ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ထင်ရှားသော မြို့နယ်တခု၏ လမ်းဆုံတွင် ကုန်တိုက် ကြီးတခုနှင့် ကုန်တိုက် ၏ တဖက်တချက်စီတွင် တိုက်ခန်းပေါင်း ၁၀ဝ ခန့်ရှိသော အဆင့်မြင့်တိုက်ခန်းရှည်ကြီး ၂ ခု ယနေ့ တည်ရှိနေပါ ၏။ ယင်းနေရာသည် မဆလ ခေတ်က ထပ်ခိုးပါတထပ်ဆိုင်ခန်းများသာရှိခဲ့ပြီး မြေပိုင်ရှင်မိသားစုမှာ လမ်းထောင့် မျက်နှာစာ ၂ ဖက်ကို မျက်နှာပြုဖွင့်လှစ်ထားသော ဆိုင်ခန်းများ အနောက်ဘက် မြေကွက် လပ်တွင် ၂ ထပ်တိုက်ကြီးနှင့် အေးဆေးစွာနေထိုင်ပြီး ဆိုင်ခန်းလခများဖြင့် မဆလ ခေတ်တွင် ထိုင်စားနေသူ များဖြစ်ကြသည်။
၁၉၈၉/၉၀ ခုနှစ်ခန့်၌ နဝတအဖွဲ့ အတွင်းရေးမှူး ၁ က နိုင်ငံတော်၏ ဥပစာဖြစ်ရမည့်နေရာတွင် တထပ်ဆိုင် တန်းများ ဖြစ်နေသည်ကိုဥပဓိရုပ်ကောင်းသည့် အဆောက်အအုံဖြစ်အောင် လုပ်ဆောင်ရန် ညွှန်ကြားသဖြင့် နယ်မြေခံ စစ်ဒေသမှူးနှင့် နာမည် ကြီး ကန်ထရိုက်တာတို့ ပူးပေါင်း၍ မြေရှင်မောင်နှမအား အဆင့်မြင့် တိုက်ဆောက်ပေးမည် ပြောကြားရာ မြေရှင်မောင်နှမကလည်း သဘောတူချက်ပေး၍ သူတို့နေသော ၂ ထပ် တိုက်ကြီးကိုပါ ဖျက်ပေးခဲ့၏။ ဤသို့ဖြင့် ထိုနေရာတွင် အဆင့်မြင့်တိုက်တန်းကြီးများ ဆောက်လုပ်နိုင်ခဲ့ပါသည်။
တိုက်ခန်းပေါင်း ၁၀ဝ နီးပါး ဆောက်လုပ်ပြီး သောအခါ မိမိတို့ ၂ ထပ် တိုက်ကြီးကို ဖျက်ပေးခဲ့ သော မြေပိုင်ရှင် မောင်နှမမှာ ဟောင်ကောင်ပုံစံ ထပ်ခိုးပါ တိုက်ခန်း ၂ စုံသာရခဲ့သည်။ မိမိတို့ မြေပေါ်ရှိ ကျန်သည့် တိုက်ခန်း အားလုံး ကန်ထရိုက်နှင့် နဝတခေတ် အာဏာပိုင် အစဉ်အဆက်တို့ အချိုးကျ တဝက်စီ ထုခွဲ ရယူ လွှဲပြောင်း အကျိုးခံစားနေသည်မှာ ယနေ့တိုင်ဖြစ်ပါ၏။ မြေပိုင်ရှင်မောင်နှမမှာ မြေ ငှားခလည်း မရ၊ အိမ်လခလည်း မရ၊ မည်သူထံတွင် မိမိတို့ရသင့်သည့် အခွင့်အရေး မည်ကဲ့သို့ တောင်းခံရမည်မသိ လမ်းစပျောက်နေ၏။
တိုက်တန်းရှည် ၂ ခု၏ အလယ်တွင် အစိုးရ ဝန်ကြီးဌာနတခုမှ ကုန်တိုက်ကြီး ဆောက်ထားရာ အဆိုပါ ကုန်တိုက်ကြီးနှင့် ကုန်တိုက်ပေါ်ရှိ ဆိုင်ခန်းများနှင့် ပတ်သက်၍လည်း မြေပိုင်ရှင်မောင်နှမမှာ ဘာအကျိုးမျှ ခံစားခွင့်မရှိ၊ ထိုင်ကြည့်နေရ၏။ မြေ ပိုင်ရှင်မောင်နှမ မူလနေထိုင်ခဲ့သော ၂ ထပ်တိုက် နေရာမှာ အဆင့်မြင့် တိုက်တန်းကြီး ၂ ခုနှင့် ကုန်တိုက်နောက်ဘက်၌ ကွက်လပ်အဖြစ် ကျန်ရှိ နေခဲ့ပါသည်။ အဆိုပါ ကွက်လပ်ကို တိုက်တန်းရှည်၌ နေသော နဝတခေတ် အာဏာပိုင် ဝန်ထမ်းမိသားစု များက ၎င်းတို့၏ ကားထားရာဂိုဒေါင် အဖြစ် အခမဲ့ အသုံးပြုလိုက်ကြပါသည်။
သမ္မတ ဦးသိန်းစိန်အစိုးရ တတ်လာပြီးနောက် ကုန်တိုက်ကြီးကို ဝန်ကြီးဌာနတခုက တာဝန်ယူ၍ ခရိုနီ တယောက်ကို လွှဲပြောင်းရောင်းချလိုက်သည်။ ကုန်တိုက်အတွက် ကားအဝင်အထွက် ပြုလုပ်ရန် မြေနေရာ လိုအပ်လာသောအခါ အဆင့်မြင့်တိုက်မှ နဝတခေတ်အာဏာပိုင်ဝန်ထမ်းများ၏ ဂိုဒေါင် နေရာကို ကုန်တိုက်ဝယ်သူ ခရိုနီက အလိုရှိသဖြင့် ကုန်တိုက်ရောင်းချသူ ဝန်ကြီးဌာနက ကားဂိုဒေါင် နေရာမှာ မူလက မိမိတို့ဝန်ကြီးဌာနက ပိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ဂိုဒေါင်အသုံးပြုနေသူများ ဖယ်ရှားပေး ရန် ခရိုနီအတွက် ဖိအားပေး တောင်းဆိုမှုပြုခဲ့ပါသည်။
မြို့နယ်အဆင့် အာဏာပိုင် ရှေ့မှောက်တွင် ဝန်ကြီးဌာန တာဝန်ရှိသူ အိုးအိမ်ဦးစီးဌာန ရုံးအမှတ်တံဆိပ် မြေတိုင်း ဌာနဝန်ထမ်း လက်မှတ်များနှင့် မြေပုံ/မြေရာဇဝင် မှတ်တမ်းများ၊ မြေသိမ်းအမိန့်များ ရည်ညွှန်းဖော်ပြပါ ရှိသည့် စာရွက်စာတမ်းများကို အဆင့်မြင့်တိုက်မှ ကားဂိုဒေါင်ပိုင်ရှင်များအား ထုတ်ဖော်ပြသခဲ့ပါသည်။ ယင်း စာရွက်ဓာတ်ပုံ မိတ္တူကိုပါ ဂိုဒေါင်ပိုင်ရှင်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင် ဝန်ကြီးဌာန၏ တိုင်းဦးစီးမှူး အဆင့်ရှိသူက ခိုင်မာသော မြေသိမ်းအထောက် အထားအဖြစ် ရဲရဲဝံ့ဝံ့ ပြောဆို ပေးအပ်ပါခဲ့၏။
အဆိုပါ မြေယာ ဇာတ်ရှုပ်တွင် မူလမြေပိုင်ရှင် မောင်နှမနှစ်ဦး ငှားရမ်းသော ဥပဒေပညာရှင် ရှေ့နေက တိုက်ခန်းနေသူများနှင့် ကုန်တိုက်ဆိုင်ခန်းပိုင်ရှင်များထံမှ ငှားရမ်းခရရှိရေး တရားစွဲဆိုရာတွင် လိုအပ်သော ဥပဒေအကြံဉာဏ်နှင့် အဆိုပါအမှု အပေါ် စာရေးသူ၏အမြင်ကို သိလိုသဖြင့် ဆွေးနွေး ဖြစ်ခဲ့ပါသည်။ ဤသို့ဖြင့် အဆိုပါရှေ့နေထံမှ မြေ သိမ်းအထောက်အထား မြေပုံ/မြေရာဇဝင် ဓာတ်ပုံ မိတ္တူကို စာရေးသူ ကြည့်ရှုစစ်ဆေး ခွင့် ရခဲ့ပါသည်။ မြေသိမ်းအမိန့်မှာ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၉-၃-၉၀ နေ့စွဲပါ အမိန့်စာ အမှတ်-၁၁၅/၉၀ ဟု သိရှိခဲ့ပါသည်။
စာရေးသူ စိတ်ဝင်စားသည်မှာ နဝတ၊ နအဖ ခေတ် မြေသိမ်း အမိန့်များမှစ၍ ဦးသိန်းစိန် သမ္မတ ဖြစ်လာသော မျက်မှောက်ကာလ မြေသိမ်းအမိန့်များ သည် တည်ဆဲဥပဒေနှင့် ညီမညီကို အထူးသိလို လှပါသည်။ သို့ဖြစ်၍ အိုးအိမ်ဦးစီးဌာန ထုတ်ပေး ထားသော ရန်ကုန်မြောက်ပိုင်းခရိုင်ထဲမှ လူစည်ကားရာ လမ်းဆုံလမ်းခွနှင့် ပတ်သက်သော မြေပုံ/ မြေ ရာဇဝင်ပါ မြေသိမ်းအမိန့်အမှတ်နှင့် နေ့စွဲတို့ကို စာရေးသူက နိုင်ငံတော် ပြန်တမ်းတွင် တိုက်ဆိုင် စစ်ဆေးခဲ့ပါသည်။ စာပေဗိမာန် စာကြည့်တိုက် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် နိုင်ငံတော် မော်ကွန်းတိုက်သို့ပါ သွားရောက်စစ်ဆေးခဲ့ပါသည်။
