ပက်ဘလို နီရူဒါသည် သူ၏ကဗျာများကြောင့် ကမ္ဘာကျော်တဦး ဖြစ်မလာမီ ၁၉၂၇ ခုနှစ်မှ ၁၉၂၈ ခုနှစ် အတွင်း အင်္ဂလိပ်ကို လိုနီခေတ် ရန်ကုန်မြို့တွင် ချီလီနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် အဖြစ် အမှုထမ်းခဲ့သည်။ လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ဘရားဇီး နိုင်ငံထုတ် “O Cruzeiro” သတင်းစာတွင် ပါရှိသော သူရေးသားခဲ့သည့် အက်ဆေး တပုဒ်အရ နီရူဒါရောက်သည့် အချိန်တွင် အရှေ့ဖျားဒေသက ပုံမှန် မဟုတ်သလို ဖြစ်နေခဲ့သည်။
“ကျနော့် သူငယ်ချင်းက နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီးကို ကမ္ဘာတလွှားက မြို့တွေရဲ့ စာရင်းကို ပေးတယ်။ ဒါပေမယ့် ကျနော်ကတော့ ကျနော် အရင်က တခါမှ မကြားဖူး၊ မဖတ်ဖူးတဲ့ နာမည်တခုကိုပဲ သတိထားလိုက်မိတယ်။ ရန်ကုန်မြို့ပါ။ ပက်ဘလို မင်းဘယ်ကို သွားချင်သလဲလို့ ဝန်ကြီးက ကျနော့်ကို မေးတယ်။ ရန်ကုန်လို့ ကျနော် ချက်ချင်း ပြန်ပြောလိုက်တယ်။ သူ့နာမည်ကို အဲဒီမှာ ထည့်လိုက်လို့ ဝန်ကြီးက ပြောတယ်” ဟု နီရူဒါက အဆိုပါ အက်ဆေးတွင် ရေးသားခဲ့သည်။
ဒီလိုနှင့်ပင် ပက်ဘလိုနီရူဒါ၏ တိုတောင်းသော်လည်း အတွေ့အကြုံ အများကြီးရသည့် သံတမန် အမှုထမ်းဘဝ စတင်ခဲ့ ရသည်။ တနှစ်အတွင်းတွင် သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ စပိန်နှင့် ပြင်သစ် စသည့် နိုင်ငံများသို့ သူ ရောက်ရှိခဲ့ သည်။
သူ၏ ရေးသားဖော်ပြမှုများ အရ နီရူဒါသည် ရန်ကုန်မြို့တွင် နေထိုင်ခဲ့စဉ်က ဒါလ်ဟိုဇီလမ်း (ယခု မဟာဗန္ဓုလလမ်း) တွင် အများဆုံး နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ငြီးငွေ့ဖွယ် ကောင်းပြီး အသိဉာဏ် ကင်းမဲ့သူများ အဖြစ် သူက ဖော်ပြခဲ့ သော ဗြိတိသျှများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ ထိုအချိန်က မြန်မာ ပြည်သူများ ကလည်း ဗြိတိသျှတို့ အပေါ် ထားရှိသည့် အမြင်က သူ့ထံသို့ ကူးစက်လာခြင်း ဖြစ်သည်။ ပြည်သူ အများစုက ကိုလိုနီဝါဒကို သပိတ်မှောက် ခြင်း၊ ဆန္ဒပြခြင်းများဖြင့် ဆန့်ကျင်ခဲ့ကြပြီး ဗြိတိသျှအစိုးရကလည်း ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ သည်။
