ထားဝယ် အထူးစီးပွားရေးဇုန် ဆောက်လုပ်ရေး နှင့် ရေနက်ဆိပ်ကမ်းကြီး တည်ဆောက်ရန် မြန်မာအစိုးရနှင့် ဘန်ကောက် အခြေစိုက် အီတာလျံထိုင်း ကုမ္ပဏီ Italian Thai Development (ITD) တို့သည် ဩဂုတ်လ ၅ ရက်နေ့က တွေ့ဆုံ လက်မှတ်ရေးထိုးခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်၏ ကိုယ်ရေး အရာရှိ ဦးကျော်စွာဦးက ဧရာဝတီသို့ ပြောသည်။
ဩဂုတ်လ ၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၆ ကြိမ်မြောက် လုပ်ငန်းကော်မတီ အစည်းအဝေးသို့ ထိုင်း-ဂျပန်မှ အဖွဲ့ဝင်များနှင့် မြန်မာအစိုးရတို့ တက်ရောက်ခဲ့ကြပြီး ထားဝယ် အထူးစီးပွားရေးဇုန် အတွက် ရေရှည်ရင်းနှီး မြှုပ်နှံမှု အစီအစဉ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
“သက်ဆိုင်ရာ ထိုင်းကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ ထားဝယ် စီမံကိန်း အတွက် ဒီနေ့ လက်မှတ် ရေးထိုးခဲ့တယ်” ဟု ဦးကျော်စွာဦးက ဩဂုတ်လ ၅ ရက်နေ့က ပြောသည်။
ဩဂုတ်လ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြချက်အရ အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည် ကနဦးစီမံကိန်းကို ITD နှင့် လက်မှတ် ထိုးပြီး သည့်နောက် ၈ နှစ်အတွင်းမှာ ပြီးစီးအောင်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။
ကနဦး စီမံကိန်းတွင် ထားဝယ်မှ ဘန်ကောက်မြို့အနောက်မြောက် ၁၁၉ ကီလိုမီတာအကွာတွင် တည်ရှိသည့် ကန်ချနာဘူရီသို့ နှစ်လမ်းသွား ကားလမ်းကို အဆင့်မြှင့်တင်ခြင်း အပါအဝင် စီမံကိန်းအတွက် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို သယ်ယူသည့် သင်္ဘောငယ်များ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းငယ်များ ဆောက် လုပ်ခြင်းတို့ ပါဝင်ပါသည်။
နောက်ပိုင်းတွင် စီမံကိန်းအတွက် ရေနက်ဆိပ်ကမ်းကြီးကို ထပ်မံတည်ဆောက်သွားမည် ဖြစ်သည်။
“လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် သဘာဝဓာတ်ငွေ့သုံး စက်ရုံတခုကိုလည်း တည်ဆောက် နေပါတယ်” ဟု ဦးအေးမြင့်က မြန်မာ့အလင်း သတင်းစာသို့ ပြောသည်။ ဂျပန်နိုင်ငံအနေဖြင့် ကနဦးစီမံကိန်းများတွင် ပါဝင် ဆောင်ရွက် သေးခြင်းမရှိပါ။
“စီမံကိန်းလုပ်တဲ့ နေရာမှာ ဒီမှာ မူလရှိပြီးသား ကုမ္ပဏီကို ဂျပန်က ရှယ်ယာဝင်မှာပါ။ ကျနော်တို့ အခုဆွေးနွေး နေကြပါတယ်” ဟု ဦးအေးမြင့်က မြန်မာ့အလင်း သတင်းစာသို့ ပြောသည်။
ယခင်သတင်း ဖော်ပြချက်များ အရ ITD နှင့် ဖက်စပ်လုပ်ကိုင်သည့် ထိုင်းစီးပွားရေး ကုမ္ပဏီ Rojana Industrial Park တို့သည် မြန်မာနိုင်ငံ အရှေ့မြောက်ဘက် တနင်္သာရီတိုင်းတွင် တည်ရှိသည့် ထားဝယ်အထူးစီးပွာရေး ဇုန်၏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ပထမ အဆင့် ဆောက်လုပ်ရေးအား ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့ကြ သည်။ အဆိုပါစီမံကိန်း၏ ပထမအဆင့် ဆောက်လုပ်ရေးတွင် စက်မှုလုပ်ငန်း အတွက် စတုရန်းပုံ ပတ်လည် ၂၇ ကီလိုမီတာ အကျယ် အဝန်းရှိသည့် မြေနေရာ ပါဝင်ပါသည်။
ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ၎င်းစီမံကိန်း၏ အဓိက ဒုတိယအဆင့် ဆောက်လုပ် ရေးသည် ဧရိယာဧက ငါးသောင်း ကျယ်ဝန်းကြောင်း မြန်မာ့အလင်း သတင်းစာသို့ ပြောသည်။
“ဆိပ်ကမ်းငယ်ကို တည်ဆောက်ထားပြီးတော့ အခုလက်ရှိအချိန်မှာ တန်ချိန် တသောင်းခွဲရှိတဲ့ သင်္ဘောတွေ ဆိုက်ကပ်နိုင် ပါတယ်။ ကုန်လှောင်ရုံတွေ၊ ဆိပ်ကမ်း အဝင်အထွက် သောင်တူး လုပ်ငန်းတွေ ဆောင်ရွက်ရန် ကျန်ရှိနေပါ သေးတယ်” ဟု ဦးဟံစိန်က ထပ်လောင်း ပြောကြားခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့ပြီး အကြောင်းရင်းမှာ ITD ကုမ္ပဏီသည် လုံလောက်သော ရင်းနှီးမြှုပ်နှံမှုများ မရှာဖွေနိုင်ခြင်းနှင့် လျှပ်စစ် ဓာတ်အားရရှိရန် မစွမ်းဆောင်နိုင်သောကြောင့် နုတ်ထွက်ခဲ့ရသည့် အတွက် နှောင်းနှေးခဲ့ခြင်း ဖြစ်သည်။
စီမံကိန်း ပြီးစီးသွားသည့် အခါတွင် ကုန်တင် သင်္ဘောများသည် ရေလမ်းကြောင်း ကျပ်တည်းသည့် မာလက္ကာ ရေလက်ကြားသို့ ဖြတ်မည့်အစား ထားဝယ် ဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။ ထားဝယ် အထူးစီးပွား ရေးဇုန် မြှင့်တင်သူများက အဆိုပါ စီမံကိန်းသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် ထားဝယ်၏ စီးပွားရေး လုပ်ငန်းများကို မြှင့်တင်နိုင်ကြောင်း ပြောသည်။
သို့သော် ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိသည့် စီမံကိန်း မြေနေရာ အတွက် မြေသိမ်းခြင်းများ အပေါ် လျော်ကြေးငွေ လုံလောက်စွာ မရရှိသည့် တိုင်ကြားမှုများ ဖြစ်နေချိန်တွင် စီမံကိန်း ဧရိယာတွင် နေထိုင်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို စိုးရိမ်သည့် ဒေသခံအချို့၏ ခုခံမှုများ ရင်ဆိုင်ခဲ့ရသည်။
Kyaw Hsu Mon ၏ Govt, Thai Firm Ink Long-Sought Deal on Dawei SEZ: Source ကို ဆုမွန်ဖြိုး ဘာသာပြန် သည်။