“မြန်မာ စကားပုံတခု ရှိတယ် တသက်မှာ တခါတော့ ရွှေထီးဆောင်းရတဲ့ အချိန်ဆိုတာ ရှိစမြဲပဲတဲ့” ဟု တချိန်က ကျွန်းသစ်များဖြင့်သာ ဆောက်လုပ်ထားခဲ့သော ကမ္ဘာအေးဘုရားလမ်းမှ ပင်လုံဂေဟာဟု ခေါ်သည့် အိမ်ကြီး တလုံးတွင် ဘဝတလျှောက်လုံး နေထိုင်ခဲ့သူ ဒေါ်သီတာက ပြောသည်။
ယခင်က ကုန်သွယ်ရေး လုပ်ငန်းဖြင့် ချမ်းသာ ကြွယ်ဝခဲ့သော ဒေါ်သီတာ၏ မိသားစုက ထိုအိမ်ကို နာမည်ကျော် တရုတ်သူဌေးကြီး လင်ချင်းချောင်း၏ ဆွေမျိုးတဦး ထံမှ ၁၉၅၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
သူငယ်စဉ်က ၎င်းအိမ်ကြီးတွင် ဆွေမျိုးများ၊ ဧည့်သည်များ၊ အိမ်ဖော်များ ကလေးထိန်းများဖြင့် ပျားပန်းခပ်မျှ ဆူညံ လှုပ်ရှားနေခဲ့ပါသည်။ သို့သော် မိသားစု၏ ပို့ကုန် သွင်းကုန်လုပ်ငန်းကို ပြည်သူပိုင် သိမ်းယူခြင်း ခံခဲ့ရပြီး နောက်ပိုင်း စီးပွားရေး တဖြည်း ဖြည်း ကျဆင်းခဲ့ရသည်ဟု ဒေါ်သီတာက ပြောသည်။ သူက မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ကို ၁၉၁၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သူ ဒေါ်ကျင်အိမ်၏မြေး ဖြစ်သည်။
ယခု အချိန်တွင် ၁၈၈၆ ခုနှစ် ကတည်းက ဆောက်လုပ်ထားသောခဲ့သော အိမ်၏ အမိုး အုတ်ကြွပ်ပြားများ ရံဖန်ရံခါ ကြမ်းခင်းပေါ် ပြုတ်ကျ လာတတ်သည်။ အုတ်ကြွပ်ပြားနှင့် ကြမ်းခင်းထိကာ ကွဲသွားသည့်အသံက ပတ္တလားအသံ ကဲ့သို့ ဖြစ်နေ သည်။ ရွှေထီးဆောင်းခဲ့သော အချိန်များက အဝေးတွင် ကျန်နေခဲ့ပြီ ဖြစ်သော်လည်း ဒေါ်သီတာနှင့် ခင်ပွန်းသည် ပါမောက္ခ ဦးစောတင်တို့ အတွက် ဤ ပင်လုံဂေဟာက နွေးထွေးသော အိမ်တလုံး ဖြစ်နေ ဆဲပင်။ ဖာထေးပြုပြင်ထားရပြီ ဖြစ်သော်လည်း အိမ်၏ ဂုဏ်သိက္ခာနှင့် အမှတ်တရများက ဆောက်လုပ်ရေး ကန်ထရိုက်များက ပေးလာမည့် ငွေကြေးထက် ပို၍ တန်ဖိုးရှိပါသည်။
တချိန်က ခမ်းနားကြီးကျယ် ခဲ့သော်လည်း ဥပေက္ခာ ပြုထားခြင်း ခံနေရသည့် မြို့တော်ဟောင်းမှ အဆောက်အဦ ဟောင်းကြီးများတွင် နေထိုင်ကြသူ တို့၏ ပြောပြချက်များ၊ ဇာတ်ကြောင်းများကို စုစည်း ဖော်ပြထားသော “ရန်ကုန် ပဲ့တင်သံများ (Yangon Echoes)” အမည်ရှိ စာအုပ်တွင် တွေ့ရသည်။ ထို စာအုပ်ထဲတွင် သူတို့၏ ဂုဏ်ကျက်သရေနှင့် နွေးထွေးမှု တို့ကို ခံစားတွေ့ရှိနိုင်သည်။
အဆောက်အအုံ မျက်နှာစာတွင် အဆင့်မြင့် ဗိသုကာ လက်ရာများ ရှိသည့် အဆိုပါ အဆောက်အဦများ၌ နေထိုင်သူ မိသားစုများ၏ ဆွေမျိုးများမှာ ကုန်းဘောင်နန်းဆက်မှ မင်းမျိုးမင်းနွယ်များ၊ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြ သူများ ဖြစ်ကြသည်ကို တွေ့ရသည်။
ယခုချိန်တွင် ဟာလာဟင်းလင်းနှင့် ခြောက်ကပ်နေသော်လည်း ယခင်က တည်မြဲ ဖဆပလ ခေါင်းဆောင်ဟောင်း ဦးကျော်ငြိမ်း နေထိုင်ခဲ့သည့် တက္ကသိုလ်ရိပ်သာလမ်းမှ အိမ်ကလည်း ခမ်းနား ထည်ဝါနေဆဲ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းယူခဲ့သည့် ၁၉၆၂ ခုနှစ်မတိုင်မီက မြန်မာ ဝန်ကြီးချုပ်ဦးနုနှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း အပါအဝင် တခြားသော အထင်ကရ ပုဂ္ဂိုလ်များ ထိုအိမ်သို့ လာရောက်လည်ပတ်ခဲ့ကြ ဖူးသည်။
