မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်ပုံကို ကမ္ဘာကသိအောင် ထုတ်ဖော်ရေးသားခဲ့တဲ့ စာအုပ်တွေ ထဲမှာ အင်ဂီဆားဂျန့် (Inge Sargent) ရေးတဲ့ Twilight over Burma စာအုပ်လည်း နာမည်ကြီး ပါတယ်။
စာအုပ်ကို ရေးသားတဲ့ အင်ဂီက ဩစတြီးယား နိုင်ငံသူဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုမှာ သတ္တုတွင်း အင်ဂျင်နီယာပညာ လာရောက်သင်ယူတဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ ဖူးစာဆုံတယ်။ လင့်မျက်နှာ တရွာမှတ်ပြီး မြန်မာနိုင်ငံကို အင်ဂီ လိုက်ပါ နေထိုင်တယ်။ စဝ်ကြာဆိုင်က အင်ဂီကို စဝ်သုစန္ဒီ အမည်နဲ့ မဟာဒေဝီ တင်မြှောက် တယ်။
စော်ဘွား စဝ်ကြာဆိုင်က အစဉ်အဆက် စော်ဘွားတွေ ခံစားနေတဲ့ လယ်ယာမြေတွေကို တကယ် လုပ်ကိုင်နေတဲ့ လယ်သမားတွေ လက်ကို လွှဲပြောင်း ပေးအပ်တယ်။ စိုက်ပျိုးရေးကို တိုးတက် ခေတ်မီအောင် လယ်ထွန်စက်တွေ နိုင်ငံခြားက တင်သွင်းတယ်။ မွေးမြူရေး ခေတ်မီအောင် နိုင်ငံခြားက နွားတွေ၊ ကြက်တွေ မျိုးကောင်းတွေ တင်သွင်း တယ်။ ခေတ်မီ သတ္တုတူးဖော် ထုတ်လုပ်ရေးကို ကြိုးပမ်းတယ်။ လောင်းကစားကို အားမပေးဘူး။ ဒေသဖွံ့ဖြိုးရေးကို စော်ဘွားနဲ့ မဟာဒေဝီတို့ လက်ချင်းတွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြတယ်။
ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စဝ်ကြာဆိုင်က ရှမ်းပြည်ကောင်စီ အတွင်းရေးမှူး၊ အထက်လွှတ်တော် ကိုယ်စားလှယ် တာဝန်တွေကိုလည်း ထမ်းဆောင်နေရတယ်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာ စစ်ထောက်လှမ်းရေးက သီပေါစော်ဘွား စဝ်ကြာဆိုင်ကို ဖမ်းဆီးပြီး လက်စဖျောက် ပစ်လိုက်တယ်။ နိုင်ငံခြားသူ ဖြစ်တဲ့ မဟာဒေဝီလည်း သမီးတော်တွေ ဖြစ်တဲ့ မာယာရီနဲ့ ကိန္ဒရီ တို့ကို ခေါ်ဆောင်ပြီး မြန်မာနိုင်ငံက တိမ်းရှောင် ထွက်ပြေးခဲ့ရတယ်။ ဒီအဖြစ်တွေကို မဟာဒေဝီ ဖြစ်ခဲ့တဲ့ အင်ဂီက Twilight over Burma အမည်နဲ့ စာအုပ်ရေးပြီး ထုတ်ဝေပါတယ်။
ရှမ်းပြည် သီပေါဒေသမှာ ကလေး ၄ ယောက် မွေးရင် ၃ ယောက်က အသက် ၂ နှစ် မပြည့်မီမှာပဲ သေဆုံးကုန်ကြရ တယ်။ ဒါကြောင့် မိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်း တည်ထောင်ပြီး လုပ်ကိုင်ဖို့ မဟာဒေဝီ သုစန္ဒီက စိတ်ကူးတယ်။ Twilight over Burma စာအုပ်ရဲ့ တခန်းမှာတော့ ယခုလို ရေးသားထားတယ်။
“သုစန္ဒီက သီပေါမြို့က အမျိုးသမီး ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းဖွဲ့ဖို့ တိုင်ပင်တယ်။ အမှုဆောင်အဖွဲ့ကိုလည်း ဖွဲ့လိုက်တယ်။
အစည်းအဝေး ကျင်းပပြီးနောက်နေ့မှာ မဟာဒေဝီ သုစန္ဒီ ဖွဲ့လိုက်တဲ့ အသင်းရဲ့ အတွင်းရေးမှူး မဂ္ဂီကို အသင်း အဆောက်အအုံ နေရာရှာဖို့ ခေါ်လိုက်တယ်။ မဂ္ဂီက ဆွဲဆောင်မှုရှိတဲ့ အင်္ဂလိပ်-မြန်မာ ကပြား ဖြစ်တယ်။ သီပေါမှာ နှစ်ပေါင်းများစွာ နေလာခဲ့သူလည်း ဖြစ်တယ်။
စာအုပ်ထဲမှာ မဟာဒေဝီ သုစန္ဒီနဲ့ မဂ္ဂီတို့ နှစ်ယောက်တည်း အဖော်မပါဘဲ ဂျစ်ကားတစီးနဲ့ ဟိုဟိုဒီဒီ သွားခဲ့ကြပုံ၊ ကလေးမိခင်တွေနဲ့ တွေ့ကြပုံ၊ သားဖွားဆရာမတွေ ငှားရမ်းပြီး ခေတ်မီကိရိယာနဲ့ ရေမီးအစုံ (ရေပူ ရေအေးပါ) ပါတဲ့ သားဖွားခန်း ဖွင့်ပုံတွေကို ဆက်လက် ရေးသားထားပါတယ်။
ယခုအချိန်မှာတော့ သူတို့ ဖြစ်ရပ်ကို ပြန်လည် ရေးသားထားတဲ့ Twilight over Burma စာအုပ်ဟာ အင်မတန် အောင်မြင်ပြီး မဟာဒေဝီ သုစန္ဒီဖြစ်ခဲ့တဲ့ အင်ဂီက ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတယောက် ဖြစ်လာတယ်။ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တယ်။ မဂ္ဂီလည်း ၂၀ဝ၈ ခုနှစ်က အသက် ၉၀ အရွယ်မှာ ကွယ်လွန်ခဲ့ပါပြီ။
ကျနော့် ရှေ့မှာတော့ အမေရိကန် ပြည်ထောင်စုကနေ အင်ဂီ မကြာခင် နှစ်အနည်းငယ်က ရေးလိုက်တဲ့ စာတစောင်ကို ကိုင်ပြီး မဂ္ဂီရဲ့သားတယောက် ရောက်နေပါတယ်။
စာထဲမှာ အင်ဂီက “မင်းတို့ရဲ့ ချစ်မေမေဟာ ငါ့နှလုံးသားထဲမှာ အမြဲတမ်း ရှိနေတယ်။ သီပေါရဲ့ လွမ်းမော တမ်းတဖွယ် တွေထဲမှာ အစ်မမဂ္ဂီနဲ့ ချစ်မိတ်ဆွေတွေ ပါတယ်။ မင်းတို့အားလုံး သူ့ကို ဘယ်လောက် လွမ်းကြမယ် ဆိုတာ ငါ တွေးကြည့် နိုင်တယ်။ သူ့ရုပ်သွင်ဟာ ငါ့စိတ်ထဲမှာ ထာဝရ ကိန်းအောင်းနေတယ်။ ဝိပဿနာ တရားထိုင်တဲ့အခါ အာရုံထဲမှာ သူ့အသွင်ကို တွေ့မြင်မိတယ်။ သူ့ကို မြင်မိတဲ့အခါ သူနဲ့ စကားတွေ ပြောချင်လိုက်တာ။ မင်းတို့ အားလုံး အတွက် သူဂုဏ်ယူပါ လိမ့်မယ်။ စော်ဘွား (စဝ်ကြာဆိုင်) ရဲ့ အပျော်ဆုံး အချိန်တွေက မင်းတို့ ဖေဖေ ဟင်နရီနဲ့ တင်းနစ် ကစားကြတဲ့ အချိန်တွေပါ။ သူတို့ကို မဂ္ဂီနဲ့ ငါတို့က သံပုရာရည် ဖျော်တိုက်ခဲ့ကြတယ်။ တို့က ထဘီတွေနဲ့ တင်းနစ်ကစား ကြည့်ကြတယ်။ တယ်အဆင် မပြေပါဘူးကွာ” လို့ ရေးထားတယ်။
စာက စာရှည်ကြီးပါ။ A4 စာရွက်နဲ့ ၃ မျက်နှာ ရှိတယ်။ စာကို ဖတ်ကြည့်လိုက်ရင် မဟာဒေဝီ သုစန္ဒီနဲ့ မဂ္ဂီတို့ မိသားစု အင်မတန် ရင်းနှီးကျွမ်းဝင်ကြတာ သိသာပါတယ်။
မဂ္ဂီဆိုသူက ဗြိတိသျှ ဗိုလ်မှူးဖောဘ်စ် (Major Forbes) နဲ့ ရှမ်းဓနုအမျိုးသမီး ဒေါ်ဒေါ်အိတို့ရဲ့ သမီးဖြစ်ပါတယ်။ မြန်မာ အမည်က ဒေါ်ခင်လှပါ။ ဖောဘ်စ်က ပထမ ကမ္ဘာစစ်မှာ စစ်မှုထမ်း အဖြစ် မြန်မာပြည်ကို ရောက်လာတယ်။ အိမ်ထောင်ကျတယ်။ နောင်ချို၊ သီပေါမှာ စိုက်ပျိုးရေး လုပ်တယ်။ ကော်ဖီစိုက်တယ်။ ကညင်ပင် စိုက်ပြီး စက်ရုံတည်ကာ ကညင်ဆီ (Tung Oil) ထုတ်တယ်။ ဥရောပကို တင်ပို့ရောင်းချတယ်။ သူ့ ဝန်ထမ်း မစ္စတာ ဟင်နရီ ဘိဆန် (Mr. Henery Beatson) နဲ့ မဂ္ဂီတို့ အိမ်ထောင်ကျ ကြတယ်။
ကျနော်နဲ့ တွေ့ရတာက ဟင်နရီနဲ့ မဂ္ဂီတို့ရဲ့သား ကိုရဲအောင်ခေါ် Frank ပါ။ ကိုရဲအောင်ကို “တက္ကသိုလ် ရဲအောင်” ဆိုပြီး လူသိများတယ်။ တေးသီချင်းတွေ ရေးတယ်။ လားရှိုးသိန်းအောင်နဲ့ တွဲပြီး သီချင်းတွေ ဆိုတယ်။ ပန်း ဘုရင်မလေးတို့၊ ရှမ်းရိုးမက အိုးစည်သံတို့ သူ့သီချင်းတွေ ထင်ရှားတယ်။ သီပေါစော်ဘွားနဲ့ မဟာဒေဝီတို့ လူထု ကောင်းစားရေး အတွက် လက်တွဲ လုပ်ကိုင်နေကြတဲ့ အချိန်က ကိုရဲအောင်ရဲ့ အသက်က ၁၈ နှစ် လောက် ရှိပြီမို့ တော်တော်ပဲ မြင်တွေ့မှတ်မိနေပြီ ဖြစ်တယ်။
“ကျနော့်အမေက ပရိုက်ဗိတ် ကျောင်းဆရာမကြီး။ နောက်တော့ စော်ဘွားကတော် မဟာဒေဝီ အန်တီအင်ဂီနဲ့ တွဲမိ သွားတယ်။ မိခင်ကလေး စောင့်ရှောက်ရေး အလုပ်တွေ အတူလုပ်ကြတယ်။ တောကြိုချုံကြားကို သွားနိုင်တဲ့ လူနာတင်ယာဉ် (Ambulance) ကား ၆ စီး နိုင်ငံခြားက မှာတယ်။ စော်ဘွားကျောင်း ဖောင်ဒေးရှင်း ဆိုပြီး ကျောင်း ထူထောင်တော့ အမေက ကျောင်းအုပ် လုပ်တယ်။ ကားလေးတစီး မောင်းမောင်းပြီး မဟာဒေဝီက အမေ့ဆီ လာတယ်” ကိုရဲအောင်က သူ့ဖခင် အကြောင်းကိုလည်း ပြောပြတယ်။
“အဖေက သူ့ဟာသူ ရှမ်းပြည်မှာ သတ္တုရိုင်းတွေ ရှာတွေ့ထားတာ ရှိတယ်။ စော်ဘွားပြန်လာတော့ အဖေနဲ့အတူ ခေတ်မီတဲ့ နည်းတွေနဲ့ ပေါင်းစပ်ပြီး သတ္တုတူးဖော်ကြဖို့ စီမံရင်း တွဲမိသွားတယ်” သူ့ အဖေ၊ သူ့အမေတို့နဲ့ ရင်းရင်းနှီးနှီး ရှိခဲ့တဲ့ စော်ဘွား စဝ်ကြာဆိုင်နဲ့ မဟာဒေဝီတို့ လူထုအကျိုးကို ကြိုးပမ်း ဆောင်ရွက်စမှာပဲ စစ်အာဏာသိမ်းတာနဲ့ ကြုံတွေ့ ကြရပြီး သူတို့တွေ ကိုယ်တိုင်ရော ပြည်သူလူထုပါ ဆင်းရဲဒုက္ခတွင်းထဲကို ကျဆင်းသွားရတဲ့ အဖြစ်ကို ကိုရဲအောင်က မခံစားနိုင်ဘူး။ ဒါကြောင့် “သုစန္ဒီ”လို့ အမည်ပေးထားတဲ့ ဗီစီဒီ သီချင်း အချပ်ကို သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖန်တီးလိုက်တယ်။
သီချင်းစာသားတွေကို ကျနော် ခံစားကြည့်တယ်။
“တော်ဝင်စော်ဘွား တပါး … ဧကရီ … ရေမြေ တွေ ကျော်လွှား … လိုက်လာပြီ … မဟာဒေဝီ သီပေါ မြို့သုစန္ဒီ “
အမေရိကန်နိုင်ငံ ကော်လိုရာဒို သတ္တုတွင်း အင်ဂျင်နီယာကျောင်းကို လာတက်တဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ ဩစတြီးယားသူ အင်ဂီတို့ တွေ့ဆုံ ချစ်ကျွမ်းဝင်မိကြ တယ်။ အမေရိကန်မှာ ၄ နှစ်တာ ပညာသင်ယူပြီးနောက် ၁၉၅၃ ခုနှစ်မှာ စဝ်ကြာဆိုင်က အင်ဂီကို ထိမ်းမြားလက်ထပ်ပြီး မြန်မာနိုင်ငံကို ခေါ်ဆောင်လာခဲ့တယ်။ ဇနီး ခင်ပွန်း ဖြစ်ပြီးတဲ့ အထိ စဝ်ကြာဆိုင်က သူဟာ သီပေါ နယ်ရှင်ပယ်ရှင် စော်ဘွားတယောက် ဖြစ်ကြောင်း အင်ဂီကို အသိပေး မထားဘူး။ မြန်မာပြည်က သတ္တု ပညာသင် ရှမ်းအမျိုးသားတယောက် အဖြစ်သာ အသိပေးထားတယ်။
၁၉၅၄ ခုနှစ် ဇန်နဝါရီလဆန်းမှာ ပြည်တော်ပြန်လာတဲ့ သူတို့သင်္ဘော ရန်ကုန်ဆိပ်ကမ်းကို ကပ်ချိန်မှာ ကမ်းလုံးညွတ် ကြိုဆိုနေတဲ့ ပရိသတ်တွေနဲ့ ပြည့်နေတယ်။ အင်ဂီက ကြိုဆိုသူတွေကို ကြည့်ပြီး သူတို့ စီးလာတဲ့ သင်္ဘောပေါ်မှာ အရေးကြီး ပုဂ္ဂိုလ်တယောက်တော့ ပါလာပြီလို့ ပြောတယ်။ အဲဒီ ပရိသတ်ဟာ သူ့ခင်ပွန်း စော်ဘွား စဝ်ကြာဆိုင်ကို လာကြိုနေတာလို့ အင်ဂီ မသိဘူး။ စဝ်ကြာဆိုင်ကလည်း အဲဒီအချိန်ရောက်မှ သူဟာ သီပေါစော်ဘွား ဖြစ်ကြောင်းနဲ့ ပရိသတ်ကြီးက သူ့ကို လာကြိုနေတာ ဖြစ်ကြောင်း ပြောပြတယ်။
စော်ဘွား စဝ်ကြာဆိုင်ကလည်း အင်ဂီကို ချစ်မြတ်နိုးတယ်။ အင်ဂီကလည်း ရှမ်းစကား၊ မြန်မာ စကားကို သင်ယူတယ်။ သူ့ကိုယ်သူ နိုင်ငံခြားသူလို မနေထိုင်ဘဲ ပီဘိ ရှမ်းအမျိုးသမီးတယောက်လို သူ့ဘဝကို ပြောင်းလဲ ပစ်လိုက်တယ်။ စော်ဘွား စဝ်ကြာဆိုင်က အင်ဂီကို စဝ်သုစန္ဒီ ဆိုတဲ့ အမည်နဲ့ မဟာဒေဝီ တင်မြှောက်တယ်။
စဝ်ကြာဆိုင်နဲ့ အင်ဂီတို့ အတွဲညီညီ ပြည်သူ လူထု အကျိုးကို ဆောင်ရွက်ကြတယ်။ ကိုရဲအောင်က သူရဲ့ “သုစန္ဒီ” သီချင်း ဒုတိယပိုဒ်မှာ ဆက်ရေး ထားတယ်။
“စေတနာ သဒ္ဓါပွား စရိုက်တူညီ – စဝ်ကြာ ဆိုင်ရဲ့ ဘဝအဖော်သည် – ဘာသာစုံ ရိုင်းပင်းပြီး ကူညီ – တောင်ပေါ် တို့ရှမ်းရဲ့ ပထဝီ … ရွှေရောင်လွှမ်းလို့ အစွမ်းကိုယ်စီ … ဂုဏ်ယူသည် ဘိုးဘွားရဲ့ အမွေတည်”
ကိုရဲအောင်က “သီချင်းကို မြန်မာဘာသာ၊ ရှမ်းဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ရေးသား သီဆိုထားတယ်။ အန်တီ အင်ဂီက သူမသေခင် သီပေါ ဘယ်လောက် တိုးတက်နေတာလဲ ဆိုတာကို ကြည့် သွားချင်ပါတယ် တဲ့။ သီချင်း ဗီစီဒီမှာ သီပေါရှုခင်း အရုပ်တွေလည်း ထည့်ထားတယ်။ ဒီ ဗီစီဒီကို ခံစား သူတိုင်းအတွက် သီပေါရဲ့ သမိုင်းကြောင်း တွေ၊ ရှမ်း စာဆိုတော်ကြီးတွေရဲ့ အကြောင်းတွေလည်း တပါတည်း ထည့်ထားတယ်။ အန်တီ အင်ဂီဆီလည်း ပို့ပေးရမယ်” လို့ ဆိုတယ်။
ကိုရဲအောင်က သူ့တာဝန်တခုကို လုပ်ဆောင် ပြီးစီးသွားသလို ကျေကျေနပ်နပ်ကြီး ပြုံးနေတယ်။ ။
(ကျော်ရင်မြင့်သည် မန္တလေးအခြေစိုက် စာရေးဆရာ သတင်းစာဆရာ တဦးဖြစ်သည်။)