ဆောင်းပါး

ဂရိ လက်ထဲက ဥရောပ အနာဂတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဂရိ ကြွေးမြီ ပြဿနာကို ဖြေရှင်းဖို့အတွက် ဥရောပ ခေါင်းဆောင်တွေ ခက်ခက်ခဲခဲ နာရီပေါင်းများစွာ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် ရသွားပါတယ်။ ဒါပေမယ့် လာမယ့် ရက်တွေအတွင်း ခက်ခဲတဲ့ ရွေးချယ်မှုတွေကို နှစ်ဖက်စလုံးက လုပ်ရပါဦးမယ်။

ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းပိုင်းမှာ ဥရောပ သမဂ္ဂ သမိုင်းမှာ တခါမှာ မကြုံဖူးတာတွေကို ဆက်တိုက် ဆိုသလို မျက်ဝါးထင်ထင် တွေ့ခဲ့ကြရတယ်။ စီးပွားရေး ဖွံ့ဖြိုးပြီး ဂရိ နိုင်ငံမှာ ဘဏ်တွေ ပိတ်လိုက်ရတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို ငွေပြန်ပေးဖို့ ပျက်ကွက်ခဲ့တယ်။ ဒေါ်လာ ဘီလီယံပေါင်းများစွာ (ဒေါ်လာ ၂၄၀ ဘီလီလံ) အကုန်အကျခံတဲ့ စီးပွားရေး နလံထရေး အစီအစဉ် ပျက်စီးသွားခဲ့တယ်။ ဂရိလူထုဆန္ဒခံယူပွဲမှာ ပြည်သူတွေက ယူရိုဇုန် နိုင်ငံတွေ ဖြစ်စေချင်တာကို မဲဆန္ဒရှင်တွေက ဆန့်ကျင် မဲပေးခဲ့ကြတယ်။

ဇာတ်လမ်းက မဆုံးသေးပါဘူး။ အရေးပေါ် ချေးငွေမရလို့ ဂရိဘဏ်တွေ ငွေပြတ်တော့မယ့် အခြေအနေ ဆိုက်နေတယ်။ လူတွေ ငွေပြတ်နေတယ်၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ ရပ်တော့မလို ဖြစ်နေတယ်။ နိုင်ငံခြားက သွင်းတဲ့ ဆေးဝါးတွေ ပြတ်နေတယ်။ ဇူလိုင်လ ၂၀ ရက်နေ့ကျရင်လည်း နောက်မုန်တိုင်းတခုက အသင့်စောင့်နေတယ်။ ဂရိက ဥရောပ ဗဟိုဘဏ်ကို ယူရိုငွေ ၃ ဘီလီယံ ပြန်ဆပ်ရမယ်။ ဂရိက နိုင်ငံခြား ကြွေးဆပ်ဖို့ နေနေသာသာ ပြည်တွင်းလည်ပတ်ဖို့ ငွေကြေးတောင် အသက်ငင်နေတယ်။ နောက်ဆုံး ရွေးစရာမရှိရင် ဂရိက ကိုယ်ပိုင်ငွေကို ရိုက်ထုတ်ရမယ်။ ဒါဟာ ယူရိုဇုန်နဲ့ ကတ္တီပါ လမ်းခွဲ ဖြစ်သွားပါလိမ့်မယ်။

ယူရိုဇုန်ကနေ ဂရိထွက်သွားရင် ပိုကောင်းမယ်လို့ ယူရိုဇုန်ဘက်က တချို့လည်း တွေးနေတယ်။ ဒါပေမယ့် စီးပွားရေး ပညာရှင်တွေက ကုသိုလ်တပဲ ငရဲတပိဿာဆိုတာ မြင်ကြတယ်။ မြင်သာတဲ့ အန္တရာယ်ကတော့ ဂရိက ယူရိုငွေ နေရာမှာ အစားထိုးဖို့ ကိုယ်ပိုင်ငွေကို ရိုက်ထုတ်မယ်ဆိုရင် ငွေတန်ဖိုးက ကျဆင်းနေလိမ့်မယ်။ အဓိပ္ပါယ်ကတော့ ဂရိပြည်သူတွေရဲ့ စုဆောင်းငွေတွေဟာ နေရင်းထိုင်ရင်း တန်ဖိုးလျော့ကျသွားမယ်။ ရေနစ်သူကို ဝါးကူထိုးသလို ဖြစ်လိမ့်မယ်။ ဥရောပရဲ့ ဒီမိုကရေစီ အသည်းနှလုံးမှာ စီးပွားရေး ပြဿနာ၊ လူမှုရေး ပြဿနာ၊ နိုင်ငံရေး ပြဿနာတွေ ပေါ်လာလိမ့်မယ်။ ဒေသတခုတည်းမှာ ငွေကြေးတခုတည်း သုံးစွဲရေး အိုင်ဒီယာ ကျဆုံးခန်းဆီ ဦးတည်သွားလိမ့်မယ်။

ဒီလို အကြွေးတင်တဲ့ အဖြစ်မျိုး ဥရောပ သမိုင်းမှာ သင်ခန်းစာရှိတယ်။ ပထမ ကမ္ဘာစစ်ပြီးခါစနဲ့ ဒုတိယ ကမ္ဘာစစ် ပြီးခါစ ဂျာမနီ နိုင်ငံရဲ့ အခြေအနေပါပဲ။ ပထမ ကမ္ဘာစစ်ပြီးခါစက အကြွေးဝန်ပိနေတဲ့ ဂျာမနီကို အကြွေးရှင် အမေရိကန်က သဲကြီးမဲကြီးတောင်းခဲ့တဲ့အခါ ဂျာမနီ စီးပွားရေး မတည်မငြိမ်ဖြစ်သွားတယ်။ တခြား ဥရောပ နိုင်ငံတွေကိုလည်း ကူးစက်ခဲ့တယ်။ သွယ်ဝိုက် အကျိုးဆက်တခုကတော့ အမျိုးသားရေးဝါဒ ကြွေးကြော်သံနဲ့ ၁၉၃၃ မှာ ဟစ်တလာ အာဏာရလာတာပါပဲ။

ဒါပေမယ့် ဒုတိယကမ္ဘာစစ်အခြေအနေကတော့ ပြောင်းပြန်ပါ။ အကြွေးရှင် အမေရိကန်ကပဲ ဂျာမနီကို လိုက်လျှောမှုတွေလုပ်ပြီး ကြွေးတွေ လျှော်ပေးခဲ့တယ်။ ဂျာမနီအတွက် အကျိုးရှိရုံမက ကမ္ဘာကြီး အတွက်လည်း အကျိုးရှိခဲ့တယ်။ အဲဒီတုန်းက ဂရိကလည်း ဂျာမနီကို အကြွေးတွေ လျှော်ပေးခဲ့တယ်။ သမိုင်းတကျော့ ပြန်လည်တဲ့အခါမှာ အဓိက ကြွေးရှင်ဖြစ်တဲ့ ဂျာမနီက ဘဝမေ့ပြီး ဂရိကို ဒဏ်ပေးချင်နေတာကတော့ သရော်ချက်ပဲ ပြောရပါတော့မယ်။

ဆက်ပြောရရင် ဂရိမှာ လက်ရှိ အာဏာရ လက်ဝဲယိမ်း ပါတီ Syriza ရဲ့ အောင်ပွဲဟာ ဟစ်တလာအာဏာရလာတဲ့ အခြေအနေမျိုးပဲ။ ကျန်ခဲ့တဲ့ ငါးနှစ်အတွင်း ကြွေးရှင်တွေရဲ့ မောက်မာမှု အကျိုးဆက်ပါပဲ။ နောက်ကြောင်းပြန် ကောက်ရရင် ၂၀၁၀ လောက်က စလို့ ဂရိဟာ ကြွေးရှင်နိုင်ငံတွေက ကြိုးဆွဲရာက ခဲ့ရတယ်။ အကျိုးဆက် အနေနဲ့ တိုင်းပြည်စီးပွားရေးဟာ ဦးမော့မလာဘဲ လေးပုံးတပုံ ကျဆင်းသွားခဲ့တယ်။ အလုပ်လက်မဲ့နှုန်းလည်း ၂၅ ရာခိုင်နှုန်း၊ လူငယ်အလုပ်လက်မဲ့နှုန်းက နှစ်ယောက်မှာ တယောက်အထိ ဆိုးသွားပါတယ်။

ဒါကြောင့်လည်း ဂရိပြည်သူတွေက ချိုးခြံချွေတာရေး အစီအစဉ်ကို လက်မခံနိုင်ကြတော့ဘူး။ ဒီလိုနဲ့ ချိုးခြံချွေတာရေး အစီအစဉ်တွေကို ကျောခိုင်းမယ်လို့ ကတိပြုတဲ့ သာမန် ပါတီတခုကို ဇန်နဝါရီလ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတယ်။ ဇူလိုင်လ ၅ ရက်နေ့ လူထုဆန္ဒခံယူပွဲမှာလည်း မဲပေးသူ ၆၀ ရာခိုင်နှုန်း တွေက သူတို့ ဆန္ဒကို ထပ်ပြီးတော့ အတည်ပြုခဲ့ပြန်ပါတယ်။

