အစိုးရက ပြင်ဆင် ပြဌာန်းလိုက်သည့် အမျိုးသား ပညာရေး ဥပဒေသည် လေးပွင့်ဆိုင် သဘောတူ လက်ခံထားသော အချက်များ မပါဝင်သည့် ပညာရေး ဥပဒေ ဖြစ်နေကြောင်း တွေ့ရသည်။
သပိတ်မှောက် ကျောင်းသားများ၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)၊ လွှတ်တော်၊ ပညာရေး ဝန်ကြီးဌာနတို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး သဘောတူ လက်ခံထားသော အချက်များ မပါဝင်သည့် ထိုဥပဒေကို ယခုနှစ် ဇွန်လကုန်ပိုင်းတွင် အစိုးရ အဖွဲ့က အတည်ပြု ပြဌာန်းလိုက်ခြင်း ဖြစ်သည်။
အစိုးရအဖွဲ့က ပြဌာန်းလိုက်သော ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင် သဘောတူထားသည့်အချက် ၉၀ ရာခိုင်နှုန်းကျော် မပါဝင်သည့်အတွက် ကျောင်းသား အဖွ့ဲအစည်းများနှင့် ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် NNER အဖွဲ့အစည်း အသီးသီးက လက်မခံဘဲ ကန့်ကွက်သည့် သဘောထား ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
“အခု ပြန်လည်ပြင်ဆင်လိုက်တဲ့ ဥပဒေမှာလည်း ဗဟိုချုပ်ကိုင်မှုကို လုံးဝလျှော့ချ မထားဘူး။ ဥပဒေမှာ စကားလုံးတွေလောက်ပဲ ပြောင်းသွားတယ်။ အယူအဆ သဘောတရားတွေက ဒီအတိုင်းပဲ။ ကျနော်တို့ လုပ်ခဲ့တဲ့ လေးပွင့်ဆိုင် တွေ့ဆုံမှုဆိုတာ ဟန်ပြသဘော ပဲ။ အခု ပြဌာန်းလိုက်တာကို ကြည့်ခြင်းအားဖြင့် အစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ ယုံနိုင်စရာတခုမှ မရှိတာကို ပြသလိုက်သလို၊ လွှတ် တော်ကိုလည်း ယုံကြည်စရာ မရှိဘူးဆိုတာ ဖြစ်သွားစေတယ်”ဟု NNER အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက ပြောဆိုသည်။
ယခု အစိုးရက ပြဌာန်းလိုက်သော ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွ့ဲချုပ်(ဗကသ) က မကြာမီ ကာလအတွင်း လှုပ်ရှားမှုကြီးတခု လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
ဗကသ ဒု ဥက္ကဌ ကိုလင်းထက်နိုင်က “အခုချိန်ထိ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းတွေမှာတော့ စည်းရုံးမှုတွေ ဆက်လက်ရှိနေဆဲပါ။ ကျနော်တို့က အစကတည်းက သပိတ် မလှန်သေးပါဘူး။ လိုချင်တာကို ကြိုးစားနေတုန်းမှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတာပါ။ ကျနော်တို့ဘက်က သပိတ်ကတော့ မှောက်နေဆဲ၊ အမျိုးသား ပညာရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေကလည်း လုပ်နေဆဲပဲ။ မြင်သာတဲ့ လှုပ်ရှားမှုကြီး ဖြစ်လာဖို့က ကျနော်တို့တွေ စနစ်တကျ ပြန်လည်ပြင်ဆင်နေပါတယ်”ဟု ပြောသည်။
အမျိုးသားပညာရေး ဥပဒေကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က အတည်ပြုခဲ့ပြီး အတည်မပြုခင် လွှတ်တော်အတွင်း ဆွေးနွေးစဉ်က အစိုးရနှင့် လွှတ်တော်အကြား ဆွေးနွေးမှုများ ပြင်းထန်ခဲ့သည်။
ဥပဒေအတည်ပြုပြီး နောက်ပိုင်းတွင်လည်း ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီမှုကြောင့် ကျောင်းသားများ ဦးဆောင်၍ ပြည်သူများစွာ ဝန်းရံမှုဖြင့် သပိတ်မှောက် ဆန္ဒပြ လမ်းလျှောက်ပွဲတခု ပြုလုပ်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
အတည်ပြုခဲ့ပြီးဖြစ်သည့် အမျိုးသား ပညာရေး ဥပဒေအား ပြန်လည်ပြင်ဆင်ပေးရန် ကျောင်းသားများက တက်တက်ကြွကြွ တောင်း ဆိုမှုကြောင့် အစိုးရဘက်က ကျောင်းသားများ တောင်းဆိုမှုအတိုင်း အစိုးရ၊ လွှတ်တော်၊ NNER နှင့် ကျောင်းသားများ ပါဝင်သည့် လေးပွင့်ဆိုင် တွေ့ဆုံမှုပြုလုပ်ပြီး ဒီမိုကရေစီစံနှုန်းနှင့် ညီညွှတ်သည့် အမျိုးသား ပညာရေး ဥပဒေ ဖြစ်ပေါ်လာစေရန် ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ကြသည်။
လေးပွင့်ဆိုင် တွေ့ဆုံခဲ့ပြီး သဘောတူညီခဲ့ကြသည့် အချက် ၁၁ ချက်ကို ဥပဒေတွင် ထည့်သွင်း ပြင်ဆင်ရေးဆွဲပေးရန် အမျိုးသား ပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေမူကြမ်းအဖြစ် လွှတ်တော်သို့ တင်သွင်းခဲ့ကြသည်။
ထို့နောက် လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့သည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ အချက်များနှင့် ပတ်သက်၍ ဆွေးနွေးရာတွင်လည်း အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အကြား သဘောထားကွဲလွဲမှုများစွာ ဖြစ်နေခဲ့ပြီး တိကျသည့် ပြင်ဆင်ချက်များ မထွက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်ကို တွေ့မြင်ရသည်။
အမျိုသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၁၈ ရက်တွင် ဆွေးနွေးအတည်ပြုခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်တွင် အစိုးရက ပြဌာန်းခဲ့ရာ လေးပွင့်ဆိုင် တောင်းဆိုချက်များနှင့် များစွာကွာဟမှု ရှိနေသည်ကို တွေ့ရှိရကြောင်း NNER အဖွဲ့နှင့် ကျောင်းသားများက ပြောဆိုသည်။
ကျောင်းသားများ အဓိက တောင်းဆိုနေသည့် အချက်တချက်ဖြစ်သည့် အမျိုးသား ပညာရေး ကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်း စပ်ညှိနှိုင်းရေး ကော်မတီကို ဖျက်သိမ်းပေးရန် လေးပွင့်ဆိုင် တွေ့ဆုံမှုတွင် သဘောတူညီချက် ရရှိခဲ့သော်လည်း ယခုပြင်ဆင်ပြဌာန်း လိုက်သည့် အခန်း(၄) ၌ အမျိုးသား ပညာရေး မူဝါဒ ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များဟုသာ အမည်ခေါင်းစဉ် ပြောင်းလဲ ဖော်ပြထားသည်ကို တွေ့ရသည်။
တောင်းဆိုထားသည့် အချက်ထဲတွင် ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရန်ဟု သဘောတူထားသော်လည်း ဥပဒေ ပြဌာန်းချက် ပုဒ်မ ၁၈၊ အပိုဒ် (က) ပိုဒ်ခွဲ (ဆ) တွင် သင်ရိုးညွှန်းတမ်း၏ စံကိုအခြေခံ၍ သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်နိုင်ခွင့် ရှိရေးဟုသာ ပြောင်းလဲဖော်ပြထားသည်။
ထိုသို့ဖော်ပြချက်နှင့် ပတ်သက်၍ NNER ၏ သဘောထား ထုတ်ပြန်ချက်တွင် ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံ ခန့်ခွဲသည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ငြင်းပယ်ထားပြီး ဒေသဆိုင်ရာ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူထုအဖွဲ့အစည်းများနှင့် လွတ်လပ်သော ပညာရှင်များ ပါဝင်ခွင့် အကြံပြုခွင့်ကို ငြင်းဆန်းထားကြောင်း၊ ဗဟိုချုပ်ကိုင်မှုကို တက္ကသိုလ်အဆင့်တွင်သာ အထိုက်အလျောက် လျှော့ချထားသော်လည်း အခြေခံပညာအဆင့်တွင် ချုပ်ကိုင်ထားဆဲ ဖြစ်ကြောင်း ရှင်းလင်းဖော်ပြထားသည်။
တောင်းဆိုချက်တခုဖြစ်သည့် လက်ရှိကျင့်သုံးနေသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များကို ပြင်ဆင်ရန်ဟု ဆိုထားသော် လည်း ဥပဒေပြင်ဆင်ပြဌာန်းချက် ပုဒ်မ ၄၊ အပိုဒ် (ဂ) (ဋ)တွင် တက္ကသိုလ် ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့် ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံ ပညာအထက်တန်း စာမေးပွဲရမှတ်ဖြင့် စိစစ်ဆုံးဖြတ် ရွေးချယ်ခြင်း မဟုတ်ဘဲ တတ်ရောက်လိုသည့် တက္ကသိုလ်၏ ပဋိညာဉ် စာတမ်းနှင့်အညီ စိစစ်ရွေးချယ်သည့်စနစ် ထားရှိရေးဟု ပြဌာန်းလိုက်သဖြင့် လက်ရှိကျင့်သုံးနေသော အလွတ်ကျက် အလွတ်ဖြေရသည့် စာမေးပွဲစနစ်ကို ပြင်ဆင်ခြင်း မပြုသည်ကို တွေ့ရှိရကြောင်း NNER က ဆိုသည်။
ထို့အပြင် ပညာရေးအတွက် အသုံးစရိတ်တောင်းခံရာတွင် တနိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်ရန် တောင်းဆိုထား သော်လည်း ဥပဒေပြင်ဆင်ပြဌာန်းချက် ပုဒ်မ ၆၂(က) တွင် နိုင်ငံတော်၏ ပညာရေး အသုံးစရိတ်ကို နိုင်ငံတော်အသုံးစရိတ် အားလုံး ၏ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိရေးအတွက် ရည်မှန်းထားရှိ ဆောင်ရွက်ရမည်ဆိုသည့် အချက်တွင် အချိန်အကန့်အသတ်စသည့် တိကျသည့် အချက်များ ရေးဆွဲထားခြင်း မရှိသည့်အတွက် အာမခံချက်မရှိကြောင်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ (တကသ)မှ ကျောင်းသား ကိုယ်စားလှယ် တဦးက ပြောသည်။
အလားတူ တိုင်းရင်သား ဘာသာစကား လွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ် တောင်းဆို ထားသည့် အချက်သည်လည်း ဥပဒေ ပြင်ဆင်ပြဌာန်းရာတွင် သဘောတရားကွဲလွဲမှုများ ရှိနေသည်ကို တွေ့ရှိရသည်ဟု NNER ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပြဌာန်းချက် ပုဒ်မ ၂၂ (ခ) ဖော်ပြချက်တွင် တိုင်းရင်းသား ဘာသာစကားကို မြန်မာ ဘာသာ စကားနှင့်အတူ စာသင်ခန်းသုံး ဘာသာစကားအဖြစ် တွဲဖက်အသုံးပြုနိုင်သည်ဟု ဆိုထားသည့် အတွက် နှစ်ဘာသာတွဲဖက်သည့် ပညာရေးဟု အဓိပ္ပာယ်ဖြစ်ပေါ်နေပြီး သဘောတူထားသည့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံပညာရေး သဘောတရား မဟုတ်ကြောင်းလည်း NNER က ဆိုထားသည်။
မသန်စွမ်း ကလေးများ အပါအဝင် ကလေးများအားလုံးအတွက် လူတိုင်းအကျူံးဝင် ပညာရေးဖြစ်ရန်ဟု လေးပွင့်ဆိုင် သဘော တူညီချက်အရ ဆိုထားသော်လည်း အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဖော်ပြချက် ပုဒ်မ ၂ (က)၊ ပိုဒ်ခွဲ (ဘ) နှင့် ပုဒ်မ ၂ (ဂ) ပိုဒ်ခွဲ (အ) ဖော်ပြချက်များသည် လူတိုင်းအကျုံးဝင် ပညာရေး၏ အနှစ်သာရနှင့် လွဲချော်နေသည်ဟု NNER ၏ ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထို့အပြင် အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို အလယ်တန်းအဆင့်အထိ တိုးမြှင့်ရန် တောင်းဆိုထားသော်လည်း ဥပဒေပြဌာန်းချက် တွင် မူလတန်း အဆင့်အထိသာ သတ်မှတ်ပြဌာန်းထားသည်ကို တွေ့ရသည်။
လေးပွင့်ဆိုင် သဘောတူညီချက်များထဲမှ ကျောင်းသား အရေးအခင်းများကြောင့် ကျောင်းထုတ်ခံရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက်နိုင်ခွင့် ရရှိရေး အချက်နှင့်ပတ်သက်၍ ဥပဒေပြင်ဆင်ချက် ပုဒ်မ ၃၅(၆၆) (ခ) ၌ အသွင်ကူးပြောင်းရေး ကာလ တွင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် နစ်နာဆုံးရှုံးမှု ရှိသူတိုင်း ဆက်လက်ပညာသင်ကြားခွင့် ရှိစေရမည်ဟု ဆိုသဖြင့် တောင်းဆိုချက်နှင့် ကိုက်ညီသည်ကို တွေ့ရကြောင်း NNER ၏ ထုတ်ပြန်ချက်က ဆိုသည်။
အတည်ပြုခဲ့ပြီးမှ ကျောင်းသားများ၏ ကန့်ကွက်မှုများကြောင့့် အမျိုးသား ပညာရေး ဥပဒေကို ဒီမိုကရေစီ စံနှုန်းနှင့် အနီးစပ်ဆုံး ကိုက်ညီရန် ပြန်လည်ရေးဆွဲမည်ဟု အစိုးရက ပြောဆိုသည့်တိုင် ယခုပြင်ဆင်ပြဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေ သည် ဗဟိုချုပ်ကိုင်မှုနှင့် တဖန်ပြန်လည် အသက်ဝင်လာခြင်း ဖြစ်သည်။
ယင်း ဥပဒေသည် နောင်တွင်လည်း ဝေဖန်ကန့်ကွက်မှုများ ထပ်မံကြုံတွေ့ရမည့်အပြင် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ပေးရေး အတွက် ဆန္ဒပြလှုပ်ရှားခဲ့ကြသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများသည်လည်း ဖမ်းဆီး အကျဉ်းကျခံနေရဆဲ ဖြစ်သည်။ ။