အလျားလိုက် သွယ်တန်းတည်ဆောက်ထားပြီး ဟောင်းနွမ်းနေသည့် အုတ်ရိုးတန်းများ၊ ပုံသဏ္ဌာန်မျိုးစုံဖော်ထားသည့် အုတ်ချပ်များနှင့် သာသနိက အဆောက်အအုံဟောင်းများအား ဖြတ်သန်းသွားလာနေရာမှ လျှပ်တပြက် ကြည့်လိုက်ချိန်တွင် ဟောင်းနွမ်းရှေးကျနေသော အုတ်ပုံအုတ်တန်းများဟု လူအများက ထင်မြင်နိုင်ပါသည်။
သို့သော် အဆိုပါ ဟောင်းနွမ်းရှေးကျနေသော အုတ်ပုံအုတ်တန်းများသည် လူမျိုးစုတစု စတင် ဖြစ်တည်ရာနေရာ၊ ယဉ်ကျေးမှုများ ထွန်းကားရာနေရာ၊ ကြေးခေတ်၊ သံခေတ်များ အခြေတည်ခဲ့ရာ မြို့များဟု သမိုင်းပညာရှင်များ သတ်မှတ်လက်ခံခဲ့ကြသည့် အဖိုး တန် အမွေအနှစ်များ တည်ရှိနေသည့် အထင်ကရနေရာ တခုပင်ဖြစ်သည်။
အဆိုပါ အမွေအနှစ်များကို တွေ့ရှိရသော နေရာသည် မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး အတွင်း တည်ရှိသည့် သရေခေတ္တရာ၊ ဟန်လင်းနှင့်ဗိဿနိုး ပျူမြို့ဟောင်း နေရာများပင် ဖြစ်သည်။ ထိုနေရာများသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တည်ရှိခဲ့ကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ယင်းပျုမြို့ဟောင်းများတွင် နေထိုင်ခဲ့သည့် မြန်မာတို့၏ ယဉ်ကျေးမှု၊ ဘာသာ သာသနာဆိုင်ရာနှင့် အနုပညာလက်ရာများစွာသည် ယနေ့ထက်တိုင် ရှိနေဆဲဖြစ်ပြီး အထောက်အထားများစွာ ကိုလည်း ပညာရှင်များက ရှာဖွေတွေ့ရှိနေဆဲဖြစ်သည်။
ပျူမြို့ဟောင်းများသည် ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းတန်ဖိုး အမျိုးအစား ၃ ခု နှင့် ကိုက်ညီသည့်အတွက် ၂၀၁၄ ခုနှစ် ဇွန်လ ၁၆ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပခဲ့သည့် ၃၈ ကြိမ်မြောက် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ညီလာခံတွင် ကမ္ဘာ့အမွေအနှစ် သမိုင်းဝင် မြို့ဟောင်းများအဖြစ် မှတ်တမ်းဝင် တင်သွင်းခြင်း ခံခဲ့ရသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများနှင့်ပတ်သက်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က “အရင်က အီဂျစ်နိုင်ငံ ဖာရွန်က ပရိုင်းမိတ်တွေကို စစ်ဆေးပြီး အဲဒီက လူမျိုးစု စတင် ဖြစ်တည်တယ်လို့ ဆိုကြတယ်။ နောက်ပိုင်းမှာ ပျူမြို့ဟောင်းက ရှေးဟောင်းပစ္စည်းတွေကို စစ်ဆေးကြည့်တော့ နှစ်ပေါင်း ၇ သန်း စောနေပြီး အရှေ့တောင်အာရှဖြစ်တဲ့ ပျူမြို့ဟောင်းဟာ လူမျိုးစု စတင်ခဲ့တယ်လို့ ပညာရှင်တွေက မှတ်ချက်ပြုကြတယ်။ ဒါကြောင့် လက်ရှိ အထောက်အထားအရ အာရှဟာ လူမျိုးစု စတင်ဖြစ် တည်ရာ နေရာဖြစ်တယ်ဆိုတာ ပြောနိုင်သွားတယ်”ဟု ပြောသည်။
အစိုးရက ပျူမြို့ဟောင်းများ၏ အထောက်အထားများကို ၁၉၅၉ ခုနှစ်ကစတင်ရှာဖွေခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ကမ္ဘာ့သဘာဝ အမွေအနှစ် များ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် အဖွဲ့သို့ ပျူမြို့ဟောင်းများ၊ ပုဂံ၊ ပြဒါးလင်းဂူ၊ ပဲခူး ဟံသာဝတီ အပါအဝင် အဆိုပြုစာရင်း ၈ ခုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။
ထိုအဆိုပြုစာရင်း ၈ ခုမှ ပျူမြို့ဟောင်းများသည် သတ်မှတ်ထားသည့် အရည်အချင်း၊ စံနှုန်းများနှင့် ကိုက်ညီသည့်အတွက် UNESCO ညီလာခံတွင် အဖွဲ့ဝင် နိုင်ငံများ၏ ပါဝင်ဆုံးဖြတ်ချက်များအရ ၂၀၁၄ ခုနှစ်မှ စတင်၍ ကမ္ဘာ့အမွေအနှစ် သမိုင်းဝင်ဒေသ ဖြစ်လာခဲ့သည်။
ထိုကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများအား ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ဖိတ်ခေါ်မှုဖြင့် ဇူလိုင်လ အတွင်းက သွားရောက် လေ့လာခွင့် ရခဲ့ရာမှ ရှေးအကျဆုံး လူမျိုးစုတစု စတင်ဖြစ်တည်ရာနေရာ၊ ယဉ်ကျေးမှု လက်ရာများကို မျက်မြင်တွေ့ရှိခွင့် ရခဲ့သည်။
ဗိဿနိုးမြို့ဟောင်းတွင် ပန်ထွာဘုရင်မ၏ နန်းတော်ရာ၊ သာသနိက အဆောက်အအုံများ၊ နန်းမြို့ရိုးများ၊ အရိုးအိုးများစသည့် အထောက်အထား များစွာကို မြို့ဟောင်းနှင့် တူးဖော်ပစ္စည်းများ ပြသထားရာ ဗိဿနိုးပြတိုက်တွင် တွေ့ရှိခဲ့ရသည်။
ထိုမြို့ဟောင်းတွင် စေတီပန္နက်ပုံ အဆောက်အအုံ၊ ပျူစာပေများ ရေးထိုးထားသည့် သံဃာ့သီရိအမည်ပေးထားသော မြေသား တံဆိပ်တုံး တို့သည် ဘာသာရေး ဆိုင်ရာ အထောက်အထား၊ ခြေထောက်ပုံ ကျောက်တုံးအစိတ်အပိုင်းများ၊ ကျောက်ဆစ်ဗိသုကာ လက်ရာ၊ ကြေးပေါ်တွင် ငွေ၊ ရွှေ ထပ်လောင်းခြင်းများ ပြုလုပ်ထားသည့် ရုပ်ပုံများ၊ ထွင်းထုထားသည့် ပန်းကန်ပြား တချို့မှ ပန်းတည်း လက်ရာ စသည်တို့သည် ထိုခေတ်၏ ဘာသာ၊ စာပေနှင့် တီထွင်မှု စွမ်းရည်များကို ဖော်ညွှန်းပြသလျက် ရှိသည်။
ကမ္ဘာ့အမွေအနှစ်များ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက “အရိုးအိုးတွေထဲမှာဆိုရင် အမျိုးသမီးနဲ့ ကလေးအရိုးတွေကို တအိုး တည်း တွေ့ရတာတွေ၊ တိရစ္ဆာန် အရိုးတွေကိုပါ တွေ့ရတယ်။ တူးဖော်ရင်း တွေ့ခဲ့တဲ့ အုတ်ချပ်တွေ၊ ပျုဒင်္ဂါးတွေ၊ ပန်းချီလက်ရာတွေနဲ့ အိုးတွေဆိုရင် အဲဒီခေတ်က လူမျိုးတွေရဲ့ ဗိသုကာလက်ရာ အဆင့်မြင့်တယ်ဆိုတာ သိသာတယ်။ တွေ့ရှိခဲ့တဲ့ အထောက်အထား တွေ ထပ်ပြီးစမ်းသပ် ဖော်ထုတ်တာတွေလည်း လုပ်မှာပါ”ဟု ရှင်းပြသည်။
ဗိဿနိုးမြို့ဟောင်းသည် ဧရာဝတီမြစ်နှင့် ကုန်းလမ်းရေလမ်း ဆက်သွယ်ထားပြီး ဒေသတွင်း တိုးတက်ဖွံ့ဖြိုးမှုမှ တဆင့် မြို့ပြ တည် ထောင်ခဲ့သော အစောဆုံး ယဉ်ကျေးမှု ဒေသတခု ဖြစ်သည်။ ယနေ့အချိန်ထိ ဗိဿနိုးမြို့ဟောင်းအနီးနေထိုင်ကြသည့် ဒေသခံများသည် ထိုခေတ်က ထင်ရှားခဲ့သည့် အိုးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေဆဲဖြစ်ကြောင်း သိရ သည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် တည်ရှိသည့် သရေခေတ္တရာ မြို့ဟောင်းသည် ပျူမြို့ဟောင်း ၃ ခုအနက် အကျယ်ဝန်း ဆုံး ဖြစ်သည်။
