ရန်ကင်း ကလေးဆေးရုံသို့ ရောက်ရှိခဲ့ချိန် တက္ကစီယာဉ်မောင်းဖြစ်သူ ပြန်အမ်းသည့် ငွေငါးရာကျပ်ကိုပင် မယူနိုင်ဘဲ ကားပေါ်မှ ရေးကြီးသုတ်ပြာ ဆင်းပြေးခဲ့ပြီးနောက် ဆေးရုံဝန်းအတွင်း ရောက်ရှိခဲ့ချိန်က ပထမဆုံး မြင်တွေ့ခဲ့ရသည့် မြင်ကွင်းသည် ပြင်ပ ဆေး ကုသဆောင်အတွင်းရှိ မွေးကင်းစမှ အသက်ဆယ်နှစ်အောက် ကလေး အရွယ်စုံများပင် ဖြစ်သည်ဟု မခင်လေး က ပြန်လည် ပြော ပြသည်။
သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ ရှိသည်ဟု မိသားစုဆရာဝန်၏ ပြောဆိုညွှန်ကြားမှုဖြင့် ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံကြီးသို့ အဘွားဖြစ်သူနှင့်အတူ ရောက်ရှိနေသည့် သားငယ်ကို တွေ့ရှိရန် သူ့အနေနှင့် မည်သို့ရှာဖွေရမှန်းပင်မသိ၊ ပြင်ပဆေးကုသဆောင် တခုလုံး ကလေးငယ်များ၊ အုပ်ထိန်းသူ မိဘများနှင့် ပြည့်နေသည်ဟု မခင်လေး(အမည်လွှွဲ) က ဆိုသည်။
“ကျမ မေးကြည့်တော့ တုပ်ကွေးဖြစ်လို့ အဖျားကြီးပြီး ရောက်လာတဲ့ ကလေးတွေ အများဆုံးပဲ။ အဲဒီအထဲမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေလည်း ပါတယ်။ တချို့ကလေးတွေဆို အပူအရမ်းကြီးလို့ အရေးပေါ်ခန်းထဲ ခေါ်သွားတာတွေတောင် တွေ့ရ တယ်။ သူတို့ကိုတွေ့လေ ကျမသားအတွက် စိတ်ပူလေပဲ”ဟု မခင်လေးက ပြောသည်။
ရာသီဥတု ပြောင်းလဲချိန် အထူးသဖြင့် ယခုလို မိုးရာသီ ကာလအတွင်း မကြာခဏဆိုသလို မိုးရွာလိုက်၊ နေပူလိုက် ဖြစ်နေချိန်၌ ရေဝပ်နေသော ရေမြောင်း၊ ရေအိုင်ခွက်များအတွင်း ပေါက်ပွားနေသည့် ပိုးလောက်လန်းများမှတဆင့် ဖြစ်ပေါ်လာသော ခြင်များကြောင့် မခင်လေးတို့ နေထိုင်သည့် မြောက်ဥက္ကလာပ မြို့နယ်တွင် ကလေးငယ်များ ဖျားနာလာကြပြီး သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ တွေ့ရှိကြောင်း ကြားနေရသည်ဟုလည်း သူက ဆက်ပြောသည်။
ထိုသို့သတင်းစကားများ ကြားသိနေရချိန်တွင် မခင်လေး၏ အသက် သုံးနှစ်အရွယ် သားငယ်လေး အပါအဝင် အိမ်နီးချင်း မိသားစု တချို့မှ ကလေးငယ်များ ဆက်တိုက်ဆိုသလို ဖျားနာလာကြပြီး ရပ်ကွက် အတွင်းမှ ကလေးငယ် တဦးတွင် သွေးလွန် တုပ်ကွေး လက္ခဏာ တွေ့ရှိရသည်ဟု ကြားသိရကြောင်း၊ ထို့နောက် သားငယ်အား ရန်ကင်းကလေး ဆေးရုံသို့ တင်ပို့ထား ရပြီဟု အိမ်ရှိမိခင်ကြီးက ဖုန်းဆက် အကြောင်းကြားလာချိန်တွင် စိုးရိမ်ပူပန်မှုများ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ရကြောင်း မခင်လေး က ရှင်းပြသည်။
“သားလေးလည်း သွေးလွန်တုပ်ကွေး ဖြစ်တယ်လို့ ဖုန်းရတော့ ကျမဘာကိုမှ မတွေးနိုင်တော့ဘူး။ အလုပ်တွေပစ်ထားပြီး တန်းပြေး လာတာ။ ခဲမှန်ဖူးတဲ့ စာသူငယ်လိုပါပဲ။ သမီးကြီးတုန်းကလည်း သွေးလွန်တုပ်ကွေး ဖြစ်တာ ဆေးရုံအတင်မြန်လို့ အသက်ဘေး က သီသီလေး လွတ်မြောက်ခဲ့တာ။ အဲဒီတုန်းက သမီးကြီးအဖြစ်အပျက်ကို ပြန်သတိရပြီး သားလေးအတွက် အရမ်းစိတ်ပူခဲ့ရတယ်”ဟု မခင်လေးက ပြောသည်။
