ထိုင်ဝမ်အခြေစိုက် Asian Barometer Survey မှ သုတေသီများက မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ လူ ၁၆၂၀ ကို တွေ့ဆုံ၍ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး ဆိုင်ရာ မေးခွန်းပေါင်း ၂၀၀ ကျော်ကို မေးမြန်း စစ်တမ်း ကောက်ယူခဲ့ပါပြီး ရွေးကောက် ပွဲနှင့် ပတ်သက်၍ အနည်းငယ်သာ နားလည်ထားကြသည့် မြန်မာနိုင်ငံ မှ မဲဆန္ဒရှင်များ၏ သဘောထားကို မြင်တွေ့ခွင့်ရ ခဲ့သည်။
မဲဆွယ်လှုပ်ရှားမှုများ စတင်မည့် စက်တင်ဘာလ ၈ ရက်နေ့ မတိုင်မီ ၂ပတ် အလိုတွင် ယခုကဲ့သို့ ထုတ်ပြန် ပေးခဲ့ ခြင်းဖြစ် သည်။
ရရှိသည့် အချက်အလက်အများစုက လူဦးရေ ၅၁သန်းကျော်ရှိသည့် မြန်မာပြည်သူများကြားတွင် ရှိနေသည်ဟု ယူဆရ သော သဘောထား အမြင်များ ဖြစ်သော ဒီမိုကရေစီ၊ လူနည်းစုတိုင်းရင်းသားများ ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ဖက်ဒရယ် စနစ်၊ တရားစီရင်ရေးနှင့် ရဲတပ်ဖွဲ့ကို မယုံကြည်မှု၊ မြေယာ သိမ်းယူခြင်းပြဿနာ စသည်တို့ကို အတည်ပြုပေးခဲ့သည်။
စစ်တမ်းကောက်ယူရာတွင် မေးခွန်းများကို ဖြေကြားပေးခဲ့သူများ၏ ၄၅ ရာခိုင်နှုန်းက တိုင်းပြည်အတွက် အရေး အကြီးဆုံး ပြဿနာမှာ စီးပွားရေးဖြစ်သည်ဟု ဖြေကြားခဲ့ကြပြီး အများစုက ဘာသာရေးနှင့် ပတ်သက်၍ အလေးအနက် သဘောထား ကြသည်ဟု ဆိုသည်။
စစ်တမ်း၏ ရလဒ်များထဲတွင် အံ့အားသင့် စရာများလည်း ပါဝင်သည်။ စစ်တပ်က နိုင်ငံရေးတွင် ဆက်ရှိနေသင့်သလား ဆိုသည့်မေးခွန်းကို ဖြေဆိုသူ ၃၉ ရာခိုင်နှုန်းက ရှိသင့်သည်ဟု ဖြေခဲ့ကြပြီး မရှိသင့်ဟု ကန့်ကွက်သူက ၄၀ ရာခိုင်နှုန်း ရှိသည်။
အခြေခံဥပဒေအတွင်းမှ အငြင်းပွားဖွယ်ရာအဖြစ်ဆုံး ပုဒ်မများဖြစ်သည့် ပုဒ်မ ၅၉(စ) နှင့် ၄၃၆ တို့ကို ပြင်ဆင်ရေးကို ထောက်ခံခြင်း ရှိ ၊ မရှိ မေးမြန်းသည့်အခါ ဖြေဆိုသူ ၅၇ ရာခိုင်နှုန်းက ဖြေကြားရန် ငြင်းဆန်ခဲ့ကြသည်။ ပုဒ်မ ၅၉(စ) သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေးကို တားဆီးထားသည့် ပုဒ်မ ဖြစ်၍ ပုဒ်မ ၄၃၆ သည် အခြေခံဥပဒေပြင်ဆင်ရာတွင် လွှတ်တော်၌ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ရရှိရန် လိုအပ်ကြောင်း သတ်မှတ်ထားပြီး စစ်တပ်ကို အရေးပါသည့် ဗီတိုအာဏာပေးအပ်ထားသော ပုဒ်မ တခုဖြစ်ပါသည်။
ထို့ပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ပြည်နှင့်နှင့်တိုင်း လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခွင့် ရရှိ ရေး ကဲ့သို့သော မေးခွန်းအချို့ကိုဖြေကြားရာတွင် ဖြေကြားသူများထဲရှိ လူနည်းစုတိုင်းရင်းသားများ နှင် လူများစု ဗမာလူမျိုးများ ကြား တွင် ကွဲပြားမှု ရှိသည်ကိုလည်း စစ်တမ်းက ဖော်ပြထားသည်။
ဖြေကြားသူ စုစုပေါင်း၏ ၆၄ရာခိုင်နှုန်းက ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ်သည့် လက်ရှိစနစ် ကို အပြောင်းအလဲပြုလုပ်ရန် ထောက်ခံခဲ့ကြသည်။ သို့သော်လည်း ဖြေဆိုသူ လူနည်းစုတိုင်းရင်းသား များ၏ ၇၇ ရာခိုင် နှုန်းက ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်ရန် ထောက်ခံခဲ့ကြချိန်တွင် လူများစုဗမာ များထဲမှ ထောက်ခံသူ ၆၀ ရာခိုင်နှုန်း ရှိ သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ခန့်အပ်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေ အရ သတ်မှတ်ထားမှုကို ပြင်ဆင်ရန် လူနည်းစု တိုင်း ရင်းသား ကိုယ်စားလှယ်များ၏ တောင်းဆိုမှုဖြင့် ဇွန်လ အတွင်းက ကြိုးစားခဲ့သော်လည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသဖြင့် ရှုံးနိမ့်ခဲ့ရသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်လောက် ကိုယ်စားလှယ်နေရာ ရရှိမှု နှုန်း မများနိုင်ဟု ယူဆသူအများအပြားပါဝင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အနိုင်ရရှိမည့် ပါတီ အဖြစ် စစ်တမ်းဖြေဆိုသူများက မြင်ကြကြောင်းတွေ့ရှိရသည်။ ဖြေဆိုသူ တဝက်ခန့်က မည်သည့် ပါတီကို သဘောကျကြောင်းပြောပြရန် ငြင်းဆန်ခဲ့ပြီး NLD ကို မဲပေးမည်ဟု ဖြေဆိုသူ ၂၄ ရာခိုင်နှုန်းရှိ၍ ကြံ့ခိုင်ရေးပါတီ (USDP) ကို မဲပေးမည်ဟု ဖြေဆိုသူ ၁၆ ရာခိုင်နှုန်းရှိသည်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD က ကိုယ်စားလှယ်နေရာ ၄၄ ခုဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
စစ်တမ်းက မြန်မာနိုင်ငံမှ လူနည်းစုတိုင်းရင်းသားပါတီများ အတွက် မျှော်လင့်ချက်များလည်းပေးထားသည်။ တိုင်းရင်းသား ဒေသများ၌ မည်သည့်ပါတီကို ကြိုက်နှစ်သက်ကြောင်း မေးသည့်အခါ ဖြေဆိုသူ ၁၇ ရာခိုင်နှုန်းက NLD ကို မဲပေးမည်ဟု ဆိုကြပြီး အခြားပါတီဟု ဖြေကြားခဲ့သူက ၂၅ ရာခိုင်နှုန်းရှိသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ မြန်မာနိုင်ငံ အနှံ့အပြားမှ မဲဆန္ဒရှင် ၆၂ ရာခိုင်နှုန်းက မည်သည့်ပါတီနှင့်မျှ ဆက်သွယ်မှု မရှိသည်ကို စစ်တမ်းအရ သိရှိခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၀ ကျော်မှ ကိုယ်စား လှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ကြတော့မည်ဖြစ်သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မြင်ချင်သည့် ဆန္ဒနှင့် ပတ်သက်သည့် ကိန်းဂဏန်း အချက်အလက်များ အနေအထားကိုလည်း စစ်တမ်းက ဖော်ပြနိုင်ခဲ့သည်။ သမ္မတ ဖြစ်စေချင်သူ ကိုဖော်ပြပေးရန် မေးမြန်း ခဲ့သည့် အခါ တနိုင်ငံလုံးမှ ဖြေကြားသူ ၂၆ ရာခိုင်နှုန်းက ဒေါ်အောင်ဆန်းစုကြည်ဟု ဖြေဆိုခဲ့ကြပြီး လက်ရှိသမ္မတ ဦးသိန်း စိန်ကို ထောက်ခံသူက ၁၆ ရာခိုင်နှုန်းရှိသည်။ ၅၄ ရာခိုင်နှုန်းက ဖြေဆိုရင် ငြင်းဆန်ခဲ့ကြသည့်အတွက် ဆက်လက်တွေး တောစရာများ အမြောက်အများ ကျန်နေခဲ့ပါသည်။
ပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ရေးနှင့် ပတ်သက်၍ မေးမြန်းသူအခါ ဖြေဆိုသူ ၃၆ ရာခိုင်နှုန်းက အဆိုပါ ပုဒ်မကို သဘောကျ ကြောင်းဖြေခဲ့ကြပြီး ဆန့်ကျင်သူက ၇ ရာခိုင်နှုန်းနှင့် အဖြေပေးရန် ငြင်းဆန်သူက ၅၇ ရာခိုင်နှုန်းရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကို သဘောကျသော်လည်း ဦးသိန်းစိန်၏ စွမ်းဆောင်ရည်အပေါ် ကျေနပ်မှုရှိကြောင်း ဖြေဆိုသူက ၈၀ ရာခိုင်နှုန်းရှိသည်ကိုလည်း တွေရသည်။
ဖြေဆိုသူ ၃ပုံ ၁ပုံက ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲက လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ ဖြစ်လိမ့်မည် ဟု ယူဆ ကြပြီး တရားမျှတမည်မဟုတ်ဟု ထင်သူ ၄ ရာခိုင်နှုန်းသာ ရှိသည်။ ဖြေဆိုရန် ငြင်းပယ်သူက ၃ပုံ ၁ပုံရှိပါသည်။
NLD နှင့် အခြားအတိုက်အခံပါတီများအတွက် သူတို့၏ ရွေးကောက်ပွဲအလားအလာအတွက် အကောင်းမြင်စရာများ ရှိနေ သည့် အချိန်တွင် လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီအတွက် စိတ်သက်သာစရာ တွေ့ရှိမှု အချို့လည်း စစ်တမ်းတွင်ပါဝင် နေသည်။
USDP နှင့် အနီးကပ်ဆက်သွယ်ပတ်သက်မှုရှိသော စစ်တပ်နှင့် သမ္မတတို့ကို တိုင်းပြည်၏ အယုံကြည်ရဆုံး အဖွဲ့အစည်း များ အဖြစ်ရှုမြင်မှုများလည်းရှိနေသည်။ USDP ပါတီဝင် အများစုပါဝင်သည့် လွှတ်တော်ကို ယုံကြည်မှုရှိကြောင်း ဖြေဆို သူကလည်း ၄၃ ရာခိုင်နှုန်းရှိသည်။
စီးပွားရေးတိုးတက်မှုနှင့် ဒီမိုကရေစီတွင် မည်သည့်အရာက ပိုမိုအရေးကြီးသလဲဟု မေးသည့်အခါ ၅၃ ရာခိုင်နှုန်းက စီးပွား ရေး တိုးတက်မှုက အရေးကြီးကြောင်း ဖြေဆိုခဲ့ကြပြီး ဒီမိုကရေစီ ဟုဖြေသူက ၃၀ရာခိုင်နှုန်းရှိသည်။ NLD ကဲ့သို့ မဟုတ်ဘဲ အာဏာရ USDP ပါတီသည် ၎င်းတို့ အာဏာရရှိခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးလိုက်ပြီးနောက်ပိုင်း စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းတို့ကြောင့် အသိ အမှတ်ပြုမှုများ ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အပြည့်အ၀ ရရှိနေပြီဟု ဖြေဆိုသူ ၅ ရာခိုင်နှုန်းသာရှိပြီး မြန်မာနိုင်ငံမှ ဒီမိုကရေစီသည် ပြဿ နာ အနည်းနှင့် အများရှိနေသည် သို့မဟုတ် ဒီမိုကရေစီ လုံး၀ မဟုတ်ဟု ဖြေဆိုသူက ၇၃ ရာခိုင်နှုန်း ရှိနေခြင်းကတော့ အံ့ အားသင့်ဖွယ်ရာ မဟုတ်ပါ။
ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည့် စစ်တမ်းက လူမှုစီးပွားနယ်ပယ်မှ မြန်မာသုတေသီများအတွက် အထောက်အပံ့လည်း ဖြစ်လာပါလိမ့်မည်။ သို့သော်လည်း သမိုင်းဝင်ရွေးကောက်ပွဲ ပြုလုပ်ရန် ၃ လပင် မလိုတော့သည့် အချိန်တွင် နိုင်ငံရေး ဘက်သို့ အလေးပေးမှုပိုများနေသော အချက်အလက်များက ရေတိုအတွက်သာ ဆွဲဆောင်နိုင်ဖွယ်ရှိသည်။
ယုံကြည်လက်ခံနိုင်လောက်စရာ စာရင်း အချက်အလက်အများ ရရှိနိုင်မှုနည်းပါးသည့် မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ သ ဘောထားများနှင့် ပတ်သက်၍ သုတေသနပြုခြင်းများ တိုးပွားလာသည့်ဟု ဆိုနိုင်သော်လည်း အများအပြားပြုလုပ်နိုင်ခြင်း မရှိသေးသည့် အတွက် Asian Barometer Survey ၏ ယခု စစ်တမ်းက အထောက်အကူတခု ဖြစ်စေနိုင်ပါသည်။ မြန်မာ နိုင်ငံတွင် စာရင်းအင်းများ အချက်အလက်များ ရရှိနိုင်မှုနည်းပါးနေသေးပြီး ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင် စာရင်းမှ အချက်အလက် အပြည့်အစုံကို ယခုအချိန်အထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။ ၂၀၁၄ သန်းခေါင်စာရင်းမှ ထုတ် ပြန်ခဲ့ပြီး ဖြစ်သော အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ယခင်ကာလကြာမြင့်စွာထဲက သတ်မှတ်ထား ခဲ့ သလို သန်း ၆၀ မဟုတ်ဘဲ ၅၁ ဒသမ ၅ သန်း ကျော်ခန့်သာရှိသည်ဟု သိရသည်။
Asian Barometer Survey သည် ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း (Yangon School of Political Science) နှင့် ပူးပေါင်း ၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မတ်လ အတွင်း စစ်တမ်းများကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်း ရလဒ် အပြည့်အစုံကို ယခုနှစ် နှောင်းပိုင်းတွင် ထုတ်ပြန်မည်ဟု သိရသည်။