးကြီးပါတယ်။ ပြည်သူနဲ့ လက်တွဲပြီး ခေတ်ပြောင်းတော်လှန်ရေးကြီး ဆင်နွှဲမယ် အသံကောင်းဟစ်ခဲ့သူ မတ်လ ၂ ရက်နေ့ အာဏာသိမ်း စစ်ကောင်စီဟာ သုံးလကျော်ကာလလေးမှာပဲ စစ်ဘီလူး သရုပ်မှန် အစွယ်ကို ထုတ်ကာ ပြည်သူ့ရင်သွေး တိုင်းပြည် အနာဂတ် တက္ကသိုလ်ကျောင်းသားလူငယ်ကလေးတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို အသစ်စက်စက် ဂျီ ၃ မောင်းပြန်သေနတ်များနဲ့ အစွမ်းပြ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ၇ ရက် ဇူလိုင် သွေးစွန်းမှုကြီးမှာ သမိုင်းသင်ခန်းစာ ထုတ်စရာတွေ အများကြီးရှိပါတယ်။

သမိုင်းကို အကျဉ်းပြန်လှန်ရရင် ၁၉၆၂ ခုနှစ် မြန်မာပြည်ရဲ့ လူစိတ်ဝင်စားတဲ့ ကဏ္ဍာအတော်များများမှာ ရေရှည်စိုးမိုးမယ့် မင်းပြောင်းမင်းလွှဲကြီးတွေ ဖြစ်ခဲ့ပါတယ်။ ကဗျာဆရာမောင်ချောနွယ် စကားငှားသုံးရရင် ၁၉၆၂ ခုနှစ်မှာ ၁၉၆၁ ပြည်ထောင်စုမယ် ခင်သန်းနု နာမည် စ ကြီးတယ်၊ စာရေးဆရာ ဝင်းဦး ရုပ်ရှင်မင်းသား ဖြစ်တယ်၊ တက္ကသိုလ်ဘုန်းနိုင် လျှမ်းလျှမ်းတောက် စာရေးဆရာဖြစ်တယ်၊ အလားတူပဲ ဗိုလ်ချုပ်နေဝင်းနဲ့ အပေါင်းအပါ စစ်ဗိုလ်တသိုက်လည်း တိုင်းပြည်မှာ အမြဲတမ်း အာဏာယူ စတင် ဗိုလ်ကျခဲ့ကြပါတော့တယ်။

ဒီလို ၁၉၆၂ မတ်လ ၂ ရက် စစ်တပ်က အာဏာသိမ်းခဲ့မှု ဖြစ်စဉ်ကို အဲဒီကာလ တိုင်းပြည်ရဲ့ အစုအဖွဲ့အသီးသီးမှာ ကျောင်းသားအုပ်စုကလွဲလို့ ကျန်သူများ ပြင်းပြင်းထန်ထန် ပြန်လှန် ဆန့်ကျင် ပြစ်တင် ဝေဖန်မှု ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ကြပါဘူး၊ လုပ်ခွင့်လည်း မသာခဲ့ကြပါဘူး။ ပြည်တွင်းသတင်းစာ အားလုံးက အမှန်တကယ် စိတ်မပါလှပေမယ့် သေနတ်ပြောင်းအောက်မို့ တော်လှန်ရေးအစိုးကို လိုလားပါတယ် ခေါင်းညိတ်ခဲ့ရတယ်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ စတင် ထိန်းချုပ်ခံခဲ့ကြရတယ်။