အလားတူ မင်္ဂလာဒုံမြို့နယ်မှ ရန်ကင်း ကလေးဆေးရုံသို့ လာရောက်သည့် မဖြူဖြူကလည်း သူ၏ ၂ နှစ်အရွယ် သားငယ်သည် လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေရှိသည်ဆိုသဖြင့် ဆေးရုံတွင် သွေးဖောက်စစ်ဆေးရန် စောင့်ဆိုင်းနေကြောင်း ပြောဆို သည်။
“ကလေးက ဖျားတာဖျားတယ် လုံးဝမမှိန်းဘူး။ အဖျားကြီးတဲ့အချိန်လောက်ပဲ အဖျားရှိန်နဲ့ မှိန်းတာ။ ကျန်တဲ့အချိန်ဆို ဆော့နေတာ ပဲ။ ကျမတို့နေတဲ့ ဝန်ထမ်းလိုင်းခန်းမှာလည်း ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံမှာ တင်ထားရတဲ့သူတွေ အများကြီး ပဲ။ ညနေပိုင်းဆို ကလေးက ပြန်ပြန်ဖျားနေလို့ ဆရာဝန်က သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး သွေးဖောက်စစ်ခိုင်းလို့ပါ” ဟု လည်း မဖြူဖြူက ဆိုသည်။
ယခုလို ရာသီချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား ရာသီပေါ် တုပ်ကွေးဖျားနာ ဖြစ်ပွားမှုနှင့်အတူ ကလေးငယ်များ၏ အသက်အန္တရာယ် ကို အကြီးအကျယ် ခြိမ်းခြောက်နေသည့် ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း သိသိသာသာ ပြန် လည်မြင့်တက်လာနေသည်ဟု ကျန်မာရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းသည် ၃ နှစ်အတွင်း ပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ ဖြစ်ပွားမှုနှုန်း အမြင့် ဆုံးဖြစ်သည့် ၂၀၀၇ ခုနှစ်က ဖြစ်ပွားသူဦးရေ ၄,၉၄၈ ဦးအထိရှိခဲ့ပြီး နောက်ပိုင်းနှစ်များဖြစ်သည့် ၂၀၁၁ ခုနှစ်အထိ ဖြစ်ပွားနှုန်း လျော့ကျခဲ့ကြောင်း သိရသည်။
သို့သော် ၂၀၁၂ ခုနှစ်တွင် ပြန်လည် မြင့်တက်လာပြီးနောက် ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားသူဦးရေ ၂၀,၀၀၀ အထိ ဖြစ်ပွားမှုနှုန်း အမြင့် ဆုံး ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်စာရင်းကို ကျော်လွန်၍ သေဆုံးသူ ၈၃ ဦး အထိ ဖြစ်ပေါ်ခဲ့ကြောင်း ကျန်မာရေး ဝန်ကြီးဌာန ၏ မှတ် တမ်းများတွင် ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ယခင်က အသက် ၁၅ နှစ်အောက် ကလေးများတွင်သာ အဓိက ဖြစ်ပွားသည်ကို တွေ့ရှိခဲ့ရပြီး ယခုနောက်ပိုင်းတွင် ကလေးများသာမက အရွယ်ကြီးရင့်သူများပါ ဖြစ်ပွားလာသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေး ဦးစီး ဌာနမှ ဆရာဝန်များနှင့် အထွေထွေ ရောဂါကု ဆရာဝန်များက ပြောဆိုသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဇူလိုင်လ ၂၀ ရက်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့သည့် လူဦးရေသည် တိုင်းနှင့် ပြည်နယ် အားလုံးတွင် ၄၉၉ ဦးအထိ ရှိနေကြောင်း သိရသည်။