အဆိုပါ ပြည်ထဲရေးဝန်ကြီးဌာန မြေသိမ်းအမိန့် အမှတ်-၁၁၅/၉၀ မှာ ကရင်ပြည်နယ် ဘားအံမြို့ အမှတ် ၄ ရပ်ကွက်ထဲမှ စသုံးလုံးဌာနအတွက် မြေ သိမ်းအမိန့် အမှတ်ဖြစ်နေသည့်ကို အံ့ဩဖွယ် တွေ့ ရပါ၏။ မြေသိမ်း နေ့စွဲမှာ လွဲနေပါ၏။ သို့ဖြစ်၍ အဆိုပါ ရန်ကုန်မြောက်ပိုင်းခရိုင်ထဲက လူစည်ကားရာ အရပ်၏ မြေသိမ်းနေ့စွဲ ၂၉-၃-၉၀ ကို အမှန် ယူ၍ ထိုနေ့စွဲဖြင့် နိုင်ငံတော်က မြေသိမ်းမှုရှိမရှိထပ်မံ ရှာဖွေ စစ်ဆေးပြန်သောအခါ အဆိုပါ နေ့ရက်တွင် အစိုးရ တရားဝင် မြေသိမ်းအမိန့် ထုတ်ပြန်ခဲ့မှုရှိသော မြေမှာ မြောက်ပိုင်းခရိုင်ထဲမှ လူနေပါးသော မှော်ဘီ မြို့နယ်ဆပ်သွားတောအရပ်က ကြည်းတပ်ဗိုလ်သင် တန်းကျောင်းအတွက်သိမ်းသော မြေကွက်ဖြစ်နေ၏။
စာရေးသူ လက်ထဲရောက်နေသော အိုးအိမ် ဦးစီးဌာနမှ မြေပုံ/မြေရာဇဝင် မှတ်တမ်းသည် ရန်ကုန်မြို့တော် ထဲက လူစည်ကားရာ အရပ်၏ မြေကွက်နှင့် ပတ်သက်၍ ဝန်ကြီးဌာနတိုင်းဦးစီးမှူး အဆင့် တာဝန်ရှိသူက မြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူး ရှေ့မှောက်တွင် ရဲဝံ့စွာ ထုတ်ပေးခဲ့သော အထောက်အထားဖြစ်ပါ၏။ သို့သော် နိုင်ငံတော် ပြန်တမ်းပါ အထောက်အထားများနှင့် ကွဲပြားခြား နားနေသည်ကို စာရေးသူ စုံစမ်း ဖော်ထုတ် တွေ့ရှိရ ပါသည်။
တနေရာရာတွင် အမှားကြီးမှားနေသည်က သေချာ၏။ ထို့ကြောင့် ရင်းနှီးသော မိတ်ဆွေသတင်း ထောက် တဦး စာရေးသူလက်ဝယ်ရှိ မြေသိမ်းမှုနှင့် ပတ်သက်သည့် မြေပုံ/မြေရာဇဝင်များ ထွက်ရှိရာ အိုးအိမ်ဦးစီးဌာန (ရန်ကုန်) သို့သွားရောက်ပြီး အဆိုပါ အထောက်အထားများကို လက်ရေး လက်မှတ်ထိုး ထုတ်ပေးသူ မြေတိုင်း ဝန်ထမ်းများ သည် အမှန်တကယ် ဟုတ်မဟုတ် စုံစမ်းပေးပါရန် အကူအညီ တောင်းခံခဲ့ပါသည်။
မိတ်ဆွေသတင်းထောက် အိုးအိမ်ဦးစီးဌာနသို့ သွားရောက်စုံစမ်းသောအခါ သူတွေ့ခဲ့ရသော နောက်ဆုံး ပုဂ္ဂိုလ် တဦးက “ခင်ဗျား အခုမြန်မာနိုင်ငံ ဟာ ဒီမိုကရေစီ အပြည့်အဝရပြီလို့ ထင်နေသလား၊ ဒီမိုကရေစီ အပြည့်အဝ ရတဲ့အချိန်ဆိုလျှင် ခင်ဗျား မေးတာတွေကို အကုန်ဖြေပါ့မယ်၊ အခုအခြေအနေ မှာတော့ ခင်ဗျားမေးတာတွေကို အကုန်မဖြေရဲဘူး၊ ဒီလောက်နဲ့ ကျေနပ်ပါတော့၊ ပြန်ပါတော့” ဆိုပြီး နှင်လွှတ်ခံခဲ့ရပါသည်။
မြန်မာနိုင်ငံတွင် ၁၈၉၄ ခုနှစ်မှစ၍ ယနေ့တိုင် နိုင်ငံတော်အစိုးရများက တိုင်းကျိုးပြည်ကျိုး အဖြစ်သော်၎င်း၊ မြေများကို သိမ်းယူရာတွင် ၁၈၉၄ ခုနှစ်၊ အက်ဥပဒေနံပတ်-၁၊ မြေသိမ်း အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သိမ်းယူရန် ဥပဒေ ပြဋ္ဌာန်းပြီး ဖြစ်ပါသည်။ မြေသိမ်းဥပဒေအခန်း ၂ တွင် မြေသိမ်းမှုကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ကြောင်း ထင်ရှားစေရန် အစိုးရဂေဇက်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာ ထည့်သွင်းဖော်ပြရမည်ဟု အတိ အကျပြဋ္ဌာန်းထားပါသည်။
