ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်လိုက်ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် သွားသည်နှင့် ပြောင်းပြန်အချိုးညီစွာ ချမ်းသာကြွယ်ဝပြီး ကျန်ရစ်ခဲ့သူများတွင် ခရိုနီများနှင့်အတူ ဝန်ကြီးဟောင်း၊ စစ်ဗိုလ်ချုပ်ဟောင်းများလည်း ပါဝင်သည်။
ပြည်သူများ၏ လက်ထဲမှ ခိုးယူခံရသည့် မြန်မာပြည်၏ သဘာဝ သယံဇာတများမှ ရရှိသော အကျိုးအမြတ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများသည် ခရိုနီများ၏ အိတ်ထဲတွင် ရှိနေသည်ဆိုပါလျှင် ယင်းမှာ စုစုပေါင်း၏ ထက်ဝက်ဖြစ်နိုင်ပြီး ကျန်ထက်ဝက်မှာ ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ခရိုနီ မိသားစုများ၏ အိတ်ထဲတွင် ရှိနေပေသည်။
စစ်အစိုးရလက်ထက် ဝန်ကြီးများအနက် အချမ်းသာဆုံးဟု သတ်မှတ်ခံရသူများတွင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်းနှင့် မိသားစုဝင်များလည်း ပါဝင်သည်။
ဦးအောင်သောင်း၏ ဇနီးမှာအထက်တန်းပြ ဆရာမ အငြိမ်းစား ဒေါ်ခင်ခင်ရီဖြစ်ပြီး သားသမီးများမှာ ဗိုလ်မှူးကြီး မိုးအောင်၊ စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်၊ ဒုဗိုလ်မှူးကြီး ပြည်အောင်၊ စီးပွားရေး လုပ်ငန်းရှင် ဒေါ်ခင်ငုရည်ဖြိုး တို့ဖြစ်သည်။ ဦးအောင်သောင်းရော စီးပွားရေး လုပ်ငန်းရှင် သူ့သားများပါ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု စာရင်းသွင်းခြင်း ခံထားရသည်။
ဦးအောင်သောင်း တန်ခိုးထွားစဉ်ကဆိုလျှင် ပရောဂျက်တခု ရရှိရေးအတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေးအရာရှိ နှစ်ဦးကိုပါ ပေးရသည်ဟု ကိုယ်တိုင်ကြုံရသည့် စီးပွားရေးသမားများက ပြောကြသည်။ ကြီးမားသော စက်ရုံကြီးတခု ခွင့်ပြုမိန့်ရရှိရေးအတွက် ဦးအောင်သောင်း၏ ကိုယ်ရေးအရာရှိနှစ်ဦးကို သိန်း ၄ ထောင် လာဘ်ထိုးခဲ့ရသည်ဟု စီးပွားရေးသမား တဦးကဆိုသည်။ လာဘ်ပေးလာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ်အတိုင်း စီးပွားရေး အခွင့်အလမ်း တောင်းခံသူများကိုမူ အတွေ့မခံခဲ့ချေ။
အစိုးရ ပရောဂျက်တခုစီ လုပ်ခွင့်ရရေးအတွက် ဦးအောင်သောင်း၏ သားများက ကော်မရှင်ခ ၇ ရာ ခိုင်နှုန်းအထိ တောင်းဆိုလေ့ရှိသည်ဟု သိရသည်။ နိုင်ငံတော် အကျိုးအမြတ်များကို ကြားမှဖြတ်ခုတ်ယူသည့် သဘောဖြစ်သည်။ နိုင်ငံခြား ကုမ္ပဏီများရော၊ ပြည်တွင်း ကုမ္ပဏီများပါ ဦးအောင်သောင်း၏ စက်မှု(၁) ဝန်ကြီးဌာန နှင့် အလုပ်လုပ်လျှင် ကြုံရမည့် ကိစ္စဖြစ်သည်။ စင်ကာပူတွင် ငွေပေးငွေယူများ ပြုလုပ်လေ့ရှိပြီး