နိုင်ငံတကာအနေနဲ့ကလည်း စစ်အေးခေတ် အုပ်စုဖွဲ့လိုချိန်ဖြစ်တာကြောင့် လက်ဝဲ လက်ယာ အရှေ့ အနောက် နှစ်ဖက်စလုံးက အာဏာသိမ်းစစ်အစိုးရကို ပစ်ပစ်ခါခါ မပြုကြဘဲ စောင့်ကြည့်နေကြတယ်။ ကမ္ဘာ့စာနယ်ဇင်းတချို့က Bloodless Coup d’état သွေးမြေမကျတဲ့ အာဏာသိမ်းမှု ဆိုပြီးတောင် ကင်ပွန်းတပ် အမွှန်းတင်သလို လုပ်ခဲ့ကြသေးတယ်။ (တကယ်တော့ မတ်လ ၂ ရက်နေ့ လင်းအားကြီး သမ္မတဟောင်း စဝ်ရွှေသိုက်အိမ် အာဏာသိမ်းတပ်ဝင်စီးတော့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး စပ်ရွှေသိုက်ရဲ့သားတယောက် ကျဆုံးခဲ့ပါတယ်။)

ဆိုချင်တာက နိုင်ငံတကာမှာလည်း လက်ဝဲ လက်ယာ အာဏာလွန်ဆွဲချိန်၊ ကိုယ့်လူအဖြစ် မွေးနိုင်တဲ့ အာဏာရှင်တွေ၊ အာဏာသိမ်းမှုတွေ ရေပန်းစားနေတာကြောင့် ၁၉၆၂ မြန်မာပြည် စစ်တပ် အာဏာသိမ်းမှုကို ဖြစ်ရိုးဖြစ်စဉ် သဘောနဲ့ ငြိမ်နေခဲ့ကြပါတယ်။

ပြည်တွင်း နိုင်ငံရေး အသိုင်းအဝန်းရဲ့ တုံ့ပြန်ပုံကို ကြည့်ရအောင်ပါ။ သခင်စိုး၊ သခင်သန်းထွန်း အလံနီ၊ အလံဖြူ ကွန်မြူနစ်ပါတီ နှစ်ခုက တောထဲမှာ လက်နက်ကိုင် တော်လှန်နေတယ်။ တိုင်းရင်းသား လူမျိုးစု တပ်တချို့ရှိတယ်။ မြေပေါ် ပြည်တွင်းနိုင်ငံရေးမှာ အာဏာသိမ်းကောင်စီ စစ်တပ်ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ပေါ်လာခဲ့တယ်၊ ကျန်တဲ့ နိုင်ငံရေးပါတီတွေကို သင်းသတ်တယ်၊ နောက်ပိုင်း ၁၉၆၄ မှာ အားလုံး တရားမဝင်ကြေညာခံရပြီး ဖျက်သိမ်းခံခဲ့ကြရတယ်။ စတင်အာဏာသိမ်းတဲ့ ညကတည်းက သန့်ရှင်း၊ တည်မြဲ ဖဆပလ နှစ်ဖွဲ့စလုံးက နိုင်ငံရေးခေါင်းဆောင်တွေ၊ လူမျိုးစုခေါင်းဆောင်တွေကို ထောင်ထဲထည့်ထားတယ်။

ဖဆပလအစိုးရခေတ် အတိုက်အခံပါတီ ဖြစ်ခဲ့တဲ့ လက်ဝဲယိမ်း ပြည်သူ့ညီညွတ်ရေးအမျိုးသားတပ်ပေါင်းစု (ပမညတ) ကကျ ဗိုလ်ချုပ်နေဝင်းရဲ့ စစ်ကောင်စီလုပ်ငန်းစဉ်ကို ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးအဖြစ် အမှန်တကယ် ယုံကြည် လက်ခံပြီး ပူးပေါင်းထောက်ခံပေးခဲ့ကြတယ်။ အစဉ်အလာရှိ သခင်နိုင်ငံရေးသမားကြီး ဝိဓူရဦးချစ်မောင် (၁၉၁၅-၂၀၀၅) ဆိုရင် ဗိုလ်ချုပ်ကြီးအစိုးရရဲ့ ခေတ်ပြောင်းတော်လှန်ရေးမှာ ကျရာနေရာက ဝန်ထမ်းပါ့မယ်၊ ခွေးကတက်မှာ နေရ နေရ ဆိုပြီး ထုတ်ဖော်ကြိုဆိုခဲ့လို့ ‘ခွေးကတက်လမ်းစဉ်’ ဆိုပြီး သမိုင်းမှာ နာမည်ဆိုးတွင်ခဲ့ရတယ်။