သူက တောင်အမေရိကသား တယောက်ဖြစ်နေခြင်းနှင့် သူ၏ နိုင်ငံရေးအမြင် တို့ကြောင့် နီရူဒါသည် ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် နေထိုင်သော အနောက် နိုင်ငံသားများ၏ ပုံစံနှင့် ကွဲပြားနေခဲ့သည်။ ရန်ကုန် မြို့ နာမည်ကျော် Strand ဟိုတယ်နှင့် ကိုလိုနီခေတ် ရေပေါ်ဆီ လူတန်းစားများ စုဝေးလေ့ရှိကြသည့် ရေပန်းစားသော နေရာများအကြောင်းကို ရေးသားထားသည့် “Rangoon 1927” ကဗျာတွင် ဗြိတိသျှ အင်ပါယာ အပေါ် သူ၏ မနှစ်မြို့မှုများကို ဖော်ပြခဲ့သည်။
ဗြိတိသျှ အုပ်ချုပ်စဉ်က ၎င်းတို့ကို “သခင်” ဟုခေါ်ရန် အတင်းအကျပ် စေခိုင်းခြင်း ခံခဲ့ရသည့် ရန်ကုန်မြို့ကို နီရူဒါက “လူဖြူများ အတွက် ဟိုတယ် အဖြူတခု၊ ရွှေလို ပြည်သူများ အတွက် ရွှေရောင်စေတီတခု၊ အားလုံးဖြစ်သွားခဲ့ပြီ၊ သူကတော့ မဖြစ်ခဲ့ဘူး” ဟု ရေးသားခဲ့သည်။
နီရူဒါ၏ ကိုလိုနီသခင်များ အပေါ် မနှစ်မြို့မှု ဖြစ်လာရခြင်းမှာ သူ၏ကဗျာများတွင် ဖော်ပြချက်များအရ သူက ဒေသခံများနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသောကြောင့် သူ့ကို ဗြိတိသျှတို့က ကြဉ်ထားကြခြင်းနှင့် သူ၏ ကျော်ကြား သော ကဗျာ အများအပြားတွင် ထည့်သွင်းဖွဲ့ဆိုလေ့ရှိသော မြန်မာအမျိုးသမီး ချစ်သူကြောင့် ဖြစ်သည်ဟု ယူဆရပါ သည်။
ရန်ကုန်တွင် အနောက်တိုင်းသားများက ဒေသခံ များကို နှိမ့်ချဆက်ဆံခြင်း အတွက် သံတမန်များ ကလည်း အနှောင့်အယှက် ဖြစ်ပုံ မရပေ။ ထို့ကြောင့် ဆယ်စုနှစ် များစွာ ကြာခဲ့သည့် အချိန်တွင် နီရူဒါက “ဒီ သဘောထား သေးသိမ်တဲ့ ဥပရောပတိုက်သားတွေ က စိတ်ဝင်စားစရာ မကောင်းပါဘူး။ ကိုလိုနီ နယ်ချဲ့တွေနဲ့ ခဏတာ အချိန်ဖြုန်းဖို့ ကျနော် အရှေ့တိုင်းကို လာခဲ့တာ မဟုတ်ပါဘူး။ သူတို့အစား ဒီအရပ်က ရှေးဟောင်းဝိညာဉ်တွေ၊ ကယ်သူမဲ့ နေတဲ့ မိသားစုတွေနဲ့ပဲ နေပါမယ်” ဟု ပြန်ပြောပြခဲ့သည်။
နီရူဒါက လူမျိုးပေါင်းစုံနှင့် ရှုပ်ထွေးလှုပ်ရှားနေသော ကိုလိုနီခေတ် ရန်ကုန်မြို့အကြောင်းလည်း ရေးသားခဲ့သည်။
“မြန်မာနိုင်ငံက လမ်းတွေ၊ လေဟာပြင်ဇာတ်ရုံ တွေ၊ စက္ကူနဲ့ လုပ်ထားတဲ့ နဂါးရုပ်တွေနဲ့ ခမ်းနားတဲ့ မီးအိမ်တွေ ရှိတဲ့ တရုတ်တန်းက ကျနော့်ရဲ့ စိတ်ကို ဆွဲဆောင်ခဲ့တယ်။ ဟိန္ဒူလူမျိုးတွေနေတဲ့ လမ်းမှာ ဆိုရင် ဘုရားကျောင်းတွေက လူတန်းစား တချို့ အတွက် စီးပွားဖြစ် နေရာတခု ဖြစ်နေပြီး ဆင်းရဲတဲ့လူတွေ ကတော့ အပြင်က ရွံ့တွေထဲမှာ ဝမ်းလျားမှောက်ပြီး ဝတ်ပြုနေကြရတယ်။ ဈေးထဲမှာ ကွမ်းရွက်တွေကို ပိရမစ်တွေလို စီထားတာက ပါလဒုတ္ထာကျောက် (Malachite) တောင်တွေလိုပဲ။ ဈေးဆိုင်ခန်းတွေ မှာလည်း တိရစ္ဆာန်အရိုင်းတွေနဲ့ ငှက်တွေကို ရောင်းကြတယ်။ တချို့လမ်းတွေမှာ မြန်မာ အမျိုးသမီးကြီးတွေက သူတို့ရဲ့ ပါးစပ်မှာ ဆေးပေါ့လိပ် အရှည်ကြီးတွေကို ခဲထားပြီး လမ်းလျှောက်နေကြတယ်။ အဲဒီ အရာတွေ အားလုံးက ကျနော့်ကို ဆွဲဆောင်ခဲ့ပြီး လက်တွေ့ဘဝကို ပိုမိုပီပြင် နားလည်လာ စေခဲ့တယ်”
သို့သော်လည်း နီရူဒါက သူ၏ ညီမဖြစ်သူ လော်ရီတာ (Laurita) ထံသို့ ပို့သော စာတစောင်တွင်မူ ကွဲပြားမှု ရှိနေခဲ့ သည်။ “ရန်ကုန်မှာ နေရတာက စိတ်ပျက်စရာကောင်းတဲ့ ပြည်နှင်ဒဏ်လိုပဲ။ ဒီလို ငရဲမှာ နေဖို့ ငါလူဖြစ်လာတာ မဟုတ်ဘူး” ဟု ရေးသားခဲ့သည် ကို တွေ့ရသည်။
မေတ္တာနှင့် ခွန်အား
နီရူဒါ၏ ရာထူးမှာ အဆင့်နိမ့် ရာထူးတခု ဖြစ်ပြီး အပိုထောက်ပံ့ကြေးလည်း မရရှိပါ။ “ဆင်းရဲနွမ်းပါးမှု အများဆုံးနဲ့ အထီးကျန်ဆုံး နေရာမှာ ကျနော် နေခဲ့ရတယ်။ လူတယောက်မှ မမြင်ရဘဲ နေခဲ့ရတဲ့ ရက်သတ္တပတ်တွေတောင် ရှိတယ်” ဟု နီရူဒါက ၁၉၇၁ ခုနှစ်က ပြုလုပ်ခဲ့သော Pairs Review နှင့် အင်တာဗျူးတွင် ပြန်လည် ပြောပြခဲ့သည်။
ရန်ကုန်မှာ နေရခြင်းက နီရူဒါကို အချစ်နှင့် ဆုံတွေ့ခဲ့သော အခွင့်အရေး ကိုလည်း ရစေခဲ့သည်။ မြန်မာနိုင်ငံမှ သူ၏ ချစ်သူနှင့် ပတ်သက်သမျှ အားလုံးကို သူ၏ ကဗျာများထဲတွင်သာ တွေ့ရတတ်သည်။ ထိုအမျိုးသမီး အမှန်တကယ် ရှိခဲ့သည် ဆိုခြင်းနှင့် ပတ်သက်၍ ဓာတ်ပုံလည်း မရှိသလို တခြား အထောက်အထား များလည်း မတွေ့ရပါ။
“သူက အင်္ဂလိပ် အမျိုးသမီးတွေလို ဝတ်တယ်။ သူ့ကိုအပြင်မှာ ဂျိုစီ ဘလစ် (Josie Bliss) လို့ခေါ်ကြတယ်။ ဒါပေမယ့် မကြာမီ သူနေတဲ့ အိမ်ကို ကျနော်ရောက်သွားတဲ့ အခါကျတော့ အင်္ဂလိပ် အမျိုးသမီး ပုံစံ မရှိတော့ဘဲ အလွန်ကြည့်လို့ ကောင်းတဲ့ မြန်မာလုံချည် ဝတ်ထားပြီးတော့ မြန်မာနာမည်နဲ့ ဖြစ်နေတယ်” ဟု သူက ပြောသည်။
နီရူဒါက သူနှင့် ဂျိုစီဘလစ်တို့၏ ဆက်ဆံရေးကို ဇာတ်ဆန်ဆန် မကြာခဏဆိုသလို ဖော်ပြလေ့ရှိသည်။ အလွန်အကျွံ သဝန်တိုတတ်သော အမျိုးသမီး တယောက်အဖြစ် သရုပ်ဖော်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေးသားခဲ့သည့် ခြင်ထောင် တလုံး၊ ဓားတလက်နှင့် ဂျိုစီဘလစ်တို့ ပါဝင်သည့် “Tango del Viudo” “Widower’s tango” ဟု ဆိုသည့် ကဗျာက သူ၏ အကောင်းဆုံး ကဗျာများထဲမှ တပုဒ်ဖြစ်ကြောင်း နီရူဒါ၏ ကဗျာများကို လေ့လာခဲ့သည့် ဂျေဆင်ဝီလ်ဆင် (Jason Wilson) က ပြောသည်။
