ကျမ မြန်မာစကားကို သက်သောင့်သက်သာ ပြောနိုင်ပါသည်။ ဒါပေမယ့် ကျမအမေနှင့် မြန်မာလိုပြောဖို့ မတိုက်တွန်း ပါနဲ့။ အမေနဲ့ မွန်လို မပြောမချင်း ကျမစိတ်ထဲ မတင်မကျ ခံစားရလေ့ ရှိပါသည်။ တကယ်တော့ မွန်စကားက ကျမ၏ မိခင်ဘာသာစကား ဖြစ်ပါသည်။
အသက် ၈၆ နှစ်ရှိပြီဖြစ်သော ကျမ၏ အဘွားနှင့် အတူရှိနေချိန် ဆိုရင်တော့ ရွေးချယ်စရာ မရှိပါ။ ကျမ၏ အဘွားက မွန်ဘာသာစကား ကိုသာ ပြောပါသည်။
မည်သို့ပင် ဖြစ်စေ လူနည်းစု တိုင်းရင်းသား စကားကို ပြောသည့် တခြားသောသူများကဲ့သို့ပင် ယနေ့ ကျမ ပြောဆို နေသော ဘာသာစကားများ အတွက် ရောထွေးသော ခံစားမှုများ ဖြစ်လာရသည် ဆိုလျှင် ကျမ၏ အဘွားကြောင့်ပင် ဖြစ်ပါလိမ့်မည်။
ကျမ၏ ဇာတိဖြစ်သည့် မွန်ပြည်နယ်က သံဖြူဇရပ်မြို့တွင် ကြီးပြင်းခဲ့စဉ်က ကျမ၏ မိသားစုနှင့် စကားပြော သည့်အခါ ကျမက မွန်လိုသာ ပြောခဲ့ပါသည်။ သို့သော်လည်း မူကြိုကျောင်း တက်ရသည့် အချိန်ရောက်သော အခါ အိမ်နီးချင်း များထံမှ မြန်မာစကားတချို့ တတ်မြောက်ခဲ့ပါသည်။ သံဖြူဇရပ်သည် ယခင်က မွန်မြို့တမြို့ ဖြစ်သော်လည်း ကျမတို့ ပတ်ဝန်းကျင်မှာ မြန်မာစကားလည်း ပြောကြပါသည်။ အုပ်ချုပ်ရေးပိုင်းက အရာရှိများနှင့် ကျောင်းက ဆရာ၊ ဆရာမများက ဗမာ လူမျိုးများ ဖြစ်ကြပါသည်။ နိုင်ငံအထက်ပိုင်းက ပြောင်းရွှေ့ ရောက်ရှိ လာသည့် ဗမာစကားပြောသူ အရေအတွက် ကလည်း တိုးလာနေပါသည်။
ကျမ၏ အဘွားက အိမ်နားက ဘုန်းကြီးကျောင်း တကျောင်းမှာ မွန်ဘာသာ အရေးအဖတ် သင်ကြားဖို့ နွေရာသီ သင်တန်း တက်ဖို့ စီစဉ်ခဲ့ခြင်းက ပတ်ဝန်းကျင်မှာ ဗမာစကား သုံးစွဲမှု တိုးလာတာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အဘွား ကိုယ်တိုင် ကတော့ ဒါတွေကို မသင်ယူခဲ့ဖူး ပါ။ မြန်မာစာကို အနည်းအကျဉ်း နားလည်ပေမယ့် အဘွားက မွန်လို မရေးတတ် မဖတ်တတ်ပါ။
“အဘွားကို ဘုရားစာတွေ မွန်ဘာသာနဲ့ ဖတ်ပြစေချင်တယ်” ဟု ပြောလေ့ ရှိပါသည်။ ဒီလို ဖတ်ပြမှသာ ဘုရားစာတွေ ကို အဘွား အလွတ်မှတ်နိုင်မယ် ဟုလည်း ပြောသည်။
ကျမတို့၏ မွန်ဘာသာ သင်တန်းများ၏ အနေအထားက ရေရေရာရာ မရှိပါ။ မွန်စာပေ သင်ကြားခြင်းကို ကန့်သတ် ထားပြီး ကျမတို့၏ သင်တန်းများက တရားမဝင်ဟု ဘုန်းကြီးများက ပြောပါသည်။ တရားမဝင် ဆိုသည်မှာ ဘာကိုမှန်း မသိခဲ့။ ကျမတို့ ကလေးများ ကတော့ ဒီသင်တန်းများ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောခွင့် မရှိဟုသာ သိခဲ့ကြ သည်။ သင်တန်းအတွက် ရန်ပုံငွေ မရှိသလောက်ပင် ဖြစ်ကြောင်း ကျမတို့ မြင်ခဲ့ကြရပြီး ကျမတို့ကို သင်ခန်းစာ စာအုပ်များ အခမဲ့ ပေးရန် အတွက် ဘုန်းကြီးများက တနည်းနည်းဖြင့် ငွေရှာခဲ့ကြရပါသည်။
နောက်ဆုံး ကျမ အသက် ၁၀ နှစ် ရှိလာသည့် အချိန်တွင် ကျောင်းထိုင် ဆရာတော်မှ အထောက်အပံ့ မပေးတော့ သည့်အတွက် ကျမတို့သင်တန်း ရပ်ဆိုင်းသွားရသည်။ ထိုအချိန်တွင် ကျမ အတန်း ၃ တန်း (သင်ခန်းစာ ၃ အုပ်) သာ တက်ရပါသေးသည်။ မွန်စာပေကို ကျမ စတင် စိတ်ဝင်စား လာခဲ့ပြီ ဖြစ်သော်လည်း သင်ယူရန် အခွင့်အလမ်း မရှိတော့ပါ။
အကယ်၍ ကျမအနေဖြင့် လူအများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆက်ဆံလိုလျှင် မြန်မာစာ၊ မြန်မာစကားကို အလေးပေးရမည် ဆိုသည် ကိုလည်း ကျမ စောစီးစွာကပင် သိခဲ့ရပါသည်။ ကျောင်းတွင် ဆရာ၊ ဆရာမ အားလုံးက မြန်မာလိုသာ ပြောကြ ပါသည်။ ကျောင်းမှာ သင်ခဲ့ရသည့် ကလေးကဗျာတွေ အခုထိ ဆိုနိုင်ပါသေးသည်။
ကျမ အရွယ်ရောက်လာသည့် အချိန်မှာ စာအုပ် အငှားဆိုင်က အငမ်းမရ ငှားဖတ်ခဲ့သော ကာတွန်း စာအုပ်များ၊ အပတ်စဉ်ထုတ် ဂျာနယ်များ၊ ရုပ်ပြ ဇာတ်လမ်းများနှင့် အနောက်တိုင်း ဘာသာပြန် စာအုပ်များ အားလုံးက မြန်မာဘာသာနှင့် ဖြစ်သည်။
မွန်စကားကို ကျမ သွက်သွက်လက်လက် ပြောနိုင်ဆဲ ဖြစ်သော်လည်း ကျမတို့ မိသားစု အတွင်းမှာပင် မွန်စကားက အသုံးနည်းလာသည်။ ကျမ ဝမ်းကွဲမောင်နှမ တချို့၏ မိဘတဦးဦးမှာလည်း မြန်မာစကား ပြောသူများ ဖြစ်နေပြီး သူတို့ကို ထိန်းသူများမှာလည်း မြန်မာစကား ပြောသူများ ဖြစ်နေကြပါသည်။ သူတို့ထဲမှ အများစုနှင့် သူတို့၏ ကလေးများသည် ယခုအခါ မြန်မာ စကားကိုသာ ပြောကြတော့ သည်။ ကျမနှင့် ကျမ၏ မွေးချင်းများသည် ကလေးဘဝ ကတည်းက မွန်စကားပြောပြီး ကြီးပြင်းခဲ့သူများ မဟုတ်လျှင် ကျမတို့သည်လည်း ယခုအခါ မွန်စကားကို ပြောနိုင်တော့မည် မဟုတ်ဟု ကျမအမေက ပြောလေ့ ရှိပါသည်။