အခြား ပမညတ ခေါင်းဆောင် တဦး ဖြစ်တဲ့ လွတ်လပ်ရေး သမိုင်းဝင် နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေးဆရာ၊ ပမညတ ကိုယ်စားပြု ဘုတလင်အမတ်ဟောင်း (၁၉၅၆-၁၉၆၀) (ဦး) သိန်းဖေမြင့် (၁၉၁၄-၁၉၇၈) လို သြဇာရှိသူမျိုး ကိုယ်တိုင်ကလည်း ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး၊ မဆလ စစ်တပ်ပါတီနဲ့ လမ်းစဉ်ကို သူ မဆုံးခင် (၁၉၇၈)၊ တိုင်းပြည်လည်း အမွဲထွတ်ခေါင် ပြာတောင်ကြီးလုံးလုံး မပေါက်ခင် နှစ်ပိုင်းတွေအထိ ယုံကြည်မျှော်ကိုးခဲတယ်။ သူ့ရဲ့ ဗိုလ်တထောင်သတင်းစာ ပွင့်ပွင့်လင်းလင်းပြောပါရစေ ကဏ္ဍကနေ မဆလရဲ့ ပေါ်လစီ အမှားတွေကို ဝေဖန်မှုတချို့ ပြုလုပ်ခဲ့တာရှိတယ်၊ ၁၉၇၄ မတ်လ ၂ ရက် နောက်ပိုင်း သမ္မတဦးနေဝင်း အဖြစ် မဆလ တစ်ပါတီ အရပ်သား အမည်ခံ အုပ်ချုပ်စဉ်မှာ သမ္မတ ပွဲတက် ဝတ်လဲတော်ပုဆိုး စရိတ်ကြီးနေပုံတွေကို ဆရာသိန်းဖေမြင့်က သူ့သတင်းစာကနေ သရော် ရေးသားခဲ့လို့ မဆလ အစိုးရရဲ့ မျက်မုန်းကျိုးခံရ၊ စာရေးခွင့် ပိတ်ပင်ခံရ၊ ဆုံးချိန်မှာ သတင်းဖော်ပြခွင့် ပိတ်ပင်ခံရတာတာတွေ ဖြစ်ခဲ့ပေမဲ့ (ဦး) သိန်းဖေမြင့်ရဲ့ ယေဘုယျ နိုင်ငံရေးပေါ်လစီကတော့ အာဏာသိမ်း ဗိုလ်ချုပ်နေဝင်းအစိုးရကို ထောက်ခံခဲ့တယ်၊ မဆလပါတီ တော်လှန်ရေးကောင်စီ အတိုင်အပင်ခံကောင်စီ ဒုဥက္ကဋ္ဌ ရာထူး (၁၉၇၀) လက်ခံခဲ့တယ်။

၁၉၆၂ ဇူလိုင် ၈ ရက် သမဂ္ဂ အဆောက်အအုံ ဗုံးခွဲခံရမှုလို မြင်သာတဲ့ မတရား အဓမ္မ အမှုမျိုးအပေါ် ဦးသိန်းဖေမြင့် အလွတ်သဘော ပြုခဲ့တဲ့ မှတ်ချက်စကားတချို့က အဲဒီခေတ် မြန်မာ့နိုင်ငံရေး ယိုယွင်းပျက်စီးမှုကို ဖော်ပြနေတယ်။ (စကားချပ် – ဆရာသိန်းဖေမြင့်ရဲ့ စာပေဂုဏ်ကျေးဇူးကို ဦးခိုက်ပေမယ့် သမိုင်းသုံးသပ်မှုမို့ ထည့်သွင်း ဆိုပါရစေ။)

