ကျနော်နဲ့ ကဗျာဆရာ ကိုခါး(ကွမ်းခြံကုန်း) မကွေးမြို့ကို ၄၊ ၈၊ ၂၀၁၅ နေ့မနက် ဝေလီဝေလင်းအချိန် ရောက်လာခဲ့ကြ ပါတယ်။
ကျနော်တို့နှစ်ယောက် စီးနင်းလိုက်ပါလာတဲ့ ရန်ကုန်မကွေး အောင်ကမ္ဘာခရီးသည်ကား မကွေးကားဝင်းထဲ ဝင်ကတည်းက မိုးကလည်း အဆက်မပြတ်ရွာပါတော့တယ်။ လမ်းမီးတွေ ခပ်မှိန်မှန် မိုးသည်းသည်းအောက်မှာပဲ ကျနော်တို့နှစ်ယောက် သုံးဘီးတစီးပေါ်တက်ပြီး မကွေးမြို့ တောင်တွင်းကြီးမြို့ဘက်အထွက် ကပ်ကျော်ဘုန်းတော်ကြီး ကျောင်းကိုသွားကြပါ တယ်။ ကျောင်းဝင်းထဲရောက်တော့ မီးတွေထွန်းထားတဲ့ ကျောင်းရှေ့က အခန်းကျယ်ကြီးမှာ အထုပ်အပိုးတွေချပါတယ်။
ကျနော်တို့နှစ်ယောက် ကျောင်းရှေ့အပြင်ဘက်က ရေဘေးအလှူပစ္စည်းပုံတွေကြားဝင်ရပ်လိုက်တော့ အသက် ၂၀ကျော် အရွယ် မိန်းမငယ်တဦးကို ခုံတန်းကလေးပေါ် အိပ်ပျော်နေတာ တွေ့ရပါတယ်။ သူလည်း ကျနော်တို့ ရောက်လာတော့ အိပ်ရာက ထရတော့တာပေါ့။ ဆရာတော်ကတော့ ကျောင်းထဲမှာ ကျိန်းနေဆဲဖြစ်ပါတယ်။ မနက် ငါးနာရီပဲရှိသေးတဲ့အပြင် မိုးတွေလည်းရွာနေတော့ ကျောင်းနောက်ဘေးက ဆရာတော့်ကျောင်းက လူတွေလည်း နိုးကြသေးဟန် မတူပါဘူး။
ကျနော်နဲ့ကိုခါးကတော့ ရေစိုနေတာလေးတွေ အဝတ်အစားလဲပြီး ကျောင်းရှေ့က ပစ္စည်းပုံတွေကြားက ကုလားထိုင် တွေမှာ အနားယူကြရပါတယ်။ ညက တညလုံး ကားပေါ်မှာအိပ်မပျော်ခဲ့လို့ ခေါင်းတွေလည်း မူးဝေနေပါတယ်။
ကျနော်တို့ရောက်လာတဲ့အချိန် ကျောင်းရှေ့ကခုံတန်းကလေးပေါ်အိပ်နေတဲ့ မိန်းကလေးကို စပ်စုကြည့်တော့ သူလည်း ဧည့်သည်ဖြစ်တဲ့အကြောင်း တကျောင်းလုံးမနိုးသေးလို့ နှိုးရမှာအားနာလို့ ဒီမှာပဲ အိပ်ရင်း မိုးလင်းတာကို စောင့်နေတဲ့ အကြောင်းပြောပါတယ်။
သူက ပွင့်ဖြူမြို့ စိုက်ပျိုးရေးအကယ်ဒမီကျောင်းမှာကျောင်းတက်တဲ့ တူမဖြစ်သူကို လာခေါ်သူဖြစ်ကြောင်း၊ ပဲခူးမြို့က ဖြစ်ကြောင်းနဲ့ သူ့ူတူမလေးက ပွင့်ဖြူရေဘေးကြောင့် ဒုက္ခသည်စခန်းမှာ ရှိနေကြောင်းပြောပါတယ်။
မိုးလင်းလာတော့ ဆရာတော် အရှင်သဇ္ဇနနဲ့တွေ့ကြရပါတယ်။ ဆရာတော်နဲ့ ကျနော်နဲ့ သိကျွမ်းရတာ သိပ်တော့မကြာ သေးပါဘူး။ လွန်ခဲ့တဲ့ တလကျော် ဇွန်လထဲ မကွေးကို ကျနော်ရောက်လာတော့ မိတ်ဆွေတယောက်က မိတ်ဆက်ပေးလို့ ဆရာတော်နဲ့စတင်သိကျွမ်းခဲ့တဲ့အပြင် အဲဒီတုန်းက ဆရာတော့်ကျောင်းမှာပဲ နှစ်ရက်လောက် တည်းခိုခဲ့ဖူးပါတယ်။
စေတုတ္တရာ ရေဘေးသတင်းတွေတက်လာတော့ ကျနော်က ကဗျာစာအုပ်ထုတ်ဖို့ နိုင်ငံခြားရောက် တူမလေးတွေ ပို့ ပေးထားတဲ့ ငွေလေးသိန်းကို ရန်ကုန်မှာရှိတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့သုံးဖွဲ့ကို ခွဲပြီးလှူလိုက်ပြီး ဖြစ်နေတဲ့ အချိန်ဖြစ် နေပါတယ်။ ငွေလေးသိန်းလှူလိုက်ပြီးမှ စေတုတ္တရာကို လူကိုယ်တိုင်လာဖို့ ဆုံးဖြတ်တော့ လက်ထဲမှာက ခရီးစရိတ် တောင်မရှိ ဖြစ်နေပြန်ပါတယ်။
ကံအားလျော်စွာ ပြည်ပရောက်တူမတယောက်က နေ့ချင်း ပိုက်ဆံ၁သိန်းကျော် လှမ်းပို့လို့ အဲဒီပိုက်ဆံ ငွေလွှဲသူဆီ မနက် ခင်းသွားထုတ်၊ ညနေ မကွေးကားဂိတ်ဆင်း လာခဲ့ရတာပါ။ ဒီအကြောင်း ဆရာတော်ဆီလှမ်းပြောတော့ ဆရာတော်က လည်း ဒကာကြီး မြန်မြန်သာလာခဲ့ ပြန်စရိတ်စားစရိတ်မပူနဲ့ မြန်မြန်သာ လာပြီး ကူလှည့်ဦးဆိုတာနဲ့ လာဖို့ မြန် ခဲ့တာပါ။ ဒီရက်ထဲမှာပဲ ကဗျာဆရာကိုခါး(ကွမ်းခြံကုန်း)ဆီ ဖုန်းဆက်ပြီး အဖေါ်ညှိတော့ သူလည်းလိုက်မယ်ဆိုပြီး ကျနော်တို့ နှစ် ယောက် မကွေးကို အတူရောက်လာခဲ့ကြတာပါ။
ဆရာတော်က ကျနော်တို့လာမယ်ဆိုတာကြိုသိလို့ ဝမ်းသာနေတဲ့အကြောင်း သူသီတင်းသုံးတဲ့ကျောင်း ပင်မ အဆောင်ထဲ မှာပဲ ကျနော်နဲ့ကိုခါးကို နေရာချထားပေးပါတယ်။ ကျနော်တို့ကလည်း ရေဘေးသင့်တဲ့ စေတုတ္တရာမြို့ကို အလျင်အမြန် သွားချင်ကြတဲ့အကြောင်း ဘယ်လိုသွားရင်ရနိုင်မလဲဆိုတဲ့အကြောင်းကို နားပူနားဆာ လုပ်ကြပါတယ်။
လက်ရှိအချိန်မှာတော့ စေတုတ္တရာဟာ ကားလမ်းပေါက်သွားပြီဖြစ်တာ နှစ်ရက်ရှိပြီဖြစ်ပေမယ့်၊ ပုံမှန်ပြေးဆွဲနေကြ စေတုတ္တရာမကွေးကားလိုင်းတော့ ပြန်မဖွင့်သေးကြောင်းနဲ့ စလင်းကတဆင့်သွားတဲ့လမ်းကတော့ ပွင့်ဖြူမှာ လမ်းပေါ် ရေကျော်နေသေးလို့ သွားလို့မရသေးတဲ့အကြောင်း ဆရာတော်က ရှင်းပြပါတယ်။ ဆရာတော်အနေနဲ့လည်း စေတုတ္တရာ ရေဘေးအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို လုပ်အားပေးတွေနဲ့ လက်မလည်အောင် ထုပ်ပိုး ပြင်ဆင်နေဆဲဖြစ်ပြီး မနက်ဖြန်သဘက်ခါဆိုသလို စေတုတ္တရာကို သွားဖြစ်အောင်သွားမှာဖြစ်ကြောင်း ကျနော်တို့ကို ပြန်ရှင်းပြပါတယ်။
ကျနော်တို့နှစ်ယောက်ကတော့ စိတ်စောနေကြပါပြီ။ အထူးသဖြင့် နောက်ပိုင်းမှာ မဂ္ဂဇင်းအလုပ်တွေရှိလို့ နေရမယ့်ရက် သိပ်မရတဲ့ ကိုခါးက စေတုတ္တရာကို နေ့မဆိုင်းဘဲ သွားချင်နေပါတယ်။ ဒါပေမယ့် ရုတ်တရက် သွားဖို့ဆိုတာကလည်း မလွယ်အောင်ဖြစ်နေပါတယ်။
ကျနော်တို့ မကွေးကိုရောက်လာတဲ့နေ့မှာပဲ ဆရာတော့်ဆီကို မန္တလေးက ရန်ကုန်က အစရှိတဲ့ ကူညီကယ်ဆယ်ရေး ကား တွေ တစီးပြီးတစီး ဝင်လာနေပါတယ်။ ဆရာတော်ဟာ လာသမျှ တဖွဲ့ချင်းစီကို အခြေအနေတွေ ရှင်းပြ၊ ခရီးလမ်းတွေ ညွှန်ပြလုပ်နေရပါတယ်။ ဒီကြားထဲ ဆန်အိတ်ကြီးတွေကိုဖောက်ပြီး ၂ ပြည်ဝင်အိတ်ကလေးတွေပြန်ထုပ်တာနဲ့ တခြား ပစ္စည်းမျိုးစုံ ထုပ်ပိုးတာကအစ သွားရေးလာရေးနဲ့ စေတုတ္တရာရောက်ရင် ဘယ်လိုဆက်ပြီး ကူညီဖြန့်ဝေမလဲဆိုတဲ့ကိစ္စ တွေကို လုပ်အားပေးသူတွေနဲ့ တချိန်လုံး တိုင်ပင်၊ တချိန်လုံးဖုန်းတွေဆက်နဲ့ အတော်လေး ပင်ပန်းရှာပါတယ်။
အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ ကူညီကယ်ဆယ်ရေးကားတွေ လူတွေဆိုတာ ကျောင်းဝင်းတခုလုံးပြည့်နေတာ ပါပဲ။ တချို့ကိုယ်တိုင်သွားလှူဖို့ရှိကြပြီး တချို့ကလည်း ဆရာတော့်ကျောင်းမှာ ပစ္စည်းတွေချထား လှူဒါန်းပြီး ဆရာတော် ကိုလွှဲခဲ့ကြပါတယ်။
ဒီအချိန်မှာပဲ ဟိုလူ့မေး ဒီလူ့မေးနဲ့ မေးမြန်းစုံစမ်းရင်းက ပွင့်ဖြူရေဘေးကိစ္စကလည်း အရေးကြီးတဲ့ကိစ္စဖြစ်ကြောင်း သိလာ ရပါတယ်။ တက်လာတဲ့သတင်းတွေထဲမှာ ပွင့်ဖြူရေကြီးတဲ့သတင်းက ထိပ်ဆုံးကဖြစ်လာပါတယ်။
ရေတွေပြန်ကျနေပြီဆိုပေမယ့် ရွာတွေနဲ့ ပွင့်ဖြူတမြို့လုံးရေမြုပ်ခဲ့တယ်ဆိုတဲ့သတင်းက တော်တော်လေးပျံ့နှံ့ပါတယ်။ ဒါနဲ့ပဲ စေတုတ္တရာ ဆက်သွားလို့မရသေးခင် မကွေးကနေ နေ့ချင်းပြန်သွားလို့ရတဲ့ပွင့်ဖြူကို အရင်သွားကြည့်ဖို့ ဆုံးဖြတ် ကြပါတယ်။ သွားဖို့လာဖို့အစီစဉ်ကို ဆရာတော်ကပဲ စီစဉ်ပေးပါတယ်။
ဒီလိုနဲ့ မကွေးရောက်လာတဲ့ မနက်ခင်းမှာပဲ ဆရာတော်စီစဉ်ပေးတဲ့ မော်တော်ဆိုင်ကယ်နှစ်စီးရဲ့နောက်မှာ ထိုင်လိုက်ရင်း ပွင့်ဖြူမြို့ဆီ ကျနော်တို့ ချီတက်ကြပါတယ်။ မကွေးမင်းဘူး ဧရာဝတီမြစ်ကူးတံတားကြီးကိုကျော်၊ မင်းဘူးကိုဖြတ် စကုကို ဖြတ် ပွင့်ဖြူအထိ အရောက်သွားကြပါတယ်။ တလမ်းလုံး ကူညီကယ်ဆယ်ရေးကားတွေ အသွားရော အပြန်ရော အဆက် အပြတ်တွေ့လာရပါတယ်။ စတစ်ကာဆိုင်းဘုတ်တွေ၊ ပိတ်ဆိုင်းဘုတ်တွေ အသီးသီးကပ်ထားတဲ့ အနယ်နယ်အရပ်ရပ်က ကူညီကယ်ဆယ်ရေးကားတွေဟာ ပွင့်ဖြူမြို့ဆီ ဦးတည်သွားနေကြပါတယ်။ တကယ့်ကို ရုပ်ရှင်ဇာတ်ကားကြီးတကားထဲက ဇာတ်ဝင်ခန်းတခုလိုပါပဲ။ ကျနော်တို့လည်း စိတ်လှုပ်ရှားလာကြပြီး လမ်းမှာတွေ့သမျှ ကူညီကယ်ဆယ်ရေးကားဟူသမျှ လက်ပြနှုတ်ဆက်ခဲ့မိကြပါတယ်။
ပွင့်ဖြူမြို့ထဲ ကျနော်တို့ရောက်သွားတော့ ကားလမ်းဘေး ဝဲယာနှစ်ဖက်မှာ ရေတွေ နုန်းတွေ ရှိနေသးတာတွေ့ရပါ တယ်။ ကားလမ်းမကြီးပေါ်မှာပဲ ရေမရှိတော့တာပါ။ ကားလမ်းဘေးတလျှောက်မှာ အဝတ်အစားဖရိုဖရဲ အားအင်ကုန်ခန်းနေပုံ ရတဲ့ လူတွေ ဟိုတစုဒီတစုတွေ့နေရပါတယ်။ ကျနော်တို့က ဆိုင်ကယ်တွေနဲ့လာကြတာဖြစ်လို့ ပွင့်ဖြူမြို့ ရေလုံး၀ မကျ သေးလို့ မည်သည့်ယာဉ်မျှ ရှေ့ဆက်သွားလို့မရသေးတဲ့နေရာအနီးအထိ ရောက်အောင်သွားလို့ရပါတယ်။ ကားတွေက တော့ လမ်းဘေးဝဲယာနှစ်ဖက်မှာ တမျှော်တခေါ်ကြီးတန်းစီပြီး ရပ်ထားကြရပါတယ်။ လမ်းဘေးဝဲယာနှစ်ဖက်မှာ ကုန်တင် ကားတွေပေါ်က ပစ္စည်းချပြီး နီးစပ်ရာ ဒုက္ခသည်အစုတွေဆီ လူတွေအုပ်လိုက် အသွားအပြန် ကူညီလှူဒါန်းနေကြပါတယ်။
မနေ့ကအထိ ကျနော့်စိတ်နဲ့ ကျနော့်မြင်ကွင်းတွေထဲမှာ သာမာန်သွားကြလာကြရှိနေတဲ့မြင်ကွင်းတွေပဲ မြင်နေခဲ့ရာက အခု တော့ စစ်ပွဲကြီးတပွဲပြီးသွားလို့ အားလုံးဖရိုဖရဲလဲပြိုကျန်ရစ်တဲ့ စစ်တလင်းတခုကိုမြင်လိုက်ရသလိုရှိတော့ ကိုယ့်လာရင်း စေတုတ္တရာကိုတောင်မှ တဒင်္ဂအားဖြင့် မေ့သွားရပါတယ်။
ရှေ့ဆက်သွားလို့မရတော့တဲ့ ကားလမ်းရေကျော်တဲ့နေရာမှာ လူတွေ အစုအဝေးလိုက် ရပ်ပြီးကြည့်နေကြပါတယ်။ အဲဒီ နေရာမှာ အရေးပေါ်ကယ်ဆယ်ရေးဝတ်စုံဝတ်ထားသူတွေ ဓာတ်ပုံရိုက်သူတွေ စိတ်ဝင်စားသူတွေက ရေထဲအထိ ဆင်းရပ် နေကြပါတယ်။ တချို့က အထုပ်အပိုးကိုယ်စီနဲ့ ရေ ရင်စို့မရှိတရှိကို ဖြတ်ကူးလာနေသူတွေဆီ အရောက်သွားပြီး ကူညီကြ ပါတယ်။ ကျနော်နဲ့ကိုခါးလည်း ရေဒူးဆစ်လောက်အထိဆင်းပြီး ဓာတ်ပုံတွေရိုက်ပါတယ်။
ပွင့်ဖြူမြို့ဟာ မုန်းချောင်းရေကြောင့် ရေဘေးသင့်ခဲ့တာပါ။ ရေပြန်ကျသွားတာလည်း တရက်ပဲရှိပါသေးတယ်။ မိုးကလည်း အဆက်မပြတ်ချင်သေးပါဘူး။ ကျနော်တို့ရောက်နေတဲ့အချိန်အထိ မိုးကြီးအုံ့မှိုင်းပြီး မိုးဖွဲလေးတွေ ကျနေပါသေးတယ်။
ပွင့်ဖြူမြို့ရဲ့ ရေဘေးသင့်အခြေအနေကို စနစ်တကျတော့ ကျနော်တို့လေ့လာချိန်မရပါဘူး။ ကားလမ်းဘေးတလျှောက် အဆင်ပြေသလိုဖွင့်ထားတဲ့ အရေးပေါ် ဒုက္ခသည်စခန်းတွေထဲ တခုပြီးတခု ဝင်ကြည့်ကြပါတယ်။ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ တခြားအစိုးရအဆောက်အအုံတွေပေါ်မှာ ဖြစ်သလို နေထိုင်နေကြရတဲ့ ရေဘေးဒုက္ခသည်တွေကို မမြင် ချင်အဆုံးတွေ့ရပါတယ်။ ပွင့်ဖြူမြို့နဲ့အလှမ်းမဝေးတဲ့ကျေးရွာတွေက အထုပ်အပိုးပိုက်ပြီး တက်လာနေတဲ့ လူအုပ်တွေကို လည်း တွေ့ခဲ့ရပါတယ်။
ဆိုင်ကယ်မောင်းပြီး လိုက်ပို့တဲ့သူနှစ်ယောက်နဲ့ ကျနော်နဲ့ကိုခါးအတွက် ဆရာတော်ဘုရားက ထမင်းထုပ် နှစ်ထုပ်စီ ထည့် ပေးလိုက်ပါတယ်။ ကျနော်တို့လည်း တွေ့တဲ့ ဒုက္ခသည်တွေကြားထဲမှာပဲ မတ်တပ်ရပ် ထမင်းထုပ်ဖြေစားကြပါတယ်။ တထုပ်စီပဲစားပြီး ကျန်တဲ့ထမင်းထုပ်တွေကို တွေ့တဲ့သူကို ပေးခဲ့ကြပါတယ်။
ပွင့်ဖြူမြို့ကနေ ကျနော်တို့လေးယောက် ဆိုင်ကယ်ကိုယ်စီစီးပြီး ပြန်ထွက်လာတော့ တလမ်းလုံး မိုးတွေအောက်ကပဲ မကွေးကို ပြန်လာကြရပါတယ်။
မကွေးမင်းဘူး ဧရာဝတီမြစ်ကူးတံတားကြီးပေါ်ကူးတော့ နောက်ရက်ဆိုရင်ဖြင့် စေတုတ္တရာကို သွားလို့ရနိုင်ကောင်းရဲ့လို့ တွေးလိုက်မိပါတယ်။
ဆက်ရန်