ဘီစီ ၂ ရာစု မှ အေဒီ ၁၃ ရာစု ကာလ အတွင်းက ရှိခဲ့သည့် တိရိစ္ဆာန် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ရှေးခေတ် မြန်မာ့ ယဉ်ကျေးမှုများ၊ စေတီပုထိုးများ၊ ရှေးပန်းချီဆရာကြီးများ၏ လက်ရာပန်းချီကားများ စသည့် မြန်မာ့ သမိုင်းကြောင်း အဆက်ဆက်မှ အထောက်အထားများကို အမျိုးသားပြတိုက် (နေပြည်တော်) တွင် တွေ့ရှိနိုင်မည် ဖြစ်သည်။
အဆိုပါ အမျိုးသားပြတိုက်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟလမ်းတွင် တည်ရှိပြီး ဇူလိုင် ၁၅ ရက်၌ စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
ပြတိုက်အတွင်းတွင် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းတင် ခေတ်ဦးပြခန်း၊ သမိုင်းမတင်မီ ခေတ်ပြခန်း၊ သမိုင်းတင်ခေတ် ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခမ ပြခန်းနှင့် နိုင်ငံတော်သမ္မတ၏ လက်ဆောင်ပစ္စည်းများ ပြခန်းများကို ပြကွက်ပေါင်း များစွာဖြင့် နိုင်ငံတကာ ပညာရှင်များ၏ ဖန်တီးဆန်းသစ်ထားသော ဒီဇိုင်းများ၊ မီးအလင်း အမှောင်များဖြင့် စိတ်ဝင်စားဖွယ် ကောင်းအောင် ခင်းကျင်း ပြသထားသည်ကို တွေ့ရှိရသည်။
ပြတိုက်အတွင်း စိတ်ဝင်စားမှု အများဆုံး ပေးနိုင်မည့် ပြခန်းမှာ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ မြန်မာ့ပန်းချီ ပြခန်းနှင့် နိုင်ငံတော်သမ္မတ လက်ဆောင်ပြခန်းတို့ ဖြစ်နိုင်ပါသည်။
ပြတိုက်တွင်း ပထမဆုံးပြခန်းကို ဝင်လိုက်သည်နှင့် တပြိုင်နက် နိုင်ငံတော်သမ္မတ လက်ဆောင်ပြခန်းကို တွေ့ရှိရမည် ဖြစ်သည်။ အဆိုပါပြခန်းတွင် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံတကာ အလည်အပတ် ခရီးစဉ်များ အတွင်း ရရှိခဲ့သည့် လက်ဆောင် ပစ္စည်း အများအပြားကို ပြသထားသည်။ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်စသည့် နိုင်ငံများစွာမှ လက်ဆောင် ပေးလိုက်သည့် ပန်းချီကားများ၊ ရုပ်တုများကို တွေ့ရှိနိုင်မည် ဖြစ်သည်။
“သမ္မတကြီးက သူလက်ဆောင်ရခဲ့တဲ့ ပစ္စည်းတွေကို ဒီလိုအခန်းလေး လုပ်ချင်တဲ့ ဆန္ဒရှိတယ်။ အရင်တုန်းက သမ္မတ ဟောင်းတွေရဲ့ လက်ဆောင်ပစ္စည်းတွေ ကိုလည်း စုစည်းပြီး ပြသဖြစ်မယ် ထင်တယ်” ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ရှင်းပြသည်။