ဦးသိန်းဖေမြင့်ဟာ ၁၉၆၂ ဇူလိုင် ကျောင်းသားလှုပ်ရှားမှု ဖြစ်ချိန်မှာ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ အနေနဲ့ စာနယ်ဇင်းအဖွဲ့နဲ့အတူ ပြည်ပခရီးစဉ်ထွက်နေတယ်။ ဇူလိုင် ၈ ရက်နေ့ သမဂ္ဂ ဗုံးခွဲခံရတဲ့ သတင်းကို မော်စကို မြန်မာသံအမတ်ကြီး အိမ်မှာ ရောက်နေစဉ် ဆရာသိန်းဖေမြင့် ကြားခဲ့တယ်ဆိုပြီး အတူရှိနေခဲ့သူ သတင်းစာဆရာဦးဝင်းတင် (အဲဒီအချိန်က ကြေးမုံ၊ နောင် ဟံသာဝတီ) က သူ နဝတ၊ နအဖ စစ်အစိုးရထောင်က လွတ်ချိန် (၂၀၀၈ စက်တင်ဘာ) နောက်ပိုင်း ပြုလုပ်ခဲ့တဲ့ လွတ်လပ်တဲ့အာရှအသံ ရေဒီယို ကိုယ်တိုင်ပြော ဘဝဇာတ်ကြောင်း စီးရီးတွဲတခုမှာ သမိုင်းကို ကျနော်တို့လူငယ်များ မြင်သိသုံးသပ်နိုင်အောင် ပုဂ္ဂိုလ်ရေးသဘောမပါ ထည့်ဆိုသွားခဲ့ဖူးပါတယ်။

ကျောင်းသားလှုပ်ရှားမှုနဲ့ ကွန်မြူနစ်ကို ပေးစားလိုတဲ့ နောက်ပိုင်း စစ်အစိုးရ အဆက်ဆက် လက်သုံးတော်စကားမျိုးကို ကျောင်းသားခေါင်းဆောင်ဟောင်း တော်လှန်နိုင်ငံရေးသမား ကွန်မြူနစ် ဦးသိန်းဖေမြင့်လို ပုဂ္ဂိုလ်ကြီးမျိုးက အစ အလားတူသဘော မှတ်ချက် အခုလို ပြုခဲ့ကြောင်း သိရတယ်။ “သမဂ္ဂမှာ ဘယ်လောက်များ ကွန်မြူနစ်တွေ ဝင်စီးနေပြီလဲမှ မသိတာ၊ တဖက် ဗိုလ်နေဝင်းတို့က ဗုံးခွဲပြီပေါ့ …” လို့ ဦးသိန်းဖေမြင့် ပြောခဲ့တယ်လို့ ဆိုတယ်။ အဲဒီ အလွတ်သဘော မိတ်ဆွေတွေစကားဝိုင်းမှာ ဗုံးခွဲမှုကို မကျေမနပ် ခံပြင်း ကန့်ကွက်စကားဆိုတာက ကိုလိုနီခေတ် လက်တွဲဖော် ကျောင်းသားခေါင်းဆောင်ဟောင်း (အဲဒီအချိန်) တော်လှန်ရေးကောင်စီ အစိုးရလက်အောက်ခံ သံအမတ် ဦးဖေခင်လို့ ဆိုတယ်။