ဂရိဟာ ပလေတိုရဲ့ တိုင်းပြည်ဖြစ်တယ်။ ဒီမိုကရေစီ စနစ်ကို စတင် မွေးဖွားပေးခဲ့တဲ့ တိုင်းပြည်ဖြစ်တယ်။ အီးယူဟာလည်း နိုင်ငံရေး ယဉ်ကျေးမှု အမြင့်ဆုံး အစုအဖွဲ့ ဖြစ်တယ်။ တခြားရူ့ထောင့်က ပြောရင် ယူရိုဇုန်ထဲမှာ ဓနအင်အားအရ၊ လူဦးရေအရ ၂ ရာခိုင်နှုန်းပဲ ရှိတဲ့ ဂရိပြည်သူတွေက အနည်းဆုံး ရေတိုမှာ သူ့တို့ဘဝတွေကို ထိခိုက်စေတဲ့ ချိုးခြံချွေတာရေး အစီအစဉ်ကိုသာ ငြင်းတယ်၊ ဥရောပကို မငြင်းပါဘူး။ အများစုက ယူရိုဇုန်ထဲမှာပဲ ဆက်နေချင်ကြတယ်။

ဒါကို ယူရိုဇုန်ဘက်က ဂရိကို ငြင်းမယ်ဆိုရင်တော့ ဒါဟာ ယူရိုဇုန်ရဲ့ သမိုင်းဖြစ်သွားပါလိမ့်မယ်။ ဂရိဝန်ကြီးချုပ် အဲလက်စ်စီပရက်ရဲ့ အခုနောက်ဆုံး အဆိုပြုချက်တွေကို ကြည့်ရင် အခွန်နှုန်းတွေကို တိုး၊ ပင်စင်စနစ်ကို ပြုပြင်၊ ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချ၊ ဆိပ်ကမ်းနဲ့ ဆက်သွယ်ရေး လုပ်ငန်းကိုပုဂ္ဂလိက လွှဲပြောင်းခြင်း ကိစ္စတွေ ပါဝင်နေတာ တွေ့ရတယ်။ ဒီအစီအစဉ်တွေဟာ သူ့ပါတီထဲက ကန့်ကွက်နိုင်တဲ့ အဆိုပြုချက်တွေ ဖြစ်လို့ သူ့အတွက်လည်း စွန့်စားရတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေပါပဲ။

ဆန္ဒခံယူပွဲမှာ ဂရိပြည်သူတွေက ဝန်ကြီးချုပ်ရဲ့ မေတ္တာရပ်ခံချက်အတိုင်းပဲ ချိုးခြံချွေတာရေး အစီအစဉ်တွေကို ကန့်ကွက်မဲပေးခဲ့ပေမယ့် ဝန်ကြီးချုပ်က ဘဝင်မြင့်မသွားဘူး။ ဒါဟာ ဆွေးနွေးပွဲအတွက် လုပ်ပိုင်ခွင့် အာဏာအပ်နှင်းလိုက်တဲ့ သဘောသာဖြစ်ပြီး မောက်မာခွင့်ပေးလိုက်တာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောခဲ့တယ်။

ဘရပ်ဆဲလ်မှာ စနေ၊ တနင်္ဂနွေ ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး၊ ယူရိုဇုန် နိုင်ငံတွေနဲ့ ဆွေးနွေးတဲ့အခါ အပေးအယူသဘော ညှိနှိုင်းဖို့ အသင့်ရှိတယ်လို့ ပြောခဲ့တယ်။ ခက်ခက်ခဲခဲ နာရီပေါင်းများစွာ မာရသွန်ဆွေးနွေး ညှိနှိုင်းမှုတွေ အပြီးမှာ ဂရိကို တတိယ အသုတ် ချေးငွေတွေ ထုတ်ပေးပြိး စီးပွားရေး အသက်ဆက်ပေးဖို့ သဘောတူခဲ့ကြတယ်။

ဒါဟာ ဂရိကို ယူရိုဇုန်ထဲက ထွက်ရမယ့် ကိန်းကနေ ရှောင်လွဲနိုင်တာဖြစ်ပါတယ်။ ဂရိ ထွက်ရမယ်ဆိုရင် ပြည်သူတွေဟာ လက်ငင်းကြုံနေရတဲ့ စီးပွားရေးအခက်အခဲ၊ မျှော်လင့်မထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြသနာတွေအတွက် ကြုံနိုငိပါတယ်။ ဥရောပ တတိုက်လုံးကို ဂယက်ရိုက်နိုင်ပါတယ်။ ယူရိုဇုန်ထဲက ဂရိလောက် မဆိုးပေမယ့် အကြွေးဝန် ပိနေတဲ့ စပိန်နဲ့ အီတလီတို့ အတွက် အချက်ပေး ခေါင်းလောင်းထိုးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