ဦးအောင်သောင်း၏ သားတဦးမှာ စင်ကာပူတွင် ဒေါ်လာ သန်းချီတန်သည့် ပိုင်ဆိုင်မှုများ အများအပြား ရှိနေ သည်။ ယင်းပိုင်ဆိုင်မှုများမှာ မြန်မာပြည်သူ ပြည်သားများ ရသင့်သည့် ငွေများဖြင့် ဝယ်ယူထားခြင်းဖြစ်သည်။ စက်မှု ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပြည်ပသို့ လေ့လာရေး၊ ပညာတော်သင် သွားရေးအတွက် ဦးအောင်သောင်း ကတော်ကို လက်ဆောင်ကြီးကြီးများ ကန်တော့ရလေ့ရှိသည်။ ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်းသည် စက်မှု (၁) ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ နအဖ၏ တရားဝင်အာဏာ သက်တမ်းကုန်သည့် ၂၀၁၀ ပြည့်နှစ် အချိန်အထိ ၁၄ နှစ်ကြာ တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် ဦးအောင်သောင်း၏ သားများအပါအဝင် စစ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သော စီးပွားရေးသမား တစု၏ လက်ဝါးကြီးအုပ် အသုံးချခံဘဝ ဆိုက်ရောက်ခဲ့ရသည်။
ဘီလျံနာသူဌေးကြီး ဦးတေဇကဲ့သို့ စီးပွားမဖြစ်သော်လည်း ဦးအောင်သောင်း၏ သားနှစ်ဦးဖြစ်သူ ဦးပြည်အောင်နှင့် ဦးနေအောင်တို့သည် ဦးသန်းရွှေ စစ်အစိုးရတွင် ပါဝင်သော ဖခင်၏ အရှိန်အဝါကိုအသုံးချ၍ သန်းကြွယ်သူဌေးများ ဖြစ်သွားခဲ့ကြသည်။ ဦးပြည်အောင်နှင့် ဦးနေအောင်တို့ နှစ်ဦးပိုင်သော စီးပွားရေး လုပ်ငန်းများတွင် သစ်၊ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုဆိုင်ရာ ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်သည်။
ထိုညီအစ်ကိုနှစ်ဦးပိုင် စီးပွားရေး အင်ပါယာကြီးသည် စီးပွားရေး လုပ်ငန်းပေါင်းများစွာ ချိတ်ဆက်ထားသော လုပ်ငန်းကြီး တခုဖြစ်သည်။ အဓိကအားဖြင့် IGE ကုမ္ပဏီသည် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ အုပ်စုနှင့် ၏ အောက် တွင်ရှိသည်။ ကုမ္ပဏီ လက်ကမ်းစာစောင်အရ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့်သတ္တုတွင်း IGE Pte Ltd လုပ်ငန်းများ လုပ်ကိုင်သော UNOG Pte Ltd (UNOG Co Ltd နှင့် United National Oil & Gas ဟုလည်း ခေါ်သည်။) သည် IGE ကုမ္ပဏီ အုပ်စုအောက်တွင်ရှိပြီး ကျွန်းသစ်စီးပွားရေးလုပ်သော MRT Co Ltd သည် လည်း IGE အောက်တွင်ရှိသည်။
၂၀ဝ၈ ခုနှစ် သံတမန် ကြေးနန်းတခုတွင် United International ကျွန်းသစ် ကုမ္ပဏီပိုင်ရှင် ဦးဝင်းအောင်က အမေရိကန် သံတမန်တဦးအား “IGE သည် မြန်မာနိုင်ငံ ကျွန်းသစ်လုပ်ငန်းတွင် ဒုတိယအကြီးဆုံး ကုမ္ပဏီတခုဖြစ်ပြီး ၂၀ဝ၇ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ဝင်ငွေ ရှိသည်” ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။ ဦးအောင်သောင်း မိသားစုသည် ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော ယူနိုက်တက် အမရာဘဏ်ကိုလည်း ပိုင်ဆိုင်သည်။
နအဖ စစ်အစိုးရ အာဏာလွှဲပြောင်းခါနီးတွင် အစိုးရပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင်အဖြစ် ထုတ် ရောင်းချရာတွင် IGE သည် ရန်ကုန်မြို့တွင် ယခင်က အစိုးရပိုင် အဆင့်မြင့် ဟိုတယ် ၃ ခုဖြစ်သော စထရင်း ဟိုတယ်၊ ဒူးဆစ် အင်းလျားလိတ်နှင့် သမ္မတ ဟိုတယ်များတွင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအထိ ဝယ်ယူရရှိခဲ့သည်။ အောင်ရဲဖြိုးကုမ္ပဏီဟု အမည်ရသော စိုက်ပျိုးရေး ထုတ်ကုန်များ ရောင်းချသော ကုမ္ပဏီသည်လည်း ဦးအောင်သောင်း မိသားစုပိုင်ပင်ဖြစ်သည်။
