သဘာဝအတိုင်း ကျန်ရှိနေဆဲသာ ဖြစ်ပြီး ဆက်လက် ရှာဖွေစူးစမ်းရန် ကျန်ရှိနေသေးသော ဒေသကို အပျိုစင်ဒေသ (Virgin Land) ဟု နိုင်ငံခြားသားများက ခေါ်ဝေါ်လေ့ ရှိပြီး ပုံမှန်လည်ပတ်ရန် နေရာထက် ထိုကဲ့သို့သော အရိုင်းဆန် သော ဒေသကို စွန့်စွန့်စားစား လည်ပတ်သူများက အထူးတလည် စိတ်ဝင်စားလေ့ရှိသည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိသည့် Virgin Land များအနက်မှ တခုဖြစ်သော ရွာငံဒေသရှိ လေ့လာစူးစမ်းသင့်သော နေရာများကို ရေးသားဖော်ပြလိုပါသည်။
မြသပိတ် ရေပြာအိုင်
ရွာငံမြို့မှ တောင်ဘက်သို့ ရွာငံ-အောင်ပန်း ပြည်ထောင်စုလမ်းမကြီး အတိုင်း ၁၅ မိုင်ခန့် သွားလိုက်လျှင် လမ်း၏ ညာဘက်တွင် တောကြယ်ရွာ၊ မြသပိတ်ရေပြာအိုင် ဆိုသည့် လမ်းညွှန်ဆိုင်းဘုတ်လေးကို တွေ့ရမည် ဖြစ်သည်။ အဆိုပါ မြေသားလမ်းခွဲ အတိုင်း မိုင်ဝက်ခန့်မျှ သွားလိုက်လျှင် ထူးထူးခြားခြား မှိုင်းပြာညို့စိမ်းနေသော မြသပိတ် ရေပြာအိုင်ကို တွေ့နိုင်ပါသည်။
ရေ၏အရောင်အသွေး ကြည်လင်သန့်ရှင်းလှသောကြောင့် ကန်အတွင်းပိုင်းရှိ နစ်မြုပ်နေသော သစ်ကိုင်းများ၊ ကျောက်တုံးများ၊ ကူးခတ်နေသည့် တပေခန့်ကြီးသော ငါးကြီးများကို အတိုင်းသား မြင်လိုက်ရသည့်အခါ ဟာခနဲ မရေရွတ် မိစေရန်တော့ သတိထားသင့်ပါသည်။
မန္တလေးမြို့အနီးရှိ ဒီးဒုတ် ရေပြာအိုင်မှာ အပြာနုဖြစ်ပြီး ရေမှာလည်း ယခု မြသပိတ်အိုင်ကဲ့သို့ အထူးတလည် ကြည်လင်ခြင်း မရှိပါ။ နောက်တချက်မှာ မြသပိတ် ရေပြာအိုင်ကြီး၏ သက်တမ်းကို မည်သူမှ အတိအကျပြောနိုင်ခြင်း မရှိသေးပါ။
တောကျယ်ရွာ ကျောင်းထိုင်ဘုန်းကြီးက ၎င်းတို့၏ မိဘဖိုးဖွားများ၏ အဖိုးအဖွားများ လက်ထက်ကတည်းက အဆိုပါ ရေပြာအိုင်ကြီး တည်ရှိခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်ပိုင်းတွင်မှ လူသိများလာကာ လာရောက်လေ့လာ သူများ ပေါ်လာခြင်း ဖြစ်ကြောင်း ပြောပါသည်။
ပေ ၇၀ ဆယ် ပတ်လည်ခန့် ကျယ်ဝန်းသော အဆိုပါ ရေပြာအိုင်ကြီး၏ အနက်ကိုလည်း တိတိကျကျ ပြောနိုင်သူ မရှိပါ။ ဝါးလုံးများ ဆက်ကာ တိုင်းတာကြည့်သော်လည်း အဆိုပါရေကန်ကြီး၏ အောက်ခြေသို့ မထိသေးကြောင်း ရွာငံအုပ်ချုပ်ရေး မှူးရုံးမှ ဒုဦးစီးမှူး ဦးစည်သူအောင်က ပြောသည်။
ယမန်နှစ်က နိုင်ငံခြားသားတဦး ရေငုပ်ကိရိယာများ အစုံအလင်ဖြင့် ရေကန်ထဲသို့ ဆင်းကာ လေ့လာရန် ရောက်လာ သော်လည်း ဒေသခံများက ခွင့်မပြုသည့် အတွက် ပြန်သွားရကြောင်း ရွာငံဒေသခံများက ပြောကြပြီး ယခုရေကန်ကြီး ၏ အောက်ခြေတွင် နောင်ပွင့်မည့်ဘုရားအတွက် ရည်စူးလှူဒါန်းထားသော မြသပိတ်ကြီး ရှိကြောင်း၊ အဆိုပါ သပိတ်ကြီး၏ ရောင်ပြန်ဟပ်မှုကြောင့် ယခုကဲ့သို့ ရေအရောင်မှာ ပြာမှိုင်းညို့နေခြင်း ဖြစ်ကြောင်း ဒေသခံအများစုက ယုံကြည်ကြ ပါသည်။
နေရောင် ကျရောက်မှုအပေါ် မူတည်၍ မြသပိတ်ရေပြာအိုင်၏ ရေအရောင် ပြောင်းလဲသွားသည် ကိုလည်း တွေ့ရှိရ ပါသည်။
အဘယ့်ကြောင့် ယခုကဲ့သို့ ရေပြာရသည် ဆိုသည့့် အချက်ကိုမူ သိပ္ပံနည်းကျ လေ့လာဆန်းစစ်ချက်များ လုပ်ပြီးမှသာ ပြောနိုင်မည် ဖြစ်ပါသည်။ အဆိုပါ မြသပိတ် ရေပြာအိုင်အနီး ပတ်ဝန်းကျင်တွင် ရေအိုင်ကြီး၊ ငယ်များစွာ ရှိသော်လည်း ပုံမှန် ရေအရောင်ရှိသည့် ရေအိုင်များသာ ဖြစ်ပါသည်။
မြသပိတ် ရေပြာအိုင် ပရဝုဏ်အတွင်း မျက်နှာခြေလက် ဆေးကြောသန့်စင်ခြင်း၊ ခပ်ယူသောက်ချိုး သုံးဆောင် သယ်ယူခြင်း၊ သစ်ကိုင်းသစ်ခက် ချိုးခုတ်အမှိုက်စွန့်ခြင်း၊ မသင့်မလျော် ပြောဆိုပြုလုပ်ခြင်းများ မပြုလုပ်ရန် အဆိုပါ ရေပြာအိုင် အနီးတွင် ဆိုင်းဘုတ်ထောင်ကာ သတိပေးထားပြီး နတ်ကြီးသည်ဟု ယုံကြည်ကြသည်။
ယခုနောက်ပိုင်း တချို့ လာရောက်လေ့လာသူများက ရေကန်ထဲအထိ ဆင်းသက်ရန် ကြိုးစားခြင်းကြောင့် ရေကန် ဝင်ပေါက်ကို သံဆူးကြိုးများဖြင့် ကာရံထားသည်ကို တွေ့ရသည်။
အလယ်ချောင်ရေတံခွန်
မြသပိတ်ရေပြာအိုင် တည်ရှိရာ တောကျယ်ရွာနှင့် အနီးအနားရှိ အလယ်ချောင် ကျေးရွာတွင် အလယ်ချောင် ရေတံခွန် ရှိပြီး ပြည်ထောင်စု ကားလမ်းမကြီးမှ တဆင့် တမိုင်ခွဲခန့် သွားလျှင် တွေ့နိုင်ပါသည်။ အထပ်များစွာ ပါရှိသော ရေတံခွန်ကြီး ဖြစ်ပြီး သဘာဝအတိုင်း အပန်းဖြေလိုသူများ အတွက် လွန်စွာသင့်လျော်လှ ပါသည်။
ကျောက်ငှက်ရေဝင်ဂူ
ရွာငံမြို့၏ အရှေ့ဘက်တွင် ကျောက်ငှက် ရေဝင်ဂူ ရှိပါသည်။ နိုင်ငံခြားသား တဦးသည် အဆိုပါ ကျောက်ငှက်ရေဝင်ဂူ သို့ ပစ္စည်းပစ္စယ အစုံအလင်နှင့် ဝင်ရောက်လေ့လာရာ ခုနစ်ရက်ကြာမှ ပြန်ထွက်လာခဲ့ပြီး ဂူမှာ မဆုံးသေးကြောင်း ပြောဆိုသည်ဟု ရွာငံမြို့နယ် ထွေ/ အုပ်ရုံးမှ သိရပါသည်။
ရွာငံ ပတ်ဝန်းကျင်တွင် နာမည်ကြီးဖြစ်သော ပြဒါးလင်းဂူကဲ့သို့ ဂူများ၊ ရေတံခွန်များ၊ စိမ့်စမ်းများ အများအပြားရှိပြီး လေ့လာ ဖော်ထုတ်ရန် များစွာ ရှိပါသေးသည်။ ထို့အတူပင် မြို့ကြီးနှင့် ရွာငံအကြားတွင် တည်ရှိသော ယုန်တောင်၏ အရှေ့ဘက်တွင် ဂျပန်များ စစ်ခွာစဉ်အခါက နေထိုင်သွားသော ဂူကြီးများလည်း ရှိပါသည်။
ယုန်တောင်အရှေ့ဘက်၊ New One စားသောက်ဆိုင် ပိုင်ရှင်က ၎င်းတို့ စားသောက်ဆိုင်၏ မျက်နှာချင်းဆိုင် တည့်တည့်တွင် ရှိသော ဂူပေါက်မှာ အဝင်ဝ ကျဉ်းသော်လည်း အတွင်းတွင် လူခြောက်ရာခန့် နေနိုင်လောက်အောင် ကျယ်ဝန်းကြောင်း၊ ဂျပန်စာများလည်း ဂူထဲတွင် ထွင်းထုထားကြောင်း ပြောပြသည်။
ထို့အတူပင် စခန်းကြီးတောင် ပတ်ဝန်းကျင်တွင်လည်း ဂူများ ရှိပြီး အဆိုပါ ဂူတခုထဲတွင် ရှေးမြန်မာဘုရင်တပါး နေထိုင်သွားခဲ့ပုံပေါ်ကြောင်း၊ ယက္ကန်းစင်များ၊ ပလ္လင်များ ရှိသည်ကို ဒေသခံများ တွေ့ရှိခဲ့ရကြောင်း ပြောပြပါသည်။
ရွာငံသည် လျှို့ဝှက်ချက်များ၊ ဒဏ္ဍာရီပုံပြင်များဖြင့် ပြည့်နှက်နေသော ဒေသကြီးတခုဟု ဆိုလျှင်လည်း မမှားနိုင်ပါ။
ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ဟူ၍ နှစ်ပိုင်းရှိပြီး ရွာငံသည် အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ တောင်ဘက်တွင် မန္တလေးတိုင်းဒေသကြီးရှိ သာစည်မြို့နယ်၊ အနောက်ဘက်တွင် မြစ်သား မြို့နယ်၊ မြောက်ဘက်တွင် ကျောက်ဆည်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိသောကြောင့် လမ်းပမ်း ဆက်သွယ်ရေး ကောင်းမွန်သည့် ဒေသဖြစ်ပြီး အောင်ပန်းမြို့မှ ဖြစ်စေ၊ မန္တလေးမြို့မှ ဖြစ်စေ လွယ်ကူစွာ သွားနိုင် သည်။
ဓနုတိုင်းရင်းသားများ အဓိကနေထိုင်ကြပြီး ၂၀၁၄-၁၅ အတွင်း အမှုကြီးဖြစ်သော လူသတ်မှု ၂ မှု၊ အမှုသေးဖြစ်သော ခိုးမှု ၂ မှု၊ ရိုက်နှက်မှု (နာကျင်စေမှု ရိုးရိုး) ၄ မှုမျှသာရှိပြီး နယ်မြေမှာ အလွန်အေးချမ်းသည့် အတွက် လုံခြုံစိတ်ချစွာ သွားရောက် လေ့လာနိုင်သကဲ့သို့ ဧည့်မျှော်နေသည့် တိုင်းရင်းသား/ တိုင်းရင်းသူများ၏ လှိုက်လဲှဖော်ရွေသည့် အပြုံးများက လာရောက်သူများကို အမောပြေစေပါလိမ့်မည်။
ရွာငံမြို့တွင် Hotel တခုရှိပြီး သုံးယောက်ခန်း တခန်းလျှင် ကျပ်သုံးသောင်း သတ်မှတ်ထားသည်။ တည်းခိုခန်း နှစ်ခုရှိပြီး အပေါ်ထပ် ဆိုလျှင် လူတယောက် ငါးထောင်၊ အောက်ထပ်ဆိုလျှင် လူတယောက် သုံးထောင် သက်မှတ် ထားပါသည်။
မန္တလေးမှ ရွာငံသို့ ၂၅ ယောက်စီး မှန်လုံကား၊ အံစာတုံးကားများ နေ့စဉ် ပြေးဆွဲနေပြီး မှန်လုံကားမှာ တဦးလျှင် သုံးထောင်ကျပ် နှင့် အံစာတုံးကားမှာ တဦးလျှင် ငါးထောင်ကျပ် ဖြစ်သည်။
မန္တလေးမှ ရွာငံသို့ မန္တလေး – ကျောက်ဆည် – ဟန်မြင့်မိုရ်လမ်းခွဲမှ ကားဖြင့်သွားလျှင် သုံးနာရီခန့်မျှ ကြာမြင့်နိုင်ပြီး ဆိုင်ကယ်ဖြင့် ဆိုပါက လေးနာရီခွဲခန့် ကြာနိုင်ပါသည်။ မန္တလေး – မိထီ္ထလာ – ကလော – အောင်ပန်းလမ်းမှ သွားလျှင်မူ ထိုထက်ပို၍ ကြာမြင့်နိုင်ပါသည်။
ရွာငံမြို့သည် အေးသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန် ၃၆ ဒီဂရီနှင့် အနိမ့်ဆုံး အပူချိန် ၃ ဒီဂရီအထိ ရှိပါသည်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလများတွင် မိုးများလေ့ရှိပြီး ၂၀၁၄ ခုနှစ်က အဆိုပါ လေးလတွင် ပျမ်းမျှအားဖြင့် မိုးရေချိန် ဆယ်လက်မခန့် အထိ ရွာသွန်းထားကြောင်း ရွာငံမြို့၊ မိုးလေဝသ တိုင်းတာစစ်ဆေးချက်များ အရ သိရပါ သည်။
ထို့ကြောင့် ခြေခင်းလက်ခင်း သာသော နွေရာသီနှင့် ဆောင်းရာသီရောက်မှသာ ခရီးသွားသင့်ကြောင်း အကြံပြုလို ပါသည်။
ရွာငံပတ်ဝန်းကျင်သို့ လေ့လာရေးခရီး ထွက်မည် ဆိုပါက ရွာငံ ထွေ/ အုပ်ရုံးသို့ ဝင်ရောက် အကူအညီ တောင်းခံနိုင်ပြီး မည်သို့ မည်ပုံသွားရမည်၊ ခရီးလမ်း အကွာအဝေး မည်မျှ ရှိသည်၊ မည်မျှ ကြာမြင့်နိုင်သည် စသည်တို့ကို လမ်းညွှန်ပေးမည် ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။
လမ်းပြငှားမည် ဆိုပါက ခရီးလမ်း အကွာအဝေးပေါ် မူတည်၍ တရက်လျှင် ငါးထောင်မှ တသောင်းကြား ပေး၍ ငှားရမ်း နိုင်သကဲ့သို့ ကားများလည်း ငှားရမ်းနိုင်ပြီး ကားခမှာ တရက်လျှင် နှစ်သောင်းခွဲမှ လေးသောင်းကြား ကားအမျိုးအစား ပေါ်မူတည်၍ ကျသင့်နိုင်ကြောင်း ရွွှေဂူးဂူ Hotel မှ ဦးထွန်းထွန်းက ပြောသည်။
ဆောင်းရာသီ အားလပ်ရက်တွင် လေ့လာရေးခရီး ထွက်လိုသူများ အတွက် ယခုကတည်းက ပြင်ဆင်စေနိုင်ရန် ရည်ရွယ်ကာ လမ်းညွှန် ရေးသားလိုက်ရခြင်း ဖြစ်ပြီး သေချာပေါက် ထိုက်တန်မည့် ခရီးတခု ဖြစ်နိုင်ကြောင်း မိမိအနေ ဖြင့် ရဲရဲကြီး အာမခံလိုပါသည်။
မည်သို့ပင်ဆိုစေ တပြည်တရွာမှ နိုင်ငံခြားသားများ ဝင်ရောက်စူးစမ်း လေ့လာနေသော ရွာငံဒေသတွင် မိမိတို့ ပြည်တွင်းမှ ကျောင်းသူ/ကျောင်းသားများ၊ ခရီးသွားများ အုပ်စုလိုက် စူးစမ်းလေ့လာကာ အသစ်အသစ်သော တွေ့ရှိ ချက်များ ဖော်ထုတ် ပြောကြားနေသည်ကို မြင်ချင်ကြားချင်မိပါသည်။ ။