အဲဒါမှန်ပါလိမ့်မည်။ ငယ်ငယ်ကတည်းက မွန် ဘာသာကို သင်ကြားခဲ့ရသည့် အတွက် ကျမ ကျေနပ်ပါသည်။ သို့သော်လည်း ယခုအခါ မရေးနိုင်၊ မဖတ်နိုင်တော့သည့် အတွက် ကျမ အနည်းငယ် ရှက်မိပါသည်။ တနည်း ပြောရလျှင် ယခုလို အင်တာနက် ခေတ်တွင် ကျမ၏ မိခင်ဘာသာစကား အတွက် ကျမက မိဘမဲ့ကလေး ဖြစ်နေပါသည်။
သမိုင်းသင်ခန်းစာ
အရွယ်ရောက်လာပြီး ကိုယ့်လမ်းကိုယ် စလျှောက်ရသည့် အချိန်တွင် ထိုင်းနိုင်ငံ၌ ကာလတခုကြာ နေထိုင်ခဲ့ပြီး ယခုအခါ ရန်ကုန်မြို့တွင် ရှိနေသည့် အခါ အဓိကအားဖြင့် မြန်မာစကား၊ အင်္ဂလိပ်စကားများဖြင့် ပြောဆို လုပ်ကိုင် ရပါသည်။ ထိုသို့ လုပ်ကိုင် နေရချိန်များတွင် ကျမ၏ ဗဟုသုတ ကွက်လပ်များကို အစားထိုးရန် ကြိုးစားနေမိကြောင်း လည်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားမိပါသည်။
ကျမ သင်ယူခဲ့ရသည့် ကျောင်းသင်ခန်းစာ စာအုပ်များတွင် ကျမတို့ (မွန်) ယဉ်ကျေးမှု အကြောင်းရော ကျမတို့ သမိုင်း အကြောင်းရော မပါဝင်ခဲ့သည် ကိုလည်း သတိထားမိသည်။ မွန်တို့၏ အကြောင်းများကို ကျောင်းသူဘဝ တွင် သင်ကြားခွင့် မရခဲ့ပါ။ အဘယ့်ကြောင့်နည်း။
ဗမာလူမျိုးများက ရှမ်း၊ မွန်နှင့် တရုတ်အခြေစိုက် လူမျိုးများကဲ့သို့ တိုင်းရင်းသားများနှင့် တိုက်ခိုက်သည့် တိုက်ပွဲ တိုင်းတွင် အောင်မြင်ခဲ့ကြောင်း များကိုသာ ကျမ သင်ကြားခဲ့ရပါသည်။
မြန်မာနိုင်ငံ ဗြိတိသျှ လက်အောက်မှ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ခဲ့ရသည့် အကြောင်းများကိုလည်း ကျမ သင်ကြားခဲ့ရပါသည်။ သို့သော်လည်း အဆိုပါ တိုက်ပွဲတွင် ပါဝင်ခဲ့ကြသော မွန်လူမျိုးများက ဘယ်သူတွေ ဖြစ်ကြ သနည်း။ သူတို့ အကြောင်း စာအုပ်တွေထဲမှာ မပါပါ။ သို့မဟုတ်ခဲ့လျှင်လည်း သူတို့ကို မွန်လူမျိုး အဖြစ် ဖော်ပြခြင်း မခံခဲ့ကြရပါ။
အရွယ်ရောက်သူ တယောက်အနေဖြင့် ကျောင်းသင်ခန်းစာ စာအုပ်များမှ သင်ကြားခဲ့ရသည့် မမျှတသော သို့မဟုတ် မပြည့်စုံသော သမိုင်းကို ပြန်လည် မေ့ပစ်ရပြီး တခြားသော အရင်းအမြစ်များ မှတဆင့် ပြန်လည် လေ့လာရသည်။
မွန်လူမျိုးများသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို ပထမဆုံး ယုံကြည်ကိုးကွယ်သည့် လူမျိုး ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှတွင် ယဉ်ကျေးမှု တခုကို ပထမဆုံး ထူထောင်ခဲ့သူများ ထဲတွင်လည်း ပါဝင်ကြောင်း တွေ့ရှိရသည့်အခါ ကျမ ဂုဏ်ယူမိပါသည်။ မွန်လူမျိုးများကြောင့်သာ မဟုတ်လျှင် ပုဂံဒေသမှာ ဘုရားပုထိုးများ အမြောက်အမြားရှိနေမည် မဟုတ်ဟု ပြောနိုင်ပါသည်။ သထုံမင်းဆက်သာ မရှိခဲ့လျှင် ယနေ့ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုရှိသည့် နိုင်ငံတခု ဖြစ်လာဖွယ် မရှိဟုလည်း ဆိုနိုင်ပါသည်။
