လူဆိုတာကလည်း အခက်သား။ ခန္ဓာဝန်ကလည်း လေးလံလှသကိုး။ အဝင်ကိစ္စ အစားအသောက် အတွက် ပြဿနာ ဖြစ်ရသလို၊ အထွက်ကိစ္စ ဆီး၊ ဝမ်း တွေမှာလည်း ဒုက္ခက ကြီးလှပေရဲ့။ အဲဒီမှာ ကျင်ကြီး ခေါ်တဲ့ ဝမ်းနဲ့ပတ်သက်ပြီး အယူအဆတွေ၊ ယုံကြည်တာတွေ ကလည်း အမျိုးမျိုး ရှိကြပြန် ပါတယ်။ ဆေးပညာအရ သိမြင်မှု မရှိရင် ထင်ရာနဲ့ အယူလွဲနေကြ၊ အငြင်းအခုန် ဖြစ်ကြရ ပြန်ပါတယ်။ အဲဒီ ဝမ်းနဲ့ ပတ်သက်တာလေးတွေ ဗဟုသုတ ပြောချင်တာပါ။ ရွံတတ်သူတွေ စားနေသောက်နေတုန်း မဖတ်ကြနဲ့ပေါ့။
မစင်ရဲ့ပုံသဏ္ဌာန်
တချို့ကတော့ ဝမ်းသွားရင် အီးတုံးလေးက ကွေးကွေးမှ ပုံမှန်လို့ ထင်ကြလေရဲ့။ တကယ်တော့လည်း ဝမ်းဆိုတာ ပုံသေ သဏ္ဌာန် မရှိပါဘူး။ မြွေနဲ့တူသလို၊ ဝက်အူချောင်းနဲ့လည်း တူမှာပေါ့။ စားထားတဲ့ အစာမှာ ပါတဲ့အမျှင်ဓာတ်၊ ရေ စတာတွေ ပါဝင်တဲ့ပမာဏနဲ့ အူမကြီးက အစာဟောင်းတွေ ဘယ်လောက်မြန်မြန် စွန့်ထုတ်သလဲ ဆိုတာတွေပေါ် မူတည်တာပါ။ တခုတော့ သတိထားရမှာက ဝမ်းရဲ့ ပုံသဏ္ဌာန်က သွားလိုက်တိုင်းမှာ ပါးပါး သေးသေး ခဲတံ ချောင်းလေး လောက်သာ ရက်သတ္တပတ် များလာပြီ ဆိုရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာ တခုခုရှိနေပြီ ဆိုတာပါ။
ဝမ်းမမှန်တာ ဒုက္ခပေးသလား
တချို့ကတော့ နေ့စဉ် ဝမ်းမသွားရင် အဆိပ်အတောက်တွေ ကိုယ်ထဲမှာ စုလာမယ်လို့ ထင်ကြပါတယ်။ အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါကို အစွဲဖြစ်ပြီး ဝမ်းနုတ်ဆေး အမြဲစားတာ၊ ဝမ်းချူတာတွေ လုပ်နေမှသာ ဒုက္ခပေးတာပါ။ အမှန်တော့ အူမကြီးက ဘက်တီးရီးယား ရောဂါပိုးတွေကို တိုက်ခိုက်သလို၊ အဆိပ်အတောက်တွေ ပုံမှန် ဖယ်ရှားပေးနိုင်စွမ်း ပါတယ်။ တပတ်လုံးနေမှ ၃ ခါနဲ့အောက် ဝမ်းသွားရင်တော့ ဝမ်းချုပ်တယ် ခေါ်တာပေါ့။ အဲဒီလို ကြိမ်ရေ အရမ်းနည်းပြီး ဝမ်းသွားတဲ့အခါ နာကျင်တာ၊ ခက်ခဲတာတွေ ရှိရင်တော့ ပြဿနာ တခုခုလို့ မှတ်ယူပါ။
ဝမ်းချုပ်ရင် ခေါင်းမူးတတ်သလား
