လူရဲ့ ခန္ဓာကိုယ်မှာ အင်္ဂါအစိတ်အပိုင်း တွေကလည်း အများသား။ အဲဒီ အစိတ်အပိုင်းတွေ ကနေပဲ လူရဲ့ ကျန်းမာရေး ကို ပြောပြတတ်ကြပါသေးတယ်။ ဒါကြောင့်လည်း ပြင်ပ အမြင်နဲ့ ရုပ်ကိုကြည့်ပြီး နေမကောင်းဘူး ထင်တယ်လို့ မှန်းဆ ပြောကြပါတယ်။ အဲဒီလို ကျန်းမာရေးကို ထင်ဟပ်ပြလေ့ ရှိတဲ့ အထဲမှာ လက်သည်း ခြေသည်းတွေလည်း ပါဝင်နေ တတ်ပါတယ်။ ဆေးပညာအရ ကျန်းမာရေးနဲ့ လက်သည်းရဲ့ အသွင်သဏ္ဌာန်တွေက ဆက်စပ်နေတာကို တွေ့ကြရပြန် ပါတယ်။
လက်သည်းက ဖြူရော်နေလား၊ ပန်းနုရောင် သန်းနေသလား၊ ညီညာချောမွေ့ပြေပြစ်နေသလား၊ ဖုထစ် အစက် အပျောက်တွေ ရှိနေသလား စသဖြင့်ကနေ ရောဂါကို မှန်းဆနိုင်တာတွေ ရှိပါတယ်။ အသည်း၊ အဆုတ်၊ နှလုံး စတဲ့ အရေးပါတဲ့ အင်္ဂါတွေရဲ့ ပြဿနာစုံကို လက်သည်းတွေက ပြောပြတတ်ပါတယ်။ လက်သည်းထဲက လျှို့ဝှက်ချက် တွေကို လေ့လာကြည့်ရအောင်ပါ။
အရောင်မှိန်ဖျော့ နေတဲ့လက်သည်းတွေ
သိပ်ပြီး အရောင်ဖျော့နေတဲ့ လက်သည်းတွေက စိုးရိမ်စရာ ရောဂါ အခြေအနေကို ဖော်ပြနေတတ်ပါတယ်။
သွေးအားနည်းရောဂါ
နှလုံးချို့ယွင်းတဲ့ ရောဂါ
အသည်းရောဂါ
အာဟာရ ချို့တဲ့ရောဂါ စတဲ့ ရောဂါတွေရှိနေရင် အရောင်ဖျော့နေတဲ့ လက်သည်းတွေကို မြင်ရပါလိမ့်မယ်။
အဖြူရောင်လက်သည်း
ဖြူဆွတ်ဆွတ် လက်သည်းမှာ အရောင်ရင့်ရင့် နှုတ်ခမ်းသား ကွပ်ထားသလို ဖြစ်နေတာ တွေ့ရရင်တော့ အသည်းနဲ့ ပတ်သက်တဲ့ ပြဿနာ တခုခု ရှိနေပြီလို့ ဆိုရပါမယ်။ အသည်းရောင် အသားဝါလိုမျိုးပေါ့။ အဲသလို ဖြူဆွတ်ဆွတ် လက်သည်း ရှိနေပြီး လက်ချောင်းတွေပါ ဝါနေတာကို တွေ့ရင်ဖြင့် အသည်းမှာ တခြားရောဂါ တခုခု ရှိနေလို့ပါ။
ဝါကျင့်ကျင့် လက်သည်း
ရံဖန်ရံခါတော့ လက်သည်း ဝါကျင့်ကျင့် ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ လက်သည်းကို အဲသလို ဝါစေတဲ့ အထဲမှာ အဖြစ် အများဆုံးကတော့ လက်သည်း မှိုစွဲတဲ့ ရောဂါလို့ ဆိုပါတယ်။ အဲဒီ မှိုစွဲနာ ဆိုးလာရင်တော့ လက်သည်း အောက်ခြေမှာ ရှုံ့တွပြီး လက်သည်းတွေက ထူလာမယ်၊ ကျိုးပဲ့ လွယ်လာမယ်ပေါ့။ လက်သည်းအရောင် ဝါတာက ရှားရှားပါးပါး တခြား ပြင်းထန်တဲ့ ရောဂါတွေလည်း ဖြစ်တတ် ပါတယ်။ သိုင်းရွိုက် ဂလင်း၊ အဆုတ် စတာတွေရဲ့ ရောဂါအပြင် ဆီးချို ရှိနေရင်လည်း လက်သည်း ဝါတတ်ပါတယ်။