မြန်မာနိုင်ငံ၏ သမိုင်းနှင့် ပတ်သက်၍ ပညာရှင်များ ယနေ့ထက်တိုင် ငြင်းခုံနေကြရဆဲ ဖြစ် သလို ကျမတို့ သင်ယူလေ့လာရမှာတွေ ကလည်း အများကြီး ရှိနေပါသေးသည်။
သို့သော်လည်း ယနေ့ခေတ်တွင် မွန်တို့၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ အများအပြားက ဗမာ ယဉ်ကျေးမှုထဲတွင် ပေါင်းစပ်ရောနှော ဝင်ရောက်နေသည်ကို ဗမာများတောင် သတိ မထား မိခဲ့ကြပါ။
ရန်ကုန်မြို့မှ ကျော်ကြားသော ဆူးလေစေတီကို ကြည့်ပါ။ “ဆူးလေ” ကို မွန်ဘာသာဖြင့် “ဂျူလေ” ဟု အသံထွက်ပါ သည်။ “အနားယူသော နေရာ” ဟု အဓိပ္ပာယ်ရပါသည်။ မွန်ဘုရင် ဥက္ကလာပမင်းကြီးက ဗုဒ္ဓ၏ဆံတော်များကို ယခု ရွှေတိဂုံ စေတီတော် တည်ထားမည့် နေရာသို့ ပင့်ဆောင်ရာတွင် ခေတ္တ နားခဲ့သည့် နေရာဖြစ်သည့် အတွက် ထိုသို့ အမည် တွင်ခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့ မွန်ဘာသာဖြင့်သာ အဓိပ္ပာယ် ဖော်နိုင်ပြီး မြန်မာစကားဖြင့် အဓိပ္ပာယ် ဖွင့်မရသည့် အမည်နေရာ အများအပြား ရှိနေဆဲ ဖြစ်သည်။
မြန်မာစာကို လေ့လာနေသည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် ရှေးဟောင်း ကျောက်စာများကို ဖတ်ရှုနိုင်ရန် အတွက် မွန်စာပေကိုလည်း လေ့လာရသည်ဟု အငြိမ်းစား ပြည်နယ် ပညာရေးမှူး နိုင်ငွေသိန်းက ကျမကို ပြောပါသည်။ “မွန်စာကို မသိဘူး ဆိုရင် မြန်မာစာပေကိုလည်း အားလုံးသိနိုင်မှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
မွန်စကား ပြောဆိုခြင်း
ယခု ရန်ကုန်မှာ နေသည့် အခါ မွန်စကား ပြောသူတယောက် ဖြစ်သည့် အတွက် ကံကောင်းသည်ဟု ခံစားရပါသည်။ မွန် စကားပြောသည့် ကလပ်တွင် ကျမ တွေ့ခဲ့သည့် သူငယ်ချင်းများ၏ ကျေးဇူးကြောင့် မွန်ဘာသာကို ပြန်လည် ပြောဆို လေ့ကျင့်နိုင်မည့် နေရာတခု တွေ့ခဲ့ပါသည်။ မွန် စကားပြောရသည့် အတွက် ကျမ ဂုဏ်ယူသလို ကျမ နေထိုင်နေသည့် ဗမာလွှမ်းမိုးသည့် အသိုင်းအဝိုင်းတွင် မွန်ရိုးရာ အဝတ်အစားများ ဝတ်ဆင်ရသည့် အတွက်လည်း ဂုဏ်ယူပါသည်။ ယခုအခါ ကျမ ကြိုးစားပြီး တည်ဆောက်နေသည့် ကျမ၏ “ယဉ်ကျေးမှု” (သို့) “ယဉ်ကျေးသူ” ဟု အဓိပ္ပာယ်ရသည့် မွန်အမည် အတွက်လည်း ဂုဏ်ယူရပါသည်။