သိပ်မဆိုင်ဘူး မထင်ပါနဲ့။ ဖြစ်တတ်ပါတယ်။ ဝမ်းချုပ်လို့ အီးတုံးကြီးကြီး ညှစ်ပါရတဲ့အခါ ဦးနှောက်ထဲက အာရုံကြော တခုဖြစ်တဲ့ Vagus nerve ကို နှိုးဆွပေးပါတယ်။ အဲဒါက နှလုံးခုန်နှုန်းကျ၊ သွေးပေါင်ချိန်တွေကျ ဖြစ်တာမို့ မူးတာ၊ ဝေတာတွေ ဖြစ်စေပါတယ်။
စားလိုက်တဲ့ အစာက စွန့်ထုတ်ဖို့ ဘယ်လောက်ကြသလဲ
အစာချေတယ် ဆိုတာက ခပ်ဖြည်းဖြည်း ဖြစ်စဉ်ပါ။ ချေတယ်၊ စုပ်ယူတယ်၊ စွန့်ထုတ်တယ် ဆိုပြီး အဆင့်ဆင့် သွားတာကိုး။ ပုံမှန်ဆိုရင် ၁ ရက် ကနေ ၃ ရက်အထိ ကြာတတ်ပါတယ်။ ဝမ်းအဖြစ် မပြောင်းမီ တရက် ကနေ စတင်လိုက်တာ လုံးလုံးလျားလျား မစင်အဖြစ် ကုန်စင်စွန့်ထုတ်ဖို့က ၃ ရက်အထိ ကြာတာပါ။ ဝမ်းလျှောရောဂါပိုးတွေ ဝင်လာရင်တော့ အဲဒီ အစီအစဉ်တွေပျက်ပြီး အလျင်စလို ထွက်လာတာပေါ့။ အဲဒီအခါ ရေနဲ့ အာဟာရတွေပါ စုပ်ယူနိုင်စွမ်း မရှိတော့တာမို့ ရေဓာတ်ခမ်းခြောက်၊ အာဟာရ ချို့တဲ့ ဆိုတာတွေဖြစ်လာတာပါ။
အီးတုံး ရေပေါ် ပေါ်တာ ဘာကြောင့်လဲ
တချို့ကတော့ မသိဖာသာ၊ တချို့တော့ သိချင်မှာပါ။ အူလမ်းကြောင်း အောက်ပိုင်းမှာ ချေချက်ပြီး အစာတွေက ဟိုက်ဒရိုဂျင် ဒါမှမဟုတ် မီသိန်း ဓာတ်ငွေ့တွေ ဖြစ်စေပါတယ်။ အဲဒီ ဓာတ်ငွေ့တွေက သိပ်သည်းဆ လျော့စေတာမို့ အီးတုံးရေပေါ် ဖြစ်ရတာပေါ့။ ဒါက ပုံမှန်ဖြစ်တတ်တာမို့ စိုးရိမ်စရာ မရှိပါဘူး။ တခုတော့ သတိပြုပြီး ဆရာဝန်ကို ပြသရမှာက သွားလိုက်သမျှ မစင်တွေ ရေပေါ်နေတာ ရက်သတ္တ ၂ ပတ် ဆက်တိုက် ကျော်လာပြီဆိုရင် အူမကြီးနဲ့ အစာလမ်းကြောင်း ပြဿနာ တခုခု ရှိလို့ပါ။
ညိုချောလေးမှ ကျန်းမာတာလား
ပြောသံ ကြားဖူးလို့ပါ။ ဝမ်းအရောင်က ညိုနေမှ ကျန်းမာရေး ကောင်းတဲ့ လက္ခဏာဆိုတဲ့ အစွဲတခုပေါ့။ မဟုတ်ရပါဘူး။ ပုံမှန်ဝမ်း အရောင်က အဝါ၊ အစိမ်း၊ အညို အမျိုးမျိုး ရှိနိုင်ပါတယ်။ ဝမ်းအရောင်က သောက်နေတဲ့ဆေး၊ စားနေတဲ့ အစာတွေ ပေါ်လည်း မူတည်တာပါ။ ခရမ်းချဉ်သီးလို အသီးတွေက ဝမ်းရောင် နီစေသလို ဟင်းနုနွယ်လို အစိမ်းရောင် အရွက်တွေက ဝမ်းအရောင် စိမ်းစေပါတယ်။ စပျစ်သီးလိုမျိုး ကျပြန်တော့ မည်းနေတတ်ပြန်ပါတယ်။ အူတွင်းမှာ သွေး ယိုစိမ့်တာတွေက ဝမ်းအရောင် မည်းစေ၊ နီစေတာ ရှိတတ်သလို အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေမှာ ဖြူရော်ရော် ဒါမှ မဟုတ် မီးခိုးရောင် ဖြစ်တတ်ပြန်ပါတယ်။ တချို့ ဝမ်းလျှောတာကျတော့ အစိမ်းရောင်တွေမို့ ချီးစိမ်းပန်းတယ် ပြောကြပြန်ရော မဟုတ်လား။
ဝမ်းမည်းမည်းတွေ အမြဲသွားနေရင် ဘယ်လိုလုပ်ကြမလဲ
ဆေးခန်း၊ ဆေးရုံ သွားသင့်ပါပြီ။ ကပ်စေးစေး၊ မည်းပျစ်ပျစ် ဝမ်းတွေက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစိမ့်တဲ့ လက္ခဏာမို့ ပါပဲ။ သွေးတွေက အစာချေချက်ပြီး မည်းသွားတာပါ။ တချို့ သံဓာတ်ပါတဲ့ အားဆေးတွေ သောက်နေရင် လည်း ဝမ်းမည်းတာကိုတော့ သိထားရပါလိမ့်မယ်။ ဆရာဝန်ကို ပုံမှန် သောက်နေတဲ့ဆေး၊ စားတဲ့ အစားအသောက် တွေတော့ ပြောပြမှ အထောက်အကူ ပိုဖြစ်မှာပါ။
လူတယောက်က ပျမ်းမျှ တနေ့ လေ ဘယ်နှကြိမ်လောက် လည်တယ် ထင်ပါသလဲ
ဒါလည်း စိတ်ဝင်စားစရာပါ။ သတိထားပြီး နှာခေါင်းလေး စွင့်ကြည့်ပါလား။ တနေ့မှာ ၁၄ ကြိမ်လောက် ပုံမှန် လေလည်တတ် ပါသတဲ့။ စားရင်းသောက်ရင်း မျိုချလိုက်တဲ့ အငွေ့တွေ ဒါမှမဟုတ် အစာမကျေညက်တဲ့ ကာဘိုဟိုက်ဒရိတ် တွေက လေလည်တာ ပါ။ တနေကုန် တနေခမ်း လေလည်နေရင်တော့ မဟုတ်တော့ဘူးပေါ့။ အဲဒါက အစာလမ်းကြောင်းမှာ ပြဿနာ တခုခု ရှိနေနိုင်လို့ပါ။
ကျန်းမာလတ်ဆတ်တဲ့ အစာတွေ စားရင် မစင်နံ့က မွေးသလား
အဲဒီလိုတော့ မထင်နဲ့ပေါ့။ မလိုလားအပ်တာတွေ (မကျေညက်တဲ့ အစာတွေ၊ ဓာတ်ငွေ့တွေ၊ ဘက်တီးရီးယားပိုးတွေ၊ ရေနဲ့ ဆားတွေ) ပါဝင်နေတဲ့ အဲဒီ ပစ္စည်းက ဘယ်လိုမှ မွှေးပျံ့မနေနိုင်ပါဘူး။ မစင်မှာပါတဲ့ ဘက်တီးရီးယားပိုး အများစု ကတော့ အစာချက်ဖို့ ကူညီတဲ့ပိုးတွေပါ။ ဒါပေမယ့် အပြင်ရောက်လာရင်တော့ အန္တရာယ်ရှိတာပါပဲ။
ဇီးသီး စားတာ ကောင်းသလား
အမျှင်ဓာတ် ပါဝင်မှုများတဲ့ အသီး၊ အရွက်တွေ အားလုံး စားတာကောင်းပါတယ်။ ဇီးသီး၊ အထူးသဖြင့် ဇီးသီးခြောက် ကတော့ အူတွေလှုပ်ရှားမှုကို ပုံမှန်ဖြစ်အောင် အားပေးပါတယ်။ ဒါ့အပြင် သူ့မှာ အများအပြားပါဝင်တဲ့ Sorbitol ဆိုတဲ့ သဘာဝ သကြားဓာတ် ကလည်း ဝမ်းနုတ်ဆေးသဖွယ် အသုံးတည့်ပါသတဲ့။ တခြား အမျှင်ဓာတ်ပါဝင်တဲ့ ဆေးဝါး တွေထက် ဇီးသီးခြောက်က ပိုကောင်းတယ်လို့ သုတေသနပြုချက်တွေက ဆိုပါတယ်။
မစင်မှာ တွေ့ရတဲ့ သွေးအစအန တွေက ဘာပြောသလဲ
မစင်မှာ၊ ဒါမှမဟုတ် သန့်စင်လိုက်တဲ့ တစ်ရှူးမှာ သွေးအစအန တွေ့ရင်တော့ လိပ်ခေါင်းကို စဉ်းစားရမှာပါ။ စအိုနား တဝိုက်က သွေးကြောလေးတွေ ရောင်နေတာကို ညှစ်ပြီးတွန်းလိုက်လို့ ကွဲရှပြီး သွေးထွက်တဲ့ သဘောပေါ့။ ရံဖန်ရံခါ ဝမ်းအရမ်းချုပ်လို့ အီးတုံးကြီးရင်လည်း ဖြစ်တတ်ပါတယ်။ အီးကုန်းစက္ကူ ကြမ်းရင်လည်း ဖြစ်လေ့ရှိပါတယ်။ အဖြစ် များနေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
မစင် အစားထိုး ကုကြမလား
ခေတ်ကြီးက တိုးတက်လာတော့ မဖြစ်နိုင်တာ ဘာမှ မရှိ ဆိုသလောက်ပါပဲ။ တချို့ရဲ့ အူမကြီးတွေမှာ မကောင်းတဲ့ ဘက်တီးရီးယား Clostridium difficile (C.diff) ဆိုတာက ဒုက္ခပေးတတ်လို့ ကျန်းမာနေသူရဲ့ မစင်ထဲက ကောင်းတဲ့ ဘက်တီးရီးယားတွေနဲ့ ဖယ်ရှားတိုက်ထုတ် ရပါသတဲ့။ အီအီး အလှူပေးသူနဲ့ အလှူခံသူကတော့ ဗီဇ သဘာဝတွေ အတော်လေး ကိုက်ညီမှု ရှိမှ ဖြစ်တာမို့ စစ်ဆေးစမ်းသပ်မှုတွေ အများကြီး လုပ်ရပါသတဲ့။ ပြီးရင် လှူထားတဲ့ မစင်ကို အလှူခံသူရဲ့ အူမကြီးထဲ ထိုးသွင်းပြီး ကောင်းတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားစေတဲ့ နည်းပါ။ ဒီမှာသာ ဒီနည်းလုပ်ဖို့ အဆင်ပြေတဲ့ အချိန်ကျရင် ပရဟိတ မစင်ဒါန အဖွဲ့တွေ ပေါပေါလောလော ပေါ်ပေါက်လာနိုင်မယ် မျှော်လင့်ရပါရဲ့။
အခုပြောခဲ့သလောက် ဆိုရင်ဖြင့် ကိုယ့်ရဲ့ နေ့စဉ်ထွက်ကုန် မစင် ကျင်ကြီးနဲ့ ပတ်သက်ရာလေးတွေ ဝိုင်းဖွဲ့ပြီး မြိန်ရေယှက်ရေ ပြောခွင့်ရကြပြီလို့ ယုံကြည်မိပါရဲ့။ လူဆိုတာ ကိုယ့်ပစ္စည်း အကြောင်းတော့ ကိုယ်သိသင့်တယ် မဟုတ်ပါလား။ ။