သရေခေတ္တရာ မြို့ဟောင်းတွင် ထူထဲ၍ မြင့်မားသော အုတ်ရိုးတန်းကြီးများ၊ အရိုးအိုးများ၊ သာသနိက အဆောက်အအုံများ အပြင် ထင်ရှားသည့် ဘောဘောကြီး စေတီနှင့် ဘုရားမာ စေတီအပါအဝင် စေတီတော်ကြီးများကိုလည်း တွေ့ရှိခဲ့ရသည်။ ထိုစေတီများ၏ ရှေ့ပြေးဗိသုကာ လက်ရာများအဖြစ် ခင်ဘကုန်း၊ မသီးကျကုန်း စေတီများကိုလည်း အဆိုပါမြို့ဟောင်းအတွင်း တွေ့ရှိနိုင်မည် ဖြစ် သည်။
ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်းများတွင် တူးဖော်ရရှိထားသော ရှေးဟောင်းပစ္စည်းများစွာကို ပြသထားသည့် ပြတိုက်များ ရှိသည်။ ပြတိုက်တွင် တွေ့ရှိခဲ့ရသည့် ငွေထည်ပေါ်တွင် ရွှေရည်ထပ်လောင်းထားပြီး ခြသေ့ၤ ဖို၊ မ ၂ ကောင်နှင့် ကလေး ၅ ကောင် ပုံ ထွင်းထုထားသည့် ပန်းကန်ပြား၊ ဟိန္ဒူ အယူဝါဒ ရုပ်တုများက အံ့သြဖွယ်ကောင်းပြီး စိတ်ဝင်စားမှုအပြည့် ပေးနိုင်သည့် လက်ရာ ကောင်း များ ဖြစ်နေသည်။
ထိုအမွေအနှစ် ပစ္စည်းများနှင့် မြို့ဟောင်းဒေသကို ရေရှည်ထိန်းသိမ်းရန် လိုအပ်နေပြီး ထိုသို့ ထိန်းသိမ်းနိုင်မှသာ ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဟု သိရသည်။ ပျုမြို့ဟောင်းများအပြင် နယ်မြေအတွင်း ဖွင့်လှစ်ပြသထားသည့် ပြတိုက်များ အတွင်းရှိ ရှေးခေတ်လက်ရာ ပစ္စည်းများစွာတို့က ပြည်တွင်းဧည်သည်များကိုသာမက ပြည်ပဧည့်သည်များကိုပါ စိတ်ဝင်စားမှုများစွာ ပေးစွမ်းနိုင်မည့် နေရာများ ဖြစ်လာပေမည်။
သရေခေတ္တရာ ပြတိုက်မှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သိန်းက “ကျောက်စာတွေ၊ ယုံကြည်ကိုးကွယ်မှု ပြယုဂ်တွေ၊ ဗိသုကာ လက်ရာ တွေ က လူတွေကို စိတ်ဝင်စားစေမှာပါ။ အမွေအနှစ်စာရင်း မဝင်ခင်တုန်းကတော့ လာရောက်လေ့လာတဲ့သူ နည်းတယ်။ အခုနောက် ပိုင်းတော့ များလာပြီ။ ကျမတို့က ဒီ ၁ နှစ်အတွင်းမှာ မြန်မာလူမျိုးတွေကို ဝင်ကြေးအခမဲ့အနေနဲ့ ကြည့်ရှုခွင့် ပေးထားပါတယ်”ဟု ပြော သည်။
ထို့ကြောင့် အီတလီနိုင်ငံ Lerici ဖောင်ဒေးရှင်းမှ ပညာရှင်များက မြေပြင် သတင်းအချက်အလက် ဆိုင်ရာ GIS နည်းပညာ အသုံးပြုမှု၊ 3D ဓာတ်ပုံရိုက်ခြင်း၊ အရိုးအိုးမြှုပ်နှံမှု ဓလေ့နှင့် ရေအသုံးချ လေ့လာမှုတို့ကို မြန်မာအစိုးရနှင့် ပူးပေါင်းလေ့လာနေပြီး ထိန်းသိမ်း မှုများ ပြုလုပ်နေကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ပျူမြို့ဟောင်း ၃ မြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးနောက် အဆိုပါ နေရာများအတွင်း သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ သဘာဝရှုခင်း၊ တိရစ္ဆာန်၊ အပင်ဖွဲ့တည်မှု၊ ရေအရင်းအမြစ် စသည်တို့ကိုထိခိုက်စေသည့် ဆောင်ရွက်မှုများ၊ ရွှေကျင်ခြင်း၊ မြေတူးခြင်း၊ ရေကန် တူးခြင်း၊ ကျောက်ထုတ်ခြင်း၊ အဆောက်အအုံများကို ပြင်ဆင် မွမ်းမံထိန်းသိမ်း ပြုပြင်ခြင်း၊ စက်ယန္တရားများဖြင့် ထွန်ယက်စိုက်ပျိုးခြင်းနှင့် ၆ ပေထက်ပို၍ မြင့်မားသော စီးပွားဖြစ် နှစ်ရှည်ပင် စိုက်ပျိုးခြင်းများ မပြုလုပ်ရန် အစိုးရက သတိပေးတားမြစ်ချက် ထုတ်ပြန် ခဲ့သည်။
သို့သော် ဒေသခံတချို့က အစိုးရ၏ တားမြစ်ချက်များကို ချိုးဖောက်ကြသည့်အတွက် တရားရင်ဆိုင်နေရမှုများလည်း ရှိနေသည်ဟု သိရသည်။
“မြေနီတွေ ကျောက်စရစ်တွေ တူးဖော်တော့ တောင်တွေက သဘာဝအတိုင်း မရှိတော့ဘဲ ချိုင့်ဝှမ်းတွေ ဖြစ်လာတယ်။ ဒါကြောင့် လုပ်တဲ့သူတွေကိုခေါ်ပြီး ဆွေးနွေးပွဲတွေ လုပ်ပေးတော့ နောက်ပိုင်း အဲဒီလိုကိစ္စ မရှိတော့ဘူး။ ဒါပေမယ့် သူတို့ တူးခဲ့တဲ့ နေရာတွေကတော့ သဘာဝအပင်တွေ ပျက်စီးသွားတယ်။ ကျူးကျော်နေထိုင်သူတွေကလည်း ၂၀၁၄ ခုနှစ်ကုန်အထိ ချဲ့လာကြတော့ သူတိ့ုကိုလည်း ဆွေးနွေးမှုတွေ လုပ်နေရတယ်”ဟု သရေခေတ္တရာဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူ ဦးစိုးမိုးအောင်က ရှင်းပြသည်။
အစိုးရက ဒေသခံများအတွက် ယာဉ်ရပ်နားစခန်းများ ဖွင့်လှစ်လုပ်ကိုင်စေခြင်း၊ ရွေ့လျား ဈေးဆိုင်ခန်းများ ရောင်းချစေခြင်း၊ အမှတ် တရ ပစ္စည်းဆိုင်များ ဖွင့်လှစ်စေခြင်းနှင့် ငါးသားပေါက်များ မွေးမြူခြင်းတို့ကို လုပ်ကိုင်ခွင့် ပေးထားသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ရာတွင် ဒေသခံများ၏လူမှုဘဝ ဖွံ့ဖြိုးရေး၊ စီးပွားရေး အခွင့်အလမ်းများ တိုးတက် ရေး နှင့် အမွေအနှစ်ဒေသ စနစ်တကျ ဘက်စုံဖွံ့ဖြိုးရေးသည်လည်း အရေးကြီးသဖြင့် ဒေသခံများကို ပညာပေးခြင်း၊ အသိပညာ မျှဝေခြင်းစသည့် လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က “ဒီမြို့ဟောင်းတွေ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ လုပ်တုန်းက ဒေသခံတွေရဲ့ကျေနပ်မှု၊ လက်ခံမှု အပိုင်းတွေပါ UNESCO က မေးတယ်။ ကျမတို့ကို တိုက်ရိုက်မေးသလို ဒေသခံတွေဆီကို ကျမတို့ မသိအောင် စုံစမ်း တာမျိုးတောင် ရှိခဲ့တယ်။ ဒေသခံတွေ ဇုန်နယ်မြေကို ကျော်လွန်ပြီး နေလို့မရဘူး။ အမွေအနှစ်တွေရဲ့ မြင်ကွင်းကို ကွယ်စေ မယ့် အဆောက်အအုံမျိုး ဆောက်ခွင့်မပြုဘူး။ ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်လည်း ဆောင်ရွက်နေတာ မျိုး ရှိတယ်”ဟု ပြောသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ပျုမြို့ဟောင်းများ ရေရှည်တည်တံ့စေရေး အတွက် ဆက်လက် ထိန်းသိမ်းလျက်ရှိပြီး ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်မည့် ဒေသတခု ဖြစ်စေရန် ကြိုးပမ်းလျက်ရှိကြောင်း ဒုဝန်ကြီး ဒေါ်စန္ဒာခင်က ပြောသည်။
အလားတူ အစိုးရက မြန်မာနိုင်ငံ တဝန်းရှိ ရှေးဟောင်းအမွေအနှစ် နယ်မြေများစွာကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး ကြိုးစား လျက်ရှိပြီး လတ်တလောတွင် ပုဂံ၊ အင်းဝ၊ မြောက်ဦး စသည့် ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဒေသ ၄၆ ဇုန်ကို ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ခဲ့ပြီး ပုဂံဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး စတင်ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရှိရသည်။