မွန်လူမျိုး တယောက် ဖြစ်ရခြင်းနှင့် သမိုင်း ကြောင်း ရှည်လျားစွာ ရှိပြီး တခြား ဘာသာစကား များနှင့် မတူသည့် အဓိပ္ပာယ် ရှိသည့် ကျမတို့၏ ကိုယ်ပိုင် ဘာသာစကားကို ပြောဆိုရခြင်းက ထူးခြားမှု တစုံတရာကိုလည်း ခံစားရပါသည်။
မွန်လူမျိုးများက မြန်မာစကားကို မွန်သံဖြင့် ပြောသည့်အခါ ဗမာများက ရယ်စရာအဖြစ် သဘောထားကြသည်ကို ကျမ မကြိုက်ပါ။ ကမ္ဘာပေါ်မှ လူသုံးများသည့် ဘာသာစကား ပြောသူများက တခြား ဒေသ သို့မဟုတ် တိုင်းပြည်၏ လေယူလေသိမ်းဖြင့် ပြောသူများကို ယင်းကဲ့သို့ လှောင်လေ့ရှိသည်ကို ကျမ သိပါသည်။ သို့သော်လည်း တခါတလေ တော့ ဗမာတွေက တိုင်းရင်းသားများ ဘာသာစကား အပိုတခု ပြောတတ်နေခြင်းကို မနာလို မဖြစ်ဘူးလား ဟု ကျမ တွေးမိပါသည်။
တိုင်းပြည်၏ သမိုင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ဆက်သွယ်မှုများတွင် မညီမျှမှုများ ရှိနေသည့် အတွက် ဗမာလူမျိုးတွေ အပေါ် မလိုမုန်းထား စိတ် ဘယ်တုန်းကမှ ကျမတွင် မရှိခဲ့ပါ။ ဘယ်သူ့ကိုမျှလည်း အပြစ် မဆိုချင်ပါ။
သို့သော်လည်း အနည်းငယ်မျှ ပြန်လည် ချိန်ညှိခြင်းနှင့် အသိအမှတ်ပြုခြင်း ရှိလာလျှင်တော့ ကျေနပ်မိမည် ဖြစ်ပါ သည်။ တခြားသော တိုင်းရင်းသား လူမျိုးများလည်း အလားတူ ခံစားကြရမည်မှာ သေချာပါသည်။ ကျမတို့ တိုင်းရင်းသား အားလုံး၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများ၏ အလှတရား၊ ကြွယ်ဝမှုနှင့် သမိုင်းကြောင်း နက်ရှိုင်းမှုကို ကျမတို့ တန်ဖိုးထားသင့်သည် ဟု ရိုးသားစွာ ယူဆခြင်းသာ ဖြစ်ပါသည်။
အနာဂတ်
ယခု အခါတွင် မွန်ပြည်နယ်တွင် နေထိုင်သူ အများစုမှာ သူတို့၏ ကလေးငယ်များက မိခင် ဘာသာစကားကို တန်ဖိုး မထားကြမည်ကို သို့မဟုတ် မပြောတတ်ကြမည်ကို စိုးရိမ်နေကြသည်။ လူငယ် အများအပြားကလည်း မြန်မာစကားမှ သာလျှင် ပိုမို အသုံးဝင်မည်ဟု ယူဆနေကြသည်။ မြန်မာစကားပြောသည့် အသိုင်းအဝိုင်းကြားတွင် ရောက်ရှိနေသည့် အတွက် ကျမ၏ အစ်မသည်ပင် သူ၏ ၁ နှစ် အရွယ် ကလေးငယ်ကို မွန်စကားပြော နိုင်ရေး ကြိုး စားနေရသည်ကို တွေ့ရပါသည်။