လက်သည်းပြာပြာ
ကောင်းကင်တွေ၊ ပင်လယ်တွေ ပြာတာက လှပေမယ့် လက်သည်းပြာတာကတော့ ခန္ဓာကိုယ်မှာ အောက်ဆီဂျင်ဓာတ် လုံလောက်အောင် မရတဲ့ လက္ခဏာမို့ မကောင်းလှပါဘူး။ လက်သည်း လဲ့ပြာပြာက အဆုတ်မှာ လေပြွန်တွေ ပိတ်ဆို့မှု ဖြစ်နေတဲ့ ရောဂါတွေကို ရည်ညွှန်းတာ ပါပဲ။ ဒါတင်လား ဆိုတော့လည်း မဟုတ်ပါဘူး။ ဒီထက်ပို ဆိုးတဲ့ နှလုံးရောဂါ တွေနဲ့ ဆက်စပ် ပြီးတော့လည်း လက်သည်းက အပြာရောင် သန်းတတ်ပါသေးတယ်။
လှိုင်းတွန့်လက်သည်း
လက်သည်းပေါ်မှာ လှိုင်းတွန့်လေးတွေ ထနေတာလည်း တွေ့ဖူးကြမယ် ထင်ပါတယ်။ ဒါမှမဟုတ် အပေါက်လို၊ ကျင်းလို လေးတွေ ဖြစ်နေတာမျိုးလည်း တွေ့ဖူးမှာပါ။ ဒါက အရေပြား ရောဂါ တမျိုးဖြစ်တဲ့ Psoriasis ရဲ့ အစောပိုင်း လက္ခဏာ ဖြစ်တတ်ပါတယ်။ အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲတဲ့ ရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ အဲဒီ ရောဂါတွေမှာ လက်သည်း အရောင်ပြောင်းနေတာ အတွေ့များပါတယ်။ လက်သည်းအောက်က အရေပြားဆို နီညိုညို အရောင်အဖြစ် မြင်နေရပါတယ်။
ကွဲအက် လက်သည်း
ခြောက်သယောင်းနေပြီး ကြွပ်ဆတ်ဆတ်မို့ အက်နေ၊ ကွဲနေတဲ့ လက်သည်းတွေလည်း မြင်ဖူးမှာပါ။ ဒါကတော့ လည်ပင်းရှေ့က သိုင်းရွိုက်ဂလင်းရဲ့ ရောဂါတွေနဲ့ ဆက်စပ်နေတာလို့ ဆိုပါတယ်။ အက်ရာတွေ ထင်နေ၊ ကွဲနေတဲ့ လက်သည်းက အဝါရောင် ဖြစ်နေရင်တော့ လက်သည်း မှိုစွဲတာက ပိုပြီး ဖြစ်နိုင်ခြေ ရှိပါသတဲ့။
ဖောင်းကြွ ပန်းခုံး
လက်သည်းရဲ့ ပတ်လည်က အရေပြား နီပြီး ဖောင်းနေတာမျိုး တွေ့ဖူးမယ် ထင်ပါရဲ့။ ဒါက လက်သည်းပန်းခုံး ရောင်ရမ်းတာပါ။ ဒါက တွယ်ဆက် တစ်ရှူးတွေမှာ ဖြစ်တဲ့ရောဂါတွေ (SLE နဲ့ အဆစ်အမြစ် ဆိုင်ရာ ရောဂါတွေ) ကြောင့်လို့ ဆိုပါတယ်။ ရောဂါပိုးတွေ ဝင်ရောက်လို့ အနာဖြစ်တာမျိုး ဆိုရင်တော့ လက်သည်းပန်းခုံးက နီရဲပြီး ရောင်ကိုင်းနေတာ တွေ့ရ ပါလိမ့်မယ်။
