မကွေးမြို့ကပ်ကျော်ဘုန်းတော်ကြီးကျောင်း၊ ပညာပါရမီဒါနကျောင်းဆရာတော် အရှင်သဇ္ဇန ဦးဆောင်တဲ့ စေတုတ္တရာ ကူညီကယ်ဆယ်ရေးကားသုံးစီးဟာ လက်ပံကျင်းချောင်း ကားလမ်းရေကျော်တဲ့နေရာမှာ နာရီဝက်လောက်အချိန်ယူ ပြီးမှ ကားလမ်းကိုဖြတ်ကြရပါတယ်။
စေတုတ္တရာနဲ့စလင်းကြား ကားလမ်းရေကျော်တဲ့စမ်းချောင်းလေးခုရှိတဲ့အနက် ဒီလက်ပံကျင်း(ဒေသအခေါ် အသံ ထွက်က လက်ပဂျင်းချောင်း)ချောင်း ရေကျော်တဲ့နေရာဟာ အဆိုးဆုံးပါပဲ။ အခုတော့ ကုန်တင်ကားကြီးတွေအပါအဝင် ကားမျိုးစုံဖြတ်သန်းလာနေကြတာကတကြောင်း လမ်းကပိုပြီးဆိုးသလိုဖြစ်နေတာရယ် ဒေသခံမဟုတ်တဲ့ ကားမောင်း သူတွေဖြစ်တာရယ်ကြောင့် လူက အရင်လမ်းပြ လမ်းရှာအနေနဲ့ လမ်းပေါ်အတိုင်း ကားရှေ့က ခြေလျင်လျှောက် သူ့ နောက်ကမှ ကားတွေက လိုက်ဆိုတာမျိုး မောင်းကြကူူးကြရပါတယ်။ နိမ့်တဲ့ငယ်တဲ့ ကားကလေးတွေကျတော့ ဝိုင်း တွန်းကြရပြီး သုံးဘီးနဲ့ မော်တော်ဆိုင်ကယ်များကျတော့ လူနဲ့ဝိုင်းမပြီး ကူးကြရပါတယ်။
ကျနော်နဲ့ ကဗျာဆရာကိုခါး(ကွမ်းခြံကုန်း)က ပစ္စည်းတွေအပြည့်အမောက်တင်ထားတဲ့ကုန်တင်ကားကြီးရဲ့ခေါင်းခန်း မှာ လိုက်လာကြပါတယ်။ ကိုခါးက ကားမောင်းသူဘေးက ထိုင်ခုံမှာထိုင်ပြီး ကျနော်က သူတို့နှစ်ယောက်ရဲ့နောက်က ခပ်ကျဉ်းကျဉ်း ထိုင်ခုံရှည်ပေါ်မှာ ထိုင်ပြီးလိုက်ပါတယ်။ ကုန်ကားကြီးဖြစ်လို့ မြင့်လွန်းတော့ ကားအဆင်းအတက်က အစ ကျနော့်မှာ တော်တော်ကသိကအောင့် နိုင်ပါတယ်။ တခါတလေ တခြားလူက ပြေးလာပြီး ဝိုင်းကူတွဲချလုပ်မှ အဆင်ပြေပြေဆင်းလို့ရပါတယ်။
ကံပြားရွာကိုရောက်တော့ မွန်းလွဲ တနာရီရှိပါပြီ။ မကွေးက စတင်ထွက်ခွာလာစဉ်က မနက် ရှစ်နာရီပါ။ စလင်းနဲ့ ပွင့်ဖြူ မှာ ခဏနားကြလို့ နေ့လယ် တနာရီကျမှ ကံပြားရွာကို ရောက်ပါတယ်။ ကံပြားရွာကို ကျနော်ငယ်စဉ် မူလတန်း ကျောင်းသားအရွယ်ကတည်းက ကြားဖူးခဲ့ပါတယ်။ ဖခင်ဖြစ်သူက တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်လို့ မကြာခဏ ကံပြား ရွာအကြောင်း ပြောသံကြားခဲ့ဖူးလို့ပါ။ ငယ်စဉ်က ကျနော်ဟာ အစိုးရဝန်ထမ်းဖြစ်တဲ့ဖခင် တာဝန်ကျရာ စလင်းမြို့က လေးမှာ နေခဲ့ဖူးပါတယ်။
ကံပြားရွာထိပ်က ရွာဆိုင်းဘုတ်ကိုတွေ့တော့ ကျနော်ရော ကိုခါးရော ခေါင်းတထောင်ထောင် လည်တဆန့်ဆန့်ဖြစ်လာ ကြရပါတယ်။ ကံပြားရွာကလေးကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှာ လူတွေ စတင်သိရှိလာစပြုပြီဖြစ်လို့ ကျနော်တို့လည်း စိတ်ဝင်စားနေတာပါ။ စေတုတ္တရာကို သွားရောက်ကြမယ့် ရေဘေးကူညီကယ်ဆယ်ရေးကားတွေဟာ စလင်းဘက်ကပဲလာလာ၊ ပုသိမ်မုံရွာလမ်းဘက်ကပဲလာလာ ဒီကံပြားရွာကလေးကိုတော့ ဖြတ်ကြရပါတယ်။ ကံပြား ရွာဟာ စလင်းနဲ့ ပုသိမ်မုံရွာလမ်းကဖြတ်ဆင်းလာတဲ့ကားလမ်းဆုံရာရွာဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ ကံပြားရွာရဲ့ထူးခြားတဲ့အချက်က တယ်လီဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ ပြတ်တောက်သွား ပြီဖြစ်တဲ့ စေတုတ္တရာ အပါအဝင် ဒီဒေသတခွင်အဖို့ ကံပြားရွာဟာ ဖုန်းလိုင်းအားလုံးနဲ့ အင်တာနက်လိုင်း ကောင်း ကောင်းမိတဲ့နေရာ ဖြစ်နေလို့ပါပဲ။ တနည်းအားဖြင့် တင်စားပြီးပြောရရင် စေတုတ္တရာမြို့ကလေးရဲ့ ကမ္ဘာကြီးနဲ့ ဆက် သွယ်ရာ အသက်ကယ်လမ်းကြောင်းဟာ ဒီကံပြားရွာဖြစ်တယ်လို့တောင်မှ ပြောလို့ရမယ်ထင်ပါတယ်။ လူငယ်တချို့ ဟာ ဒီကံပြားရွာကတဆင့် စေတုတ္တရာမြို့ကလေး ရေအောက်ရောက်မလိုဖြစ်နေတာတွေနဲ့ အလျင်အမြန် ကယ်ဆယ် ဖို့လိုအပ်ကြောင်း သတင်းတွေကို ဒီကံပြားရွာကတဆင့်ပဲ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် တင်ကြခဲ့ကြရတာ ပါ။
ဒီတုန်းက ကံပြားရွာကလေးထဲဖြတ်စီးရင်းက နောင်ဆယ်ရက်ခန့်ရှိတဲ့အခါ ဒီရွာကလေးဆီ တောင်စဉ်အထပ်ထပ်ကို ဆိုင်ကယ်တစီးနဲ့ နေ့တိုင်းဖြတ်ကျော်လာပြီး ဒီကံပြားရွာကလေးက တဆင့် အင်တာနက်သတင်းတွေ ဓာတ်ပုံတွေ တကမ္ဘာလုံးဆီ ပို့လွှတ်တင်ရလိမ့်မယ်လို့ ဘယ်ကြိုတင်ပြီး သိနိုင်ခဲ့ပါ့မလဲ။
စေတုတ္တရာမြို့ ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားပြီး ငါးရက်မြောက်နေ့မှာ ပရဟိတစိတ်ရှိသူ လူငယ် တ ယောက်ဟာ စေတုတ္တရာမြို့အဝင် ရေအောက်ကို အားလုံးမြုပ်လုနီးပါးမြုတ်နေတဲ့ မုန်းချောင်းကူးတံတားအထိ သက် စွန့်ဆံဖျား ရောက်အောင်လာပြီး စေတုတ္တရာနဲ့ပြင်ပကမ္ဘာကြီး ပြန်လည်စတင်ဆက်သွယ်လို့ရပါပြီဆိုတဲ့ သတင်းကို ဒီကံပြားရွာကို တပ်ခေါက်ပြန်လာပြီးမှ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်တင်လိုက်တာပါ။ ဒီလိုနဲ့ ကံပြားရွာဟာ စေတုတ္တရာနဲ့ ပြင်ပကမ္ဘာကြီးဆက်သွယ်ရာမှာ အခရာကျတဲ့ရွာကလေးတရွာ ဖြစ်လာခဲ့တာပါ။ ကျနော်သည်ပင်လျှင် အဲဒီလူငယ်လေး ကံပြားရွာကတဆင့် တင်လွှတ်လိုက်တဲ့ ဓာတ်ပုံသတင်းကိုတွေ့ပြီးမှ စေတုတ္တရာကို အမြန်လာဖို့ ဆုံး ဖြတ်နိုင်ခဲ့တာပါ။
ကံပြားရွာထဲ ကားတွေဖြတ်မောင်းလာတော့ တနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်နဲ့ အလံထောင် ထားတဲ့နေရာအိမ်ရှေ့က ဖြတ်လာခဲ့ကြရပါတယ်။ ဒီလောက် ဝေးလံပြီး ချောင်ကျတဲ့နေရာမှာတောင်မှ ပါတီတခုက လာပြီး ရုံးခန်းဖွင့်ထားနိုင်တာတွေ့လို့လည်း အံ့သြမိပါသေးတယ်။ တချိန်တည်းမှာပဲ စေတုတ္တရာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌလုပ်သူ မိတ်ဆွေကြီး ကိုကျော်အောင်လွင် ပြောခဲ့ဖူးတဲ့စကားကိုလည်း နားထဲမှာ ပြန်ပြီး ကြားမိပါသေးတယ်။ သူက စေတုတ္တရာဟာ တချိန်တုန်းကဆိုရင် NLD ကင်းစင်နယ်််မြေဖြစ်တယ်လို့တောင်မှ ယှဉ်ပြိုင် ဘက်ပါတီကြီးတခုက ကြွားဝါခဲ့ဖူးပေမယ့် အခုတော့ အဲဒီလိုမဟုတ်တော့တဲ့အကြောင်း ပြောခဲ့ပါတယ်။
ကံပြားရွာကလွန်တယ်ဆိုရင်ပဲ ရေဘေးကူညီကယ်ဆယ်ရေးကားတွေ အသွားအပြန် မကြာခဏ ဆိုသလိုတွေ့လာကြ ရပါတယ်။ တချို့ကားတွေက ကျနော်တို့ကို ကျော်တက်သွားကြပြီး တချို့ကတော့ ကျနော်တို့ရဲ့မျက်နှာချင်းဆိုင်က မောင်းဝင်လာကြတာမို့ သတိနဲ့လမ်းရှောင်ပေးကြရပါတယ်။ သက်ဆိုင်ရာ မြန်မာပြည်အနယ်နယ်အရပ်ရပ်က ကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းပေါင်းစုံရဲ့ ပိတ်ဆိုင်းဘုတ်တွေ စတစ်ကာတွေအသီးသီးနဲ့ ကားလမ်းတလျှောက်လုံး စည် ကားသလိုဖြစ်လာပါတယ်။
ကံပြားရွာကလွန်လာတော့ ဧကသုံးသောင်းကျော် ကျယ်ပြန့်တဲ့ မြောင်ဦးကြိုးဝိုင်းကြီးထဲ ဖြတ်လာကြရပါတယ်။ ကြိုး ဝိုင်းထဲဝင်လာတယ်ဆိုရင်ပဲ နေရောင်တွေဟာ ချက်ချင်းဆိုသလို ဖျော့တော့အုံ့မှိုင်းသွားရပြီး လေကလည်း တစိမ့်စိမ့် အေးနေစေပါတော့တယ်။ ကားလမ်းဘေးတဖက်က နက်ရှိုင်းလှတဲ့ နွားမတောင်ကြော ချောက်ကြီးတွေရှိနေပြီး တ ဖက်မှာတော့ စိမ်းလန်းနုပျိုလှတဲ့ ကျွန်းပင်တောသစ်တောကြီးတွေကို တွေ့လာရပါတယ်။ တောင်ဆင်းတောင်တက် အကွေ့အချိုးတွေကလည်း စိပ်သထက်စိပ်လာခဲ့ပါတယ်။
တကယ်တော့ စလင်းနဲ့စေတုတ္တရာ ကတ္တရာလမ်းဖေါက်လုပ်ပြီးစီးသွားခဲ့တာ မကြာသေးပါဘူး။ ဒီနှစ်ဦးပိုင်းမှာတင် လမ်းသစ်ဖွင့်ပွဲပြုလုပ်ခဲ့တာလို့သိရပါတယ်။ လမ်းအနည်းငယ်ကျဉ်းပေမယ့်လည်း ကတ္တရာခင်းလမ်းသစ်လည်းဖြစ်လို့ ကားသမားတွေအတွက် တော်တော်လေးအဆင်ပြေတယ်လို့တော့ ပြောရမှာပါ။ ကားပေါ်မှာပါလာတဲ့ ကျနော်တို့အဖို့ ရာမှာတော့ ဘွားခနဲ တောင်ကွေ့တွေမှာပေါ်လာတတ်တဲ့ မျက်နှာချင်းဆိုင်ကကားတွေကို ရှောင်ပေးရတဲ့အခါ၊ တံ တောင်ဆစ်ချိုး တောင်ဆင်းလမ်းကို ကွေ့ပြီးဆင်းရတဲ့အခါမျိုးမှာတော့ ကားလမ်းဘေးက ကျောက်နံရံကြီးတွေ တဖက် က နက်ရှိုင်းလှတဲ့ ချောက်ကြီးတွေကို ကြည့်ပြီး အသက်ရှူမှားမတတ် ဖြစ်ခဲ့ကြရပါတယ်။
ကံပြားရွာနဲ့စေတုတ္တရာမြို့ဟာ ၂၁ မိုင်ဝေးပါတယ်။ ကံပြားရွာကထွက်ပြီး မြောင်ဦးကြိုးဝိုင်းအစပ်ရောက်တယ်ဆိုရင်ပဲ ကားလမ်းက အကွေ့အကောက် အတက်အဆင်းတွေ သိသိသာသာ များလာခဲ့ပါတယ်။ နာမည်ကျော် သုံးထပ်ကွေ့ ဆို တဲ့ တောင်ဆင်းတောင်တက်ကားလမ်းကွေ့ကို ရင်တမမနဲ့ ကျနော်တို့ဖြတ်ကျော်လာခဲ့ရပါတယ်။ ကားမောင်းသမားရဲ့ တည်ငြိမ်တဲ့စိတ် ကားမောင်းကျွမ်းကျင်မှုကြောင့်သာ ဒီနေရာကို ကျော်လာနိုင်ခဲ့တဲ့သဘောပါပဲ။ တလမ်းလုံးအသွား အပြန် ကူညီကယ်ဆယ်ရေးကား အမျိုးမျိုးအဖုံဖုံကို တွေ့ခဲ့ရလို့ အဲဒီကားတွေအတွက်လည်း လမ်းခရီးအန္တရာယ် အတွက် စိတ်ထဲက စိုးရိမ်လိုက်မိပါသေးတယ်။
ကားပေါ်မှာ စီးနင်းလိုက်ပါလာရင်းက နေစောင်းလာတာနဲ့တပြိုင်နက် စေတုတ္တရာရဲ့ နေဝင်ချိန်ညနေဆည်းဆာကို မြင်ချင် ဓာတ်ပုံရိုက်ချင်စိတ်စောနေတဲ့ကျနော်ဟာ အားမလိုအားမရဖြစ်လာခဲ့ပါတယ်။ နာရီကိုကြည့်တော့ ညနေ ခြောက်နာရီ ထိုးနေပါပြီ။ ဒီအတိုင်းဆိုရင် နေမဝင်ခင် စေတုတ္တရာကို ရောက်ဖို့ မလွယ်တော့ဘူးလို့လည်း တွေးမိလာ ပါတယ်။
ကျနော်တို့ရဲ့ ရေဘေးကူညီကယ်ဆယ်ရေးကားသုံးစီး ညောင်အိုင်ရွာထိပ်ကိုရောက်တော့ မိုးစုန်းစုန်းချုပ်သွားခဲ့ပါပြီ။ ကျနော်တို့စီးလာတဲ့ကားက ကုန်းခပ်မြင့်မြင့်တခုပေါ် မော့တက်လာပြီး အဆောက်အအုံတခုဘေးက တခြားကားတွေ ကြား ထိုးရပ်လိုက်ပါတယ်။ ကျနော်တို့အားလုံး ကားတွေပေါ်ကဆင်းပြီး မီးချောင်းသုံးလေးချောင်းထွန်းထားတဲ့ အဆောက်အအုံတခုထဲ ဝင်ခဲ့ကြပါတယ်။ အဲဒီဇရပ်ထဲမှာ ဆန်အိတ်တွေ၊ အခြားကူညီကယ်ဆယ်ရေးပစ္စည်းပုံကြီးတွေ ကြားမှာ ရဟန်းတော်သုံးပါးနဲ့ လူဆယ်ယောက်ခန့်ကိုတွေ့ရပြီး အပြန်အလှန် မိတ်ဆက်ကြရပါတယ်။
ကျနော်တို့ကို ဦးဆောင်လာတဲ့ မကွေးကပ်ကျော်ဆရာတော်က ဒီစခန်းက ဆရာတော်များနဲ့ ကြိုတင် ချိတ်ဆက်ထား ပြီးဖြစ်လို့ အထွေအထူး မိတ်ဆက်စရာမလိုဘဲ ကိုယ်စီကိုယ်ငှ အိပ်စက်ဖို့နေရာရှာကြပြီး အသီးသီး နေရာယူလိုက်ကြပါ တယ်။
တကယ်တော့ ဒီနေရာလေးဟာ စေတုတ္တရာမြို့အဝင် မုန်းချောင်းကူးတံတားထိပ် ညောင်အိုင်ရွာဦးမှာရှိနေတဲ့ နဂါးရုံ ဘုရားကုန်းတော်တခုဖြစ်တယ်ဆိုတာရယ်နဲ့ ဒီရေဘေးကယ်ဆယ်ရေးစခန်းဟာဖြင့် စေတုတ္တရာမြို့ကလေး ရေဘေး ကြီးကျရောက်ပြီး ရေအောက်က ပြန်လည်ကုန်းထမလာနိုင်ခင်ကတည်းက ရဟန်းတပါးနဲ့ လူငယ်ငါးဦးခန့်ဟာ ဒီနေရာ ကို ရောက်ရှိလာကြပြီး ကူညီကယ်ဆယ်ရေးစခန်းဖွင့်ခဲ့ကြတယ်ဆိုတာ နောင်ကျမှ ကျနော်သိလာရတာပါ။
ခရီးပန်းလာတာကတကြောင်း ညကြီးအချိန်မတော်ဖြစ်တာက တကြောင်းကြောင့် ဆန်အိတ်တွေပစ္စည်းတွေကြား လေကွယ်ရာနေရာလေးမှာ အိပ်စရာနေရာ ချထားလိုက်ပါတယ်။ ကိုခါးကလည်း သူ့အတွက် အိပ်စရာနေရာ ရှာပါ တယ်။ စခန်းက လူငယ်လေးတယောက်က စောင်တထည်လာပေးပါတယ်။
မှောင်နေပြီဖြစ်ပြီး ကျောဆန့်ပြီး အိပ်တော့မယ်ပြုကာမှ မုန်းချောင်းကူးတံတားကြီးကို အပြင်ဘက်ထွက်ပြီး ကြည့်ဖြစ် အောင်ကြည့်ဖြစ်ပါသေးတယ်။ အပြာရောင် ညကြီးမင်းကြီးထဲမှာ တံတားကြီးတစင်းပေါ် မီးတွေတဝင်းဝင်းထိုးပြီး မောင်းဝင်လာနေကြတဲ့ ရေဘေးကူညီကယ်ဆယ်ရေးကားတွေကို အပေါ်စီးကနေ မြင်နေရပါတယ်။
ရေဘေးသင့်ခဲ့ရတဲ့ စေတုတ္တရာလေးရေ ငါဟာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့်လည်း မင်းရဲ့ သွေးခုန်နှုန်းကျ မသွားစေ ရေးအတွက် ငါ့ရဲ့နှလုံးသားသွေးနဲ့ ပိုက်ဆက်ပြီး မင်းကို ခွန်အားတွေဖြည့်သွင်းပေးနိုင်တဲ့ ဒရစ်ပိုက်ကလေးတခုအဖြစ် နဲ့ ငါရောက်လာခဲ့ပါပြီ။
စေတုတ္တရာမြို့ကလေး ဘယ်လိုတွေဖြစ်ပြီး ဘယ်လောက်အထိ အတိဒုက္ခ ရောက်ခဲ့ရပြီလဲ။ မတွေးတတ်အောင်ပါဘဲ။ ဒီလိုနဲ့ပဲ ကျနော်တယောက်ဟာဖြင့် ဘုရားကုန်းတော်တခုပေါ်က ဇရပ်အိုတခုအောက်က ဆန်အိတ်တွေကြား လဲလျောင်းအိပ်ပျော်သွားခဲ့ရပါတယ်။