လူဦးရေ ၂ သန်းခန့်ရှိမည့် မွန်ပြည်နယ် အတွင်းတွင် မွန်စကား ပြောသူ ဘယ်လောက်ရှိမည်ကို ကျမသေချာစွာ မပြောနိုင်ပါ။ မွန်စာပေကို ကောင်းမွန်စွာ ရေးသားနိုင်သူ အလွန်နည်းသည် ကိုတော့ ကျမ သိပါသည်။ တတ်မြောက်သူထဲမှ အများစု မှာလည်း သံဃာတော်များသာ ဖြစ်သည်။
မြန်မာစာက ပြည်နယ် အတွင်းတွင် ရုံးသုံး တရားဝင် ဘာသာစကား ဖြစ်ပါသည်။ ဆိုင်းဘုတ် အများစုမှာလည်း မြန်မာစာဖြင့် ဖြစ်ပြီး မွန်ဘာသာဖြင့် အနည်းငယ် ရှိပါသည်။ ပြည်သူအတွက် ထုတ်ပြန် ကြေညာချက်များမှာ လည်း များသောအားဖြင့် မြန်မာစာဖြင့် ဖြစ်သည်။ အပတ်စဉ်အလှူခံ ထွက်လေ့ရှိသည့် ဘာသာရေး နှိုးဆော်ချက်များပင် မွန်ဘာသာကို သုံးစွဲမှု နည်းပါးလာသည်။
သို့သော်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘာတလွှားမှ ဘာသာစကားနှင့် ပညာရေး ကျွမ်းကျင်သူများက ကလေးများ၏ မိခင် ဘာသာစကားဖြင့် ပညာစတင် သင်ကြားခြင်းမှ အကျိုးအမြတ် ကြီးမားစွာ ရရှိနိုင်သည်ဟု ထုတ်ပြလာကြသည်ကို တွေ့ရှိရသည့် အတွက် ဝမ်းမြောက်စရာ ဖြစ်ပါသည်။ အဆိုပါ အမြင်ကိုလည်း တော်တော်များများ အသိအမှတ် ပြုလာကြသည်။
Payap တက္ကသိုလ်နှင့် SIL International မှ ဘာသာစကားဆိုင်ရာ အကြီးတန်း အတိုင်ပင်ခံ ဖြစ်သည့် ဖင်လန်နိုင်ငံသား Kimmo Kosonen က မိခင်ဘာသာစကားကို သင်ကြားလေ့လာမှု မပြုခဲ့သော ကလေးငယ်များသည် သူတို့၏ စွမ်းရည်ကို အပြည့်အဝ ဖော်ဆောင်ရေးတွင် အခက်အခဲနှင့် ရင်ဆိုင်ရလေ့ ရှိကြောင်း ယခုအခါ ပညာရေးဆိုင်ရာ ပညာရှင်များက နားလည်လာကြပြီ ဖြစ်သည် ဟု ပြောသည်။
Shalo ဖောင်ဒေးရှင်းမှ သုတေသီ တဦး ဖြစ်သည့် ဦးဟယ်ရီထင်ဇော်က ကလေးငယ်များကို ၎င်းတို့၏ ပထမဆုံး ဘာသာစကား (မိခင်ဘာသာစကား) အသုံးပြုကာ သင်ကြားခွင့် ပြုသင့်ကြောင်း ပြောသည်။ “တကယ်လို့ ကျနော်တို့က သူတို့ရဲ့ ဘာသာ စကားကို အသိအမှတ် မပြုဘူးဆိုရင် မင်းတို့ရဲ့ ဘာသာ စကားက အရေးမပါဘူးလို့ ပြောသလို ဖြစ်နေလိမ့်မယ်။ ဒါဆိုရင် ကလေးငယ်မှာ သိမ်ငယ်မှုကို ခံစားရပါလိမ့်မယ်” ဟု သူက ဆိုသည်။