ဂျိုစီဘလစ်က ကဗျာများ ဖြစ်လာရန် အတွက် အကောင်းဆုံး လှုံ့ဆော်မှုတခု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သူ၏ ပြင်းပြသော ဆန္ဒက နီရူဒါအတွက် သတ္တိတွေ ဖြစ်လာခဲ့ပုံရသည်။ “ချစ်စရာ ဂျိုစီဘလစ်က တဖြည်းဖြည်းနဲ့ အလွန်ကို ပိုင်စိုးပိုင်နင်း ဖြစ်လာပြီး သူ့ရဲ့ မထိန်းချုပ်နိုင်တဲ့ ဝန်တိုမှုက ရောဂါဝေဒနာတခု အသွင်ကို ပြောင်းသွားတယ်။ အဲဒီ တချက်သာ မရှိခဲ့ရင် ကျနော် သူနဲ့ အမြဲတမ်း နေကောင်း နေသွားမိနိုင်ပါတယ်” ဟု နီရူဒါက သူ၏ ကိုယ်တွေ့ မှတ်တမ်း စာအုပ်တွင် ရေးသားခဲ့သည်။
နောက်ဆုံးတွင် နီရူဒါသည် သီရိလင်္ကာသို့ ပြောင်းရွှေ့ခဲ့ပြီး ကိုလံဘိုမြို့တွင် ကောင်စစ်ဝန်တာဝန် ထမ်းဆောင်ခဲ့သည်။ သူ ထွက်ခွာသွားခြင်းက ဂျိုစီဘလစ်ကို နောက်ဆုံး မြင်လိုက်ရခြင်း မဟုတ်ပါ။
“မျှော်လင့် မထားဘဲနဲ့ ကျနော့်ရဲ့ မြန်မာချစ်သူ ဂျိုစီဘလစ်က ကျနော့်အိမ် တံခါးဝကို ရောက်လာပြန်တယ်။ ဝေးလံတဲ့ သူ့နိုင်ငံ ကနေ သီရိလင်္ကာကို ခရီးရှည်ကြီး ဖြတ်ပြီး သူလာခဲ့တယ်။ ရန်ကုန်မှာပဲ စပါးစိုက်ပျိုးလို့ ရတယ်လို့ သူက ထင်ထားလို့ သူက ဆန်အိတ် တအိတ်ယူလာခဲ့တယ်။ ကျနော်တို့ အကြိုက်ဆုံးဖြစ်တဲ့ ပေါလ်ရော်ဘင်ဆင် (Paul Robeson) ရဲ့ ဓာတ်ပြားတွေနဲ့ အိပ်ရာခင်းရှည်ကြီး တလိပ်လည်း ပါတယ်။ သူက အားလုံးကို အိမ်တံခါးဝကနေ ကြည့်တယ်။ အနားကို ကပ်ဖို့ ကြိုးစားတဲ့သူ အားလုံးကို ဝန်တိုမှုကြောင့် ဖြစ်တဲ့ ဒေါသနဲ့ တိုက်ခိုက်စော်ကားတယ်။ ပြီးတော့ အိမ်ကိုမီးရှို့မယ် လို့ ခြိမ်းခြောက်တယ်။ သူ့ကို ခေါ်ဖို့လာတဲ့ သဘောကောင်းတဲ့ အင်္ဂလိပ် အမျိုးသမီး တယောက်ကို ဓားရှည်တချောင်းနဲ့ သူက တိုက်ခိုက်ခဲ့ပါတယ်” ဟု ရေးသားခဲ့သည်။
နောက်ဆုံးတွင် ဂျိုစီဘလစ် အိမ်ပြန်သွားခဲ့သော်လည်း ငယ်ရွယ်သေးသည့် နီရူဒါ၏ နှလုံးသားထဲတွင် ကုသ၍ မပျောက်ကင်းနိုင်သည့် အမာရွတ်တခု ကျန်နေခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အလည်ပြန်လာခဲ့ရာတွင် ထိုအမျိုးသမီးကို မတွေ့ရတော့ပါ။ မအောင်မြင်သော ရှာဖွေမှုက “Regreso a una ciudad (Return to a city)”အမည်ရှိ ကဗျာတပုဒ်ကို ရေးသားဖြစ်စေခဲ့သည်။
