လူငယ်ဆရာဝန် ကိုသန့်စင် တယောက် ကျုံးတောင်ဘက်၊ ၂၆ ဘီ လမ်းမကြီးအတိုင်း အိမ်ပြန်လာခိုက် ၇၃ လမ်း အရောက်တွင် သူ့နောက်မှ FZ (ဆိုင်ကယ်အကြီး) နှစ်စီး ကပ်ပါလာသည်။ သူ့အဖေ ဖုန်းခေါ်သဖြင့် ဆိုင်ကယ်မောင်းရင်း ဖုန်းထုတ်ပြောနေခိုက် နောက်မှ ကပ်ပါလာသည့် ဆိုင်ကယ်ပေါ်မှ လူများက သူ့ဖုန်းကို လုသဖြင့် ဆိုင်ကယ်ကို မောင်းပြေးရသည်။ အဆိုပါ ဆိုင်ကယ်နှစ်စီးက အနောက်မှ ကပ်လိုက်တာ သံတုတ်ဖြင့် ရိုက်သည်ကို မရမက ရှောင်ရင်း ဆက်မောင်းပြေးရာ လမ်းထောင့် တနေရာတွင် ပစ်လဲသွားသည်။ ဆိုင်ကယ်လဲသံကြား၍ ဘေးကလူများ ဝိုင်းလာသော အခါမှ နောက်က လုပြေးမည့် ဆိုင်ကယ်နှစ်စီး အသားကုန် မောင်းပြေးသွားသည်။ သြဂုတ်လ ၂၉ ရက်နေ့ မန္တလေးမြို့ လမ်း ၈၀ ပေါ်တွင် ည ၉ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆိုင်ကယ်ပြန်ထူကာ သူ့အဖေကို ဖုန်းဆက်ခေါ်ပြီးနောက် သားအဖနှစ်ယောက် နယ်မြေရဲစခန်းထံ အမှုဖွင့်ဖို့ သွားကြသည့်အခါ ပက်လက်လန်ပါတော့သည်။ အဆိုပါ ရဲစခန်းမှ ကြယ်တပွင့် တပ်ထားသည့် ရဲအရာရှိက သူတို့ သားအဖနှစ်ယောက်ကို ပြောလိုက်သည့် စကားမှာ “တရားခံမရှိရင် အမှုဖွင့်လို့ မရနိုင်ပါ” တဲ့။ ရိုက်လုခံရသည့် လူငယ်၏ ဖခင်က “တရားခံကို ကျုပ်ကိုယ်တိုင်ဖမ်းမယ်။ ကျုပ်အကျႌကို ခင်ဗျားဝတ်လိုက်၊ ခင်ဗျား ယူနီဖောင်း ကျုပ်ကိုပေး” ဟု ခပ်ရွဲ့ရွဲ့ပြောလိုက်မှ တာဝန်ကြေ စစ်ချက်ယူလိုက်ပါသည်။ “ခင်ဗျားတို့ ပြည်သူ့ရဲတွေရဲ့ အကာအကွယ်ကို မရနိုင်ဘူးဆို ကျုပ်တို့က ဘာလုပ်ရမှာလဲ” ဟု ထပ်မံမေးလိုက်ရာ အဆိုပါ အရာရှိက “နောက်တခါ လာလုရင် ရိုက်ပစ်လိုက်ပါ” တဲ့ …။
ရိုက်ခဲ့ဖူးပါသည်
၇၈ လမ်း ဒိုင်းမွန်းပလာဇာဘေးနားရှိ အချစ်ရွာဆိုသည့် ကေတီဗီဆိုင်တွင် ကျနော်တို့ သူငယ်ချင်း ၅ ယောက် သီချင်းဆိုနေခိုက် ဗြုန်းခနဲ အခန်းတံခါးကို တွန်းဖွင့်ကာ လူငယ်နှစ်ယောက်က ကျနော်တို့ကို ပုလင်းများ၊ ခါးပတ်များဖြင့် ဝင်ရိုက်ပါသည်။ ကျနော်တို့အဖွဲ့လည်း ဘုမသိဘမသိဖြင့် အခန်းတွင်းရှိ ဘီယာပုလင်းများ၊ ပစ္စည်းများဖြင့် ပြန်ရိုက်ကြရာ လူငယ်တယောက်က ထွက်ပြေးသွားပြီး တယောက်ကျန်ခဲ့သည်။ သို့ဖြင့် အဆိုပါ တယောက်အား ရဲစခန်းသို့ပို့ကာ တိုင်ချက်ဖွင့်ရန် သွားပါသည်။ သို့သော်လည်း ရဲအရာရှိက ခင်ဗျားတို့ အပြန်အလှန် ရိုက်တာပဲ၊ တိုင်ချက်ဖွင့်ရင် ဇယားရှုပ်မယ်၊ ဒီမှာပဲ ကြေအေးလိုက်ဆိုကာ နည်းမျိုးစုံဖြင့် ပြောပါတော့သည်။ မိမိတို့မှာ ဝင်အရိုက်ခံရခြင်း ဖြစ်သော်လည်း မရမက တိုင်ချက်ဖွင့်လိုက်ပါက ကိုယ်ပါ တရားခံဖြစ်မည့်ကိန်း ဆိုက်လာပါတော့သည်။
နောက်ဆုံးတွင်တော့ မန္တလေးထုံးစံ ပြီးတာတွေလည်း ပြီးပါစေတော့ထုံး နှလုံးမူကာ ကေတီဗီ အခန်းအတွင်း ပျက်စီးသွားသည်များကို ကျနော်တို့ ၅ ယောက်နှင့် သူတို့ ၂ ယောက် စုပေါင်းကာ အချိုးကျ လျော်ပေးဖို့ သဘောတူလိုက်ရပါတော့သည်။ ဝင်ရိုက်သည့် အကြောင်းရင်းကို ကိစ္စအားလုံးပြီးစီးမှ မေးကြည့်ရာ သူတို့ ကေတီဗီဆိုရန် လာခိုက် အခန်းက မရသဖြင့် စောင့်နေရသည်။ ကျနော်တို့က အစကတည်းက ဖုန်းဆက် ဘွတ်ကင်ယူထားသဖြင့် ဝင်လာလာခြင်း ကေတီဗီ အခန်းရသည်။ သူတို့နောက်မှ လာခြင်းဖြစ်သော်လည်း ကျနော်တို့က အရင်ဝင်ဆိုနေတာကို အမြင်ကပ်သဖြင့် ဝင်ရိုက်ရတာပါတဲ့။ ၂၀၁၄ ခုနှစ် မေလက ကျနော်ကိုယ်တိုင် ကြုံခဲ့ရခြင်းဖြစ်ပါသည်။ ရဲအရာရှိပြောသလို ကိုယ့်လာရိုက်ရင် ပြန်ရိုက်လိုက်ဆိုသည့် စကားကို ကျင့်သုံးခဲ့ပါသည်။ သို့သော်လည်း အလျော်တော့ ပေးခဲ့ရပါသည်။ အကယ်၍ ခြေလွန်လက်လွန်ဖြစ်သွားလျှင် ကျနော်တို့ပဲ ထောင်ထဲ ဝင်ရမည့်ကိန်း မြင်ပါသည်။
မထူးဆန်းတော့ပါ
အမှန်တကယ်အားဖြင့် ဆိုင်ကယ်ဖြင့် လုယက်ကာ ထွက်ပြေးသွားခြင်း၊ ကေတီဗီများ၊ စင်တင်တေးဂီတ စားသောက်ဆိုင်များတွင် ရန်ဖြစ်ခြင်းတို့မှာ မန္တလေးမြို့တွင် ထူးခြားသော ဖြစ်ရပ်များတော့ မဟုတ်လှပါ။ နိစ္စဒူဝ ကြုံတွေ့နေရသည့် ဖြစ်ရိုးဖြစ်စဉ်များဟုပင် ပြောရတော့မည်။ မေးစရာရှိသည်မှာ ကျနော်တို့ မန္တလေးမြို့တွင် ဒီလိုဖြစ်ရပ်တွေ အခုနောက်ပိုင်း မကြာခဏ ဖြစ်လာရတာ ဘာကြောင့်လဲ၊ တာဝန်ရှိသူတွေ ဘာလုပ်နေကြသလဲဆိုသည့် မေးခွန်းများ ဖြစ်ပါသည်။
ဒီလိုဖြစ်ရပ်တွေ အခုနောက်ပိုင်း မကြာခဏ ဖြစ်ပွားလာရသည့် ကိစ္စများထဲတွင် ဘီယာဆိုင်ယဉ်ကျေးမှု ထွန်းကားလာခြင်း၊ လူငယ်ထုကြား မူးယစ်ဆေးဝါးများ ပျံ့နှံ့လာခြင်းနှင့် တာဝန်ရှိသူများဘက်မှ ထိရောက်သော အရေးယူမှုများ လုပ်ဆောင်မှု အားနည်းလာခြင်းတို့ ပါဝင်နေပါသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှ စ၍ မန္တလေးမြို့တွင် ဘီယာဆိုင်၊ အရက်ဆိုင်များ သိသိသာသာ ပေါများလာပါသည်။ ယခင်က လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု အကြီးအကျယ် ထွန်းကားခဲ့သော မန္တလေးမြို့မှာ ယခုအခါ ဘီယာဆိုင်ယဉ်ကျေးမှု ထွန်းကားနေပြီ ဖြစ်သည်။ ညနေခင်းဆိုလျှင် လက်ဖက်ရည်ဆိုင်များမှာ သောက်သုံးသူ ခြောက်တီးခြောက်ချက်မျှသာ ရှိတော့သော်လည်း ဘီယာဆိုင်များမှာ အုံးအုံးကျက်ကျက် ဖြစ်နေပါတော့သည်။ အချက်အခြာကျသော နေရာများတွင် မြေငှားခ လွန်စွာဈေးကြီးလာသည့်အတွက် အမြတ်ပါးပါးသာ ကျန်သော လက်ဖက်ရည်ဆိုင်များမှာ တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ဘီယာဆိုင်များက အစားထိုးဝင်လာသည်။ ထို့အတူ မူးယစ်ဆေးဝါးများမှာလည်း လူငယ်ထုကြား ပျံ့နှံ့နေပါသည်။
ယခုနှစ် မတ်လအတွင်း ညဆယ်နာရီခွဲအချိန်တွင် ၇၈ လမ်းနှင့် သိပ္ပံလမ်းထောင့်တွင် လုယက်ခံခဲ့ရသော ကျောက်ကုန်သည် ဦးမောင်ဝမ်းက သူစီးလာသည့် ဆိုင်ကယ်ကို အုပ်စုဖွဲ့တားကာ ပိုက်ဆံ လုယက်သွားသူများမှာ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့် လူငယ်မျှသာရှိသေးပြီး စီးလာသော ဆိုင်ကယ်များမှာလည်း ဒို၊ ထရပ်ကာ ကဲ့သို့ ဈေးကြီးပေးရသည့် ဆိုင်ကယ်များနှင့် ဖြစ်ကြောင်းပြောပါသည်။ “ညီလေးတို့ရာ … ကိုယ့်ကို ဆီဖိုးလေးတော့ ပြန်ပေးခဲ့ပါဦး” ဟု တောင်းတောင်းပန်ပန် ပြောလိုက်ရာ ၎င်းတို့ လုယူထားသည့် ငွေထဲမှ နှစ်သောင်းကို ပြန်ပေးခဲ့ကြောင်း ပြောပါသည်။ မူးယစ်ဆေးဝါးသုံးစွဲရန် ငွေလိုသဖြင် ကြံမိကြံရာ လုပ်သည့် လူငယ်များဖြစ်နိုင်ကြောင်း၊ အကယ်၍ ရာဇဝင်လူဆိုးဆိုလျှင်တော့ ပိုက်ဆံသာမက ဆိုင်ကယ်ပါ လုယူသွားနိုင်ကြောင်း ဦးမောင်ဝမ်းက သုံးသပ်ပါသည်။
စောင့်ကြည့်နေပါသည်တဲ့
မှုခင်းဖြစ်ပွားမှုများသော နေရာများအား သုံးသပ်ကာ အရပ်ဝတ်ဖြင့် စောင့်ကြည့်ခြင်း၊ အသွင်ယူ ထောင်ချောက်ဆင် ဖမ်းဆီးခြင်းများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး (ထိုစဉ်က ပူးတွဲတာဝန်ယူထားသူ) ဒေါက်တာ မြင့်ကြူက ပြီးခဲ့သည့် ၁၃ ကြိမ်မြောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအထိ ၈ လအတွင်း လုယက်မှုပေါင်း ၅၀ ဖြစ်ပွားခဲ့ပြီး ၂၅ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း ဒေါက်တာ မြင့်ကြူက ပြောကြားခဲ့သည်။ ဝန်ကြီး၏ ပြောကြားချက်ကို ဝေဖန်ရလျှင် ၈ လအတွင်း လုယက်မှု ၅၀ ဆိုသည်မှာ ရဲစခန်းက တိုင်ချက်ဖွင့်ပေးသော အမှုစာရင်းမျှသာ ဖြစ်ပါသည်။ ရဲစခန်းတွင် တိုင်ချက်မဖွင့်ဘဲ၊ ဖွင့်သော်လည်း မဖွင့်ပေးဘဲ မှတ်ချက်သာ ရယူထားသော လုယက်မှုများလည်း အများအပြား ရှိနိုင်ပါသည်။ လုယက်ခံရပြီးနောက် ဒဏ်ရာရသူကို ဆေးရုံဆေးခန်းပို့ကာ ဆွေမျိုးများက ရဲစခန်းသို့ သွားရောက် အမှုဖွင့်သော်လည်း ကာယကံရှင်မပါလျှင် အမှုဖွင့်မပေးဆိုကာ ပြန်လွှတ်သည့် ကိစ္စများလည်းရှိပါသည်။ အမှုဖွင့်လည်း တရားခံမိတာမှ မဟုတ်တာ၊ မဖွင့်တော့ပါဘူးလေ ဆိုသည့် ကိစ္စများကတော့ ပိုများပါသည်။ သေချာပေါက် ပြောနိုင်သည်ကတော့ မန္တလေးမြို့တွင်း ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်ပွားခဲ့သည်မှာ ၈ လအတွင်း အမှု ၅၀ မကပါဆိုသည့် အချက်ဖြစ်ပါသည်။
အုပ်စုဖွဲ့ ရမ်းကားမှုများလည်း ရှိသည်
ပြီးခဲ့သည့်လ သြဂုတ်လ ၂၃ ရက်၊ ည ၈ နာရီခွဲအချိန်က မန္တလေးမြို့ ဘူတာကြီး အရှေ့ဘက် ၇၈ လမ်း၊ ၂၉-၃၀ ကြားတွင် လူငယ် ၅ ယောက်ပါသော အုပ်စုတစု သောင်းကျန်းနေခဲ့သည်။ အဆိုပါနေရာမှာ မန္တလေးမြို့၏ ကြက်ပျံမကျ စည်ကားလှသော နေရာထဲတွင် တခုအပါအဝင် ဖြစ်သော်လည်း မည်သည့် တာဝန်ရှိသူကမျှ လာရောက်တားမြစ်ခြင်း မရှိပါ။ လမ်းမှဖြတ်သွားသည့် ဆိုင်ကယ်များကို ဆဲဆိုလိုက်၊ ဆိုက်ကားသမားများကို လိုက်ကန်လိုက်ဖြင့် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပါသည်။ ခဏအကြာတွင် လမ်းသွားလမ်းလာ တယောက်အား ၎င်းတို့ အုပ်စုလိုက် ဝိုင်းထိုးကြရာ ပတ်ဝန်းကျင် ပြည်သူများ မခံမရပ်နိုင်ဖြစ်ပြီး အဆိုပါ လူရမ်းကားအုပ်စုအား ဝိုင်းသမတော့မှ တစခန်းသိမ်းပါတော့သည်။ သို့သော်လည်း မည်သူမျှ အမှုဖွင့် အရေးယူခံလိုက်ရခြင်း မရှိပါ။
အဆိုပါ သြဂုတ်လ ၂၃ ရက်၊ ည ၁၂ နာရီကျော်တွင်ပင် ကျုံးတောင်ဘက် ၂၆၊ ၇၃လမ်းထောင့်ရှိ ညပိုင်း ထိုင်နေကျနေရာလေးသို့ ကျနော်နှင့် သူငယ်ချင်းတယောက် ထွက်လာခဲ့ပါသည်။ ည ၁၂ နာရီကျော်ပြီမို့ လူတော့ သိပ်မရှိလှ၊ အားကစားပစ္စည်းများ ထားရှိရာနေရာနှင့် မလှမ်းမကမ်းတွင် ထိုင်ရုံမျှရှိသေးသည်၊ ကျနော်တို့ ထိုင်သောနေရာနှင့် ၅ ပေမျှအကွာတွင် ထိုင်နေသည့် လူငယ်အုပ်စုက သူတို့ကို ကြည့်ရကောင်းလာဟု ငါနှင့် ကိုင်တုပ်ကာ လှမ်းဆဲပါသည်။ ဘာဖြစ်လို့လဲဟု ပြန်မေးရာ မအေနှင့် ကိုင်တုပ်ပြီး မကျေနပ်ဘူးလားဟု နောက်တယောက်က ထပ်ဆဲပါသည်။
ပုံစံများကို ကြည့်လိုက်ရာ အသက် ၂၀ ဝန်းကျင်များဖြစ်ပြီး ဘေးနားတွင် အရက်ပုလင်း ၂ ပုလင်းထောင်ထားသည်။ ထိုအုပ်စုထဲမှ လူငယ်တယောက်၏ခါးတွင် တုတ်၊ ဓားကဲ့သို့ ခပ်ရှည်ရှည်တခုကို ထိုးထားပုံပေါ်သည်။ ဆိုင်ကယ်အကြီး (FZ) တစီး၊ ထရပ်ကာ ဆိုင်ကယ်တစ်စီးနှင့် စကူတာတစီး ရပ်ထားသည်။ လူအင်အားချင်း ကွာခြင်းသည်က တကြောင်း၊ မိမိတို့ထံတွင် ပြန်လည်ခုခံစရာ မည်သည့်ပစ္စည်းမျှ မပါခြင်းကြောင့် တကြောင်း စကားနည်း ရန်စဲ နေလိုက်သော်လည်း မရပါ။
ထိုအုပ်စုထဲမှ လူငယ်နှစ်ယောက်က မိမိတို့နားသို့ ရောက်လာပြီး မျက်နှာကို စေ့စေ့ကြည့်ပါသည်။ ဂျိုကြည့် ကြည့်သော်လည်း မိမိတို့ဘက်က ဘာမျှ မတုံ့ပြန်သကဲ့သို့ လွန်စွာကြောက်ရွံ့သည့် ပုံစံလည်း မပြသောအခါမှ စကား အော်ကြီးဟစ်ကျယ် ပြောကာ ဆိုင်ကယ်များ ရှေ့ဘီးထောင်ပြီး ထွက်သွားတော့သည်။ မိမိနှင့် သိကျွမ်းသော ရဲအရာရှိထံသို့ ဖုန်းဆက် အကြောင်းကြားရာ ဆိုင်ကယ်နံပါတ် မှတ်မိလားဟု မေးသဖြင့် ဆိုင်ကယ်များမှာ နံပါတ်တပ်ဆင်ထားခြင်း မရှိပါဟု ဖြေလိုက်ရာ ကျနော် စုံစမ်းပေးပါ့မယ်။ အမှုတော့ ဖွင့်မနေပါနဲ့၊ အလုပ်ရှုပ်ပါတယ် ဟု ပြောပါသည်။ တမင်သက်သက် ရန်စခံရခြင်း ဖြစ်သော်လည်း သြော် … ငါတို့ကိုယ်က ညနက်သန်းခေါင် ကျုံးဘေး လာထိုင်မိလို့ ဒါမျိုးကြုံရတာပါလေဟု တွေးလိုက်ရပါသည်။
ရဲတွေအဖို့လည်း မလွယ်ပါ
ရဲများကိုလည်း တဖက်သတ် အပြစ်မတင်လိုပါ။ မိမိနှင့်ခင်မင်သည့် ရဲဝန်ထမ်းများကို “ဘာဖြစ်လို့ ခင်ဗျားတို့ဆီ အမှုလာဖွင့်ရင် ဖွင့်မပေးချင်ကြတာလဲ” ဟု မေးမြန်းကြည့်ရာ အားလုံးက တညီတညွတ်တည်း ဖြေကြသည်မှာ တရားခံမပေါ်ရင် အထက်က ကြိတ်တာကို မင်းတို့မှ မသိတာတဲ့။ ကိုယ့်စခန်းကနေ အမှုတွဲတွေ တင်တာများရင် အကြိတ်ခံရတယ်။ အမှုမပေါ်သေးရင် ဒီအမှုက ဘာလို့မပေါ်သေးတာလဲ ဆိုပြီး ဖိအားပေးတယ်။ အဲဒီတော့ တော်တော်များများက အမှုဖွင့် မပေးချင်ကြတာ သဘာဝပဲဟု ဖြေကြပါသည်။ အမှုလိုက်ဖို့အတွက် ဘာမှ ပံ့ပိုးထားတာ မရှိဘူးလားဆိုတော့ လုယက်မှုကဲ့သို့သော အမှုများအတွက် ခွင့်ပြုငွေမှာ ၃ သောင်းကျပ်ဖြစ်ပြီး တခြား မည်သည့်ပံ့ပိုးမှုမျှ မရကြောင်း၊ ထို့အပြင် အမှုလိုက်ရာတွင် သုံးသည့် ဆီဖိုးကအစ ကုန်ကျစရိတ်အားလုံးကို ဘောက်ချာဖြင့် အတိအကျ တင်ရကြောင်း၊ ၃ သောင်းထက် ကျော်သွားလျှင် မရကြောင်း ပြည်ကြီးတံခွန်မြို့နယ် အတွင်းမှ အမှုလိုက်ရဲအရာရှိ တဦးက ပြောပါသည်။
“တရားခံဖမ်းရင်း တရားခံက ပြန်ရိုက်ရင်လည်း ကိုယ့်ဖာသာ ခံ၊ တရားခံကို ဖမ်းရာမှာ ကိုယ်က ရိုက်မိလို့ တရားခံတခုခု ဖြစ်သွားခဲ့လို့ ပြဿနာတက်ရင်လည်း ကိုယ်ပဲ ခံ၊ တရားခံဝင်ဖမ်းတုန်း ဘေးက လူတွေက အမြင်ကတ်ပြီး ဖေ့စ်ဘွတ်ပေါ် တင်တာတို့၊ မီဒီယာကနေ ပြောတာတို့ ဖြစ်လာရင်လည်း စခန်းတွင်း စစ်ဆေးခံရသေးတယ်” ဟု ၎င်းကဆိုပါသည်။ ထို့အပြင် ရဲလုပ်ငန်းနှင့် မသက်ဆိုင်သော လုပ်ငန်းများဖြစ်သည့် လူကြီးလမ်းကြောင်း လုံခြုံရေးများ၊ အခမ်းအနားများ၊ အရေးပေါ်ကိစ္စများတွင်လည်း ဝင်ရောက် ဆောင်ရွက်ပေးရသေးသကဲ့သို့ နယ်မြေခံရဲတပ်ဖွဲ့ အင်အားများထဲမှ ရဲတပ်ရင်းအတွက် ဆွဲထုတ်သွားသည့်အတွက် ရဲစခန်းအများစုမှာ ဖွဲ့စည်းပုံ အပြည့်မရှိဘဲ ဖြစ်သလို လုပ်ကိုင်နေရကြောင်း ရင်ဖွင့်ပါသည်။
ပြီးခဲ့သည့်လ ညောင်ဦး၊ ကျောက်ပန်းတောင်းဘက် တောဆင်များနောက် လိုက်ခဲ့စဉ်က လုံခြုံရေး ယူပေးနေရသည့် ရဲဝန်ထမ်းများကို သတိရမိပါသည်။ “ကျုပ်တို့က တောဆင်နောက် တကောက်ကောက် လိုက်နေတုန်း ကိုယ့်နယ်မြေမှာ အမှုအခင်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်၊ အချုပ်ခန်းစောင့်ဖို့နဲ့ ရဲစခန်းစောင့်ဖို့ပဲ လူချန်ပြီး ကျန်တဲ့သူတွေက ဒီဘက်လိုက်လာနေရတာ” ဟု ရဲအရာရှိများ အချင်းချင်း ပြောနေသည်ကိုလည်း ကြားခဲ့ရပါသည်။ ရဲတပ်ဖွဲ့သို့ ဝင်ရောက်သူများ အဘယ့်ကြောင့် နည်းလာသလဲဆိုသည့် အကြောင်းရင်းကို တာဝန်ရှိသူများ အဖြေရှာရန် လိုအပ်လာပြီဖြစ်ပါသည်။
မြင်ချင်ပါသေးသည်
မည်သို့ပင်ဆိုစေ ယခင်လို မန္တလေးမြို့တွင်း စိတ်လက်လုံခြုံစွာ မသွားရဲတော့ပါ။ လူပြတ်သော လမ်းသွယ်များ၊ လမ်းကြားများကို မဆိုထားဘိ၊ လူစည်ကားသော လမ်းမကြီးများပေါ်တွင် ဆိုင်ကယ်စီးရသည်ကိုပင် လုံခြုံသည်ဟု မခံစားမိတော့ပါ။ ကျနော်တို့လို တမြို့လုံးအနှံ့ လျှောက်သွားနေသော ယောကျာ်သား လူရွယ်များပင် ယခုလို ကြောက်စိတ်ဝင်နေပြီဆိုလျှင် မိန်းမသားများအတွက် ဆိုဖွယ်မရှိပါ။ ဖုန်းအလုခံရရုံသာမက သံတုတ်ဖြင့်ပင် အရိုက်ခံခဲ့ရသည့် ဆရာဝန်၏ ဖခင်ဖြစ်သူကတော့ သူ့သားကို ညပိုင်း အပြင်မထွက်ခိုင်းရဲတော့ပါ။ တရားဥပဒေစိုးမိုးမှုရှိမှ လူငယ်သဘာဝ အပြင်ပေးထွက်တော့မယ်ဟု ဆိုပါသည်။ မန္တလေးမြို့သား တယောက်အနေဖြင့်တော့ ညအခါ လမ်းမကြီးများပေါ်တွင် အထောက်အပံ့ပစ္စည်းများ ပြည့်စုံလုံလောက်စွာ ပေးအပ်ထားသော ရဲဝန်ထမ်းများ ယူနီဖောင်းကို စမတ်ကျကျဝတ်ဆင်ကာ အများပြည်သူ လုံခြုံရေးအတွက် တာဝန် ထမ်းဆောင်ပေးနေသည်ကို ဒီတသက်တွင်တော့ မြင်ချင်ပါသေးသည်။ May I Help You ဆိုသည့် ဆောင်ပုဒ်နှင့် လျော်ညီစွာ ပြည်သူများအလိုကျ ကူညီဆောင်ရွက် ပေးနေသည့် အထက်ဖိအားကင်းကာ စားဝတ်နေရေးမပူရဘဲ ပြည်သူ့လုံခြုံရေးအတွက် စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနိုင်မည့် ရဲအရာရှိကြီးများကိုလည်း မြင်ချင်ပါသေးသည်။