မြန်မာဘာသာဖြင့် သင်ကြားကြရသည့် တိုင်းရင်းသား ကလေးငယ်များ အတွက် တခြားသော အခက်အခဲများလည်း ရှိနေသည် ဟု ဦးဟယ်ရီထင်ဇော်က ဆိုသည်။ “ဗမာကလေးငယ် တယောက် ကျောင်းစနေတဲ့အခါ ဘာသာရပ်ဆိုင်ရာ အခက်အခဲပဲ တွေ့နိုင်တယ်။ ဒါပေမယ့် တိုင်းရင်းသား ကလေးငယ်တယောက် အတွက် တော့ ဘာသာရပ် ဆိုင်ရာရော ဘာသာစကား အတွက်ပါ အခက်အခဲတွေ တွေ့နိုင်ပါတယ်” ဟု သူက ဆိုသည်။
ပြည်နယ် ပညာရေးမှူးဟောင်း နိုင်ငွေသိန်းက ၁၉၉၅ ဝန်းကျင်က ကချင်ပြည်နယ်တွင် သူတာဝန် ထမ်းဆောင်ခဲ့စဉ် ကလေးများက မြန်မာစာဖြင့် သင်ကြားသည့် သင်ခန်းစာများကို နားမလည်ကြ၍ ကျောင်းထွက်သွားကြသည့်နှုန်းက မြင့်မားကြောင်း တွေ့ရှိခဲ့ရသည်ဟု ပြောသည်။
ယခုအခါတွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည်။ သို့သော်လည်း မိခင် ဘာသာစကားကို အခြေပြု၍ ဘာသာစကားစုံဖြင့် သင်ကြားရေးကို အကောင်အထည် ဖော်နိုင်မှု အလွန် နည်းပါးနေ သေးသည်ကို တွေ့ရသည်။ မကြာမီ ပြောင်းလဲလိမ့်မည် ဟု ကျမ မျှော်လင့်မိပါသည်။ အဘယ်ကြောင့် ဆိုသော် ဤကဲ့သို့ ပြုလုပ်ခြင်းက နိုင်ငံသားများနှင့် ယဉ်ကျေးမှုများ အားလုံးကို တူညီစွာ ဆက်ဆံမှုနှင့် အခွင့်အရေးပေးမှုကို ရရှိစေနိုင်သောကြောင့် ဖြစ်ပါသည်။
ကျမ၏ အိပ်မက်နှင့် ကျမ မြင်လိုသည်မှာ တနေ့သောအခါတွင် တိုင်းရင်းသား ကလေးငယ်များ ကျောင်းမှ အိမ် ပြန်လာသည့်အခါ သူတို့ကိုယ်ပိုင် ယဉ်ကျေးမှု ကလေးကဗျာ၊ သီချင်းများနှင့် ပုံပြင်များကို သူတို့ မိဘများအား ဖတ်ပြနိုင်လိမ့်မည် ဟူ၍ ဖြစ်သည်။
ကျမ၏ အဘွား မကွယ်လွန်မီ ဘုရားစာများကို မွန်ဘာသာဖြင့် ဖတ်ပြနိုင်လိမ့်မည် ဟုလည်း မျှော်လင့်မိပါသည်။ အကယ်၍ ဤကဲ့သို့ ဖြစ်မလာသည့်တိုင် ကျမတို့ တွေ့ခွင့်ရသည့် ခဏတာ အချိန်လေးများတွင် မွန်ဘာသာဖြင့် စကား ပြောဆိုရခြင်းကို ကျမရော အဘွားပါ တန်ဖိုးထားကြမည်ကို သိထားပါသည်။
ကျမ လုပ်ငန်းခွင်တွင် အင်္ဂလိပ်ဘာသာဖြင့် စကား ပြောကောင်းပြောနိုင်ပါသည်။ အပြင်ထွက်သည့် အခါ မြန်မာစကားဖြင့် ပြောဖြစ်ပါလိမ့်မည်။ သို့သော်လည်း ကျမ၏ သရုပ်မှန်ကို မွန်စကားဖြင့်သာ ဖော်ပြနိုင်ပါလိမ့်မည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထုတ် The Irrawaddy မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော ရင်စနိုင်း၏ “Me and My Language”ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။