လည်ပင်းနာတယ် (လည်ချောင်းနာတယ်) ဆိုတာကလည်း လူတွေ အတော်များများ ခံစားဖူးတဲ့ ဝေဒနာပါ။ အများ အားဖြင့် ဒီလက္ခဏာက အအေးမိတာ၊ အသံအိုးကို အားစိုက်သုံးစွဲမှု များတဲ့အခါ၊ အာသီးရောင်တာ အစရှိတာတွေရဲ့ အဦးအစ လက္ခဏာ တခုဖြစ်နေတတ်လို့ ပါ။ အကြောင်းရင်းကို မကုသသေးခင်မှာပဲ သက်သာရာရစေဖို့ အရင် လုပ်ဆောင်သင့်တဲ့ ခံရခက် ဝေဒနာပါ။ ဆရာဝန်ပြဖို့က လုပ်ကို လုပ်ရမှာ ဆိုပေမယ့် အိမ်မှာ လောလောလတ်လတ် လုပ်လို့ ရတဲ့ သက်သာရာ သက်သာကြောင်း လေးတွေ သိစေချင်ပါတယ်။
ရောင်ရမ်းနာကျင်မှုပျောက်စေတဲ့ ဆေးတွေ
အိမ်မှာ ဆောင်ထားတတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ Paracetamol, Ibuprofen စတာတွွေကတော့ လတ်တလော အဆင်သင့် သောက်နိုင်တာတွေ ပေါ့။ Ibuprofen, Diclofenac တို့လို ဆေးတွေကတော့ နာကျင်တာ ရော၊ ရောင်ရမ်းတာရော သက်သာစေတတ် တာမို့ ပိုသင့်လျော်ပါတယ်။ အဖျားရှိနေရင်လည်း ကျစေပါတယ်။ တခုပါပဲ၊ ဒီဆေးတွေမှာ အစာအိမ် ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုး ရှိတာမို့ သောက်ရမယ့် ဆေးပမာဏကို သိထားဖို့၊ အစာနဲ့ သောက်ဖို့ ဆိုတဲ့ အခြေခံ အချက်လေးတွေတော့ သိထားရမှာပါ။
ဆားရည်နဲ့ အာလုပ်ကျင်း
ဆားရည် နွေးနွေးလေးနဲ့ မကြာခဏ အာလုပ်ကျင်းတာက လည်ချောင်းထဲက ရောင်ရမ်းတာတွေ လျော့ကျစေသလို ချွဲတွေလည်း ပျော်စေပါတယ်။ လည်ပင်းထဲမှာ ခိုးလိုးခုလု ဖြစ်နေတာတွေ၊ ဘက်တီးရီးယား ပိုးတွေ ဟပ်ထုတ်ဖို့လည်း လွယ်ကူစေတာ ပေါ့။
ရေမတ်ခွက်တလုံးမှာ ဆားစားပွဲဇွန်းကြီး တဝက်ထည့်တာက ပုံမှန် ပမာဏပေါ့။ ငန်တာကို မခံနိုင်ရင်လည်း ပျားရည် လို အချိုလေး နည်းနည်း ဖြည့်စွက်လို့ ရပါတယ်။ အာလုပ်ကျင်းတဲ့ ရေကို ထွေးထုတ်ပစ်တာက မျိုချတာထက် ပို သင့်လျော်တယ် ဆိုတာတော့ သတိပြုပါ။
ခံတွင်း ငုံဆေးနဲ့ ဖျန်းဆေး
ချောင်းဆိုး လည်ချောင်းနာ ပျောက်စေတဲ့ ငုံဆေးတွေ (Strepsil လိုမျိုး) ငုံလိုက်ရင် တံတွေးထွက်အောင် နှိုးဆွပေးပြီး လည်ချောင်းကို စိုစွတ်စေလို့ နာကျင်မှု သက်သာစေ ပါတယ်။ ဒါပေမယ့် ဒီဆေးအများစုရဲ့ ထိရောက်မှုက ရိုးရိုး သကြားလုံး ငုံတာနဲ့ မထူးလှပါဘူး။ အေးပြီး ထုံစေတဲ့ ပူရှိန်းလေးတွေဆို ပိုထိရောက်ပါတယ်။
တချို့ လည်ချောင်းထဲကို ဖျန်းရတဲ့ ဆေးတွေ ကလည်း ငုံဆေးတွေ လိုပါပဲ။ ရောဂါကို ပျောက်ကင်းစေတာ မဟုတ်ဘဲ နာကျင်မှုကို ယာယီ သက်သာစေတာမျိုး ပါ။ တချို့ (Mybacin လိုမျိုး) ကတော့ ပိုးသတ်ဆေးလေးတွေ ထည့်ထားတာ ရှိတတ်ပါတယ်။
ချောင်းဆိုးပျောက်ဆေးရည်
ချောင်းဆိုးနေတာ မဟုတ်တောင်မှ ချောင်းဆိုးပျောက် ဆေးရည်တွေက နာကျင်မှု သက်သာစေပါတယ်။ ဒါပေမယ့် အများစုက အိပ်ငိုက်စေတာတွေ ထည့်ထားတာမို့ Non-drowsy ဒါမှမဟုတ် Non- sedative ဆိုတာမျိုးကို ရွေးချယ်သုံးသင့် ပါတယ်။ ညဘက် အိပ်ယာဝင်မှာတော့ အိပ်ငိုက်စေတာတွေ သုံးတာ ပြဿနာ မရှိလှဘူး ပေါ့။
အရည်များများသောက်ပါ
နေထိုင် မကောင်းတဲ့ အခါနဲ့ လည်ချောင်းတွေ ရောင်ပြီး ကသိကအောင့် ဖြစ်နေတဲ့ အခါတွေမှာ ခန္ဓာကိုယ် ရေဓာတ် ကြွယ်ဝနေဖို့က အရေးကြီးပါတယ်။ လုံလောက်တဲ့ ရေပမာဏ ရှိနေ မနေကတော့ ဆီးရောင်ကို ကြည့်ရမှာပါ။ ကြည်လင်နေတယ်၊ အဝါနုရောင် ဖြစ်နေတယ် ဆိုရင် ရေဓာတ်လုံလောက်တဲ့ အခြေအနေပေါ့။ ဒီလို အခြေအနေ ရှိမှလည်း ကိုယ်တွင်း အင်္ဂါတွေမှာ မျက်နှာပြင်တွေ စိုစွတ်ပြီး ဘက်တီးရီးယားပိုးတွေကို တိုက်ခိုက်ဖို့၊ ဓာတ်မတည့် ပစ္စည်းတွေ ဖယ်ရှားဖို့နဲ့ တခြား အအေးမိ လက္ခဏာတွေကို တုံ့ပြန်ဖို့ အဆင်ပြေမှာပါ။
ဘာအရည် မဆို သောက်သုံးလို့ ရပါတယ်။ ရေများများ သောက်တာ အကောင်းဆုံး ဆိုပေမယ့် သကြားနည်းနည်းပဲ ပါတဲ့ အချိုရည်တွေ၊ နည်းနည်း အငန်ဓာတ် ပါတဲ့ ဓာတ်ဆားလို အရည်တွေ သောက်သုံးနိုင်ပါတယ်။ ဒီလိုမှ မဟုတ်လည်း လူမမာစာ ဖြစ်တဲ့ ကြက်စွပ်ပြုတ်ရည် လိုမျိုးကို သောက်သုံးနိုင်ကြ ပါတယ်။
လက်ဖက်ရည်
ရေတွေချည်း သောက်ရတာ စိတ်ပင်ပန်းစရာလို့ ထင်နေပါသလား။ သဘာဝ လက်ဖက်ရည်ကြမ်း ကလည်း လည်ချောင်း နာတာကို သက်သာစေ ပါတယ်။ အချိုခြောက်၊ အကြမ်းခြောက် ဘာမဆို သုံးနိုင်ပါတယ်။ လက်ဖက်စိမ်း ခပ်ပြီး သောက်လည်း အဆင်ပြေပါတယ်။ လက်ဖက်မှာက အင်တီအောက်ဆီဒင့်တွေ ပါဝင်တာမို့ ကိုယ်ခံအား မြင့်မား စေသလို ရောဂါပိုးတွေကိုလည်း တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။
ပိုပြီး အရသာရှိ၊ ထိရောက်ဖို့ ပျားရည်လေး တဇွန်းလောက် ထည့်သောက်နိုင်ပါတယ်။ သူကလည်း ပိုးသတ်နိုင်တဲ့ စွမ်းရည် ရှိတာမို့ အနာကျက် မြန်အောင် ကူညီပေးရာ ရောက်ပါတယ်။
ကြက်စွပ်ပြုတ်
ဒါကတော့ လူမမာစာပေါ့။ အထူးသဖြင့် အအေးမိ ရောဂါ အတွက် ဆေးတခွက်ပါပဲ။ လည်ပင်းနာတာလည်း သက်သာ စေပါတယ်။ ကြက်စွပ်ပြုတ်မှာ ပါတဲ့ ဆိုဒီယမ်က ရောင်ရမ်းမှု သက်သာစေသလို အဝင်ချောတဲ့ အစာတခု ဖြစ်လို့ ပါပဲ။
နေမကောင်းသူ အတွက်လည်း စွပ်ပြုတ်က ခံတွင်းလိုက် ပါတယ်။ အစာစားတာက လည်ပင်းနာ နေချိန်မှာ ဆိုရင် အခံရ ခက်လှပါတယ်။ အာဟာရရှိတဲ့ စွပ်ပြုတ်ရည် ကတော့ အဝင်မှာ နာကျင်မှု သက်သာသလို အာဟာရလည်းရှိ၊ ရောဂါကိုလည်း တိုက်ခိုက်တဲ့ အမယ်စုံ ဆေးတခွက်ပေါ့။
အနားယူခြင်း
တကယ်တော့ ရောဂါအတွက် အဖြေ မဟုတ်ပေမယ့် အနားယူတာက လည်ပင်းနာစေတဲ့ ရောဂါပိုးတွေကို တိုက်ခိုက်ဖို့ အားယူတဲ့ သဘောမျိုး ထိရောက်ပါတယ်။ လည်ပင်းနာစေတဲ့ ရောဂါပိုး အများစုက ဗိုင်းရပ်စ်တွေပါ။ ဒါကြောင့်လည်း ဖြစ်လာရင် လုပ်နိုင်တာက နည်းနည်းပဲ ရှိတာပါ။ ဒီတော့ အပြည့်အဝ အနားယူထားတဲ့ ခန္ဓာကိုယ်က ရောဂါပိုးတွေကို တိုက်ခိုက်ပြီး နလံအမြန်ထူဖို့ နည်းလမ်း တခုပါပဲ။
ပဋိဇီဝ ဆေးတွေ
လည်ပင်းနာ ဖြစ်တာရဲ့ ၁၀ ရာခိုင်နှုန်း လောက်ကသာ ဘက်တီးရီးယား ဖြစ်တဲ့ Streptococcus pyogens ကြောင့် ဖြစ်ကြရတာပါ။ အဲဒါကလည်း ပေါ့ပေါ့တန်တန် သဘောထားလို့တော့ မရပါဘူး။ နှလုံးအထိ ရောဂါပိုးက ဒုက္ခပေး တတ်တာမျိုး ပါ။ စစ်ဆေးတွေ့ရှိ တာတွေ အရ ဒီရောဂါ သေချာရင်တော့ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း ပိုးသတ်ဆေး တွေ တိတိကျကျ သောက်ရမှာပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ပင်းနာမှာတော့ အဲဒီ ဆေးတွေက အလုပ် မဖြစ်ဘူး ပေါ့။ နေကောင်းသွားတယ်လို့ ဆိုရင်တောင်မှ ဆေးပတ်လည်အောင် သောက်ကို သောက်ရမယ်ဆိုတာ သတိထား ရပါလိမ့်မယ်။
ရာသီ အကူးအပြောင်း အအေးမိ၊ တုပ်ကွေးကအစ လည်ပင်းနာစေတဲ့ အကြောင်းတွေ အမျိုးမျိုးကြောင့် နာလာပြီ ဆိုမှဖြင့် ကြုံရာ ကြားဖူးနားဝ ဆေးမြီးတိုတွေနဲ့ ပိုမဆိုးစေဘဲ အနားယူပြီး အထက်က ပြောခဲ့တာလေးတွေနဲ့ သက်သာ အောင် လုပ်ပြီး နေသာထိုင်သာ ရှိနိုင်ကြမယ် လို့ မျှော်လင့်မိ ပါရဲ့။ ။