လက်သည်းအောက်က အနက်စင်း
လက်သည်းအောက်မှာ အလိုလို အနက်ရောင် အစင်းတွေ ဖြစ်လာတာ တွေ့ရရင်ဖြင့် ချက်ချင်း ဆိုသလို စမ်းသပ် စစ်ဆေးမှုတွေ ခံယူဖို့ မီးနီပြတာလို့ ယူဆသင့်ပါတယ်။ အဲဒီ အနက်ရောင် အစင်းကြောင်းတွေက ရံဖန်ရံခါ ကြောက်စရာ အရေပြားကင်ဆာ တမျိုး ဖြစ်တဲ့ Melanoma ကြောင့် ဖြစ်တတ်လို့ပါပဲ။
သွားရာတွေနဲ့ လက်သည်း
လက်သည်းကိုက်တဲ့ အကျင့် ရှိသူတွေမှာ ဒါကို တွေ့ရတတ်ပါတယ်။ ဒါက အကျင့်ဖြစ်နေတာမို့ စိုးရိမ်စရာ မရှိဘူးလို့ ထင်ရတတ် ပေမယ့် တခါ တလေတော့ ပုံမှန် မဟုတ်တဲ့ လက္ခဏာပါ။ လက်သည်းကိုက်တာက စိုးရိမ်သောက ဝေဒနာရဲ့ လက္ခဏာ တခုဖြစ်တတ်ပြီး ကုသလို့ ပျောက်ကင်းနိုင်ပါတယ်။ တခါတလေလည်း လက်သည်းကိုက်တာက စိတ်စွဲ ဝေဒနာနဲ့ ဆက်စပ်နေတတ် ပါတယ်။ ဒီအကျင့် စွဲနေတာကို စိတ်ရောဂါ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
အထက်မှာ ပြောခဲ့တာတွေ ကြည့်ရင် လက်သည်းရဲ့ မူမမှန်ဖြစ်နေမှု တွေက ပဟေဠိ တခုလို အဖြေရှာစရာ ဖြစ်နေတာ တွေ့ရမှာပါ။ ရောဂါ ဝေဒနာ အတော်များများကို ရည်ညွှန်း နေသလို ဖြစ်နေတာ တွေ့ရမှာပါ။ ဒါပေမယ့် လက်သည်းရဲ့ မူမမှန်မှု အများစုကတော့ စိုးရိမ်စရာ အန္တရာယ်မျိုး မရှိတတ်ပါဘူး။ လက်သည်း ဖြူတိုင်း အသည်းရောင် အသားဝါ ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ ကိုယ်က လက်သည်းကို ဂရုတစိုက် နေတတ်ပြီး လက်သည်း မှာ အပြောင်းအလဲ ရှိလာတာ တွေ့ရင် အရင်ဆုံး အရေပြား ရောဂါ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။
စိုးရိမ်စိတ်စွဲပြီး လက်သည်း အရောင် ပြောင်းတာနဲ့ ကင်ဆာ ဖြစ်နေပြီထင်တယ်လို့ အကြောက်လွန် ဆောက်တည်ရာ မရ ဖြစ်အောင် ခြောက်လှန့်တာ မဟုတ်ပါဘူး။ အမှုမဲ့ အမှတ်မဲ့ မနေဘဲ ကိုယ့်ခန္ဓာကိုယ်က အစိတ်အပိုင်း ဖြစ်တဲ့ လက်သည်းလေးတွေ ကလည်း ကျန်းမာရေး အခြေအနေနဲ့ ဆက်စပ်နေတတ်တယ် ဆိုတာကို အသိပေးရုံမျှပါပဲ။ ဆေးဆိုးပန်းရိုက် တွေနဲ့ လက်သည်း အလှဆင်နေရုံ မဟုတ်ဘဲ ပင်ကိုယ် လက်သည်းရဲ့ အနေအထားကိုလည်း ကြည့်ရှု လေ့လာသင့်ကြပါတယ်။ ။