ဦးကျော်ငြိမ်း၏ သားများဖြစ်သော ဦးထွန်းကျော်ငြိမ်းနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့သည် ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတွင် ပါဝင်ဆန္ဒပြခဲ့ခြင်း ကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ ယခုအခါတွင် သူတို့ပုံမှန် ပြန်လာလေ့ရှိကြပြီး ၁၉၉၂ ခုနှစ်ကတည်းက နေထိုင်သူ မရှိတော့သည့် ငယ်ဘဝက အိမ်ကို အတိတ်အကြောင်းများ ပြန်လည် သတိရရင်း ဓာတ်ပုံရိုက်ကြသည်။
အသက် ၇၀ အရွယ် အစိုးရဝန်ထမ်းဟောင်း တဦးဖြစ်သော ဦးအောင်ဖေသည် ဘဏ်လမ်းရှိ သမိုင်းဝင် Balthazar အဆောက်အဦ၏ အမိုးပေါ်မှ သွပ်မိုးအိမ်ကလေးတွင် မိသားစုနှင့်အတူ နေထိုင်ပါသည်။ မိုးရာသီတွင် ခေါင်မိုးမှ ရေများ စိမ့်ကျနိုင်ပြီး အဆောက်အဦ တခုလုံးကလည်း ပျက်စီးယိုယွင်းနေပါသည်။ သို့သော် သူတို့က မြို့ လယ်ကောင်တွင် နေထိုင်ရသည်ကို နှစ်သက်ကြပါသည်။ ခေါင်မိုးပေါ်မှ တဲကလေးက မြင်ကွင်းကောင်းပြီး လေကောင်းလေသန့်လည်း ရပါသည်။
တချိန်က လှပသစ်လွင်ခဲ့သော်လည်း ယခုအခါ တွင် ဖြိုချခံရတော့မည့် အခြေအနေ ရှိနေသော မြို့လယ်မှ အဆောက်အဦဟောင်းတခု၌ Strand Hotel တွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့သည့် စားဖိုမှူး မိသားစု နေထိုင်လျက် ရှိပါသည်။ သူက အိမ်မှာ ဆိုရင်တော့ ဟင်းချက်သည့် အကြောင်း ဘယ်တော့မှ မပြောတတ်သူ ဖြစ်သည်။ အင်္ဂတေ နံရံများ ကွာကျနေသည့် အိမ်ကို စွန့်ခွာပြောင်းရွှေ့ရန် ပြင်ဆင်နေသော မိသားစုက သူတို့ကို ဓာတ်ပုံရိုက်ခြင်းအား ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့သည်။ ထိုနေရာတွင် အိမ်ရာအသစ်များ တည်ဆောက်ပြီးစီးသည့် အချိန်အထိ ပြောင်းရွှေ့နေထိုင်ပေးဖို့ သူတို့သဘော တူခဲ့ရပြီး ဖြစ်ပါသည်။
ရန်ကုန်မြို့မှ အဆောက်အဦဟောင်း အများစုမှာ ပျောက်ကွယ်တော့မည့် အသွင်ရှိနေသည်။ ၎င်းတို့၏ လှပခမ်းနားမှု တို့သည် ဇာတ်လမ်းများ၊ အမှတ်ရစရာများ အဖြစ်နှင့် စာအုပ်စာတမ်းများ၊ မှတ်ဉာဏ်များ ထဲတွင်သာ ကျန်ရှိနေတော့ မည် ဖြစ်သည်။ စာရေးသူနှင့် ဓာတ်ပုံဆရာတို့နှစ်ဦး ရှေးဟောင်းအဆောက်အအုံ များကို ရှာဖွေ လေ့လာနေသည့် ၁၈ လ အတွင်းမှာပင် ရာစုနှစ် တခုကြာ သက်တမ်းရှိနေသော အဆောက်အဦ တချို့ပျောက် ကွယ်သွားခဲ့သည်။ အဆောက်အဦဟောင်းကြီးများတွင် နေထိုင်နေသူများကတော့ ဆက်လက် ရပ် တည်နိုင်မည့် နည်းလမ်းတခုကို ရှာဖွေကြလိမ့်မည် ဟု မျှော်လင့်မိပါသည်။ ။
“ရန်ကုန်ပဲ့တင်သံများ (Yangon Echoes)” စာအုပ်ကို Virginia Henderson နှင့် Tim Webster တို့က ရေးသားပြီး River Books စာအုပ် တိုက်မှ ဧပြီလတွင် ထုတ်ဝေခဲ့ပါသည်။
(ဧပြီလထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “Living Histories” ဆောင်းပါးကို ဆုမွန်ဖြိုး ဘာသာပြန် သည်။)