ကိုရီးယား ကျွန်းဆွယ်ရဲ့ အခြေအနေက စိုးရိမ်စရာတော့ ကောင်းနေတယ်။ မြောက်ကိုရီးယားဘက်က အမြောက်ဆံ ၄ လုံး ပစ်သွင်းခဲ့ပြီး၊ တောင်ကိုရီးယား ဘက်ကလည်း အမြောက် ၂၉ ချက်ပြန် ပစ်ခဲ့ပါတယ်၊ အခု နှစ်ဖက်တပ်တွေ စစ်ရေးအတွက် အသင့်အနေအထားမှာ ရှိနေကြတယ်။ တောင်နဲ့ မြောက်ကိုရီးယား တို့ဟာ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ စစ်ဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုထားခြင်းမရှိဘဲ အပစ်ရပ်စဲရေး စာချုပ်ပဲ ချုပ်ဆိုထားတဲ့အတွက် စစ်မပြီးသေးတဲ့ သဘောဆောင်ပါတယ်။ ကြာသပတေးနေ့က နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်။
ဒါဟာ ၂၀၁၀ နောက်ပိုင်း ပထမဆုံး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပါတယ်။ အသေအပျောက် မရှိခဲ့ပါဘူး။ မြောက်ကိုရီးယားက မြေပြင်တပ်တွေကို အသင့်အနေအထား ပြင်ခိုင်းထား တယ်။ တောင်ကိုရီးယား သမ္မတကလည်း မြောက်ကိုရီးယားဘက်က စပစ်ရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ အမိန့်ပေးထားတယ်။ တကယ်ပဲ စစ်ဖြစ်လာရင် အားလုံး ဒုက္ခ များကြပါလိမ့်မယ်။ ဘယ်သူ့အတွက်မှ အကျိုးမရှိတာတော့ သေချာပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ တကယ်ပဲ စစ်ဖြစ်မလား ဆိုတာကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းအပေါ်မှာ မူတည်ပါတယ်။ နောက်ဆုံး အခြေအနေတွေကို ကြည့်ရင်တော့ ဇာတ်ရှိန်က မြင့်တက်နေပါတယ်။
သြဂုတ်လ ၄ ရက်နေ့မှာ စစ်ကင်းမဲ့ဇုန်မှာ မြေမြှုပ်မိုင်း ၂ လုံး ကွဲပြီး တောင်ကိုရီးယား စစ်သား ၂ ယောက် ဒဏ်ရာရခဲ့တယ်။ ဒါကို တောင်ကိုရီးယားက မြောက်ကိုရီးယားက ထောင်ထားတဲ့ မိုင်းလို့ စွပ်စွဲပေမယ့် မြောက်ဘက်က ငြင်းဆန်ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့ကစလို့ တောင်ကိုရီးယားဘက်က အသံချဲ့စက်ကို သုံးပြီး မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့ ဝါဒဖြန့်ချိရေး အသံလွှင့်တယ်။ ၂၀၀၄ ခုနှစ် မတိုင်ခင်အထိ နယ်စပ် စစ်ကင်းမဲ့ ဇုန်မှာ ဒီလိုပဲ အပြန်အလှန် လော်စပီကာ ယဉ်ကျေးမှု ရှိခဲ့ပါတယ်။
သြဂုတ်လ ၁၆ ရက်နေ့မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နှစ်စဉ် စစ်ရေးပူးတွဲ စစ်ရေး လေ့ကျင့်မှု စတင်ခဲ့တယ်။ သြဂုတ်လ ၂၀ ရက်နေ့မှာ မြောက်ကိုရီးယားဘက်ကနေ နယ်စပ်ကို ကျော်ပြီး တောင်ကိုရီးယားမြေပေါ်ကို အမြောက် ၂ လုံး ပစ်သွင်းခဲ့တယ်။ အထိအခိုက် မရှိပါဘူး။ တောင်ကိုရီးယားဘက်က လော်စပီကာနဲ့ အော်နေတာတွေကို စနေနေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး ရပ်ဖို့ မြောက်ကိုရီးယားဘက်က ရာဇသံပေးတယ်။ ဒီလိုမှ မရပ်ရင် စစ်ရေးနည်းလမ်းနဲ့ လက်တုံ့ပြန်မယ်လို့ ဆိုတယ်။
သြဂုတ်လ ၂၁ ရက်နေ့မှာ မြောက်ကိုရီးယားဘက်ကလည်း အသံချဲ့စက်ကနေ စစ်ပြင်ထားဖို့ ကြေညာပြီး တောင်ကိုရီးယားဘက်ကို လှမ်းပစ်ခဲ့တဲ့ မှန်တယ်လို့လည်း အတည်ပြုလိုက်တယ်။ တောင်ကိုရီးယား ဘက်ကလည်း တပ်တွေကို အမြင့်ဆုံး တပ်လှန့်ထားလိုက်ပြီး သမ္မတ ပတ်ဂျုံဟိုင်းက မြောက်ဘက်က ရန်စလာရင် အလျင်အမြန်တုံ့ပြန်၊ ပြီးတော့မှ အစီရင်ခံစာဆိုပြီး သူ့တပ်တွေကို အမိန့်ပေးလိုက်တယ်။
အဖြစ်အပျက် အစဉ်လိုက်ကို ကြည့်လိုက်ရင် တင်းမာမှုက အရှိန်တက်လာပြီး စစ်ဖြစ်ဖို့ နီးစပ်နေတဲ့ သဘောဆောင်ပါတယ်။ တကယ်တော့ နိုင်ငံရေး တင်းမာမှု မြင့်တက်လာချိန်မှာ မြောက်ကိုရီးယားဘက်က ဒီလိုပဲ ရန်စတာတွေ လုပ်လေ့ရှိပါတယ်။ နယ်စပ်ကို ဖြတ်ကျော်ပြီး ဒုံးကျည်တွေ လှမ်းပစ်တာမျိုးပါ။ အမေရိကန် စစ်ရေးလေ့ကျင့်မှုတိုင်းကိုလည်း မြောက်ကိုရီးယားက ကန့်ကွက်ခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်က ဒီလို တုံ့ပြန်တာ နိုင်ငံရေး ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယားရဲ့ နိုင်ငံရေး အတွေးအခေါ်အရ တောင်ကိုရီးယားနဲ့ အမေရိကန် ဘက်က ရန်စမှုကို ခုခံဖို့ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားကို ဖြစ်ဖြစ်၊ အမေရိကန် စစ်ရေး လေ့ကျင့်မှုကို ဖြစ်ဖြစ် စစ်ရေးအရ တစုံတရာ လက်တုံ့ပြန်ခြင်း အားဖြင့် ပြည်သူတွေကို ဟန်ကိုယ့်ဖို့ လုပ်ပြတဲ့ သဘော ဖြစ်နိုင်ပါတယ်။
၂၀၁၃ ခုနှစ်တုန်းကလည်း မြောက်ကိုရီးယားက စစ်ပွဲ အဆင့်ကို ရောက်ပြီးလို့ ကြေညာခဲ့ဖူးတယ်။ အဲဒီတုန်းက နယ်စပ်မှာ ဖွင့်ထားတဲ့ အထူးစီးပွားရေးဇုန်ကို မြောက်ကိုရီးယားဘက်က ယာယီပိတ်ခဲ့ပေမ့ယ် စစ်ဖြစ်တဲ့ အခြေအနေထိ မရောက်ခဲ့ပါဘူး။ အဲဒီ ကာလအတွင်းမှာ မြောက်ကိုရီးယားက တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စု၊ ဂျပန်တို့ကို တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ တချိန်တည်းမှာ ကမ္ဘာ့လှည့်ခရီးသွားတွေကို လက်ခံခဲ့သလို၊ ပြုံယမ်း မာရသွန်မှာ ပါဝင်ဆင်နွှဲမယ့် နိုင်ငံတကာက အပြေးသမားတွေကို လက်ခံနေခဲ့ပါတယ်။
အခုလည်း နယ်စပ်မှာ တင်းမာနေချိန်မှာ ပူးတွဲစက်မှုဇုန်က ဆက်လက် လည်ပတ်နေပါတယ်။ လောလောဆယ် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ တောင်ကိုရီးယားသား ၈၃ ယောက် လူငယ် အားကစားပွဲ တက်ရောက်နေတယ်။ ကစား သမားတွေရော၊ နည်းပြတွေရော ပါဝင်တယ်လို့ ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဆိုတယ်။
နောက်ဆုံး သတင်းတွေအရတော့ တောင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေရဲ့ ထိပ်တန်း လက်ထောက်တွေ ၂ နိုင်ငံ နယ်စပ်က Panmunjom ကျေးရွာမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာမို့ လက်နက်ကိုင် ပဋိပက္ခဖြစ်လုဆဲဆဲ အခြေအနေများ အဆုံးသတ်သွားနိုင်ရေး မျှော်လင့်ချက်တွေ မြင့်တက်လာစေပါတယ်။ နယ်စပ်တလျှောက် တောင်ကိုရီးယားက အသံချဲ့စက်နဲ့ ဝါဒဖြန့်ချိမှုကို ရပ်တန့်ပေးဖို့နဲ့ ထိုသို့ မပြုလုပ်ပါက စစ်ရေးအရ ရင်ဆိုင်ရမယ်လို့ မြောက်ကိုရီးယားနိုင်ငံက တောင်းဆိုခဲ့ပြီး ၁ နာရီခွဲခန့် အကြာ စစ်မဲ့ဇုန် (DMZ) အတွင်းက အဆိုပါ ကျေးရွာမှာ ၂ ဘက်တွေ့ဖို့ ဖြစ်လာခဲ့တာပါ။ မြောက်ကိုရီးယားက နောက်ဆုံးသတ်မှတ်ပေးထားတဲ့ အချိန်ကျော်လွန်သွားပေမယ့် တိုက်ခိုက်မှု သတင်းတွေ ထွက်မလာခဲ့ပါဘူး။
သြဂုတ်လ ၂၀ရက်နေ့က လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးပြီးချင်းပဲ ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားရဲ့ တဦးတည်းသော မဟာမိတ် တရုတ်နိုင်ငံတို့က တင်းမာမှုလျှော့ချရေး ချက်ချင်း တောင်းဆိုခဲ့ကြပါတယ်။ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့်လည်း တောင်ကိုရီးယား စစ်တပ်ကို အမြင့်ဆုံးအဆင့် တပ်လှန့်ထားဆဲ ဖြစ်ပါတယ်။
၂၀၁၀ တုန်းကလည်း မြောက်ကိုရီးယားက တောင်ကိုရီးယား သင်္ဘော (Cheonan ) ကို နစ်မြှုပ်ခဲ့ပြီး တောင်ကိုရီးယားပိုင် ကျွန်းတကျွန်းကို ပစ်ခတ်တဲ့အခါ လူ ၂ ယောက် သေဆုံးခဲ့ဖူးပါတယ်။ အဲဒီတုန်းက အခြေအနေက အခု မြင်နေရတဲ့ အခြေအနေထက် ပိုဆိုးခဲ့ပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံ စစ်ပွဲဖြစ်တဲ့ အခြေအနေထိ မရောက်ခဲ့ပါဘူး။
ဒီသဘောအရဆိုရင် အခု နယ်စပ်မှာ ပစ်ခတ်မှုတွေကတဆင့် နှစ်နိုင်ငံ စစ်ပွဲအထိကို ဦးတည်သွားမယ်လို့ သိပ်ကြီး စိုးရိမ်စရာတော့ မရှိပါဘူး။ နယ်စပ်မှာ သေနတ်ပစ်တမ်း ကစားတာဟာ မြောက်ကိုရီးယားဘက်က ဟန်ကိုယ်ဖို့ ကစားပွဲတခုအဖြစ်နဲ့ ထုံးစံအတိုင်း ပြီးသွား နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် တရုတ် နိုင်ငံခြားရေးဌာနက အခြေအနေကို အလေးထား စောင့်ကြည့်နေတယ်လို့ ပြောတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကလည်း လေးလေးနက်နက် စိုးရိမ်တယ်လို့ ဆိုတယ်။ တောင်ကိုရီးယားမှာ စစ်သား ၂ သောင်း ၈ ထောင် ချထားတဲ့ အမေရိကန်ကလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုတယ်။
အင်္ဂလိပ်စကားမှာ မှန်ကာ အိမ်နဲ့ နေတဲ့ လူဟာ လက်သရမ်းပြီး ကျောက်တုံးတွေကို လျှောက်မပစ်သင့်ဘူးလို့ အဆိုရှိတယ်။ မြောက်ကိုရီးယားဟာ မှန်ကာအိမ်နဲ့ နေတဲ့လူတော့ မဟုတ်ဘူး။ ဒါကြောင့် မှန်ကာထားတဲ့ သူများအိမ်ကို ကျောက်တုံးပစ်ဖို့ ဝန်လေးမှာတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် စစ်ဖြစ်ရင်တော့ ရပ်ဖို့ ခက်ပါတယ်။ ပြဿနာက အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တာလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းအနေနဲ့ ရန်စတာ တတ်ပေမယ့် အရှိန်တက်လာတဲ့အခါ လျှော့ချရဲ့လား။ ဒါက အခုပြဿနာအတွက် အဆုံးအဖြတ်ဖြစ်ပါလိမ့်မယ်။