တဖက်မှာ ကြည့်ရင် ယူရိုဇုန်အပြင်မှာ ဂရိဟာ ရေတိုမှာ စီးပွားရေး၊ လူမှုရေး ကသောင်းကနင်း ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း လူဦးရေ ၁၁ သန်းပဲ ရှိတဲ့ ဖွံ့ဖြိုးပြီး နိိုင်ငံတခုဟာ ကိုယ်ပိုင်ငွေနဲ့ ရပ်တည်လို့ ရသွားနိုင်ပါတယ်၊ ဥပမာ ဗြိတိန်ဆိုရင် ယူရိုဇုန် အယူအဆကို မယုံကြည်လို့ ကိုယ်ပိုင်ငွေကြေးနဲ့ပဲ ရပ်တည်ပါတယ်။ ဂရိအနေနဲ့ ကိုယ်ပိုင်ငွေကို ဖျော့ထား (devalue) လုပ်ထားဖို့ အခွင့်အရေး ရနိုင်ပြီး ပို့ကုန်ဈေးကွက်မှာ ယှဉ်ပြိုင်တဲ့အခါ အားသာချက်ရှိပါတယ်။

ဒါပေမ့ယ် ဂရိနဲ့ ယူရိုဇုန်က အကွဲအပြဲဟာ ဥရောပ သမဂ္ဂကို အားကျ စံထားပြီး စုဖွဲ့ဖို့ အားယူနေတဲ့ တခြား သမဂ္ဂတွေအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်လာလိမ့်မယ်။ ဥပမာ အာဆီယံ။ ဒီနေ့ ကမ္ဘာကြီးရဲ့ လားရာဟာ ပေါင်းစည်းရေး ဖြစ်ပါတယ်။ ဒါကို ဥရောပက ဦးဆောင်နေတာပါ။

ဆန္ဒခံယူပွဲအပြီးမှာ နှုတ်ထွက်သွားတဲ့ ဂရိ ဘဏ္ဍာရေး ဝန်ကြီးဟောင်း Yanis Yanoufakis ဟာ စီးပွားရေး ပညာရှင်ဖြစ်သလို နာမည်ကျော် ဂိမ်းသီအိုရီနဲ့ ပတ်သက်လာရင် ပညာရှင်တဆူလည်း ဟုတ်တယ်။ သူ့စကားက မှတ်သားဖို့ ကောင်းတယ်။

“ကျနော်တို့တွေဟာ ဥရောပသားတွေ ဖြစ်ကြတယ်။ ကျနော်တို့ရဲ့ ပေါင်းစည်းမှုဟာ ယုတ္တိတန်ဖို့ လိုတယ်။ ခင်ဗျားတို့ရဲ့ အခွန်ထမ်း ပြည်သူတွေကို ခင်ဗျားတို့ အလေးထားပါ၊ ကျနော်တို့ရဲ့ အခွန်ထမ်း ပြည်သူတွေကိုလည်း လေးစားပါ။ ကျနော့် အနေနဲ့ စီးပွားရေးကို တိုးတက် စေချင်တာ ပေါ့ဗျာ၊ အကြွေးတွေကို ပြန်ပေးချင်လွန်းလို့ပါ။ ဒီအတွက် ကျနော်တို့တွေ စားပွဲဝိုင်းထိုင်ပြီး သဘောညီအောင် ညှိနှိုင်းရမယ်။ ကျနော်တို့ဟာ မာနရှိတဲ့ လူမျိုးပါ။ ယူထားတဲ့ အကြွေးကို ပြန်မဆပ်ရရင် မပျော်ပါဘူး။ ဒါပေမယ့် ယူရို ၃၁၂ ဘီလီယံဆိုတော့ ကျနော်တို့မှာ မရှိရိုး အမှန်ပါ။ ဒီ အကြွေးတွေကို ပြန်ဆပ်ဖို့ဆိုရင် ကျနော်တို့နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးဖို့ လိုတယ်။ ဒါကို အကူအညီ ပေးကြပါ၊ သမဂ္ဂဆိုတာ ဒီလိုပဲဖြစ်ရမှာပေါ့” တဲ့။

ဂရိ အကြပ်အတည်းဟာ ဂရိ အနာဂတ်၊ ဥရောပ အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်သလို ကမ္ဘာကြီးရဲ့ လားရာကိုလည်း အဆုံးအဖြတ်လည်းဖြစ်ပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှု အမြင့်မားဆုံး ဒေသက ညှိနှိုင်းအဖြေရှာခြင်းနည်းလမ်း၊ လူသားဆန်ခြင်း တန်ဖိုးတွေကို ဘယ်လောက် စံနမူနာ ပြနိုင်သလဲ ဆိုတာ ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading