သံချေးအလိမ်းလိမ်း တက်နေတဲ့ ကားဟောင်းကြီး တစီး။ ကားကိုယ်ထည် တခုလုံးက သံချေးတွေ အလိမ်းလိမ်းတက်ပြီး တချို့နေရာတွေမှာ ဆွေးနေတယ်။ မှန်တံခါးတွေ ကလည်း မှန်မရှိတော့ဘဲ မှန်ဟောင်းလောင်းနဲ့။ ရှေ့မီးခွက် နှစ်လုံးရဲ့ အဖုံးအကာတွေ မပါတာကြောင့် ကြည့်ရတာ မျက်ကွင်းဟောက်ပက်နဲ့ အဘိုးအိုကြီး တယောက်ကို ကြည့် နေရသလို ပါပဲ။ ကူကယ်ရာ မဲ့နေတယ်။ တချိန်က အသုံးဝင်ချင် ဝင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူရဲ့ဘဝဟာ လုံးဝကို မျှော်လင့်ချက် မရှိ ဖြစ်နေပြီ။ ကားပိုင်ရှင်က သူ့အိမ်မှာ ရှုပ်လို့ ဆိုပြီး သံပိဿာချိန်နဲ့ လာရောင်းထားတာပါ။
အဲဒီလို ပစ်ထားခံရတဲ့ ကားအိုကားဟောင်းတွေ မြန်မာနိုင်ငံအတွင်းမှာ အများကြီး ရှိတယ်။ မြန်မာပြည်ကို အင်္ဂလိပ် တွေ အုပ်ချုပ်ခဲ့တုန်းက စစ်အတွင်း အသုံးပြုခဲ့တဲ့ ဂျစ်ကားတွေရော၊ မြို့ပေါ်မှာ အသုံးပြုကြတဲ့ ဇိမ်ခံကားတွေရော ပေါ့။ ကာလ အနေနဲ့ဆို ၁၉၃၀ နဲ့ ၄၀ ခုနှစ်ဝန်းကျင် လောက်ကပါ။ အဲဒီ အချိန်တွေ တုန်းကတော့ ကားကြီးတွေဟာ အရမ်းကို အသုံးဝင်ခဲ့ကြပြီး အရမ်းကို အရေးပါ အရာရောက်ခဲ့ကြတယ်။ လူအများရဲ့ အရေးတယူပြုမူတာတွေ ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ အဲဒီ ကားဟောင်းတွေဟာ ကူရာမဲ့ဘဝကို ရောက်နေရပါတယ်။
နိုင်ငံခြား တိုင်းပြည်တွေမှာတော့ သူတို့လို အသက်အရွယ် ကြီးရင့်နေတဲ့ ကားကြီးတွေရဲ့ဘဝဟာ အရမ်းကို ကျေနပ်စရာ ကောင်းလှတယ်။ လူတွေက ရှေးဟောင်းကားကြီးတွေ ဆိုပြီး တယုတယ ဖူးဖူးမှုတ်ထားတယ်။ နေရာလည်း အထိုက်အလျောက် ပေးခံရတယ်။ မြန်မာနိုင်ငံမှာတော့ သူတို့လို ကားအဟောင်းကြီးတွေရဲ့ တန်ဖိုးကို လည်း သိသူ နည်းတာရော၊ သူတို့ရဲ့ ဝေယျာဝစ္စ အလုပ်ရှုပ်မှာ စိုးရိမ်ကြတာရောကြောင့် သိသိသာသာ နေရာပေးတာ မခံကြရပါဘူး။ တချို့ ကားတွေဟာ မြေကြီးထဲမှာ၊ ရေထဲမှာ ခန္ဓာကိုယ် တဝက်မြုပ်နဲ့ နေနေကြရတယ်။