သူ နောက်ပိုင်း ရေးသားခဲ့သည့် ကဗျာများတွင်လည်း ဂျိုစီဘလစ်က ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့သည်။ ၁၉၆၄ ခုနှစ် က ရေးသားခဲ့သည့် “Amores: Josie Bliss” ကဗျာတွင် နီရူဒါက အစောပိုင်းက ရမ္မက်လွှမ်းသည်ဟု သံသယ ထားခဲ့သော ထိုအမျိုးသမီးကို ထားခဲ့ခြင်း အတွက် လွန်စွာနောင်တရကြောင်း ရေးသားခဲ့သည်။
“ကျနော်လည်း ခံစားခဲ့ရတယ် ဆိုတာ သူ့ကိုပြောချင် ပါတယ်၊ ဒါလောက်နဲ့လည်း မလုံလောက်သေးပါဘူး။ ဒဏ်ရာ ရခဲ့တဲ့သူဟာ သေတဲ့အထိ နာကျင်သွားရမှာ ဖြစ်ပါတယ်”
ချီလီနိုင်ငံ၏ ဆိုရှယ်လစ်သမ္မတ ဆယ်ဗာဒို အယ်လင်ဒီ (Salvador Allende) ကို ဖြုတ်ချ၍ ဩဂတ်စတို ပီနိုချေး (Augusto Pinochet) က စစ်အာဏာရှင် စနစ်ကို စတင်ခဲ့ပြီး နောက်ထပ် ၁၂ ရက်အကြာ ၁၉၇၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ချီလီနိုင်ငံ၌ နီရူဒါ ကွယ်လွန်ခဲ့သည်။ သူ ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ် အရွယ်ရှိပြီ ဖြစ်သည်။ သူ၏ဇနီးနှင့် ဒရိုင်ဘာတို့ အပါအဝင် နီရူဒါနှင့် နီးစပ်သူများက ကင်ဆာရောဂါ ခံစားနေရသည့် နီရူဒါကို ဗိုလ်ချုပ်ကြီး ပီနိုချေး၏ လက်မရွံ့ နောက်လိုက်တဦးက လျှို့ဝှက်စွာ အဆိပ်ခတ်လုပ်ကြံခဲ့သည်ဟု ယူဆခဲ့ကြသည်။
ချီလီစစ်သားများ၏ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး များမကြာမီအချိန်မှာပင် နေအိမ်၌ အကျဉ်းချုံး ပြုလုပ်ခဲ့ရသည့် နီရူဒါ၏ အသုဘ အခမ်းအနားက ဗိုလ်ချုပ်ကြီး ပီနိုချေး၏ စစ်အုပ်ချုပ်ရေးကို ပြည်သူများက ဆန့်ကျင်ကြောင်း ပထမဆုံး ပြသခဲ့သည့် ဖြစ်ရပ်တခုလည်း ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်တွင် ချီလီတရားရုံး တရုံးက နီရူဒါ အဆိပ်ခတ်ခံခဲ့ရခြင်း ရှိ မရှိ ဖော်ထုတ်ရန် အတွက် ရုပ်အလောင်းအား ပြန်လည်ဖော်ယူ စစ်ဆေးရန် အမိန့်ချမှတ်ခဲ့သည်။ စစ်ဆေးမှုက အဖြေ မပေါ်ခဲ့သော်လည်း နောက်ထပ် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ချင်သည့် ကျန်ရစ်သူမိသားစု၏ တောင်းဆိုမှုကြောင့် ရုပ်အလောင်းအား ပြန်လည်မြှုပ်နှံခြင်း မပြုရသေးပါ။
(၂၀၁၅ ခုနှစ် ဇွန်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော Seamus Martov ၏ “Neruda’s Burmese Days” ကို ဆုမွန်ဖြိုး ဘာသာပြန်သည်။)