ပြီးခဲ့သည့် ၂ လလောက်က ဖားကန့်တွင် ရေမဆေးကျောက် ရှာဖွေသူ အများအပြား မြေစာပုံပိ၍ သေဆုံးရကြောင်း သိရှိခဲ့ရသည်။ ယင်းနောက် ရေမဆေးကျောက် ရှာဖွေသူများကို ရှာဖွေခွင့် မပြုတော့ဟု သတင်းကြားရသည်။
ဖားကန့်ဒေသတွင် အစိုးရ သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းအရ ပုဂ္ဂလိက ကုမ္ပဏီ (၈၀၈) ခုနှင့် အကျိုးတူကုမ္ပဏီ (၂၂၂) ခုတို့မှ လုပ်ကွက်ပေါင်း (၁၅၀၀၀) ကျော် လုပ်ကိုင်နေကြောင်း သိရသည်။
၂၀၁၂ တွင် ကချင်စစ်ပွဲကြောင့် ကျောက်စိမ်းထုတ်ခွင့် ပိတ်ပင်ထားခဲ့သော်လည်း ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ စတင်ကာ ပြန်လည်လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် နှစ် ၂၀ ကျော်မှ စတင်၍ အလွန်အကျွံ ကျောက်စိမ်း ထုတ်ဖော်မှုကြောင့် ဖားကန့်ဒေသတွင် သဘာဝ တောင်အလုံး ၅၀ နှင့် ချောင်းများ၊ ချောက်များ ပျောက်ကွယ်ရသလို ဥရုချောင်းမှာလည်း မြောင်းသာသာ ဘဝသို့ ပြောင်းလဲခဲ့ရပြီး ဖြစ်သည်။ ဥရုချောင်းမှာ နှစ်လလျှင် ပေ ၂၀ ကျော် မြင့်တက်လာပြီး ယင်းဒေသ ကျေးရွာများ ရေလွှမ်းမိုး ခံခဲ့ရသည်။ ကျေးရွာတွေ ပျောက်ကွယ်ခဲ့ရသလို၊ တချို့ရွာများမှာ နေရာရွှေ့ပြောင်းခဲ့ရသည်။
ဖာန်းကန့် ကျောက်စိမ်းမှာ အရည်အသွေးကောင်းသော (ဂျေဒိုက်) အမျိုးအစားဖြစ်သည်။ ယခုတော့ မြေမှန်ကြော ကျောက်စိမ်းတို့ ကုန်လေပြီ။ ဘက်ဟိုး အစီး ၃၅၀၀ ကျော်နှင့် နေ့စဉ် တူးဆွလေသမျှ ရရှိသည့် ကျောက်စိမ်းတို့သည် မည်သူ့အတွက် ဖြစ်လေသလဲ။ ထိုကျောက်စိမ်း သယံဇာတ၏ ဝင်ငွေနှင့် အကျိုးစီးပွားကို မြန်မာပြည်သားတို့ ပြည့်ဝစွာ ခံစားရလေ သလား။
ကျောက်စိမ်းမြေ အကြောင်း ဆောင်းပါးတို့ကို မကြာခဏ ဖတ်ခဲ့ရပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထုတ် မင်္ဂလာ စာစောင်တွင် လှပ၍ အရည်အသွေး ကောင်းမွန်သော ကျောက်စိမ်းအချောထည်များကို ဂုဏ်ယူဖော်ပြထားသည်ကို မကြာခဏ တွေ့မြင်ရပါသည်။ တရုတ်ပြည်အတွက် ကျောက်စိမ်းပဲလား၊ မြန်မာ့မြေမှ ကျောက်စိမ်း အရိုင်းထည်ကို ဝယ်ယူပြီး ပြုပြင်ထားသည့် အချောထည် ထုတ်ကုန်ပဲလား။ ဒီအချိန်မှာ မြန်မာအမျိုးသမီး အများစုမှာ ကျောက်စိမ်း စစ်စစ်ကို ရတနာအဖြစ် ဝတ်ဆင်နိုင်သူ ရှိမှ ရှိသေးပါလေစ။
ထိုသို့ အတွေးပွားဆဲတွင် စာရေးဆရာမ သွေး (စစ်ကိုင်း) ပြင်သစ်ဘာသာမှ တိုက်ရိုက်ပြန်ဆို ရေးသားသော “သွေးစွန်းတဲ့ ကျောက်စိမ်းမြေ” ကို ဖတ်ရပါသည်။ မူရင်းစာရေးဆရာမှာ Pascale Maret ဖြစ်ပြီး Vert Jade rouse sang အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
ယခင်က စာပေစီစစ်ရေး၏ တင်းကြပ်မှုကြောင့် ကျမတို့ မြန်မာစာရေးဆရာများ ရေးသားရန် ခက်ခဲခဲ့သော အကြောင်း အရာတို့ကို ပွင့်ပွင့်လင်းလင်း တို့ထိရေးဖွဲ့ခဲ့သော ရသဝတ္ထုတပုဒ် ဖြစ်ပါသည်။ မြန်မာလူငယ်လေး ၂ ဦးနှင့် မြန်မာအပျိုလေး ၃ ဦးတို့ကို ဇာတ်ကောင် အဖြစ်ထားကာ လော်ပန်ဖြစ်ဖို့ ကြိုးစားရင်း ဧရာမ တွင်းနက်ကြီးများထဲမှာ စုန်းစုန်းနစ်မြုပ်သွားရ သော မြန်မာ၊ ရှမ်း၊ ကချင် စသည့်လူငယ်တို့၏ ဘဝများကို ရေးဖွဲ့ထားပါသည်။
ဘာသာပြန်ဆိုမှုမှာ ပထမ ၂ ခန်းတွင် အနည်းငယ် တောင့်နေသယောင် ခံစားရသော်လည်း ဆက်၍ ဖတ်သွားသောအခါ ပြေပြစ်ချောေမွေ့လာသည်။
မူရင်းစာရေးဆရာ၏ လေ့လာမှုနှင့် ဇာတ်ကောင်ဖွဲ့စည်းမှုကလည်း လေးစားစရာကောင်းသည်။ ဇာတ်ကောင်စရိုက်ကို နိုင်နင်းသလို ကျောက်စိမ်းမြေ ဖားကန့်၏ ပကတိအခြေအနေကို ဖော်ပြနိုင်သည်။
ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးတွေနှင့် အောင်မြင်ခဲ့ပြီး တက္ကသိုလ်တက်ဖို့ စောင့်ဆိုင်းသော ကိုမျိုးဆိုသည့် လူငယ်လေးသည် ဖားကန့်မှာ တိုးတက်ကြီးပွားဖို့ အလုပ်သွားလုပ်သည့် အစ်ကိုဖြစ်သူ နိုင်လင်းနှင့် အဆက်အသွယ် မရသဖြင့် ဖားကန့်သို့ လိုက်လာခဲ့သည်။
အစ်ကိုဖြစ်သူကို ပြန်တွေ့ရတော့ နိုင်လင်းမှာ ကုမ္ပဏီတခု၏ ဝန်ထမ်း ကျောက်ရှာဖွေသူ မဟုတ်တော့ဘဲ ရေမဆေးကျောက် ရှာဖွေသူ ဖြစ်နေခဲ့ပြီ။ မူးယစ်ဆေးစွဲ၍ နေခဲ့ပြီ။
ရသစုံ ယူနန်စားသောက်ဆိုင်ပိုင်ရှင် တရုတ်ကြီး မစ္စတာယုထံတွင် ရောင်းစားခံခဲ့ရသည့် အမျိုးသမီးလေး ချိုချိုကို ချစ်နေ သူလည်း ဖြစ်နေခဲ့ပြီ။ ရသစုံ ယူနန်ဆိုင်ရှင် တရုတ်က ချိုချိုကို လိင်လုပ်သားအဖြစ် စေခိုင်းခဲ့ရာ ချိုချိုမှာ HIV ရောဂါ ရရှိနေခဲ့သည်။ ထိုဆိုင်မှ စန္ဒာဆိုသော အမျိုးသမီးကလေးနှင့် ကိုမျိုးက သံယောဇဉ်ဖြစ်ခဲ့ရသည်။
ညီအစ်ကိုနှစ်ယောက် ရေမဆေးကျောက်ကို ရှာရင်း ကျောက်ကောင်းတလုံး ရရှိခဲ့ပါ၏။ သို့ရာတွင် ရသစုံ ယူနန်ဆိုင်ရှင် တရုတ်ကြီး မစ္စတာယု (ကျောက်စိမ်းကုမ္ပဏီလည်း ရှိသူ) ၏ လက်ထဲတွင် တန်ဖိုးနည်း ကျောက်တလုံးဘဝသို့ ပြောင်းသွား ရသည်။