၁၉၀၀ ပြည့်နှစ် ဝန်းကျင်လောက် ကတည်းက မြန်မာနိုင်ငံကို ကားတွေ စတင် ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ပြည်တွင်းက ရှေးဟောင်းကားတွေ ဝယ်ရောင်းလုပ်သူ ကိုရှားက ခန့်မှန်းတယ်။ ကိုရှားဟာ တနိုင်ငံလုံး အနှံ့က ရှေးဟောင်းကားတွေကို လိုက်လံစုဆောင်း ဝယ်ယူပြီး ပြန်လည်ပြင်ဆင် ရောင်းချနေသူတွေထဲက တဦးပါ။ ရှေးဟောင်း ကားတွေကို သာမက ရှေးဟောင်း ဆိုင်ကယ်တွေကိုပါ အရောင်းအဝယ် လုပ်ခဲ့တာ အခုဆိုရင် ၁၅ နှစ် နီးပါး ရှိခဲ့ပါပြီ။
ကိုရှား ပြောပုံအရ ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ သယံဇာတတွေ အထွက်များတဲ့ နမ္မတူ ဘော်တွင်းတို့၊ ရေနံချောင်း၊ ချောက်၊ ပြင်ဦးလွင် ၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့လို အင်္ဂလိပ်တွေ အများဆုံး အခြေချခဲ့တဲ့ မြို့တွေမှာ ရှေးဟောင်း ကားတွေ တွေ့ရတတ်တယ် တဲ့။ ပြည်တွင်းက ရှေးသူဌေးတွေ ဟာလည်း ကားတွေ စီးနိုင်ခဲ့ကြလို့ မြို့ကြီးတွေမှာ ဘိုးဘွား စဉ်ဆက်လိုက် ထိန်းသိမ်းထားခဲ့တဲ့ ရှေးဟောင်းကားတွေ ရှိနေတတ် တယ်။
မြန်မာပြည် ကိုလိုနီခေတ် လက်အောက် အချိန်ဟာ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ သူဌေး သူကြွယ်ကြီး တွေဟာ အင်မတန် အလုပ်ဖြစ်ခဲ့ကြလို့ အဲဒီ ကာလတွေ အတွင်းမှာ တံဆိပ်အမျိုးမျိုးနဲ့ တံခါး နှစ်ပေါက်ထိုး၊ လေးပေါက်ထိုးနဲ့ စပုတ်တံဘီးတွေ ပါတဲ့ ရှေးဟောင်း ဇိမ်ခံကားတွေကို ဝယ်ယူ စီးနင်းနိုင်ခဲ့ကြတာပါ။
အင်္ဂလိပ်တွေ အုပ်ချုပ်စဉ် ကာလတလျှောက် မြန်မာနိုင်ငံအတွင်းကို စစ်သုံး ဂျစ်ကားတွေ အများဆုံး တင်ပို့ခဲ့ကြတာ ကြောင့် အတွေ့ရ အများဆုံးကတော့ ဂျစ်ကားတွေ ဖြစ်ပေမယ့် တခြားကား အမျိုးအစားတွေလည်း တွေ့ရတယ်။ အမေရိကန် နိုင်ငံထုတ် ဖို့ထ် (FORD) ဂျစ်ကားတွေ၊ အင်္ဂလန်နိုင်ငံထုတ် FORD ကားတွေ၊ မြန်မာလို ချက်ဘလက်လို့ အလွယ် ခေါ်ကြတဲ့ Chevrolet တံဆိပ်ကားတွေ၊ မားစီဒီးကားတွေ၊ ဗောက်ဆဲ (Volkshall) ကားတွေ၊ ဗောက်စ်ဝက်ဂွန် ကားတွေ၊ အော်စတင် ကားတွေ စသဖြင့် အစုံစုံပါပဲ။ စစ်အတွင်းသုံး ရှေးဟောင်း ဆိုင်ကယ်တွေကိုလည်း တော်တော် များများ တွေ့ရတယ်။
“အာရှတိုက်မှာ ဘယ်နိုင်ငံကမှ မသုံးနိုင်ခဲ့တဲ့ ကားတွေ၊ ဆိုင်ကယ်တွေ မြန်မာနိုင်ငံအတွင်းမှာ အများကြီး ရှိခဲ့တယ်။ အဲဒါတွေက မရှိဘူးဆိုရင်တောင် နှစ်ပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်လောက် ရှိနေကြပြီ” လို့ ကိုရှားက ပြောတယ်။
ရှေးဟောင်း ကားတွေ၊ ဆိုင်ကယ်တွေကို ဝယ်ဖို့ မြို့တိုင်းမှာ စပိုင်လိုလို သတင်းပေးလိုလို လူတွေ အများကြီး ရှိနေဖို့ လိုအပ်တယ်။ သူတို့ တတွေက ကားဟောင်း တစီး တွေ့တာနဲ့ ကိုရှားကို လှမ်းပြီး ဆက်သွယ်တယ်။ အများဆုံး ကတော့ သုံးမရလို့ ချောင်ထိုးထားတဲ့ ဟာတွေ ပေါ့။ ကားဖြစ်ဖြစ်၊ ဆိုင်ကယ်ဖြစ်ဖြစ် ကြည့်မယ် ဆိုရင် ပထမဆုံး အနေနဲ့ မူရင်း စက်ပစ္စည်းအစုံ ပါမပါကို ကြည့်ရတယ်။ ပစ္စည်းအစုံ မပါတဲ့ ယာဉ်အိုယာဉ်ဟောင်းတွေ ဆိုရင် ကိုရှား ဒုက္ခရောက်ပြီ။ အထူးသဖြင့် ကားတွေရဲ့ ရှေ့ပိုင်းဘော်ဒီ အကွေးအကောက်တွေ ပါမလာခဲ့ရင်ပေါ့။ မူရင်းပုံစံ သိရင်တောင်မှ လိုက်တုလုပ်ဖို့ အင်မတန်ခက်ခဲတယ်လို့ ကိုရှားက သူ့အတွေ့အကြုံတွေကို ပြန်ပြောပြတယ်။
“ဟိုတုန်း ကတည်းက စက်တွေနဲ့ ဖိပြီး လုပ်ခဲ့တဲ့ ဒီဇိုင်းတွေကို ဘယ်လိုမှ ထပ်တူလိုက်လုပ်ဖို့ မဖြစ်နိုင်ဘူး။ တံစဉ်နဲ့ရော၊ တူနဲ့ရော ဘာနဲ့မှကို လိုက်လုပ်လို့ မရဘူး။ လက်ရာအနုစိတ်က တော်တော်ကို ကောင်းလွန်းတာ” လို့ သူက ဆိုတယ်။
အဲဒီလို ယာဉ်ဟောင်းတွေကို ဝယ်တဲ့အခါမှာ သိန်းလေးငါးဆယ်သာ ပေးရတယ် ဆိုပေမယ့် သူတို့ကို မောင်းလို့ရတဲ့ အခြေအနေအထိ ပြန်သမယ် ဆိုရင် ဝယ်ရတဲ့မူရင်းဈေးရဲ့ နှစ်ဆလောက်ကို ထပ်ကုန်ကျပါတယ်။ အချိန်ကလည်း သုံးလကနေ ငါးလလောက် အထိ ဝပ်ရှော့ဆရာတွေကို အချိန်ပေးရပါတယ်။ ဒါတွေ အားလုံး အပြီးအစီး ပြီးသွားရင် တော့ ရှေးဟောင်းကား တစီးရဲ့ တန်ဖိုးဟာ ငွေကျပ် သိန်းရာချီ တန်သွားပါပြီ။ တချို့ကားတွေ ဆိုရင် အချိန်ကာလ အရ ကျပ်သိန်း ထောင်ဂဏန်း အထိကို ပေါက်ဈေး ရှိတယ်။
ကားတွေကို စိတ်ဝင်စားပြီး ဝယ်တဲ့သူတွေကတော့ ပြည်တွင်းကထက်၊ ပြည်ပက ပိုများလှပါတယ်။ ပြည်တွင်းမှာ ဆိုရင် ဟိုတယ်တွေ၊ စားသောက်ဆိုင် အကြီးစားတွေကသာ အလှဆင်ဖို့ စိတ်ဝင်စားပြီး ဝယ်ယူကြတာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ ရှေးဟောင်းကားတွေကို တယုတယ စုဆောင်းလိုသူက အရေအတွက် တော်တော် နည်းလှတယ်။ ဒါပေမယ့် အဲဒီလို စုဆောင်းသူတွေကလည်း ရှေးဟောင်း ကားတွေကို အရမ်း ချစ်မြတ်နိုးသူတွေချည်း ပါပဲ။ ရန်ကုန်မြို့ က ရှေးဟောင်းကား ချစ်မြတ်နိုးသူ တဦးဆိုရင် သူတဦးတည်းနဲ့ ကားအစီးရေ (၇၀) လောက်အထိကို စုဆောင်းထား တာပါတဲ့။ တချို့ ရှေးဟောင်းကား ချစ်မြတ်နိုးသူတွေဟာ သူတို့ရဲ့ ကားကို ငွေကြေးဘယ်လောက် ပေးဝယ်ဝယ် မရောင်းကြ ပါဘူး။
မန္တလေးမြို့က ဆရာဝန်ကြီး ဒေါက်တာဦးဖေသိန်း ဆိုရင်လည်း ၁၉၂၃ က ထုတ်တဲ့ သူ့ရဲ့ အော်စတင် ဘေဘီဆဲဗင်း (Austin Baby 7) ဆိုတဲ့ စပုတ်တံ ကားဟောင်းလေးကို အခုချိန်ထိ တယုတယ သိမ်းထားတယ်။ သူ့ကားလေး ကတော့ မြန်မာပြည် မှာတင် နာမည်ကျော်တာ မဟုတ်ပါဘူး။ နိုင်ငံခြားကနေတောင် လာပြီးဝယ်ဖို့ စီစဉ်ကြရတဲ့ အထိ နာမည်ကြီးလှ ပါတယ်။ နိုင်ငံခြားသားတွေ ပြောကြပုံအရဆိုရင် ဒေါက်တာဦးဖေသိန်းရဲ့ အော်စတင် ကားလေးဟာ အရှေ့တောင် အာရှမှာတောင် တစီးတည်း ကျန်တော့တယ်လို့ သိရတယ်။ နိုင်ငံခြားသားတွေဟာ အမေရိကန်ဒေါ်လာ သောင်းချီပေး ဝယ်ကြတယ်။ ကားလေးနဲ့ ဒေါက်တာဖေသိန်းတို့ မိသားစုရဲ့အတူတူ ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း လေးဆယ် သက်တမ်းဟာ မနည်းလှတဲ့ အတွက် သံယောဇဉ်တွေလည်း ဖြစ်နေပြီမို့ ငွေကြေးပမာဏ ဘယ်လောက် ပေးပေး မရောင်းဖို့ ဆုံးဖြတ်ထားကြတယ်။
ဗိုလ်ချုပ်အောင်ဆန်း မန္တလေးမြို့ဝန်းကျင် လှည့်လည်ပြီး လူထုဟောပြောပွဲတွေ လုပ်ခဲ့စဉ်က စီးခဲ့တဲ့ FORD တံဆိပ် ကားကြီးကို အခုချိန်အထိ ထိန်းသိမ်းထားသူ တဦးလည်း မန္တလေးမြို့မှာ ရှိနေသေးတယ်။ ကားကတော့ အင်္ဂလန် နိုင်ငံကနေ ၁၉၃၉ ခုနှစ်က ထုတ်တဲ့ ကားဖြစ်ပြီး တံခါးလေးပေါက် ပါပါတယ်။ ကားထဲမှာ စာရေးနိုင်တဲ့ စားပွဲပါတဲ့ အပြင် အမိုးဖွင့်ပြီး ဟောပြောနိုင်တဲ့ ကားခေါင်မိုး အရှင်လည်း ပါပါတယ်။ အခုခေတ်အရဆို ပရာဒိုတို့၊ ဆာဖ့်တို့လို ကားကြီး မျိုးတွေ ပေါ့။
ဒီကားရဲ့ မူရင်းပိုင်ရှင်ကတော့ ကျောက်မဲက ရှမ်းစော်ဘွား တဦးဖြစ်ပြီး တတိယမြောက် ပိုင်ရှင်အဖြစ်နဲ့ ကိုမင်းမင်းက ဝယ်ယူခဲ့တာ ပါ။ ကိုမင်းမင်းက ကားဟောင်းတွေကို စုဆောင်းရတာ ဝါသနာပါသူ တဦးဖြစ်ပြီး သူစုဆောင်းလာတာ နှစ်ပေါင်း ၂၅ နှစ်လောက် ရှိပါပြီ။ ဒီကားကို ဝယ်ချင်လို့ ဆိုပြီး မကြာခဏ လာမေးကြပေမယ့်လည်း သူ့အသက် သေတဲ့ အထိ ပြန်ရောင်း ထုတ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
နောက်ထပ် မန္တလေးမြို့က ရှေးဟောင်းကား ပိုင်ရှင်တဦးဆိုရင် သူ့ရဲ့မာစီဒီးကားကို တခြားသူတွေ လာကြည့်တာကို သဘောကျလေ့ မရှိဘဲ နှင်ထုတ်တတ်တယ်။
တချို့ ပိုင်ရှင်တွေက ဘယ်လောက်ပဲ သူတို့ ကားတွေအပေါ် ချစ်မြတ်နိုးပါစေ၊ သံယောဇဉ်ရှိပါစေ အရမ်းကို အရေးကြုံပြီး ငွေလိုအပ်လာရင်တော့ မဖြစ်မနေ ရောင်းချပစ်ကြရတယ်။ ဒီလို ရောင်းတဲ့ အခါမှာလည်း ရောင်းချတဲ့ ပုံစံက နှစ်မျိုးနှစ်စား ရှိတယ်။ ကိုယ့်ကားကို တခြားသူ သိမ်းတာ မမြင်ချင်တော့လို့ သံယောဇဉ် လုံးဝအပြတ် ဆိုပြီး နိုင်ငံခြားကို ရောင်းတဲ့သူရှိသလို မြန်မာနိုင်ငံမှာပဲ ကားဟောင်းကို ဆက်လက် ရှိနေစေချင်လို့ ကိုယ့်ပြည်တွင်းက ဝယ်သူကိုပဲ ပြန်ရောင်းသူ ဆိုပြီး ရှိနေပါတယ်။
ဒါပေမယ့် အဲဒီလို ရှေးဟောင်း ကားတွေကို အမှန်တကယ် ရူုးုရူးမူးမူး ချစ်မြတ်နိုးပြီး စုဆောင်းသူတွေဟာ မြန်မာပြည်တွင်း မှာဆို လက်ချိုးရေလို့ ရလောက်အောင် နည်းပါးပါတယ်။ တကယ်တမ်း ကိုရှားတို့ အများဆုံး ရောင်းချရတာ ကတော့ တရုတ်ပြည်ဘက် ကိုပဲ ဖြစ်ပါတယ်။
မြစ်ကြီးနား ဘက်မှာဆို လိုင်ဇာထွက်ပေါက်၊ ရှမ်းပြည်ဘက် အခြမ်းဆို ရွှေလီထွက်ပေါက်တွေ ကနေတဆင့် တရုတ်ပြည် ဘက်ကို တင်ပို့ ရောင်းချနေကြတာ ပါ။ ကိုရှား ဝယ်ရောင်းလုပ်လာခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်းမှာ ရှေးဟောင်းကား အစီးရေပေါင်း ကိုးဆယ်ကျော် တရာနီးပါး ရောင်းချပေးခဲ့ပြီး ပါပြီ။ တရုတ်ပြည်ဘက်မှာတော့ ဘယ်လို နေရာမှာ ပြန်သုံးမလဲ၊ အလှ သိမ်းထားမှာလား ဆိုတာတွေကို ကိုရှား သေချာ မသိရပေမယ့် ကားတွေကို ဈေးကောင်း ပေးဝယ်နေတဲ့ အတွက် လုပ်ရကိုင်ရ အဆင်ပြေနေတယ်။ ရှေးဟောင်းဆိုင်ကယ် အဟောင်းကြီး တွေကိုတော့ ထိုင်းနိုင်ငံဘက်က အများဆုံး ဝယ်တယ်။ တာချီလိတ်ဘက်ကို သွားရောင်းရတယ်။ ဆိုင်ကယ်တွေ ရောင်းတဲ့ အခါမှာတော့ ငါးစီးတတွဲ ဆယ်စီး တတွဲ ရောင်းရတာပေါ့။
ဒီလိုမျိုး တရုတ်ပြည်ဘက်ကနေ ကားဟောင်းတွေ အကြိုက်တွေ့ပြီး ဝယ်ယူလာကြ တာကြောင့် တရုတ်နယ်စပ် ထွက်ပေါက်နဲ့ လမ်းသင့်နေတဲ့ မန္တလေးမြို့မှာ ကိုရှားလို ရှေးဟောင်းကား အရောင်းအဝယ် လုပ်သူတွေ တနေ့တခြား မှိုလိုပေါက် ပေါများလာနေပါတယ်။ ဒီနေ့အချိန်မှာ မန္တလေးမြို့တွင်း ရှေးဟောင်းကား ဝယ်ရောင်းလုပ်သူ အယောက် သုံးဆယ် ဝန်းကျင်လောက် ရှိနေပါပြီ။
ရှေးဟောင်းကား ဝယ်ရောင်း လုပ်သူတွေ၊ တရုတ် ကုန်သည်တွေနဲ့ ချိတ်ဆက်ပြီး ရှေးဟောင်းကား ပွဲစားလုပ်သူတွေ ဟာ တနေ့ထက်တနေ့ များများလာပေမယ့်လည်း မြန်မာပြည်တွင်းမှာ ရှေးဟောင်းကားတွေဟာ တနေ့တခြား အရမ်း ရှားပါးလာနေပါပြီ။ ပျောက်ကွယ်စ ပြုနေပါပြီ။
ပျောက်ကွယ်ရတဲ့ အကြောင်းတွေထဲမှာ ကားတွေကို တန်ဖိုးထားရ ကောင်းမှန်း မသိတာကြောင့်လည်း ပါသလို၊ ကားဟောင်းတွေကို သံရည်ကြိုစက် ပို့တဲ့ စနစ်ကြောင့်လည်း ပါတယ် လို့ မန္တလေးမြို့ပေါ်က ရှေးဟောင်းကား ချစ်မြတ်နိုးသူ တချို့က ဆိုကြတယ်။
အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ ကားဟောင်းတွေကို အပ်ရင် ကားသစ်သွင်းလို့ ရမယ့် စလစ် စနစ်ကြောင့် ကားဟောင်းတွေ အများကြီး ပျောက်ကွယ်သွား ခဲ့ရတယ်။ တကယ့်ကို နာမည်ကျော် ကားတံဆိပ်တွေ အသုံးပြုလို့ ရဆဲ ကားကောင်းတွေ ပါသွားခဲ့တယ်။
အခုချိန်မှာ ကားဟောင်းတွေ ရှာပြီဆိုရင်ကို အလွယ်တကူ မတွေ့နိုင်တော့တဲ့ အနေအထားတွေ ဖြစ်နေပါပြီ။ ရှေးဟောင်း ကားတွေကို အရူးအမူး ချစ်မြတ်နိုးတဲ့ တနိုင်တပိုင် ကားဟောင်း စုဆောင်းသူတွေသာ မရှိခဲ့ရင် အခုချိန် မြန်မာပြည် တွင်းမှာ အဲဒီလို ကားတွေ တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။
အိမ်နီးချင်း နိုင်ငံတွေက လတ်တလောမှာ အလုံးအရင်းနဲ့ ဈေးကောင်းပေး ဝယ်နေကြတာကြောင့် တချိန်က ပြည်တွင်း မှာ အသုံးပြုခဲ့ကြတဲ့ ရှေးဟောင်း ကားကြီးတွေဟာ မကြာခင် အချိန်အတောအတွင်းမှာ မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ပျောက်ကွယ် သွားတော့မယ် ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ။