လူ့သဘော၊ လူ့သဘာဝ အဝေးကို လှမ်းမျှော်တတ်ကြ ပေမယ့် အတွင်းထဲက၊ အနီးက ကိစ္စတွေကို မေ့လျော့ နေတတ် ကြလေရဲ့။ ပက်ခနဲ ပါးစပ်က ထွေးမိလိုက်တဲ့ တံတွေး အပေါ်မှာ လေးလေးနက်နက် တွေးမိပါရဲ့လား။ တံတွေး အကြောင်းရော သိချင်စိတ် ရှိခဲ့ပါသလား။ ဘာ အတွက်၊ ဘယ်လို၊ ဘယ်လောက် ထွက်နေပါလိမ့် ဆိုတာမျိုး စူးစမ်းမိ ပါရဲ့လား။ တကယ်တော့ သိထားသင့်တဲ့ အချက်လေးတွေ ပါပဲ။
လူတယောက်ရဲ့ပါးစပ်က တနေ့မှာ တံတွေးဘယ်လောက် ထွက်သလဲ
ခန့်မှန်းရ ခက်နေ ပါလိမ့်မယ်။ တချို့လည်း နည်းနည်း၊ တချို့လည်း များများလို့ ဆိုကြမှာပေါ့။ ပါးစပ်ထဲမှာ တံတွေး ဂလင်းတွေက တနေ့လုံး ထွက်နေတာပါ။ ပါးပြင်အတွင်း ပါးစပ်ရဲ့အောက်ခြေဘက်၊ မေးရိုးအောက်မှာ အဲဒီ တံတွေး ကြိတ်တွေ ရှိကြတာပေါ့။ တနေ့ကို တလီတာ ကနေ ၂ လီတာ (ရေသန့်ဗူး တလုံးစာ ကနေ ၂ လုံးစာ) တံတွေး ထွက် ပါတယ်။
တံတွေးကြောင့် အရသာကို သိရတာလား
အမှန်ပဲပေါ့။ စိုစွတ်မှု မရှိတဲ့ ပါးစပ်က စထရော်ဘယ်ရီ ချိုချိုလေးရော၊ သံပုရာသီး ချဉ်ချဉ်လေးရော အရသာ ခံစားဖို့ မဖြစ်နိုင်ပါဘူး။ ခြောက်သွေ့နေတဲ့ လျှာက အရသာ မခံနိုင်ပါဘူး။ အရသာသိဖို့ တံတွေး ရှိရပါတယ်။
ကလေးကို အစာ ဝါးပြီးခွန့်ရင် အဆင်ပြေရဲ့လား
တံတွေးက ခံတွင်း သန့်ရှင်းအောင် ဆေးကြောတဲ့ အရည်လိုမျိုး ဖြစ်နေပေမယ့် ကလေးကို အစာဝါးပြီး ခွန့်တာမျိုး ကတော့ မလုပ်သင့်ပါဘူး။ လူကြီးရဲ့ တံတွေးမှာက ဘက်တီးရီးယားတွေ ရှိနေတာမို့ ကလေးရဲ့ ခံတွင်းကို အန္တရာယ်ဖြစ်စေလို့ပါ။
တံတွေးက ခံတွင်းကို သန့်ရှင်းစေနိုင်သလား
တံတွေးမှာက ဓာတ်ပစ္စည်းတွေ အများကြီး ပါဝင်နေပါတယ်။ အစာတွေ အလွယ်တကူ မျိုချဖို့နဲ့ ကြေညက်ဖို့ ကူညီ ပါတယ်။ သွားတွေနဲ့ ပါးစပ်ကိုလည်း ကျင်းပေးသလို ဖြစ်စေပါတယ်။ ဒါပေမယ့် ပုံမှန် သွားတိုက်တာ၊ သွားကြားထိုးတာတွေ မလုပ်ပေးရင်တော့ ခံတွင်းသန့်ရှင်းရေးက တံတွေး သက်သက်နဲ့ မဖြစ်နိုင်ပါဘူး။
ကိုယ့်ရဲ့တံတွေးမှာ ရေဓာတ် ဘယ်လောက်ပါဝင်တယ် ထင်ပါသလဲ
တံတွေးဆိုတာ အရည်ကြည်လို ဖြစ်နေတာမို့ ရေပါဝင်မှာတော့ သေချာတာပေါ့။ ပါဝင်တဲ့ ပမာဏကလည်း ၉၉ ရာခိုင်နှုန်း အထက်မှာလို့ ဆိုပါတယ်။ တခြား ပါဝင်တာတွေက သတ္တုဓာတ်၊ ပရိုတင်းနဲ့ ခံတွင်းကနေ ရောဂါပိုးတွေ တိုက်ခိုက်ပေးတဲ့ ဓာတ်ပစ္စည်းတွေလို့ ဆိုပါတယ်။