ကုမ္ပဏီအစုစပ်အသင်းများ (အစိုးရဝန်ကြီး ဌာန၊ ရုံးဌာနများ)အတွက် အစိုးရက မြေယာ သိမ်းယူလွှဲအပ်ရာ တွင် သက်ဆိုင်ရာ အစုအစပ်အသင်း အဖွဲ့လုပ်ငန်းအကျိုး ဆောင်ရွက်ရန်အတွက်သာ လွှဲအပ်ခြင်းဖြစ်၍ အဆိုပါ အစုစပ် အသင်းအဖွဲ့ လုပ်ငန်းဆောင်ရွက်ခြင်း မရှိတော့လျှင် အစိုးရထံ သက်ဆိုင်ရာမြေယာကို ပြန်လည်လွှဲအပ်ရမည်ဟု စည်းကမ်းချက်ထား၍သာ မြေယာများကို အစိုးရက ဆိုင်ရာကုမ္ပဏီအစုစပ် အသင်းအဖွဲ့များ (အစိုးရ ဝန်ကြီးဌာန ရုံးဌာနများ) သို့ လွှဲအပ်ရကြောင်း ၁၉၁၁ ခုနှစ် မြန်မာနိုင်ငံတော် မြေခွန်အမိန့်ဆင့် ဆိုချက်များတွင် လမ်းညွှန်ထားပါသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြေခံမူများအခန်း (၁) ပုဒ်မ ၃၇ (က) တွင် နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားသည်နှင့် အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်းလုပ် ကိုင်ခြင်း မရှိတော့သော မြေယာများကို နိုင်ငံတော် သို့ ပြန်လည်အပ်နှံရသည့် လုပ်ထုံးလုပ်နည်းသည် အင်္ဂလိပ် ကိုလိုနီခေတ်မှ ယနေ့ ဦးသိန်းစိန်အစိုးရ လက်ထက်တိုင် တရားဝင် ပြဋ္ဌာန်းလက်ခံထားသည့် လုပ်ထုံးလုပ်နည်း ဖြစ်ပါသည်။
အစိုးရအဖွဲ့အစည်း တခုခုမှအလိုရှိ၍ တောင်း ခံလာသော မြေယာကို အထက်အောက် မြန်မာပြည် မြေနှင့် အခွန်ဆင့်ဆိုချက် အပိုဒ်-၃၃၂ အရမြေယာကို လွှဲပြောင်းရပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် (ကြည်း တပ်) အတွက်အလိုရှိ၍တောင်းခံလာသော မြေယာကို အထက်အောက်မြန်မာပြည် မြေနှင့်အခွန်အဆင့် ဆိုချက်အပိုဒ်-၃၃၃ အရ မြေယာကို လွှဲပြောင်းရပါသည်။
ထိုနည်းတူ တပ်မတော် (လေတပ်) အတွက် လည်းကောင်း၊ မြို့ပြလေကြောင်းဆက်သွယ်ရေးအတွက် လည်းကောင်း၊ အလိုရှိ၍တောင်းခံလာသော မြေယာကို အထက် /အောက်မြန်မာပြည်မြေနှင့် အခွန်ဆင့်ဆိုချက် အပိုဒ်-၃၃၄ မြေယာကိုလွှဲ ပြောင်းရပါသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနအတွက် အလိုရှိ၍ တောင်းခံလာသောမြေယာကို အထက်/ အောက် မြန်မာပြည် မြေနှင့်အခွန်ဆင့် ဆိုချက်အပိုဒ် -၃၃၆ အရ မြေယာကို လွှဲပြောင်းရပါသည်။ ယင်းအချက် ကို မြန်မာနိုင်ငံ ပြန်တမ်းနှင့် တိုက်ဆိုင်လေ့လာလျှင် တွေ့ရှိနိုင်ပါသည်။
အထက်ပါအတိုင်း အစိုးရဌာနဆိုင်ရာများမှ အသုံးပြုရန် မြေလိုအပ်၍ နိုင်ငံတော်ထံတောင်းခံ လာသော မြေယာများကို နိုင်ငံတော်က သက်ဆိုင်ရာ ဝန်ကြီးဌာန လုပ်ငန်း လုပ်ကိုင်ရန်အတွက်သာ စည်းကမ်းသတ်မှတ် ၍ ဝန်ကြီး ဌာနအမည်ပေါက်အဖြစ် လွှဲပေးခြင်း ဖြစ်သည်။
ဝန်ကြီးဌာန၏ မူလလုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့်အခါ အဆိုပါမြေကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံရသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း ကောင်း၊ အစဉ်အဆက် တည်ဆဲဥပဒေလုပ်ထုံးလုပ် နည်းနှင့်လည်းကောင်း ညီညွတ်သော နိုင်ငံတော်၏ မြေယာကျင့်စဉ် ဖြစ်ပါသည်။
စာရေးသူ အထက်တွင်ဖော်ပြခဲ့သော မှော်ဘီ မြို့နယ်ဆပ်သွားတော ကျေးရွာအုပ်စုမှ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းအတွက် နိုင်ငံတော် ပြန်တမ်းပါ မြေသိမ်းအမိန့်အောက်ဆုံးစာပိုဒ်ကို သေချာကြည့်ရှုစေ လိုပါသည်။
“အခမဲ့လွှဲပြောင်းပေးသောမြေကို ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်” ဟု မှတ်ချက် ပါရှိသည်ကို သတိပြုပါ။ အလားတူ စာရေးသူဖော်ပြခဲ့သော ကရင်ပြည် နယ်၊ ဘားအံ့မြို့ အမှတ် ၄ ရပ်ကွက်ရှိမြေအား အထူးစုံစမ်းစစ်ဆေးရေး ဦးစီး ဌာနသို့ လွှဲပြောင်းအပ်နှံရမည်” ဟူသော မှတ်ချက်ပါရှိသည်ကို စာဖတ်သူများ သတိပြုစေလိုပါသည်။
ဤနေရာတွင် နိုင်ငံတော် မြေယာစီမံခန့်ခွဲမှု လုပ်ငန်းနှင့် တိုက်ရိုက်သက်ဆိုင်နေသော အိုးအိမ် ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့အကြား ဒေါပုံမြို့နယ်၊ မြေတိုင်းရပ်ကွက် (၆-အေ)၊ ၄၃၁ (ဒေါပုံအကွက်) ခန့်မှန်းဧရိယာ (၄.၉၉၆) ဧကကို ၁၅-၆-၁၉၉၀ ထုတ် နိုင်ငံတော် ပြန်တမ်း စာ-၄၁၇ တွင် ဖော်ပြပါရှိသော စည်းကမ်း ချက်များဖြင့် မြေယာလွှဲပြောင်းပုံကို ဗဟုသုတအဖြစ် လေ့လာနိုင်ရန် တင်ပြလိုပါ သည်။
ဒေါပုံမြို့နယ်ရှိ အိုးအိမ်ဦးစီးဌာန အမည်ပေါက် မြေအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြမြေယာလုပ်ငန်းအတွက် လိုအပ်သဖြင့် စည်ပင်သို့ မြေလွှဲရာတွင် အောက်ပါအတိုင်း စည်းကမ်းချက် သတ်မှတ်ပြီးမှ လွှဲအပ်ခဲ့ပါသည်။ စည်းကမ်းချက်များမှာ-
(က) ဖော်ပြပါမြေကို ပြည်သူအကျိုးအတွက်၊ စည်ပင်သာယာ လုပ်ငန်းများအတွက်သာ အသုံးပြုရန်နှင့် အခြားနည်းဖြင့် အသုံးမပြုရ။
(ခ) မြေကို စည်ပင်သာယာလုပ်ငန်းများ အသုံးပြုရန် မလိုသည့်အခါ ထိုမြေကို ဤဦးစီးဌာန သို့ ပြန်လည် အပ်နှင်းရန် အစိုးရက ပြန်လည်သိမ်းယူ ရမည်။
(ဂ) မြေကိုအသုံးပြုရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဤဦးစီးဌာနသို့ အယူအဆ သဘော ကွဲလွဲမှုရှိသည့်အခါ ယင်းကိစ္စကို အစိုးရသို့တင်ပြ၍ အဆုံးအဖြတ်ခံ ယူရမည်ဟု မြန်မာနိုင်ငံ ပြန်တမ်းတွင် ပါရှိပါသည်။
စာရေးသူ အထက်ပါ အကြောင်းများကို အကျယ်တဝင့် ရေးသားဖော်ပြရသည့် ရည်ရွယ်ချက်မှာ စာဖတ်သူများ အနေဖြင့် အစိုးရ ဝန်ကြီးဌာနပိုင် မြေယာများ၏ ပိုင်ဆိုင်ခွင့်အထောက်အထား အခြေအနေမှန်ကို ဆန်းစစ်သိရှိ စေလို၍ဖြစ်ပါသည်။
ဥပမာ- စည်ပင်သာယာသည် စည်ပင်သာယာ အလုပ်ကို လုပ်ခြင်း ဟုတ်မဟုတ် အိုးအိမ်ဦးစီးဌာနက စောင့်ကြည့် ဆန်းစစ်နေသလို စာရေးသူတို့ ပြည်သူများကလည်း စောင့်ကြည့်ဆန်းစစ်ရန် လိုပါ သည်။
စည်ပင်သာယာအမည်ပေါက် မြေပေါ်တွင်ပင် စည်ပင်သာယာအဖွဲ့ ထင်သလိုစီမံခန့်ခွဲခွင့် မရှိ သည်ကို အထက်ပါစည်းကမ်းချက် ၃ ရပ်ကို စံထား ၍ စာရေးသူတို့ ပြည်သူများ သဘောပေါက်ရန် လိုပါသည်။ သို့ဆိုလျှင် –
တောင်ဥက္ကလာပမြို့နယ်ရှိ အများပြည်သူဆိုင်ရာ အားကစားကွင်းမြေ အချို့အား ပုဂ္ဂလိကသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လွှဲပြောင်းပေးပိုင် ရှိ/မရှိ။
အင်းလျားမြကျွန်းသာ ပန်းဥယျာဉ်နှင့် အား ကစားကွင်း လူထုအပန်းဖြေနေရာတွင် ကုန်တိုက် ဆောက်ခွင့် ပြုမည်ဆိုပါက စည်ပင်သာယာ စီမံခန့်ခွဲ လုပ်ပိုင်ခွင့် နယ်ကျော်/မကျော်။
အုပ်ချုပ်ရေးမြို့တော်သို့ ရန်ကုန်မြို့မှ နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း နိုင်ငံတော် ဝန်ကြီးဌာန များစွာ၏ ရုံးအဆောက်အအုံနှင့် မြေ နေရာများ ရန်ကုန်တွင် လစ်ဟာသွားခဲ့သည်ဖြစ်ရာ အဆိုပါ ရုံးအဆောက် အအုံ မြေနေရာများကို မည်သည့် ဝန်ကြီးဌာနက ဥပဒေနှင့်အညီ နိုင်ငံတော်သို့ ပြန်လည်အပ်နှံ၍ မသက်ဆိုင် သော ပုဂ္ဂလိက အကျိုးစီးပွားအတွက် အလွဲသုံးစားပြုခြင်း ရှိ/မရှိ ပြည်သူများ ဆန်းစစ်တတ်ရန် အထူးလိုအပ် လာပါသည်။
ဥပမာတင်ပြရလျှင် ရွှေတိဂုံဘုရားအနီး ဒဂုံ စီးတီးစီမံကိန်း မြေနေရာသည် ကာကွယ်ရေးဝန်ကြီး ဌာန မြေအမည်ပေါက်ဟု သိရပါသည်။ ကာကွယ် ရေးဝန်ကြီးဌာန တပ်မတော် (ကြည်း) နှင့် သက်ဆိုင်သော မြေများသည် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနှင့် အောက်မြန်မာပြည်မြေနှင့် အခွန်အမိန့်ဆင့်ဆိုချက် ၃၃၃ အရ ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးမပြုသည့်နေ့တွင် နိုင်ငံတော်သို့ ပြန်အပ်ရမည့် မြေ အမျိုးအစား ဖြစ်ပါသည်။
အလားတူ အစိုးရဝန်ကြီးဌာန အားလုံးသည် မူလကပင် သက်ဆိုင်ရာလုပ်ငန်းဌာန အသီးသီးအတွက် သက်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်ရန်အတွက် နိုင်ငံတော်က ယာယီမြေအသုံးချ ခွင့်ပြုထားပြီး ဖြစ်ပါသည်။ ထာဝရ မိမိဘိုးဘွားအမွေအနှစ်ပမာ ထင် သလို သုံးစွဲခွင့်၊ အကျိုးခံစားခွင့်၊ တဆင့်ငှားရမ်း၊ ရောင်းချ၊ ပေါင်နှံလွှဲပြောင်း ခွင့် မရှိပါ။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများသည် မျက်မှောက်မြန်မာနိုင်ငံ၏ မြေယာဆိုင်ရာမူဝါဒ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အခြေခံဥပဒေတို့ကို သေချာလေ့လာပြီးမှသာ လုပ်ငန်းလုပ်ကိုင် သင့်ပါသည်။
ဒဂုံစီးတီးနှင့်ပတ်သက်၍ ဘုရားအနီး အထပ် မြင့် တိုက်များဆောက်ပါက ရွှေတိဂုံကုန်းတော် မြေသားများ ထိခိုက်နိုင်ပါသည်။ ရွှေတိဂုံမြင်ကွင်း ပျောက်ကွယ်သွားနိုင်ပါသည် စသဖြင့် အင်ဂျင်နီယာ ရှုထောင့်၊ ဘူမိဗေဒရှုထောင့်၊ ဘာသာသာသနာနှင့် အမျိုးသားယဉ်ကျေးမှု ရှုထောင့်များမှ ဝေဖန်သံများသာ အဓိက လွှမ်းခြုံနေပါသည်။
ဥပဒေရှုထောင့်အမြင်အရ ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာန အားလုံးသည် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာန လုပ်ငန်းကိစ္စ အကြောင်းပြ၍ နိုင်ငံတော်ထံမှ မြေယာများကို အခမဲ့သိမ်းယူပြီး နောက် မိမိတာဝန် ရှိသည့် လုပ်ငန်းကိစ္စနှင့် သက်ဆိုင်ခြင်းမရှိသော လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ မလိုအပ်သော မြေယာ များစွာကို နိုင်ငံတော်အာဏာအသုံးပြု သိမ်းယူပြီး နောက် သီးစားချထားခြင်း၊ အဆောက်အဦများ ဆောက်လုပ်ရောင်းချ ငှားရမ်းခြင်းတို့သည် တည်ဆဲ ဥပဒေနှင့် ဆန့်ကျင်ရုံမက အများပိုင်ပစ္စည်း၊ ပြည်သူပိုင် ပစ္စည်း မလွဲသုံးစားမှုများကို ပြောင်ပြောင်တင်း တင်း ကျူးလွန်ရာရောက်ကြောင်း ထုတ်ဖော်တင်ပြ သံကို မကြားရသလောက် ဖြစ်နေပါသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် မိမိတို့ လုပ်ငန်းဌာန၏ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိတော့ သော မူလပိုင်ရှင် နိုင်ငံတော်ပိုင် မြေယာများကို သီးစားချထားခြင်း၊ အခြားနည်း ငှားရမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း ပြုလုပ်၍ ရရှိသော အကျိုး စီးပွားများကို သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ရငွေ စာရင်း၌ မသွင်းဘဲ စာရင်းပျောက် အကျိုးခံစားခွင့် ရှိ/မရှိကို နိုင်ငံတော်စာရင်းစစ်ချုပ်/ ရှေ့နေချုပ်တို့ တွင် စစ်ဆေးဖော်ထုတ်ရန် တာဝန်ရှိပါ သည်။ အထူးသဖြင့် နိုင်ငံပိုင်မြေယာများကို ဝန်ကြီးဌာနများ အလွဲသုံးနေမှုအား တားမြစ်ခြင်းမပြု မျက်ကွယ်ပြု လျှင် အဆိုပါ ပုဂ္ဂိုလ်အဖွဲ့အစည်းများပါ တာဝန်မကင်း ဖြစ်လာနိုင်ပါသည်။
မြေယာ အလွဲသုံစားမှုများသည် ယနေ့ နိုင်ငံ တော်တွင်အထင်အရှားပေါ်ပေါက်နေပါသည်။ နိုင်ငံ တော်ပိုင် မြေယာများကို မိမိပိုင်မြေယာအလား လက်ညှိုးထိုးရောင်းစားမှု အငှားချထားမှုများ ရှိနေပါသဖြင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်သူများ အထူးသတိပြုရန် လိုပါသည်။
မျက်မှောက်မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေကို ချိုးဖောက်၍ စစ်အာဏာရှင်ခေတ်အတွင်း အခွင့်ထူးခံအဖြစ် ပေါက်ဖွားလာသည့် လက်သစ် မြေရှင် ပဒေသရာဇ်များလက်ထဲ၌ နိုင်ငံတော်ပိုင် မြေယာများစွာ ရောက်ရှိနေပါ သည်။ ၎င်းတို့၏ အလွန်ကြီးမားသော လောဘစိတ်ဖြင့် သတ်မှတ်ထားသော မြေငှားခများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံကို လက်ရှောင်ရန် အကြောင်းများ ပေါ်ပေါက်လာနေပြီ ဖြစ်ပါသည်။
ယနေ့မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခ သတ်မှတ်ရေးပြဿနာ၏ အဓိကတရားခံထဲတွင် စက်မှုဇုန်မြေယာ များကို လက်ဦးမူယူ လက်ဝါးကြီး အုပ် အခွင့်ထူးခံရယူထားသည့် စက်ရုံပိုင်ရှင်အမည်ခံ ပဒေသရာဇ်များ ပါဝင်နေပါ၏။ ၎င်းတို့ကို ပေးရသည့် ကြီးလေးသော မြေငှားခများအတွက် အလုပ်သမားများက ယနေ့ လုပ်ခလျှော့ယူနေရသည့် သဘောဖြစ်ပါ၏။
တရားဥပဒေ စိုးမိုးသော ခေတ်ကာလသို့ ရောက်ရှိခဲ့လျှင် အဆိုပါ အခွင့်ထူးခံ မြေရှင် ပဒေသရာဇ်များ လက်ထဲရှိ နိုင်ငံတော်ပိုင် မြေယာ များ၏ ပိုင်ဆိုင်မှုပြဿနာကိုပြန်လည်စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် မုချလိုအပ်လာမည်ဟု စာရေးသူ အခိုင်အမာ ယုံကြည်ပါသည်။
မူလကပင် ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချ ပိုင်ခွင့် မရှိသော နိုင်ငံတော်ပိုင် မြေယာများနှင့် ပတ်သက်ဆက်စပ် သူများ အနေဖြင့် ဤဆောင်းပါး ကို ဖတ်ရှုပြီးနောက် တတ်ကျွမ်းသော ပြည်တွင်း ပြည်ပ ဥပဒေပညာရှင်များနှင့် တိုင်ပင်ပြီး မဆုံးရှုံး သင့်သည်များ ဆက်လက်မဆုံးရှုံးအောင် ရပ်သင့် သောလုပ်ငန်းများ ရပ်နိုင်ရန် စာရေးသူက မေတ္တာရှေ့ထား အသိပေးပါသည်။
အထူးသဖြင့် ပြည်တွင်းမှ ဆင်းရဲသား မြေမဲ့ များသည် လောဘဇောဖြင့် ခရိုနီများ၏ လှည့်ကွက် အတွင်း ကျရောက်၍ မိမိမပိုင်သော မြေများကို အဝယ်မမှားစေရန် ဤဆောင်းပါးဖြင့် အသိပေး တင်ပြပါသည်။
နိဂုံးချုပ်အနေဖြင့် ဆောင်းပါးအစတွင် တင်ပြ ခဲ့သော ရန်ကုန်မြောက်ပိုင်းခရိုင်မှ မြေယာဇာတ်ရှုပ် အကြောင်း တင်ပြလိုပါသည်။
စာရေးသူက ရန်ကုန်မြောက်ပိုင်းခရိုင်၏ အထင်ကရ နေရာကြီးရှိ ကုန်တိုက်ကြီးနှင့် တိုက်ခန်း ပေါင်း ၁၀ဝ ခန့်ရှိ အဆင့်မြင့်တိုက်ကြီး ၂ လုံး ဆောက်လုံးထားရာ မြေကြီးသည် ဥပဒေနှင့်အညီ မြေသိမ်းထားခြင်း မရှိသေး ကြောင်း အာဏာပိုင် ပုဂ္ဂိုလ်အချို့မှ တိုက်ခန်းနေပြည်သူအချို့အား ထုတ် ဖော်ပြသခဲ့သော မြေသိမ်း အမိန့်အမှတ်၊ နေ့စွဲ၊ မြေပုံ/မြေရာဇဝင်တို့မျာ အတုဖြစ်နေကြောင်း၊ သို့ဖြစ်သောကြောင့် ယခုအဖြစ်မှန်ကို ထုတ်ဖော်၍ တာဝန်ရှိသူများအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ – ၄၆၇၊ ၄၆၈ အရ အဖိုးတန် စာတမ်းအမှတ်အသား လိမည်လည်အတုပြုမှု၊ လိမ်လည်ရန်အလို့ငှာ လိမ်လည်အတုပြုမှုများဖြင့် ပဏာမ ရာဇဝတ်မှုစွဲသင့် ကြောင်း၊ ထို့နောက်မှ တရားမမှု စွဲသင့်ပါကြောင်း၊ မြေပိုင်ရှင် မောင်နှမအားလည်းကောင်း၊ ကားဂိုဒေါင် ဖယ်ရှားပေးရန် တရားစွဲခံရသူ တိုက်ခန်းနေသူအချို့ အားလည်းကောင်း စာရေးသူ အကြံပြုခဲ့ပါသည်။
ထိုသူအားလုံးက စာရေးသူအား တညီတညွတ် တည်း ပြန်လည်ဖြေကြားခဲ့သည်မှာ “ယနေ့အချိန် အခါတွင် နိုင်ငံတော်အဆင့် ပတ်သက်သူများနှင့် မယှဉ်ပြိုင်ရဲ၊ တရားမစွဲရဲပါ” ဟုဆိုကာ နောက်ဆုတ် သွားကြပါသည်။
အထက်ဖော်ပြပါ မြေယာဇာတ်လမ်းကို ဖတ်ရှု ခဲ့သူများအနေဖြင့် သည်မိုး သည်လေ သည်လူတွေ နှင့် သည်မင်း၊ သည်စိုး၊ သည်သူခိုးနှင့် အလွန်ရ သမြောက်သည့် ၂၁ ရာစု မြန်မာနိုင်ငံ၏ မြေယာ လူမှုဘဝပုံရိပ်ကို ထင်ဟပ်စေသည့် ဟာသပုံပြင် တပုဒ်ဟုသာ ဤစာစုကို မှတ်ယူစေလိုပါသည်။
(စာရေးသူသည် ရှေ့နေတဦးဖြစ်ပြီး ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။)