၂၀ဝ၈ ခုနှစ်အတွင်း ပြင်ပသို့ ပေါက်ကြားခဲ့ သော အမေရိကန်သံတမန် ကြေးနန်းတခုတွင် IGE ကုမ္ပဏီကို ၁၉၉၄ ခုနှစ်၌ တည်ထောင်ပြီး ၂၀ဝ၁ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ခဲ့သည်ဟု သိရသည်။ UNOG အား မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံ နှစ်နိုင်ငံစလုံးတွင် မှတ်ပုံတင်ထားပြီး ၂၀ဝ၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။
အပြင်သို့ ပေါက်ကြားလာသည့် အမေရိကန် သံတမန် လျှို့ဝှက်ကြေးနန်းများတွင် ဦးအောင်သောင်း၏ သားနှစ်ဦးစလုံးကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့် အလွန်နီးစပ်သူများဟု ဖော်ပြထားပြီး ဦးသန်းရွှေကလည်း ၎င်းတို့ကို မိသားစုသဖွယ် သဘောထားသည်ဟု ဖော်ပြထားသည်။ ထိုညီအစ်ကို နှစ်ဦးသည် “မိသားစု အဆက်အသွယ်၊ စစ်အစိုးရ နှင့် အနေနီးစပ်ခြင်း တို့ကိုအသုံးချပြီး အလွန်ချမ်း သာသွားကြသည်” ဟုလည်း ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦး၏ ပြောစကားကို ကိုးကားပြီး ကြေးနန်းတွင် ရေးသားထားသည်။
ဦးပြည်အောင်သည် နအဖ စစ်ကောင်စီတွင် နှစ်ပေါင်းများစွာကြာ ဒုတိယ ဩဇာအကြီးဆုံးဖြစ်သူ ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၏ သမီး ဖြစ်သူ ဒေါ်နန္ဒာအေး၏ ခင်ပွန်းလည်းဖြစ်သည်။ ၂၀ဝ၉ ခုနှစ် ဇွန်လအတွင်း ဖော်ပြထားသော အမေ ရိကန် သံတမန် ကြေးနန်းတစောင်တွင်ဦးမောင်အေး သည် မြိုးမြိုးမြက်မြက် ရနိုင်သော စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်များ ချပေးရာတွင် ဦးတေဇထက် သူ့သား မက် ဦးပြည်အောင်ကို ပိုဦးစားပေးသည်ဟု ရေး သားထားသည်။
ကြည်း၊ ရေ၊ လေ ကွပ်ကဲညှိနှိုင်းရေးမှူးနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းနှင့် ဒု ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးမောင်အေးတို့ နှစ်ဦးသည် လုပ်ငန်းအသစ်များ၊ လိုင်စင်အသစ်များ ချပေးရာတွင်၎င်းတို့ အတွက်ပါ ဝေစားမျှစားလုပ်သော ဦးနေအောင်၊ Max Myanmar ကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော် နှင့် ဦးရွှေမန်း၏သား ဦးအောင်သက်မန်းတို့ကို ပိုဦးစား ပေးသည်ဟု အမေရိကန် သံတမန်များကို ပြန်လည် ဖောက်သည်ချခဲ့သော ရန်ကုန်အခြေစိုက် စီးပွားရေး သမားတဦးကို ကိုးကား၍ ၂၀ဝ၉ ခုနှစ် လျှို့ဝှက် ကြေးနန်း တခုတွင်လည်း ရေးသားထားသည်။
IGE သည် နေပြည်တော် တည်ဆောက်ရေးအတွက် တာဝန်ယူသော ကုမ္ပဏီ ၈ ခုအနက် တခုဖြစ်သည်။ မြို့တော်သစ်အတွင်း အစိုးရဌာန အဆောက်အအုံပေါင်းများစွာ တည်ဆောက်ပေးရသည့်အပြင် ဘန်ဂလိုပေါင်း ၃၀ ပါဝင်သော ကြယ်လေးပွင့် အဆင့်ရှိ IGE ပိုင် Hotel Amara ကိုပါ တည်ဆောက်ခဲ့သည်။ တခြားဆောက်လုပ်ရေး ကုမ္ပဏီ များကဲ့သို့ပင် မြန်မာအစိုးရသည် IGE အားဝန် ဆောင်မှုအတွက် အခကြေးငွေ မပေးသော်လည်း တခုလျှင် အမေရိကန် ဒေါ်လာ ၂ သိန်းတန်သော ကားတင်ပို့ခွင့် လိုင်စင် ၁၅ ခုချပေးခဲ့သည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် IGE သည် အစိုးရ၏ ကုန်သွယ်ရေး မူဝါဒကောင်စီ (TPC) ထံမှ ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်းတည် ဆောက်ရေးအတွက် အသုံးပြုရန် ပိုက်လိုင်းများ တင်သွင်းခွင့်ရခဲ့သည်။ ထို့အပြင် IGE နှင့် အခြားသော ကုမ္ပဏီများသည် နိုင်ငံခြားသို့ သစ်အားလုံးကို မြန်မာ့သစ်လုပ်ငန်းအမည်ဖြင့် ပို့ဆောင်ခဲ့ပြီး သစ်ရောင်းချရသည့် အကျိုးအမြတ် အားလုံးကို စီးပွား ရေးကုမ္ပဏီများကပင် ရခဲ့သည်။
ဤသည်မှာ စစ်အစိုးရလက်ထက် နာမည်ဆိုး အထွက်ဆုံး ဝန်ကြီးဦးအောင်သောင်းနှင့် မိသားစု တို့၏ ချမ်းသာကြွယ်ဝခဲ့ပုံ တစိတ်တပိုင်းပင် ဖြစ်သည်။ သူ့လောက် မချမ်းသာသည့်တိုင် သူတို့နှင်နှင် ချမ်းသာြွကယ်ဝခဲ့ကြသော စစ်ဗိုလ်ဟောင်းများ၊ တနွယ် ငင်တစင်ပါ ဆွေးမျိုးများလည်း အပြောင်းအလဲများ ပြုလုပ်နေသည့် မြန်မာနိုင်ငံတွင် လက်ညှိုးထိုးမလွဲ ရှိနေသည်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဝင်းမြင့်၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရ မောင်နီ၊ ပို့ဆောင်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေတို့သည်လည်း ရခိုင်ပြည်နယ်တွင် ၎င်းတို့ တိုင်းမှူးများ ဖြစ်စဉ်က ဒေသခံများ၏ လယ်မြေများ၊ မြေလွတ်မြေရိုင်းများ၊ နွားစားကျက်မြေများကို ဒေသခံ မြေစာရင်းဌာနနှင့်ပေါင်း၍ ဇနီးများ၊ သား သမီးများ၏ အမည်ပေါက်ဖြင့် သိမ်းယူခဲ့ကြဖူးသည်။ ထို့နောက် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ပေါ်ပေါက် လာသောအခါ ကျပ်သိန်းထောင်ချီ ကုမ္ပဏီများသို့ ရောင်းစားခဲ့ကြသည်။
အစိုးရ စီမံကိန်းများတွင် လာဘ်ပေးလာဘ်ယူ ခြင်း၊ စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ် ခြင်းမှသည် မြေယာများ သိမ်းဆည်းယူခြင်း အထိ နည်းအမျိုးမျိုးဖြင့် ချမ်းသာြွကယ်ဝခဲ့ကြသော စစ် အစိုးရ ဝန်ကြီးဟောင်းများ၊ ဗိုလ်ချုပ်ဟောင်းများ သည် ယခုအခါ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၊ အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် ပါလီမန်များထဲတွင် ထင်ထင်ပေါ်ပေါ် ရှိနေကြဆဲဖြစ်သည်။
အရပ်သားခရိုနီများအနေဖြင့် ပိတ်ဆို့အရေးယူ မှု စာရင်းမှ ပယ်ဖျက်ခံလို၍ ဖြစ်စေ၊ ပြောင်းလဲနေ သော မြန်မာပြည်တွင် ဆက်လက်ရပ်တည်ရန် ဖြစ် စေ နည်းမျိုးစုံဖြင့် အပြောင်းအလဲများ စတင်ပြုလုပ် နေချိန်တွင် စစ်အုပ်ချုပ်ရေး အရိပ်ထဲတွင် မြန်မာ ပြည်သူများထံမှ အေးဓားပြတိုက်ခဲ့ကြသော စစ်ဗိုလ် ဟောင်းများနှင့် ယင်းတို့၏ ဆွေမျိုးမိသားစုများမှာ လက်ခမောင်းခတ်နေနိုင်ဆဲ ဖြစ်သည်။ ယင်းတို့၏ မြန်မာ့သယံဇာတ၊ အကျိုးအမြတ်များကို မတရား သိမ်းယူထားမှုများ၊ ဘိုးဘွားပိုင် အမွေကဲ့သို့ ခံစား နေမှုများအတွက် မကြာမီ တချိန်ချိန်တွင် ပြည်သူနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ကိုးကား : What Does the Future Hold for Aung Thaung & Sons? By Seamus Martov