အိပ်ပျော်နေတုန်းမှာ တံတွေး (သွားရေ) စီးကျတာ ဘာဖြစ်တတ်သလဲ
မကြောက်ပါနဲ့၊ ဒါက ပုံမှန်ပါ။ ခံတွင်းမှာ စိုစွတ်နေတဲ့ တံတွေးထွက် နေသမျှကို မျိုချမိနေတတ်ကြ ပါတယ်။ အဲဒီတော့ အစာအိမ်ကို ရောက်ကုန်တာပေါ့။ အိပ်ပျော်နေချိန်ကျတော့ တံတွေးကို မျိုချတဲ့ လုပ်ငန်းက နှေးကွေးသွားလို့ အစာအိမ် ဆီမရောက်ဘဲ ခေါင်းအုံးပေါ် ရွှဲကုန်တာပါ။ စိုးရိမ်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် ပါကင်ဆန် ရောဂါ (Parkinson’s disease) လိုမျိုးမှာ သွားရေတများများ စီးကျနေတာတွေကျတော့ တံတွေးဂလင်းတွေကို ဆေးထိုးပြီး ဖြေဖျောက် ပေးနိုင်ပါတယ်။
ပီကေဝါးရင် တံတွေးထွက် နည်းစေသလား
မဟုတ်ပါဘူး။ တချို့က သွားဖြူအောင်၊ အနံ့သက်သာအောင် ဆိုပြီး ပီကေဝါးကြပါတယ်။ အဲသလိုဆိုရင်လည်း သကြား မပါတဲ့ Sugar free gum တွေ ဝါးပါ။ ပီကေဝါးလေ၊ တံတွေး ပိုထွက်လေပါ။ အဲဒီ တံတွေးတွေက သွားကို ဆွေးမြေ့ စေတဲ့ အက်ဆစ်တွေကို ဆေးကြောပေးရာ ရောက်ပါတယ်။
တံတွေးက ဘာတွေပြောသလဲ
တံတွေးကနေ အသက်အရွယ်ကို ပြောတယ်လို့ သိပ္ပံစမ်းသပ်ချက်တွေက ပြောပါတယ်။ အမေရိကန်၊ လော့စ်အိန်ဂျယ်လိစ်၊ ကယ်လီဖိုးနီးယား တက္ကသိုလ်က သိပ္ပံ ပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အခုဆိုရင် သူတို့ဆီမှာ ရဲတွေက လူဆိုးဖမ်းရာမှာ တံတွေး နမူနာကို သုံးနေကြပါပြီ။
လက်မှာ ထိခိုက် ပြတ်ရှရင် တံတွေးဆွတ်သင့်လား
ဒါကတော့ အစဉ်အလာလို ဖြစ်နေကြလို့ပါ။ တကယ်တော့ တံတွေးက အများထင်သလို သန့်ရှင်းနေတာတော့ မဟုတ်ပါဘူး။ ပါးစပ်ထဲမှာက လက်ပေါ်မှာ မရှိတဲ့ ဘက်တီးရီးယားတွေ ပြည့်နေတာပါ။ ဒါကြောင့် လက်မှာ ထိရှမိရင် ရေးနဲ့သာ ဆေးကြောပါ။ တံတွေးကနေ ရောဂါပိုးတွေ ကူးစက်ဝင်ရောက်နိုင်လို့ပါပဲ။
တံတွေး အတုလုပ်လို့ ရနိုင်သလား
ထူးဆန်းတယ် မထင်ပါနဲ့။ ရနေပါပြီ။ တံတွေး နည်းပါးပြီး ခြောက်နေတဲ့ ခံတွင်းက နာကျင်မှု ခံစားရသလို အနံ့ဆိုးတွေ ထွက်ပါတယ်။ တိုးတက်နေတဲ့ နိုင်ငံကြီးများမှာတော့ ဆေးဆိုင်တွေမှာ တံတွေးအတုဝယ်ယူပြီး ကုသနေကြပါပြီတဲ့။
ကဲ – တံတွေး အကြောင်းက စိတ်ဝင်စားစရာ မကောင်းဘူးလား။ တံတွေးရဲ့ ကျေးဇူးတွေးပြီး မျိုချဖို့တောင် ကောင်းနေပေါ့။ ဒါပေမဲ့ ကျန်းမာရေး အတွက်သာ ကောင်းတာပါ။ ဂုဏ်သိက္ခာ အတွက်တော့ တံတွေးခွက်ထဲ ပက်လက် မမျောဖို့သာ အရေးကြီးပေရဲ့။ ။