ဆိုချင်တာက ၁၉၆၂ မြန်မာ့နိုင်ငံရေး ရေချိန်က အထက်မှာ ချပြခဲ့သလိုပါ။ အရင့်အမာကြီးတွေ ကိုယ်တိုင် ဆင်ကန်းတောတိုး ရန်သူမိတ်ဆွေ မကွဲ ဖြစ်နေခဲ့ပါတယ်။ ဒီလို နောက်ခံ အနေအထား ဆိုရှယ်လစ်ပုံဖျက် Camouflage နဲ့ သွတ်သွင်းနေတဲ့ စစ်ဝါဒ ကို အလွယ်တကူ လက်သင့်မခံ အာခံတာကတော့ ကျောင်းသားလူငယ်ပဲ ရှိပါတယ်။ ဟိုးအရင် ကိုလိုနီခေတ် အင်္ဂလိပ်ပေး အရိုးအရင်း ဒိုင်အာခီလွှွတ်တော်ကိုဝင် ပေါင်းတိုက်မယ် ကြုံးဝါးခဲ့တဲ့ ဝံသာနုခေတ် လူကြီးနိုင်ငံရေးသမားများ ငါးထောင်စားချိန်မှာ လုံးဝလွတ်လပ်ရေးလမ်းကို တသွေမတိမ်း မယိမ်းမယိုင် တစိုက်မတ်မတ် တောင်းဆို ခဲ့ကြတဲ့ သခင်ဘသောင်း (၁၉၀၂-၁၉၈၀) ဦးဆောင်တဲ့ ဒို့ဗမာအစည်းအရုံး မျိုးဆက် သခင်နု၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်အောင်ဆန်းတို့ရဲ့ နိုင်ငံရေး မျက်ခြည်မပြတ် အလှည့်စားမခံမှုကို ဂုဏ်အင်နဲ့ နိုင်ငံရေးအမြော်အမြင် အစဉ်အလာကို ၁၉၆၂ မျိုးဆက် ကျောင်းသားဟာ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ပြည်ထောင်စုပြိုကွယ်မယ် အကြောင်းပြ၊ ဖက်ဒရယ်ကို ဓားစာခံ ရန်လုပ် စစ်အာဏာသိမ်းမှုကို မတ်လ ၂ ရက်နေ့ကတည်းက တလျှောက်လုံး ဆန့်ကျင်ခဲ့ကြတယ်။

စစ်တပ် ပထမအကြိမ် အိမ်စောင့်အစိုးရ အဖြစ် စစ်အာဏာ စတင်မြည်းစမ်းချိန် (၁၉၅၈-၁၉၆၀) မှာ ၁၉၅၉ ဧပြီ ၃ ရက်နေ့ တကသ အဆောက်အအုံ စစ်တပ်ဝိုင်းခံရမှု အပါအဝင် စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြတဲ့၊ ကိုယ်တိုင်လည်း ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရ စစ်တပ်ရဲ့ ဖမ်းဆီး ကိုကိုးကျွန်းပို့ခံထိခဲ့သူ တကသ ဥက္ကဋ္ဌ (ဦး) ခင်မောင်အုန်း ဆိုရင် ၁၉၆၂ မတ်လ စစ်တပ် ဒုတိယအကြိမ် အာဏာသိမ်းမှု အပြီးမှာ ပြတ်သားတဲ့ ဦးဆောင်မှု မပြုနိုင်လို့ ကျောင်းသားထုက ဖြုတ်ချ တကသ ခေါင်းဆောင် (ဦး) ကိုသက်၊ ဗကသ ခေါင်းဆောင် (ဦး) ဗဆွေလေး တို့က ဦးဆောင်ကာ လူငယ်ကျောင်းသားသမိုင်းရဲ့ မရိုင်းတဲ့ သမိုင်းအမွေကို ဆက်ခံ ကျောင်းသားသမဂ္ဂအလံတော်အောက်မှာ ဦးခေါင်းမညွတ်တဲ့ ခွပ်ဒေါင်းစိတ်ဓာတ်ကို ရှင်သန်စေခဲ့တယ်။