ထို့အပြင် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပုံတောင်ဒေသမှ တူးဖော် တွေ့ရှိခဲ့ရသည့် နှစ်သန်း ၄၀ ခန့်ရှိ သစ်ရွက် ကျောက်ဖြစ်ရုပ်ကြွင်း၊ ရှေးဦးဆင်၏ အံသွားရုပ်ကြွင်း၊ နှစ်သန်း ၄၀ ခန့်ရှိ ကြံ့မူလမျိုးနွယ်စု၏ အောက်မေးရိုးနှင့် မိချောင်း၏ အပေါ် မေးရိုး အပိုင်းအစ ရုပ်ကြွင်းများနှင့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ အပါအဝင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ သန်းက ပေါက်ရောက်ခဲ့သည့် အရှည် ၁၁၂ ပေ၊ လုံးပတ် ၃ ပေ ရှိ ကျောက်ဖြစ်ရုပ်ကြွင်းအပင် ကလည်း စိတ်ဝင်စားစရာ ကောင်းသည့် ရုပ်ကြွင်းများ ဖြစ်သည်ကို တွေ့ရှိရသည်။
ပုံတောင်ဒေသမှ တွေ့ရှိခဲ့သည့် လူတူပရိုင်းမိတ် ရုပ်ကြွင်းများကို ရှေးအကျဆုံး လူတူပရိုင်းမိတ်အဖြစ် ကမ္ဘာအရပ်ရပ်မှ ပညာရှင်များက အတည်ပြုခဲ့သည် ဟုလည်း အမျိုးသားပြတိုက် (နေပြည်တော်) မှ တာဝန်ရှိသူ တဦးက ပြောပြသည်။
ပြစ်သစ် ပညာရှင်များက ဖန်တီးပေးခဲ့သည့် မီးအလင်းအမှောင်နှင့် ဒီဇိုင်း အပြင်အဆင်က ရုပ်ကြွင်းများကို ပို၍ စိတ်ဝင်စားစရာ ကောင်းအောင် ထောက်ပံ့ပေးနိုင်သည် ကိုလည်း လေ့လာမိသည်။
ရှေးခေတ် ပန်းချီဆရာကြီးများ ဖြစ်သည့် ဆရာခ၊ ဦးဘဉာဏ်၊ ဦးငွေကိုင်၊ ပေါ်ဦးသက် တို့၏ ပန်းချီကားများ၊ ပုဂံခေတ်၊ ပင်းယ၊ အင်းဝနှင့် ညောင်ရမ်းခေတ် နံရံပန်းချီများ၊ ရတနာပုံခေတ် ပုရပိုက်ပန်းချီ၊ လောကထိပ်ပန်ဘုရားမှ မဟာဇနက္က ဇာတ် နံရံပန်းချီ အပါအဝင် ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဖျာပုံလှကြည် တို့၏ ပန်းချီကားများကို ပြသထားသည့် မြန်မာ့ ပန်းချီပြခန်း ကလည်း အဖိုး မဖြတ်နိုင်သည့် မြန်မာ့အနုပညာ လက်ရာများစွာကို တွေ့ရှိလေ့လာနိုင်မည့် ပြခန်းပင် ဖြစ်သည်။
ဘီစီ ၂ ရာစု မှ အေဒီ ၉ ရာစုတွင် တည်ရှိခဲ့သည့် မြန်မာလူမျိုးတို့၏ အရိုးအိုးများ ရွှေငွေ အဆင်တန်ဆာ လက်ဝတ် ရတနာများ၊ အုတ်ချပ်များ ကျောက်စာများ၊ မဟာယန ကြေးခေါင်းလောင်းနှင့် နယားခေါင်းပုံ ရွှေလက်ကြပ်များ ကိုလည်း သမိုင်းတင် ခေတ်ဦးပြခန်းတွင် လည်းကောင်း၊ ပြဒါးလင်းဂူ ပုံစံတူ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် လက်နက်များ ကြေးခေတ် ယဉ်ကျေးမှုများကို ဖော်ညွန်းနိုင်သည့် ကျောက်ကွင်းများ၊ ကြေးပုဆိန်များ၊ အရိုးပုတီးများ နှင့် မြေကျင်သီးကို သမိုင်း မတင်မီခေတ် ပြခန်းတွင် လည်းကောင်း တွေ့ရှိနိုင်သည်။
ထို့အပြင် အေဒီ ၁၁ ရာစု မှ အေဒီ ၁၃ ရာစု အတွင်းရှိခဲ့သည့် သမိုင်းတင်ခေတ် ပြခန်းတွင်လည်း ပုဂံခေတ် အထင်ကရ ဘုရားစေတီတချို့၏ စကေးကိုက် ပုံစံငယ်များ ဆင်းတုတော်များ၊ ပန်းတော့ လက်ရာများနှင့် နံရံဆေးရေး ပန်းချီများလည်း ပြသထားသည်။
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများ၊ လက်မှုပစ္စည်းများ၊ ရုပ်သေးများ၊ တူရိယာများနှင့် မြန်မာ့ယဉ်ကျေးမှု အနုပညာ ပစ္စည်းနှင့် အချက်အလက်များစွာကို မြန်မာ့အနုသုခမ ပြခန်းက ဖော်ပြပေးထားသည်ကို တွေ့ရသည်။
အဆိုပါ ပြတိုက်အတွင်း ပြသထားသည့် ပြခန်းတိုင်းတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အခြေပြဇယားများ၊ သတင်း အချက်အလက်များနှင့် သမိုင်းကြောင်းများစွာကို ဆိုင်းဘုတ်များဖြင့် ရှင်းလင်းပြသထားသည်။ မီးအလင်းအမှောင် ကောင်းမွန်ပြီး သေသပ်လှပသော အပြင်အဆင်များ၊ စိတ်ဝင်စားဖွယ် ပြကွက်များကြောင့် မြန်မာတို့၏ ခေတ် အဆက်ဆက် သမိုင်းကြောင်းများစွာ လေ့လာမှတ်သား နိုင်မည် ဖြစ်သည်။
ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ရှေးဟောင်း သုတေသနဦးစီးဌာနနှင့် အမျိုးသားပြတိုက် အတွက် ၂၀၁၄ – ၂၀၁၅ ဘဏ္ဍနှစ် အတွင်း ဘတ်ဂျက် ကျပ်သန်းပေါင်း ၁၂၀၀၀ ကျော် သုံးစွဲခွင့်လည်း ရရှိထားသည် ဟု သိရသည်။ ထို ဘတ်ဂျက် ငွေများဖြင့် ဆောက်လုပ်ခဲ့သည့် ပြတိုက်၏ လက်ရာ၊ ပြခန်းများနှင့် ပြကွက်တိုင်းက ဆန်းသစ်မှု ရှိပြီး စိတ်ဝင်စားစရာ ကောင်းသည်ကို တွေ့ရသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းဌာန များကို ဖိတ်ခေါ်မှုဖြင့် အဆိုပါပြတိုက်သို့ ရောက်ရှိကာ လေ့လာခဲ့ရခြင်း ဖြစ်သည်။ ပြခန်းတခုကို အချိန် ၁၀ မိနစ်ခန့်သာ လေ့လာခွင့် ရရှိသည့် အတွက် အပြည့်အစုံ လေ့လာခွင့်တော့ မရခဲ့ပေ။ လေ့လာခဲ့ရသည့် ပြကွက်များထက် ပို၍ စိတ်ဝင်စားစရာ ကောင်းမည့် အရာများလည်း တွေ့ကောင်း တွေ့နိုင်သည်။ သွားရောက် လေ့လာသင့်သည့် ပြတိုက်တခုဟုလည်း ညွန်းချင်မိသည်။
အမျိုးသားပြတိုက် (နေပြည်တော်) ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်မှ လွဲ၍ မနက် ၉ နာရီ ခွဲမှ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ်ကြောင်း၊ ဝင်ကြေးကို နိုင်ငံခြားသားများအနေဖြင့် ၅၀၀၀ ကျပ်၊ မြန်မာနိုင်ငံသား ၅၀၀ ကျပ်နှင့် သံဃာ၊ သီလရှင်နှင့် ကျောင်းသားကျောင်းသူများက အခမဲ့ဝင်ရောက်လေ့လာနိုင်မည် ဟု သိရသည်။ ။