ဘီယာ ဆိုတာကလည်း အတိတ်တုန်းကတော့ ကြားဖူးနားဝသာ ရှိခဲ့ကြတာ ဖြစ်မှာပါ။ အခုတော့လည်း ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေ ကနေ တောကြိုအုံကြားက ဆိုင်ငယ်လေး အထိ မမြင်ချင်မှ အဆုံး ဆိုတဲ့ ဧည့်ထောက်ခံ ပစ္စည်းတခု ဖြစ်နေပေါ့။ ဘီယာအကြောင်း သီချင်းတွေနဲ့၊ မိန်းမငယ်လေးတွေပါ ဘီယာနေ ကြလေရဲ့။ ဘီယာဗိုက်တွေလည်း ဖောင်းပွလာ နေကြပေါ့။ ဘီယာက အရက် မဟုတ်ဘူး ဆိုသူဆိုကြ၊ ကျန်းမာရေး အတွက် မကောင်းဘူး ဆိုသူနဲ့၊ စားဝင် အိပ်ပျော်လေးပါ ဆိုသူနဲ့ ဘီယာ မှော်ရုံတောမှာ ပျော်မော မဆုံးကြပေဘူး ပေါ့။ ဘီယာမှာမှ ထပ်ပြီး အပြင်း အပျော့ ဖြစ်လာပြန်၊ စတောက် ဆိုပြီး ခွန်အားဖြိုးမောက် ဆိုတာကလည်း တမျိုး၊ အဲသလို ဘီယာကို ဋီကာဖွင့် စရာ လေးတွေကလည်း ရှိလာပြန်ပါရော။
“Lite beer” ဆိုတာ အရက်ပါဝင်မှု နည်းတာလား
တကယ်တော့ Light ဒါမှမဟုတ် Lite ဆိုပြီး စာတမ်း ထိုးထားတဲ့ ဘီယာတွေ မြင်ဖူးကြမှာပါ။ ဒါက အရက် အယ်လ်ကိုဟော ပါဝင်မှုနဲ့ မဆိုင်လှပါဘူး ။ ကယ်လိုရီ ပါဝင်မှုကိုသာ ဖော်ပြတာ ပါ။ အယ်လ်ကိုဟော ပါဝင်မှုနဲ့ ကယ်လိုရီ နဲ့က မတူပါဘူး။ ဒါပေမယ့် တိုက်ရိုက် အချိုးကျနေတာတော့ မမေ့သင့်ပါဘူး။ အယ်လ်ကိုဟော များတော့ အမူးများမယ်၊ ကယ်လိုရီ များတော့ ကိုယ်အလေးချိန်တွေ တက်မယ်၊ ကျန်းမာရေး ထိခိုက်မယ်။ အမှန်တော့ ၂ မျိုးစလုံး များတာ မကောင်းပါဘူး။ ကယ်လိုရီနည်း၊ အယ်လ်ကိုဟော နည်းတာက ကျန်းမာရေးထိခိုက်မှု နည်းစေမှာပါ။
Lite ဘီယာတွေမှာ ကယ်လိုရီ ဘယ်လောက်ပါတတ်သလဲ
အကြမ်းအားဖြင့် သာမန် ဘီယာတဗူး (၁၂ အောင်စ) မှာ ၁၅၀ ကနေ ၂၀၀ ကယ်လိုရီ ပါတတ်ပါတယ်။ lite ဘီယာ ကတော့ ၁၀၀ ကနေ ၁၃၀ ကယ်လိုရီ ပါဝင်တတ်ပါတယ်။ သာမန် ဘီယာနဲ့ lite ဘီယာ ကွာခြားချက်က အနည်းဆုံး ၂၀ ကယ်လိုရီကနေ ၁၀၀ ကယ်လိုရီလောက် ရှိတတ်ပါတယ်။ စာတမ်းထိုးထားတာက အစစ်အမှန်ဆိုရင်ပေါ့။
ဘီယာမှာ အဆီမပါဘူးလား
ဒါကတော့ သေချာပါတယ်။ ဘီယာလည်း ဝိုင်လိုပါပဲ။ အဆီမပါ၊ အာဟာရဓာတ်တွေ ပါတဲ့ ယမကာပါ (အတန်အသင့် ဆိုရင်ပေါ့)။ ပရိုတင်း၊ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ B12 နဲ့ ဆယ်လီနီယမ်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ကယ်လိုရီ များတဲ့ အစားအသောက် တွေမှာလည်း ထိပ်ဆုံးက အစားအသောက် ၅ ခု စာရင်းမှာ ဘီယာပါဝင်နေ တာပါ။ အဲဒီတော့ တန်ဆေး လွန်ဘေးပေါ့။
ဘီယာနဲ့ကယ်လိုရီ ညီမျှ တဲ့ အစားအသောက်တွေ
နေ့စဉ် ဘီယာ ၂ ဘူးလောက် ပုံမှန်သောက်နေသူက ဘာတွေစားတာနဲ့ ကယ်လိုရီတူသလဲလို့ လေ့လာကြည့်ကြ ပါတယ်။ ဘီယာ ၂ ဘူးက အနည်းဆုံး ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ လောက် ရတာဆိုတော့ ဟမ်ဘာဂါ တလုံးစာ၊ အမဲသား ဆင်းဒွစ်ချ် တခုစာ ဒါမှမဟုတ် ချိစ်ပီဇာ ၂ ခုစာလောက်နဲ့ ညီမျှပါတယ်။ အဲဒါတွေ စားမလား၊ ဘီယာ သောက်မလားပေါ့။ အဲဒါတွေ စားရင်း ဘီယာသောက်ရင်တော့ ကယ်လိုရီတွေ ၂ ဆ တိုးတော့မှာ သတိချပ်ပါ။
အယ်လ်ကိုဟော ဆိုတဲ့ အရက်ပါဝင်မှုများရင် ကယ်လိုရီပိုများသလား
ဒါလည်း သံသယ မရှိပါနဲ့။ အယ်လ်ကိုဟော ၁ ဂရမ်မှာ ၇ ကယ်လိုရီလောက် ရှိပါတယ်။ အရက်က အဆီနဲ့ မထူးလှ ပါဘူး။ အဆီ ၁ ဂရမ်မှာ ၉ ကယ်လိုရီလောက် ပါတာကိုး။ ၁ ဂရမ်မှာ ၄ ကယ်လိုရီလောက်သာပါတဲ့ ကာဘိုဟိုက်ဒရိတ် တွေ၊ ပရိုတင်းတွေနဲ့ ယှဉ်ရင်တော့ အရက်က ကယ်လိုရီ ၂ ဆ ပိုနေပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစား နေသူတွေ၊ ကယ်လိုရီ လျှော့ချဖို့ လုပ်နေတဲ့ သူတွေအတွက်တော့ အရက်သောက်တဲ့ ပမာဏက လျှော့ကို လျှော့ရမှာပါ။
ဘီယာ အရောင် ဖျော့တာက ကယ်လိုရီ နည်းသလား
ကယ်လိုရီမှာ အယ်လ်ကိုဟော ပါဝင်မှုကို အခြေခံပြီး တွက်ချက်လေ့ ရှိပါတယ်။ အရောင်တွေ၊ အရသာတွေနဲ့ မဆိုင်လှပါဘူး။ ဘီယာရဲ့ အရောင်က ချက်လုပ်တဲ့ မုယောစပါးရဲ့ အရောင်ပေါ်မူတည်တာပါ။
တနေ့ကို အယ်လ်ကိုဟော ဘယ်လောက် သောက်သင့်ပါသလဲ
အငြင်းပွားကြတယ်၊ စဉ်းစားကြတယ်။ ပြောရရင်တော့ ပညာပေးသူတွေ ကလည်း အယ်လ်ကိုဟော ကြိုက်တာ ရှိနေပြန် တာကိုး။ ဘာပဲဖြစ်ဖြစ် အရက်ဆိုတာ မူးတတ်လေတော့ အရွယ်ရောက် ယောက်ျားတယောက် အတွက် အရက်ပြင်း ၂ ပက် ဒါမှ မဟုတ် ဝိုင် ဖန်ခွက် ၂ ခွက် ဒါမှမဟုတ် ဘီယာ ၂ ဘူး လောက်သာ တနေ့တာ သောက်သုံး သင့်တယ် လို့ ဆိုပါတယ်။
ဒါကလည်း ပင်ကို အသည်းရောဂါတွေ ရှိနေတာမျိုးမှာ ရှောင်သင့်သလို၊ ရောဂါကင်းပြီး နေ့စဉ် မသောက်သူက တခါတရံ နည်းနည်း ပိုသွားတာမျိုးလို တဦးချင်းဆိုင်ရာ ချင့်ချိန်မှုတွေတော့ လိုတာပေါ့။ အမျိုးသမီးတွေ အတွက်တော့ သောက်နှုန်းကို ထက်ဝက် လျှော့ချသင့်ပေရဲ့။ တနေ့မှာ ဘီယာ ၁ ဘူး၊ ဝိုင် ၁ ခွက်၊ အရက်ပြင်း ၁ ပက် စသဖြင့်ပေါ့။ အကြမ်းဖျဉ်းပေါ့လေ။ တချို့လည်း သောက်မှာ မဟုတ်သလို တချို့လည်း ယောက်ျားတွေထက် ပိုသောက်နိုင် ပေသကိုး။
သောက်ပုံသောက်နည်း
ဘီယာကတော့ သိပ် အရောအနှော မလုပ်ကြပေမယ့် တခြားအရက်တွေမှာ အရောအနှောလေးတွေ လုပ်ကြပါ သေးတယ်။ အဲဒါက ပြဿနာပါ။ အရက်ကို အချိုရည် ဖြစ်တဲ့ ကိုကာကိုလာ လိုမျိုးနဲ့ ရောလိုက်ရင် ကယ်လိုရီတွေ ပိုသွားပါပြီ။ အချိုရည်နဲ့ တွဲသောက်တဲ့အခါ အဝင်လေးကောင်းပြီး ပိုသောက်မိ ပြန်တော့ ပိုဆိုးတော့တာ ပေါ့။ ပိုမူးသလို ကယ်လိုရီတွေ ပိုများများ ဝင်ကုန်ပါတော့တယ်။
ဘီယာ သောက်မှ ဘီယာဗိုက် ထွက်သလား
ဒါကတော့ အမှတ်လွဲနေ ကြတာပါ။ ဘီယာ သောက်လို့ သက်သက် ဗိုက်ပူတာ မဟုတ်ပါဘူး။ ဘီယာဗိုက် ဆိုတာက အခေါ်အဝေါ် လွဲနေတာပါ။ ကယ်လိုရီတွေများလို့ ဗိုက်ရွှဲလာတာပါ။ ဘီယာ မသောက်ဘဲလည်း ဘီယာဗိုက်ထက် ရွှဲတာတွေ မြင်ဖူးမှာပါ။ ကယ်လိုရီများတဲ့ အစားအစာတွေက ဗိုက်ရွှဲစေတာပါ။ တခုတော့ ရှိပါတယ်။ ဘီယာသောက် သမားတွေ မှာတော့ ကယ်လိုရီ ပိုရစေနိုင်တာတွေ ရှိနေပါတယ်။ ဘီယာ၊ အရက် သောက်နေတုန်းမှာ အမြည်း မြက်မြက်ကလေး စားသူတွေ ဆိုရင် ကယ်လိုရီတွေ တိုးသထက် တိုးတော့တာပါပဲ။
ဘီယာသောက်များတော့ ဘာအကျိုးရှိသလဲ
ဘီယာမှာက ဆီးရွှင်စေတာရယ်၊ ရေပါဝင်မှု များတာရယ်ကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာလိုမျိုး ကာကွယ်တယ် လို့ ဆိုပါတယ်။ ဒါကြောင့် ဘီယာကို အလွန်အကျွံ သောက်ဖို့တော့ တလွဲဆံပင် မကောင်းပါနဲ့။ အရည်များများ သောက်တာနဲ့ အစားထိုးလို့ ရပါတယ်။ အရက်နဲ့ ကယ်လိုရီကြောင့် ရလာမယ့် ဆိုးကျိုးတွေက ကျောက်ကပ် ကျောက်တည်တာထက် ဖြစ်နိုင်ခြေ ပိုများတာပေါ့။
ဘီယာ ဆိုင်ရာ သိကောင်းစရာလေးတွေ အနည်းအကျဉ်း လောက်တော့ ပြောခဲ့ပါပြီ။ သောက်မလား၊ ဖြတ်မလား ဒါမှ မဟုတ် လျှော့မလား၊ တိုးမလား ဆိုတာကတော့ သိခဲ့တဲ့ အချက်တွေနဲ့ ကိုယ့်အခြေအနေကိုယ် ချင့်ချိန် မှီဝဲကြရုံပါပဲ။ စာရေးသူလည်း ဒီအကြောင်းရေး နေရတာ ပင်ပန်းသွားပြီမို့ ဘီယာလေး ၂ ဘူးလောက်နဲ့ မြေပဲဆံလေး လက်တဆုပ် လောက်နဲ့ အပန်းဖြေလိုက် မလားလို့ စဉ်းစားနေမိပါတယ်။ ။