မတ်လ ၂ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ကျောင်းသားအခွင့်အရေးကို ထိပါးလာမှု၊ တက္ကသိုလ်ရဲ့ လွတ်လွတ်လပ်လပ် Autonomous ရပ်တည်မှုကို ဖျက်ဆီးမှု၊ တက္ကသိုလ်ကောင်စီမှာ စစ်တပ်ကအရာရှိကြီးများ ဝင်ရောက်ခြယ်လှယ်ကြီးစိုးမှု၊ တက္ကသိုလ်ပါမောက္ခချုပ်ရာထူးကို ဗိုလ်ချုပ်နေဝင်းက သူ့ဆရာအရင်း ဆရာကြီး ဦးကာ (အိမ်စောင့်အစိုးရခေတ်ပညာရေး ဝန်ကြီး) ကို ခန့်အပ်မှု အစရှိတဲ့ ကျောင်းသားရေးရာ ဆက်စပ်ဖိနှိပ်မှု လိုသလို ကြိုးကိုင်မှုတွေကို ဗကသ၊ တကသနဲ့ ကျောင်းသားတပ်ဦး အဖွဲ့အစည်းများက မပြတ်ဆန့်ကျင်ခဲ့ကြတယ်။ ၆ ဇူလိုင်မှာ တော်လှန်ရေးကောင်စီက တက္ကသိုလ်ဆီးနိတ်အဖွဲ့နဲ့ အဆောင်ကော်မတီကို သူတို့စိတ်ကြိုက် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်။ ဒီလိုနဲ့ ဇူလိုင် ၇ ရက် ကျောင်းသားလှုပ်ရှားမှုကြီး ပေါ်လာခဲ့တယ်၊ စစ်တပ်က ပစ်သတ်နှိမ်နှင်းဖြိုခွဲခဲ့တယ်။ ဇူလိုင် ၈ ရက် မနက်မှာ အင်္ဂလိပ်ခေတ်တုန်းက သူဌေးကြီး ဦးညို လှူဒါန်းခဲ့တဲ့ လွတ်လပ်ရေးမော်ကွန်းသမိုင်းဝင် တကသ သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲခဲ့တယ်။ ကျောင်းသားတွေရာချီ သေဆုံးသူ သေဆုံး၊ အဖမ်းခံသူ ခံခဲ့ရတယ်။ တကသ ဗုံးခွဲမှုအတွက် နောက်ပိုင်းမှာ အာဏာသိမ်းကောင်စီ ခေါင်းဆောင်များဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်ချုပ်အောင်ကြီး တယောက်အပေါ် တယောက် အပြစ်ပုံချခဲ့ကြပြီး နှစ်ယောက်လုံး သေချိန်အထိ အပြစ်မဝင်ခံခဲ့ကြပါဘူး။

ဒါပေမယ့် 7th July ကျောင်းသားလှုပ်ရှားမှုကြီးကတော့ စစ်အာဏာရှင်စနစ်ရဲ့ သရုပ်မှန် မျက်နှာဖုံးကို သွေးနဲ့ရင်း ခွာချနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇၊ ၂၀၁၄၊ ၂၀၁၅ ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရပ်တည်ချက်မှန်ကြတဲ့ ကျောင်းသားရဲ့နိုင်ငံရေးအမွေကောင်း စိတ်ဓာတ်ကိုလည်း မျိုးဆက်သစ်ကျောင်းသားလူငယ်တွေအတွက် သမိုင်းလက်ဆင့်ကမ်းပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ဂုဏ်ပြုအပ်တဲ့ 7th July ရဲ့ အနှစ်သာရပါပဲ။

ဒါ့အပြင် ဒီ 7th July သမိုင်းရဲ့ မြန်မာ့နိုင်ငံရေး အပေါ် ရိုက်ခတ်မှုတခုကတော့ အုပ်စိုးသူ၊ ကျူးလွန်သူ၊ ဖိနှိပ်သူ စစ်ခေါင်းဆောင်တွေရဲ့ အတွေးအမြင်၊ ခံယူချက်၊ သဘောထား Mindset ကိုလည်း ဖော်ညွှန်းနိုင်ခြင်းပါပဲ။ သမဂ္ဂကို ဗုံးခွဲအပြီးမှာ ဗိုလ်ချုပ်နေဝင်းက ရေဒီယိုကနေ တိုင်းပြည်ကို မိန့်ခွန်းပြောတော့ ဒေါသတကြီးနဲ့ စိန်ခေါ်ခဲ့ပါတယ်။ အပ်တိုတချောင်း မကိုင်ထားတဲ့ ကလောင်ကိုင်ဆွဲ အကြမ်းမဖက်တဲ့ ခေတ်ပညာတတ် ကျောင်းသားအင်အားစုကို အဖျက်သမားတွေ အဖြစ် စွပ်စွဲ ပုတ်ခတ် “ဓား ဓားချင်း၊ လှံ လှံချင်း” အမြစ်ပြတ် ချေမှုန်းမယ်ဆိုတဲ့ နာမည်ကျော် အမုန်းစကားတွေ ဆိုခဲ့ပါတယ်။ ဒါဟာ နောက်ပိုင်းတလျှောက်လုံး ကျောင်းသားကို သူပုန်လို့ မြင် နှိပ်ကွပ်၊ ပညာရေးစနစ်နဲ့ တက္ကသိုလ်ရပ်ဝန်းကို စနစ်တကျ ဖိနှိပ်ဖျက်ဆီးခဲ့တဲ့ ဗိုလ်ချုပ်နေဝင်း အမွေခံ စစ်အစိုးရ အဆက်ဆက်ရဲ့ စိတ်ဓာတ်၊ အကျင့်နဲ့ လမ်းစဉ် မြစ်ဖျားခံ မွေးဖွားခဲ့ရာပါပဲ။ တိုင်းပြည် ပညာရေးနိမ့်ကျ၊ နိုင်ငံတကာမှာ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ ကဏ္ဍစုံ ဓားမနောက်ပိတ်ခွေး ဖြစ်ခဲ့ရတဲ့ ရင်းခံ အကြောင်းလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းဟာ ၁၉၆၂ ဇူလိုင် စစ်ဦးမှာ ဘီလူးကြိမ်း ကြိမ်းခဲ့သလို ၁၉၈၈ မဆလ စစ်တပ် တစ်ပါတီ နေဝင်ချိန်မှာလည်း ‘စစ်တပ်ဆိုတာ မိုးပေါ်ကို ထောင်မပစ်ဘူး၊ မှန်အောင် ပစ်တယ်၊’ ဆိုပြီး ကန့်လန့်ကာနောက်ကွယ် အသာလျှိုး ချိန်မှာလည်း အထွက်ကြိမ်း ကြိမ်းသွားခဲ့ပါတယ်။ ဒါဟာ ပြည်သူ့အားမတန် မဖြစ်သာလို့ နောက်ဆုတ်ရပေမယ့် မာန်မလျှော့ဘူး၊ အမှားဝန်မခံဘူး ဆိုတာကို ပြသခဲ့သလို၊ ကနဦးက ကြုံးဝါးခဲ့တဲ့ စိတ်ဓာတ်လမ်းစဉ်ဖြစ်တဲ့ “ဓား ဓားချင်း၊ လှံ လှံချင်း” အကျင့် မပျောက်ဘူးဆိုတာကိုလည်း ပြပါတယ်။ ဒါကို ဗိုလ်ချုပ်နေဝင်းရဲ့ သားမြေးတပည့်များဖြစ်တဲ့ လက်ရှိ စစ်ခေါင်းဆောင်အားလုံးက ဆက်ခံပါတယ်။ အကောင်းဆုံး သာဓကကတော့ စစ်ဝါဒကြီးစိုးရေး ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တင်းခံငြင်းဆန် စစ်တပ်ဗီတိုအာဏာကို ဆက်လက်ဆုပ်ကိုင်နေတဲ့ စစ်ဗိုလ်ချုပ်အငြိမ်းစားများနဲ့ လက်ရှိ စစ်တပ်ကိုယ်စားလှယ်များ ကြီးစိုးရာ လွှတ်တော်နိုင်ငံရေးက သက်သေပါပဲ။