ဇူလိုင် ၁၉ ရက် (တရက်စာ)စာရင်းအရ ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကုသရေး ဦးစီးဌာန အုပ်ချုပ် မှုအောက်ရှိ ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများတွင် တက်ရောက်ကုသခဲ့သည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၅၂၇ ဦးအထိရှိခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းကို ကြည့် ပါက တရက်ဖြစ်ပွားမှုနှုန်း စာရင်းတွင် ဧရာဝတီတိုင်းမှ ၁၁၄ ဦးနှင့် အများဆုံး ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်းက ဒုတိယ အများဆုံးအဖြစ် ၁၀၉ ဦး ဖြစ်ပွား နေသည်ကို တွေ့ရသည်။
ယခင်နှစ်များက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ခြင်းမရှိသည့် ချင်းပြည်နယ်၌ယခုနှစ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနယ်မြေ တွင် ပါဝင်လာပြီး တရက်တာ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် ဖြစ်ပွားသူ နှစ်ဦး ရှိနေကြောင်း သိရသည်။
ရန်ကင်း ကလေးဆေးရုံကြီး၌ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ လာရောက်ကုသနေသည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေ သူများအပြင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့မှ လူနာကလေးငယ်များလည်း တက်ရောက်ကုသမှု ခံယူနေကြောင်း ရန်ကင်းဆေးရုံအုပ် ဒေါက်တာ သင်းသင်းအေး က ဧရာဝတီကို ပြောသည်။
“ဆေးရုံမှာ အထူးကြပ်မတ် ကုသဆောင်ရှိတော့ အနယ်နယ် အရပ်ရပ်ကလွဲတဲ့ လူနာတွေလည်း ရှိပါတယ်။ အခု တရက်ကို ၂၅ ဦး လောက် တက်ရောက်ကုသတာ တွေ့ရတယ်။ လူနာအဟောင်းနဲ့ အသစ်ပေါင်းရင် လူနာ တရာလောက်ပဲ ရှိတော့တယ်။ လဆန်း ရက် က သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်လို့ တက်တဲ့သူတွေ တော်တော်များပါတယ်။ သွေးလွန်တုပ်ကွေးမှ မဟုတ်ပါဘူး တုပ်ကွေး အမျိုးမျိုးနဲ့ ရောက်လာတာတွေလည်း တွေ့ရပါတယ်”ဟု ဒေါက်တာ သင်းသင်းအေးက ဆိုသည်။
ရန်ကင်းဆေးရုံကြီးက သွေးလွန်တုပ်ကွေးရောဂါအတွက် လိုအပ်သည့်သွေးများ အချိန်မီရရှိနိုင်ရန် သွေးလှူဒါန်းမှုများ ဆောင်ရွက် နေသည့် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်နေကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် အစိုးရ၏ ဆေး ဝါး ထောက်ပံ့မှုသည်လည်း လက်ရှိအချိန်ထိ လုံလောက်မှုရှိနေကြောင်းလည်း ၎င်းက ပြောပြသည်။
ကျန်းမာရေး ဝန်ကြီးဌာနက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်းနှင့် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားမှုနှုန်းကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် မျှော်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
သို့သော် ရန်ကုန်ဒေသခံများက မြို့နယ်ကျန်းမာရေး ဦးစီးဌာနများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည့် ခြင်ကျားပေါက်ဖွားမှု ကာကွယ်ရေးလုပ်ငန်းတွင် မြို့နယ်အလိုက် ဆေးဖြန်းခြင်း ဆောင်ရွက်မှုများ၌ လက်ရှိအချိန်ထိ အားနည်းနေသေးကြောင်း ပြောဆိုကြသည်။
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် (၈) ရပ်ကွက်နေ ပြည်သူတဦးက “ကျမတို့ ရပ်ကွက်မှာ ခြင်ဆေးလာမဖျန်းတာ တော်တော်ကြာပြီ။ အရင်ကဆို တနှစ်တခါလောက် တွေ့ရသေးတယ်။ အခု တနှစ်တခါတောင် လာမဖျန်းတော့ဘူး။ အခုလို ရာသီအကူးအပြောင်းဆို ကလေးတွေအတွက် သွေးလွန်တုပ်ကွေး အန္တရာယ်က ရှိနေတော့ မှန်မှန်လေး လာဖျန်းစေချင်တယ်”ဟု ပြောဆိုသည်။
တချို့မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကာကွယ်ရေးနှင့်ပတ်သက်ပြီး ပရဟိတ အဖွဲ့အစည်းများက ဦးဆောင်ပြီး ကျောင်းများ၊ ရပ်ကွက်များတွင် ခြင်ဆေးဖျန်းခြင်း၊ အမှိုက်ရှင်းလင်းခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
“ခြင်ဆေးဖျန်းစက် တလုံးဝယ်ပြီး မြို့နယ်အတွင်းက ကျောင်းတွေမှာ လိုက်ဖျန်းတာပါ။ ဖျန်းရမယ့် နေရာတွေကများတော့ မနိုင် မနင်း တော့ ဖြစ်ရတယ်။ တခါတလေ မြို့နယ်စည်ပင်က ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လိုက်ဖျန်းတာတွေ ရှိတယ်။ နောက်ပြီး ခြင်တွေမခိုနိုင်အောင် ကျောင်းတွေမှာ အမှိုက်တွေ၊ မြက်တွေရှင်းတယ်”ဟု သန်လျင် ဖံွ့ဖြိုးတိုးတက်ရေး အသင်း မှ တာဝန်ရှိသူတဦးက ဆိုသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းကို နှစ်အလိုက်ကြည့်ပါက သုံးနှစ်တကြိမ်ခန့် ဖြစ်ပွားမှုနှုန်း မြင့်တက်ပြီး တချို့နှစ်များ၌ လူသေဆုံးမှုများပါ တွေ့ရှိရခြင်းသည် သွေးလွန်တုပ်ကွေး ရောဂါပိုး၏ အဖျက်စွမ်းအားများ ပြင်းထန်မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ကုသကာကွယ်ရေး အခြေအနေများကို ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဆေးရုံအုပ် (အငြိမ်းစား) ဒေါက်တာ အောင်ကြည်ဝင်း က ပြောဆိုသည်။
“သွေးလွန်တုပ်ကွေး လက္ခဏာတွေက သုံးနှစ်တကြိမ်လောက်မှာ ပြန်ပြီးအဖြစ်များတာ တွေ့ရတယ်။ နောက်ပြီး အဖြစ်များရုံတင် မဟုတ်ဘူး အသေအပျောက်ပါ များလာတာက ရှစ်နှစ်၊ ဆယ်နှစ်လောက်ကြာရင် တကြိမ် တုပ်ကွေးပိုးရဲ့ အဖျက်စွမ်းအားက ပိုပြီးပြင်းထန်အား များလာတယ်။ အဲဒီအခါမှာ ဖြစ်ပွားမှုတင် မဟုတ်ဘူး အသေအပျောက်ပါ များနိုင်တယ်။ ဒါကြောင့် ရောဂါဖြစ်မှ ဆေးရုံတင် ကုသမှုထက် ကြိုတင်ကာကွယ်မှု လုပ်ထားတာက ပိုထိရောက်တဲ့ ကာကွယ်မှု ဖြစ်တယ်”ဟုလည်း ၎င်းက ဆိုသည်။
ကျန်းမာရေး ပညာရှင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ ဝေဖန်သုံးသပ်မှုများအရ ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းသည် ၂၀၁၃ ခုနှစ်အတိုင်း မြင့်တက်လာဖွယ် ရှိနေကြောင်းနှင့် တုပ်ကွေးပိုး၏ အဖျက်စွမ်းအား ပိုပြီးပြင်းထန်လာမှုအပေါ် စောင်ကြည့်လေ့လာ၍ ကာကွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သင့်နေပြီ ဖြစ်ကြောင်း အကြံပြု ပြောဆိုကြသည်။ ။