“တကယ်တမ်းမှာ ကျောက်စိမ်းတွေ့ဖို့က အပြောသက်သက်ထက် ပိုခက်နေတာ အမှန်ပဲ၊ ၅ ညလုံးလုံး ကျောက်စိမ်းနဲ့ တူတာတောင် သူတို့ ရှာ မတွေ့ခဲ့ကြဘူးလေ။ ကျောက်တုံးတွေကို သယ်လိုက် မ,ကြည့်လိုက်နဲ့ အချိန်တွေ ကုန်သွားရတယ်။ မီးအိမ်ငယ်လေးရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာ မျှော်လင့်ချက်တွေ တောက်ပလာ မလားဆိုတာ မသေချာပါဘူး။ နေ့လယ်မှာ ထရပ်ကားကြီးတွေနဲ့ သယ်ယူလာတဲ့ မြေစိုင်ခဲတွေ၊ ကျောက်တုံးတွေကြားမှာ ရှာဖွေရတာကိုး”
ဧရာမ မြေစာပုံကြီးများကြောင့် ပျက်ဆီးနေသော ဖားကန့်ဒေသ၏ ရှုခင်းကိုလည်း ဆရာမက ရေးပြခဲ့သည်။
“တခါတရံ မှာတော့ စန္ဒာက တောင်စောင်းအနီးက ဘုရားကျောင်းလေးတခု အနီးမှာ လာစောင့်နေတတ်တယ်။ တခါတုန်းက အဲဒီအနား ပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်လေးတွေဟာ ယိုယွင်းပျက်စီးနေသလို၊ ပြိုတဲ့အိမ်က ပြိုနေပြီ။ ကျောက်စိမ်းတူဖော်ရေး လုပ်ငန်းခွင်မှာသုံးတဲ့ ဘူဒိုဇာ ကားကြီးတွေ ဝင်ထွက်နေတာရဲ့ အကျိုးဆက်ပေါ့”
ကျောက်တွင်းတွေမှာ လူငယ်လူရွယ်တွေသာ မကပါ။ ကလေးတွေ၊ အမျိုးသမီးတွေပါ အလုပ်လုပ်နေကြပုံ၊ အလုပ်သမားတွေရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ချွေးဟာ ဖုန်မှုန့်တွေနဲ့ အရောရော အထွေးထွေး ဖြစ်နေပုံ၊ လေရှူလို့ မဝပုံကိုလည်း ဖော်ပြထားပါသေးသည်။
ဘာသာပြန်ဆိုသူ စာရေးဆရာမ သွေး (စစ်ကိုင်း) မှာ ယခင် “စန္ဒရားဆရာ” အမည်ရှိ လုံးချင်း ဝတ္ထုတပုဒ်ကိုလည်း ပြင်သစ်ဘာသာမှ မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုခဲ့ဖူးသည်။ ဤစာအုပ်ကို ပြန်ဆိုရေးသားဖြစ်ခဲ့သည်မှာ တန်ဖိုးကြီးမားတဲ့ ကျောက်စိမ်းတွေ့လို့ ချမ်းသာသွားသူ အနည်းစုသာ ဖြစ်ပြီး အများစုက မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်သွားကာ မိကောင်းဖခင် သားသမီးတွေ လိင်ပိုင်းဆိုင်ရာ အရ အမြတ်ထုတ်ခံရတာ၊ တရားဥပဒေ စိုးမိုးရေး မရှိသော သူေဋ္ဌးဆိုသူတွေရဲ့ ခေါင်းပုံဖြတ်ခံရသဖြင့် စစ်အစိုးရလက်ထက်မှာ ဖားကန့်ဒေသက အခြေအနေတွေ ကိုပါ ထင်ဟပ်စေတာမို့ ပြန်ဆိုရေးသားဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။ ။
စာအုပ်အမည် – သွေးစွန်းတဲ့ ကျောက်စိမ်းမြေ
ဘာသာပြန်သူ – သွေး (စစ်ကိုင်း)
ထုတ်ဝေသူ – မြန်မာ့ခေတ်စာပေ
ပုံနှိပ်ခြင်း – မတ်လ၊ ၂၀၁၅ (ပထမအကြိမ်)
တန်ဖိုး – ၁၂၀၀ ကျပ်