လက်နက်မဲ့ ရဟန်း ရှင်လူ ကျောင်းသား ပြည်သူလူထု အပေါ် ရန်သူသဖွယ် “ဓား ဓားချင်း၊ လှံ လှံချင်း” ကျင့်လိုသူများဟာ သူတို့ အာဏာစွန့်ခွာချိန် လုံခြုံရေး၊ အကျိုးစီးပွားကာကွယ်ရေးအတွက် အင်မတန် စိုးရိမ်တတ်တာ လက်တွေ့ မြင်သိနိုင်ပါတယ်။ ၁၉၈၈ က ထပ်မံကတိပေးတဲ့ စစ်တန်းလျားကို ပြန်ပါ့မယ် ဆိုတဲ့ ကတိ မတည်ခဲ့တာ၊ ၂၀၁၀ ရွေးကောက်ပွဲအပြီးနဲ့ အရပ်သားအမည်ခံ စစ်တပိုင်း အစိုးရသစ် လက်ထက်မှာ ပေါင်းတိုက်ရေး ချောတိုင်တက်သမားများ အကောင်းမြင်ဆိုလေ့ရှိတဲ့ တပ်မတော်နဲ့ ခေါင်းဆောင်ကြီးများက သိက္ခာရှိရှိ နောက်ဆုတ်ပေးနေပြီ ‘Graceful Retreat, Graciously Retired’ စကားလှများ မမှန်ခဲ့တာ အားလုံးရဲ့ အခြေခံအကြောင်း၊ လားရာ Mindset က ၁၉၆၂ ဇူလိုင်မှာ ဗိုလ်ချုပ်နေဝင်း ဆိုခဲ့တဲ့ “ဓား ဓားချင်း၊ လှံ လှံချင်း” ခံယူချက်အမြင်ကြောင့်ပါပဲ။

ရဟန်း ပြည်သူ ကျောင်းသားလူထု အပေါ် နှစ်ငါးဆယ်ကျော် သွေးစွန်းစေခဲ့သူ စစ်ဗိုလ်ချုပ်များဟာ အာဏာလက်လွှတ်ချိန်မှာ သူတို့ လက်နက်မဲ့လူထုအပေါ် တဖက်စောင်းနင်း ကိုင်ဆွဲလာခဲ့တဲ့ ‘ဓား ဓားချင်း၊ လှံ လှံချင်း — Fight Sword With Sword And Spear With Spear’ စိတ်ဓာတ်အတိုင်း ‘An Eye For An Eye And A Tooth For A Tooth မျက်လုံးအတွက် မျက်လုံး’ လက်တုံ့ပြန် လက်စားချေ လူထုရဲ့ ဒဏ်ခတ် အပြစ်ပေးခြင်းခံရလေမလားကို သူတို့ အင်မတန်စိုးရွံ့ထိတ်လန့်နေကြပါတယ်။ ဒါကြောင့်လည်း အခုအချိန်ထိ အလုံးစုံ ယုံကြည်မှု မတည်ဆောက်ချင်၊ ပြည်သူနဲ့ ရင်ကြားမစေ့လို အာဏာကို အမျိုးမျိုး ဆွဲဆန့်နေကြတာပါ။

ဒါကြောင့် အချုပ်ဆိုရရင် 7th July ကတည်းက စစ်ခေါင်းဆောင်များ ကိုင်ဆွဲလာခဲ့တဲ့ ဓားကိုဓားချင်း၊ လှံကိုလှံချင်း လက်ကိုင်တရားကို အခုအချိန်မှာ အလုံးစုံ စွန့်ခွာနိင်ဖို့ လိုပါတယ်၊ လက်နက်မဲ့ပြည်သူမှာ ရန်သတ္တရုပြု တန်ပြန်လိုခြင်းမရှိ၊ သင်ပုန်းချေရေး၊ ပြန်လည်သင့်မြတ်ရေး၊ ရှေ့ဆက် ဒီမိုကရေစီ နိုင်ငံတော်သစ် အစစ်အမှန်တည်ဆောက်ရေးသာ လိုလားတယ်ဆိုတာကို တပ်မတော်ခေါင်းဆောင် အဟောင်း၊ အသစ်များ အမြန်ဆုံး နားလည်လက်ခံ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေး အာဏာကို အမှန်တကယ်လက်လွှတ်မှသာ တိုင်းပြည် အနာဂတ်အတွက် အကောင်းမျှော်လင့်စရာ ရှိလာမှာ ဖြစ်ကြောင်း 7th July ကို အခြေခံ သမိုင်းဖြစ်ရပ်၊ တန်ဖိုးနဲ့ သင်ခန်းစာ ဆင်ခြင်နိုင်စေဖို့ ဆွေးနွေးတင်ပြလိုက်ကြောင်းပါ။

(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်းများတွင် မျက်မှောက်ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် [email protected] သို့ စာရေးနိုင်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading