အဖြူအစိမ်း ဝတ်ထားသော ကျောင်းသားငယ် ၂၅ ယောက် စာသင်ခန်းထဲ မျက်နှာချင်းဆိုင် ဝိုင်းထိုင်လျက် တယောက်ကို တယောက် လက်ညှိုးထိုးကာ “သင်” “ကျွနု်ပ်” ဟု အဓိပ္ပာယ် ရသည့် အင်္ဂလိပ်ဝေါဟာရများကို ပျော်ရွှင် စိတ်အား ထက်သန်စွာ လေ့ကျင့် ပြောဆိုနေချိန်တွင် သူတို့၏ ဆရာက အသံထွက်မှားလျှင် ပြန်ပြင်ပေးပြီး စိတ်ရှည် လက်ရှည်နှင့် သင်ကြားပေးနေ ပါသည်။
တတိယတန်း အခန်းတွင် ကျောင်းသား ၂၀ ခန့်သည် ဆရာမနှင့် အတူ သချၤာသင်ခန်းစာများ လေ့ကျင့်ခြင်းနှင့် ဆွေးနွေးခြင်းတို့ကို အင်္ဂလိပ် ဘာသာဖြင့် ပြောဆို ပြုလုပ်နေကြပါသည်။ အခြား အခန်းတခုတွင် ကလေးငယ် တစုသည် တိရစ္ဆာန်ပုံ၊ သစ်သီးပုံ၊ အသီးအရွက်ပုံ၊ အရောင်များ၊ ၎င်းတို့နှင့် သက်ဆိုင်သည့် အင်္ဂလိပ် ဝေါဟာရများ ပါဝင်သော ကတ်များနှင့် ကစားရင်း ဝေါဟာရ အသစ်များကို သင်ယူနေကြပါသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သော မန္တလေးမြို့ရှိ ဖောင်တော်ဦး (ပရဟိတ) ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွင် ယခုလို စာသင်ခန်း မြင်ကွင်းများကို နေ့စဉ်မြင်ရပါမည်။ အချို့ အတန်းများတွင် ကိုရင်လေးများ သီလရှင်လေးများသည်လည်း အခြားသော ကလေးများနှင့် အတူတကွ စာသင်ကြားနေ ကြပါသည်။
ထိုကျောင်း၏ ရည်ရွယ်ချက်မှာ “လူတိုင်း အတွက် အခမဲ့ ပညာရေး” ပေးနိုင်ရန် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း မန္တလေးမြို့ပေါ် အပြင် အခြား ရပ်နီးရပ်ဝေးမှ ကျောင်းသားများ အဆိုပါကျောင်းသို့ တက်ရောက် ပညာသင်ကြားကြ သည်။ အဆိုပါ ကျောင်းသည် လက်ရှိ အစိုးရကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများ၏ သင်ရိုးအတိုင်းသာ မူလတန်းမှ အထက်တန်းအထိ သင်ကြားပေးပါသည်။
သို့သော် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ သင်ကြားရေး စနစ်မှာ အစိုးရကျောင်းနှင့် အခြားသော ပုဂ္ဂလိက ကျောင်းများတွင် မြင်တွေ့ရလေ့ မရှိသော “ကျောင်းသား ဗဟိုပြု ချဉ်းကပ်သင်ကြား ရေးစနစ်” ဖြစ်သည်။ ဖောင်တော်ဦး ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်လည်း ဖြစ်၊ အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ ကျောင်းအုပ်ဆရာတော်လည်း ဖြစ်သူ ဆရာတော် ဦးနာယက က ၎င်း၏ကျောင်းတွင် အလွတ်ကျက် ပညာရေးကို လျှော့ချရေး အတွက် နည်းလမ်းရှာဖွေ ကြိုးပမ်းနေခြင်း ဖြစ်သည်။
“၁၉၆၇ ခုနှစ်က ဘုန်းကြီး အသက် ၂၀ အရွယ်၊ ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ဦးပဉ္စင်းရဲ့ညီ ဦးဇောတိကနဲ့ အတူ ဆွမ်းခံထွက်ရင်း ပြည်သူပိုင် သိမ်းလိုက်တဲ့ ကျောင်းတကျောင်းဖြစ်တဲ့ ခရစ်ယာန် သာသနာပြု စာသင်ကျောင်း အကြီးကြီးတခုကို တွေ့ခဲ့တယ်။ နောက် အဲဒီ စာသင်ကျောင်းကို သာသနာပြုတွေက ဘယ်လို ဖွင့်ခဲ့တယ် ဆိုတာကို သိရတော့ ဒီလို အခမဲ့ပညာရေးစနစ်ကို သူတို့တောင် လုပ်နိုင်တာ၊ တို့ ဘာလို့ မလုပ်နိုင်ရမှာတုန်း ဆိုတဲ့ စိတ်ကို ဖြစ်စေခဲ့တယ်။ အဲ့ဒါက ဦးပဉ္စင်းကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လုပ်ဖြစ်အောင် လှုံ့ဆော်ပေး ခဲ့တယ်” ဟု ဆရာတော် ဦးနာယကက မိန့်သည်။
မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက ပညာရေးအတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကိုသာ အားထား ခဲ့ရသည်။ ဗြိတိသျှ ကိုလိုနီ ခေတ်အတွင်း ခရစ်ယာန် သာသနာပြုကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ မြို့ကြီး ပြကြီးများတွင် ပေါ်ပေါက်လာသော အခါ မြို့ပြတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အခန်းကဏ္ဍမှာ မှေးမှိန်ခဲ့ပြီး ကျေးလက် ဒေသများတွင်သာ ဘုန်းတော်ကြီးသင် ပညာရေးကို အလေးတယူ ရှိခဲ့ကြသည်။
၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်း ဘုန်းတော်ကြီးသင် ပညာရေးစနစ်မှာ ပျောက်ကွယ်လုလု ဖြစ်ခဲ့ သည်။ ၁၉၉၀ နောက်ပိုင်း မှသာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ကျေးလက်ဒေသများမှ စတင်ကာ တဖြည်းဖြည်း ပြန်လည် အသက်သွင်းခဲ့သော်လည်း မြို့ပြ ပညာရေး စနစ်တွင်မူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ ကဏ္ဍမှာ မထင်ရှားခဲ့ပေ။
အခြားသူများအား ပညာသင်ကြားပေးရန် ရည်မှန်းထားသော ဆရာတော်ဦး နာယကသည် မိမိကိုယ်တိုင် လောကီ ပညာရပ်များ တတ်မြောက်အောင် ပထမဆုံး ကြိုးစားသင်ယူခဲ့သည်။ အသက် ၂၄ နှစ်အရွယ်တွင် မန္တလေးတိုင်း ပျော်ဘွယ်မြို့ အစိုးရ စာသင်ကျောင်းတွင် ပဉ္စမတန်းတွင် တက်ရောက် ပညာသင်ကြားခဲ့သည်။
“တခြားသူတွေကို စာသင်ပေးဖို့က ကိုယ်တိုင်က လောကီပညာရေးကို အရင် သင်ယူမှရမယ် ဆိုပြီး ကျောင်းတက်ခဲ့ တာ။ အတန်းထဲမှာ ဦးပဉ္စင်းက အသက်အကြီးဆုံးပဲ။ ဘာပဲဖြစ်ဖြစ် စာသင်ဖို့ စိတ် မပျက်ခဲ့ပါဘူး” ဟု ဆရာတော်က မိန့်သည်။
ကိုရင်ကြီးဘဝဖြင့် အထက်တန်းကျောင်း အောင်မြင်၍ တက္ကသိုလ်ပညာရေး အတွက် မန္တလေး တက္ကသိုလ်တွင် ဆက်လက် တက်ရောက်ခဲ့ကာ ဓာတုဗေဒ ဘာသာရပ်ဖြင့် ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။
ကြက်တူရွေးလို နှုတ်တိုက်ကျက်ရတဲ့ စနစ် မဟုတ်ဘူး
၁၉၉၀ ခုနှစ်အစောပိုင်းတွင် နယ်မြို့များနှင့် ကျေးလက်ဒေသများတွင် ဘုန်းတော်ကြီး စာသင်ကျောင်းများ ပြန်လည် ရေပန်းစားလာပြီး အများအားဖြင့် ကျောင်းလခ မတတ်နိုင်သော မိသားစုများမှ ကလေးများ တက်ရောက်ကြသည်။
ဖောင်တော်ဦး ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်ဦးနာယကနှင့် ညီဖြစ်သူ ဆရာတော် ဦးဇောတိက တို့သည် ၁၉၉၃ ခုနှစ်တွင် မူလတန်း ကျောင်းသားများ အတွက် အခမဲ့ပညာရေး စာသင်ကျောင်းကို ကျောင်းသားဦးရေ ရာဂဏန်း မရှိတရှိဖြင့် စတင် တည်ထောင်ခဲ့ပြီးနောက် သာသနာရေး ဝန်ကြီးဌာန၏ လက်အောက်တွင် မှတ်ပုံတင်ခဲ့ သည်။ အစပိုင်းတွင် ကျောင်းအသစ်၏ သင်ကြားရေးစနစ်မှာ အစိုးရ ကျောင်းများ ကဲ့သို့ပင် ဖြစ်သည်။
“အချိန်ကြာလာတာနှင့် အမျှ တခုခုလွဲနေတယ် လို့ ခံစားလာရတယ်။ ၂၀ဝ၀ ပြည့်နှစ် ဝန်းကျင်လောက် ရောက်တော့ ကျောင်းသား ဗဟိုပြု သင်ကြားရေး စနစ် ဆိုတာကို ကြားတော့ လေ့လာတယ်။ အဲ့ဒီ နောက်ပိုင်း ဦးပဉ္စင်းတို့ စာသင်ကျောင်း ကိုလည်း စနစ်ပြောင်းပြီး သင်ဖို့ဆုံးဖြတ်ခဲ့တယ်” ဟု ဆရာတော် ဦးနာယကက ဆိုသည်။
ဆရာတော်သည် အလှူရှင်များ၏ အကူအညီဖြင့် ၎င်း၏ကျောင်းမှ ဆရာ၊ ဆရာမများအား လေ့ကျင့် သင်ကြားပေးရန် နိုင်ငံခြားသား ဆရာများကို ရှာဖွေခဲ့သည်။ ကျောင်းသားဗဟိုပြု သင်ကြားရေး စနစ်ကို အသားပေး လုပ်ဆောင်ခြင်း ကြောင့် ကျောင်းသားများ၏ အတွေးအခေါ်၊ ပညာသင်ယူမှု များအပေါ် ကောင်းမွန်သည့် သက်ရောက်မှုများ ရခဲ့သော် လည်း မိဘများ၏ သံသယများကိုလည်း ရင်ဆိုင်ခဲ့ရသည်။
“ကျောင်းသားမိဘတွေက လာပြောကြတယ်။ ဘုန်းဘုန်းတို့ကျောင်းမှာ ထားလိုက်တာ ကလေးတွေက အရမ်း အမေးအမြန်း ထူလာတယ်။ အစိုးရ ကျောင်းမှာလို အိမ်စာတွေလည်း မပေးဘူး။ မှတ်စု စာအုပ်ထဲ ဆိုလည်း ရေးမှတ်တာတွေ နည်းလိုက်တာပေါ့။ အဲဒီတော့ ကျောင်းသားဗဟိုပြု ချဉ်းကပ် သင်ကြားရေးစနစ်အကြောင်း မိဘတွေကို ရှင်းပြရတယ်။ ဒါက ကြက်တူရွေးလို နှုတ်တိုက်ကျက်ရတဲ့ စနစ်မဟုတ်ဘူး။ ကိုယ်တိုင်သင်ယူဖို့ စနစ်။ မှတ်စု လိုက်ရေးရုံနဲ့ ကလေးတွေ ပညာမတတ်ဘူး၊ ကိုယ်တိုင် သင်ယူလေ့လာမှုနဲ့မှ ပညာတတ်မှာလို့ ပြောပြရတယ်” ဟု ဆရာတော်က ပြောသည်။
နောက်ပိုင်းတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား အထက်တန်းကျောင်း အဆင့်ထိ မြှင့်တင်ခဲ့သည်။ ကျောင်းအိပ် ကျောင်းစား အဖြစ် လက်ခံ ပညာသင်ပေးထားသော မိဘမဲ့ ကလေးငယ်များ၊ တိုင်းရင်းသားဒေသနှင့် နာဂစ်မုန်တိုင်းသင့် ဒေသများမှ နွမ်းပါးကလေးငယ်များ အပါအဝင် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပညာသင်ကြားသည့် မန္တလေးမြို့နှင့် အနယ်နယ် အရပ်ရပ်မှ ကျောင်းသားဦးရေမှာ နှစ်စဉ် အယောက် ၆၀ဝ၀ မှ ၇၀ဝ၀ ဝန်းကျင်အထိ တိုး တက်လာခဲ့သည်။
ဂျာမနီ၊ အမေရိကန်၊ဩစတြေးလျနှင့် အင်္ဂလန် နိုင်ငံတို့မှ ဆရာများ အပါအဝင် ဒေသခံနှင့် အနယ်နယ် အရပ်ရပ်မှ စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမ ၃၀ဝ ခန့် နှစ်စဉ် နှစ်တိုင်း လာရောက် သင်ကြားပေး လျက်ရှိသည်။
ကိုယ်ပိုင် ထိုးထွင်းဉာဏ်၊ စဉ်းစားတွေးခေါ်မှု၊ ဖန်တီးဆန်းသစ်ခြင်း စွမ်းရည်တို့ကို အားပေးသည့် သင်ကြားရေး စနစ် ဖြင့် ပညာသင်ကြားနေကြရသော ဖော်တော်ဦး ကျောင်းသားများ အတွက် စိန်ခေါ်မှုတရပ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကဲ့သို့ အစိုးရစစ် စာမေးပွဲများပင်။
မစံပယ်သည် ဖောင်တော်ဦး ကျောင်းတွင် သူငယ်တန်း ကတည်းမှ တက်ရောက်လာခဲ့ပြီး မကြာသေးခင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သူ ဖြစ်သည်။ “သမီး ဂုဏ်ထူး တလုံးမှ မပါဘူး။ တော်တော် စိတ်ပျက်တယ်။ ငယ်ငယ်ကတည်းက ကိုယ်ပိုင် စဉ်းစားတွေးခေါ်တာကို အခြေခံပြီးတော့ သင်ခဲ့ရတယ်။ သင်ခန်းစာတွေကို အလွတ်မကျက် ခဲ့ရဘူး။ ကိုယ်ပိုင် အတွေးအမြင်၊ ကိုယ်ပိုင် အရေးအသားနဲ့ မှတ်စုနဲ့ ပြန်ရေးခဲ့ရတာ။ ၉ တန်း၊ ၁၀ တန်းမှာ ကျတော့ အဲဒီလို လုပ်လို့ မရတော့ဘူး။ ကကြီး ကနေ အ အထိ ၏၊ သည် မလွဲ အလွတ် ကျက်၊ ပြီး အတိအကျ ပြန်ရေးချရတော့ သမီး အတွက် တော်တော်ကို ခက်တယ်” ဟု မစံပယ်က ဧရာဝတီသို့ ပြောသည်။
မစံပယ်ကဲ့သို့ အလွတ်ကျက် ပညာရေးစနစ်နှင့် အသား မကျသော ကျောင်းသားများ အဖို့ အစိုးရစစ် စာမေးပွဲများ၏ တင်းကျပ်သော စာစစ်စနစ်က တက္ကသိုလ်ပညာရေးသို့ ရှေ့ဆက်လှမ်းရန် အတားအဆီးဖြစ်နေသည် ဟု ဆရာတော် ဦးနာယကက ပြောသည်။
၂၀၁၄-၂၀၁၅ စာသင်နှစ်၏ တက္ကသိုလ်ဝင် တန်း စာမေးပွဲတွင် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ကျောင်းသား ၃၀ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရှင်ပေါင်း ၁၈၅ ဦး ပေါ် ထွက်ခဲ့သည်။
ရှေ့သို့သာ ချီ
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီး နောက်ပိုင်းတွင် ဖောင်တော်ဦး ကျောင်းသားများသည် စာမေးပွဲအမှတ် ရလဒ်ဖြင့်သာ တက်ရောက်နိုင်ခွင့် သတ်မှတ်ထားသော တက္ကသိုလ်များသို့ တက်ရောက်နိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။
“ကျမတို့ ကျောင်းက ကလေးတွေရဲ့ အမှတ်ပေါင်းက အလွတ်ကျက်ပညာရေးနဲ့ တောက်လျှောက် သင်ခဲ့တဲ့ ကလေးတွေရဲ့ အမှတ်ပေါင်းနဲ့ မယှဉ်နိုင်တဲ့ အတွက် သူတို့ အများစုက အမှတ်မြင့်တဲ့ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ တက္ကသိုလ်၊ အိုင်တီ တက္ကသိုလ်တွေကို မတက်နိုင်ကြဘူး” ဟု ဆရာမ တယောက်က ရှင်းပြသည်။
ဆရာတော် ဦးနာယက၏ အိပ်မက်တခုမှာ ထိုကဲ့သို့ အရည်အချင်း ရှိပါလျက် အကြောင်းကြောင်း ကြောင့် အစိုးရ တက္ကသိုလ်များသို့ တက်ရောက်ခွင့် မရသည့် ကျောင်းသားကျောင်းသူများအတွက် နိုင်ငံ တကာအဆင့်မီ ကိုယ်ပိုင် တက္ကသိုလ်ဖွင့်၍ အခမဲ့ ပညာပေးနိုင်ရန် ဖြစ်သည်။
“ဦးပဉ္စင်း စဉ်းစားတယ်၊ ဒီကျောင်းသားလေးတွေက တို့ရဲ့ အထက်တန်းကျောင်းကနေ ဆယ်တန်းအောင်ပြီးရင် ဘာလုပ်ကြမလဲ။ ဒီကျောင်းက အောင်လာခဲ့တဲ့ ကလေးအများစုက ကျူရှင်လခတွေ မတတ်နိုင်ကြဘူး။ တချို့က သူတို့ရဲ့ အမှတ်နည်းတာကြောင့် အဲဒီလို တက္ကသိုလ်တွေကို မသွားနိုင်ကြဘူး။ တကယ်တော့ သူတို့က ပရော်ဖက်ရှင်နယ် တယောက် ဖြစ်လာဖို့ အတွက် လုံလောက်တဲ့ အရည်အချင်းတွေ ရှိကြပါတယ်” ဟု ဆရာတော်က မိန့်သည်။
သို့သော် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် မြေဧက ၄၀ဝ အား တက္ကသိုလ် ဆောက်ရန် လှူဒါန်းသော အလှူရှင်သည် လှူဒါန်းမှုနှင့် ပတ်သက်၍ အမှုရင်ဆိုင် အကျဉ်းကျနေသောကြောင့် ဆရာတော်၏ အစီအစဉ်မှာ ရပ်တန့် သွားခဲ့သည်။
အဆင့်မြင့် ပညာရေးသို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားရန် အမြဲစဉ်းစား ကြံဆောင်နေသည့် ဆရာတော်သည် သူ၏ တက္ကသိုလ်ဖွင့်လှစ်ရေး အစီအစဉ်များ ရပ်ဆိုင်းသွားခဲ့ရသော်လည်း သူ၏ အိပ်မက်များကို အကောင်အထည် ဖော်ရန် ကြိုးပမ်းမှုများကို လက်မလျှော့ခဲ့ပေ။
“လတ်တလောမှာတော့ နိုင်ငံခြားသွားပြီး ပညာသင်ကြမယ့် ကျောင်းသားတွေနဲ့ ဆရာတွေ အတွက် ကြိုတင် ပြင်ဆင် ပေးတဲ့ pre-college ကို ဖွင့်ဖို့ လုပ်နေပါတယ်။ အခုလောလောဆယ် ဦးပဉ္စင်းရဲ့ကျောင်းက တက္ကသိုလ်ဝင်တန်း အောင်တဲ့ ကျောင်းသားတွေကို ပထမဆုံးအနေနဲ့ စမ်းပြီး သင်ပေးနေပါတယ်။ နောက်ပိုင်းတော့ အပြင်က ကျောင်းသားတွေ ကိုလည်း တက်ဖို့ ခွင့်ပြုပေးသွားမှာပါ” ဟု ဆရာတော်က ဆိုသည်။
မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် အထူးသဖြင့် ငွေကြေး မတတ်နိုင်သော ကျောင်းသားများ အတွက် ပညာသင်ကြားနိုင်ရန် မှီခိုအားထားရသော တခုတည်းသော နေရာဖြစ်သည်။
သာသနာရေးဆိုင်ရာ ဝန်ကြီးဌာန၏ မှတ်တမ်းများအရ တနိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း ၁၅၇၉ ကျောင်းတွင် ခန့်မှန်းခြေအားဖြင့် ဆရာ၊ ဆရာမပေါင်း ၇၀ဝ၀ နှင့် ကျောင်းသား ပေါင်း၂၆၀ဝဝဝ ကျော်တို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။
လူတန်းစား ပေါင်းစုံ၊ အလွှာပေါင်းစုံမှ ကျောင်းသားကျောင်းသူများ အတွက် ပညာဒါနပြုနေသော ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ ရိုးရှင်းသော ဆောင်ပုဒ်မှာ “လူတိုင်း အတွက် အခမဲ့ ပညာရေး၊ ကောင်းမွန်သော ပညာရေးကို ပေးမည်” ဟူ၍ ဖြစ်ပါသည်။
ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် အခမဲ့ ပညာဒါနပြုနေသည့် အပြင် အခြားသော ဘုန်းတော်ကြီးသင် ကျောင်းများမှ ဆရာ ဆရာမများကို ကျောင်းသား ဗဟိုပြုချဉ်းကပ် သင်ကြားရေး စနစ်အတွက် လေ့ကျင့် သင်ကြားပေးခြင်း များလည်း ပြုလုပ်နေသည်။
ကောင်းမွန်ပြီး စနစ်ကျသော ပညာရေး၊ ကျား/မ လူမျိုးနှင့် ကိုးကွယ်ရာ ဘာသာတို့ အပေါ် ခွဲခြားခြင်း မရှိသည့် စနစ်ဖြင့် ရှေ့ဆက်နေသည့် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ဘုန်းတော်ကြီးသင် ပညာရေးမှာ အခမဲ့ ပညာရေး ဆိုသည်ထက် ပိုသော ပညာရေးစနစ်၏ အရေးပါမှုကို မြှင့်တင်ပေးနေခြင်းက ဂုဏ်ယူစရာ ဖြစ်ပါသည်။
“ပညာရေးက ပညာရေး ပါပဲ။ အဲဒါကို ဘာသာရေးနဲ့ သွားရောလို့ မရဘူး။ ဦးပဉ္စင်းတို့ကျောင်းမှာ ဘယ်ကျောင်း သားကိုမှ ဘာသာရေးတွေ၊ မျက်ကန်း မျိုးချစ်ဝါဒတွေကို မသင်ပေးပါဘူး။ ဘာသာရေး အတွက် နွေရာသီ ကျောင်းပိတ်ရက်မှာ ယဉ်ကျေး လိမ္မာသင်တန်း သီးသန့်ရှိတယ်။ စိတ်ဝင်စားတဲ့ မိဘတွေ ကလေးတွေကို လာပို့တယ်။ ဒါပဲ။ ဦးပဉ္စင်းတို့ နိုင်ငံရဲ့ ပညာရေးစနစ်က နှစ်ပေါင်းများစွာ ယိုယွင်းခဲ့တော့ ကလေးတွေက နိုင်ငံတကာအဆင့်ကို မမီ နိုင်ကြဘူး။ ပညာရေးစနစ်ကောင်းမှ ပညာတတ်တဲ့ သူတွေ ပေါများမယ်။ ပညာတတ်တွေ ပေါများမှ ကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းတခု၊ ကောင်းမွန်တဲ့ နိုင်ငံတခုကို ဖန်တီးနိုင်မယ်လို့ ဦးပဉ္စင်းက ယုံကြည်ပါတယ်”ဟု ဆရာတော် ဦးနာယကက မိန့်သည်။ ။
(၂၀၁၅ ခုနှစ် ဇူလိုင်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဇာနည်မာန်၏ Monk with a Vision ကို ဆုမွန်ဖြိုး ဘာသာပြန်သည်။)