လူသိများသည့် နာမည်ခွဲ ၂၄ မျိုးရှိသော စတီဗင်လော (Steven Law) က သီးခြား နေတတ်သူတဦး ဖြစ်သည်။
ဝီကီလိခ်မှ ပေါက်ကြားခဲ့သည့် အမေရိကန် သံတမန်ကြေးနန်း သတင်းများတွင် သူ့ကို မြန်မာနိုင်ငံ ယခင်စစ်အစိုးရ၏ ထိပ်တန်း ခရိုနီတဦးအဖြစ် ဖော်ပြထားသည်။ Asia World အမည်ရှိ ကုမ္ပဏီ လုပ်ငန်းစုကြီးတခုကို စတီဗင်လောက ဦးဆောင် လုပ်ကိုင်နေပြီး အမေရိကန်နှင့် မြန်မာတို့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာခဲ့သည့်တိုင် အမေရိကန် အစိုးရက သူ့ကို အထူးကန့်သတ်ထားသည့် နိုင်ငံသားများစာရင်း (နာမည်ပျက်စာရင်း) တွင် ထည့်သွင်းထားဆဲ ဖြစ်သည်။ မူးယစ်ဘုရင်တဦး အဖြစ် သံသယ ရှိကြသည့် သူ၏ဖခင် လော်စစ်ဟန်ကို အမေရိကန် တာဝန်ရှိသူများက “ဘိန်းဖြူ၏ ခေါင်းကိုင်ဖခင်” အဖြစ် သိထားကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး အစိုးရက Asia World ကုမ္ပဏီကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ရေး အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ဝ နီးပါးမျှ တန်ဖိုးရှိသည့် ကန်ထရိုက် ချပေးသည့် အခါ အံ့အားသင့်စရာ တခု ဖြစ်ခဲ့ရသည်။ အဆိုပါကန်ထရိုက်သည် တချိန်က အထီးကျန်နေခဲ့သည့် မြန်မာနိုင်ငံက အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် လိုချင်သူ အများဆုံး လုပ်ပိုင်ခွင့်များထဲမှ တခုလည်း ဖြစ်သည်။
မြန်မာအစိုးရက ငှားရမ်းထားသော အတိုင်ပင်ခံကုမ္ပဏီက ဂျပန်နိုင်ငံမှ တိုယိုတာ ဆုရှို (Toyota Tsusho) ကော်ပိုရေးရှင်း ဦးဆောင်သည့် ကုမ္ပဏီလုပ်ငန်းစု တခုကို အမှတ်အမြင့်ဆုံး ပေးခဲ့သော်လည်း အစိုးရအဖွဲ့က စတီဗင်လောကို လုပ်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု အစိုးရအရာရှိများက ပြောသည်။
လုပ်ခွင့် မရခဲ့သည့် အဖွဲ့များထဲတွင် Boeing ကုမ္ပဏီနှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကာ့ဒ် ကမ်းဘဲလ် (Kurt Camp-bell) ဦးဆောင်သည့် Asia Group တို့ ပါဝင်သည်။ ကာ့ဒ် ကမ်းဘဲလ်သည် အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည် စတင်ရေး မူဝါဒဖော်ဆောင်ရာတွင် ပါဝင်ခဲ့သူတဦး ဖြစ်သည်။
သို့သော်လည်း လက်ရှိ ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲနေသော Asia World ကုမ္ပဏီကို ရွေးချယ်ရခြင်းမှာ ၎င်းတို့က နိုင်ငံခြားမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီများကဲ့သို့ မဟုတ်ဘဲ ကန်ထရိုက် လက်မှတ် မရေးထိုးမီကတည်းက စီမံကိန်း အတွက် ငွေကြေးသုံးစွဲရန် ဆန္ဒရှိနေခဲ့၍ ဖြစ်သည်ဟု မြန်မာတာဝန်ရှိသူများက ပြောကြသည်။
စတီဗင်လောက သူနှင့် စကားပြောရန် အချိန် မဟုတ်ဟု ပြောကြောင်း သူ၏ ကိုယ်စားလှယ်တဦးက ပြောသည်။ အီးမေးလ်မှ တဆင့် ပြန်လည်ဖြေကြားရာတွင် Asia World မှ တာဝန်ရှိသူတဦးက ၎င်းတို့ ကုမ္ပဏီသည် ယခင် စစ်အစိုးရနှင့် လက်ရှိ အစိုးရတို့ထံမှ မည်သည့် အထူးအခွင့်အရေးမျှ ရရှိခြင်း မရှိကြောင်းနှင့် တိုင်းပြည်၏ ဥပဒေများ အတိုင်းသာ လိုက်နာဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
Asia World တာဝန်ရှိသူများက ပိုမိုပွင့်လင်းသည့် ယနေ့ခေတ် စီးပွားရေးကို ကြိုဆိုကြောင်းနှင့် ထိုကဲ့သို့သော အခြေအနေ မျိုးတွင် အပြည့်အဝ ယှဉ် ပြိုင်နိုင်မည်ဟု ယုံကြည်ထားကြောင်းလည်း သူက ပြောသည်။
အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ စတင်ဖယ်ရှားခဲ့သည့် ၂၀၁၂ ခုနှစ် နောက်ပိုင်း နှစ်များအတွင်းတွင် အမေရိကန် အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲတွင် ပါဝင်နေဆဲဖြစ်သည့် စီးပွားရေး လုပ်ငန်းများ အောင်မြင်ခဲ့ကြပြီး မြန်မာ့စီးပွားရေး၏ တချို့အစိတ်အပိုင်းများတွင် သူတို့၏ ထိန်းချုပ်မှုကို တိုးမြှင့်နိုင် ခဲ့ကြောင်း Wall Street Journal က တွေ့ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ တာဝန်ယူခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း အမေရိကန် အစိုးရက အမေရိကန် နိုင်ငံသားများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စတင် ခွင့်ပြုခဲ့သော်လည်း ဘဏ္ဍာရေး ဝန်ကြီးဌာနက အထူး ကန့်သတ်ထားသည့် နိုင်ငံသားများ စာရင်းသွင်း၍ ဆက်လက် ထိန်းချုပ်ထားသူ ဒါဇင်အနည်းငယ်ခန့် ကျန်နေခဲ့ သည်။
အမေရိကန် နိုင်ငံသားများနှင့် စီးပွားရေး လုပ်ငန်းများက စတီဗင်လော ကဲ့သို့သော လုပ်ငန်းရှင်များနှင့် ၎င်းတို့၏ ကုမ္ပဏီ လုပ်ငန်းခွဲများနှင့် လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ခြင်းမှာ အဆိုပါ စာရင်းဝင် လုပ်ငန်းရှင်များသည် တရားမဝင် လုပ်ငန်းများမှ အကျိုးအမြတ် ရရှိခဲ့ခြင်း သို့မဟုတ် ယခင် စစ်အစိုးရနှင့် ဆက်နွှယ်ပတ်သက်မှု ရှိခြင်းနှင့် လူ့အခွင့် အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ရှိနေခြင်း တို့ကြောင့် ဖြစ်သည် ဟု အမေရိကန် တာဝန်ရှိသူများက ပြောသည်။
အကယ်၍ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လမ်းစဉ်အတိုင်း လိုက်နာခြင်း မရှိပါက ဒဏ်ခတ် အရေးယူမှုများကို ဆက်လက် ထားရှိခြင်း အားဖြင့် ပိုမိုတွန်းအား ပေးနိုင်လိမ့်မည်ဟု အမေရိကန် ခေါင်းဆောင် အများအပြားက ယုံကြည်ခဲ့ကြသည်။ စီးပွားရေး လုပ်ငန်း လုပ်ကိုင်မှု အလေ့အထများ ပိုမိုပွင့်လင်း မြင်သာမှု ရှိရေး အတွက် အားပေးနိုင်ပြီး မြန်မာကုမ္ပဏီများက အနောက်တိုင်း ကုမ္ပဏီများနှင့် ပိုမို ယှဉ်ပြိုင်နိုင်ရေး ကိုလည်း အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်သည်။
သို့သော်လည်း မြန်မာအစိုးရက ဘဏ်လုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်း ကဲ့သို့သော လုပ်ငန်းကဏ္ဍ အများအပြားကို ဆက်လက် ထိန်းချုပ်ထားခဲ့သဖြင့် အမေရိကန် ကုမ္ပဏီများမှာ ယှဉ်ပြိုင်ရန် ခက်ခဲခဲ့ ရပြီး ဒဏ်ခတ်အရေးယူမှု စာရင်းဝင် ကုမ္ပဏီများ ဆက်လက် ရပ်တည်နိုင်ရန် လွယ်ကူသွားခဲ့ရသည်။
ထိုအချိန်တွင် တိုင်းပြည် အတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာသည်နှင့် အမျှ အမေရိကန်အစိုးရ၏ အရေးယူ ပိတ်ဆို့မှု စာရင်းဝင် လုပ်ငန်းရှင်များ သို့မဟုတ် စစ်တပ်က လွှမ်းမိုးထားသည့် စီးပွားရေး လုပ်ငန်းများသည် ပိုမို အောင်မြင်ခဲ့ကြပြီး စီးပွားရေးတိုးတက်မှုက ၂၀၁၁ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သည်။
အရေးယူ ပိတ်ဆို့မှု စာရင်းဝင် စစ်တပ်ပိုင် လုပ်ငန်းကြီး ၂ ခုဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့က မြန်မာနိုင်ငံမှ မြေများ၊ စက်ရုံများနှင့် သွင်းကုန်လိုင်စင် အများစုကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည်။ တချို့ နေရာများတွင် သူတို့၏ ပိုင်ဆိုင်မှုကို တိုးမြှင့်နိုင်ခဲ့သည်။
ပြီးခဲ့သည့် နှစ်တွင် ဦးပိုင် ကုမ္ပဏီက စင်ကာပူမှ Fraser & Neave Ltd မှပိုင်ဆိုင်သည့် အစုရှယ်ယာ ၅၅ ရာခိုင်နှုန်း အတွက် အမေရိကန်ဒေါ်လာ သန်း ၅၆၀ ပေး၍ မြန်မာနိုင်ငံတွင် အကြီးဆုံး ဘီယာလုပ်ငန်းဖြစ်သည့် Myanmar Brewery ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။ စစ်တပ်နှင့် ၎င်း၏ စီးပွားဘက်များက မြန်မာနိုင်ငံမှ ကျောက်စိမ်းတွင်း များ အားလုံးကို ပိုင်ဆိုင်ထားပြီး၊ သို့မဟုတ် ထိန်းချုပ်ထားပြီး၊ ပြီးခဲ့သည့်နှစ် အတွင်းတွင် အရောင်းပမာဏ ၃၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့၍ အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံအထိ ဝင်ငွေရရှိခဲ့သည် ဟု ဆိုသည်။ မှတ်ချက်ပေးရန် ဦးပိုင်ကုမ္ပဏီသို့ မေတ္တာရပ်ခံခဲ့သော်လည်း တုံ့ပြန်ခဲ့ခြင်း မရှိပါ။
အရေးယူ ပိတ်ဆို့မှု စာရင်းဝင် တခြားကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များသည်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။ အရေးယူ ပိတ်ဆို့မှု စာရင်းဝင် စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သည့် ဦးဇော်ဇော် ပိုင်ဆိုင်သည့် Max Myanmar ကုမ္ပဏီသည် ၎င်း၏ ဘဏ်ကို လျင်လျင်မြန်မြန် တိုးချဲ့နိုင်ခဲ့ပြီး ဟိုတယ်သစ်များ တည်ဆောက်ရန် ပြင်သစ်နိုင်ငံမှ Accor Group နှင့် သဘောတူညီမှုများ ပြုလုပ်နိုင်ခဲ့သည်။ လတ်တလော ပြုလုပ်ခဲ့သည့် အင်တာဗျူးတခုတွင် ဦးဇော်ဇော်က သူ့အနေဖြင့် မည်သည့် အမှားအယွင်းမျှ မပြုလုပ်ခဲ့ကြောင်းနှင့် သူ့အပေါ် အရေးယူပိတ်ဆို့မှုများ ရှိနေသော်လည်း သူ၏ လုပ်ငန်း အောင်မြင် တိုးတက်လာရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
အရေးယူ ပိတ်ဆို့မှု စာရင်းဝင် နောက်ထပ် လုပ်ငန်းရှင် ဦးခင်ရွှေကလည်း စက်မှုဇုန်တခုကို တိုးချဲ့နေခဲ့သည်။ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများက မျှတမှု မရှိကြောင်းနှင့် စာရင်းမှ ပယ်ဖျက်ပေးနိုင်ရေး အတွက် အမေရိကန် ဘဏ္ဍာရေးဌာန၏ လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်နေကြောင်း သူက ပြောသည်။
သစ်ထုတ်လုပ်ခြင်းနှင့် လက်နက် အရောင်းအဝယ် ပြုလုပ်ခြင်း တို့ကြောင့် ချမ်းသာကြွယ်ဝလာခဲ့ပြီးနောက် အရေးယူ ပိတ်ဆို့မှု စာရင်းဝင် ဖြစ်ခဲ့သော ဦးတေဇ ပိုင်ဆိုင်သည့် ဟိုတယ်များကလည်း တိုးတက်လာနေသည်။ ၂၀၁၀ ပြည့်နှစ် က မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဦးရေ ၇၉၂၀ဝ၀ လာရောက်ခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၃ သန်းအထိ တိုးလာခြင်း ကြောင့် ဖြစ်သည်။ သူ့ကို ရန်ကုန်မြို့တွင် Bugatti Veyron ပြိုင်ကားဖြင့် တွေ့နိုင်ပြီး သူ၏ အိမ်တွင်လည်း ရှားပါး တိရစ္ဆာန်များကို မွေးမြူထားသည် ဟု သိရသည်။ အရေးယူ ပိတ်ဆို့မှုများက သူနှင့် သူ၏ ကုမ္ပဏီမှ ထောင်နှင့်ချီသော ဝန်ထမ်းများကို ထိခိုက် နစ်နာစေခဲ့သည်ဟု ဦးတေဇက သတင်းဌာနများသို့ ပြောကြားခဲ့ဖူးသည်။
“အခုလက်ရှိ အစိုးရ လက်အောက်မှာ ခရိုနီတွေ အခြေအနေ ပိုကောင်းလာခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေလို့ ဖြစ်ပါတယ်” ဟု အနောက်တိုင်း ဒီမိုကရေစီစနစ်ကို ကာလရှည်ကြာစွာ ထောက်ခံခဲ့သူ တဦးက ပြောသည်။
သို့သော်လည်း ခရိုနီများ ဆက်လက် အောင်မြင်နေခြင်းက စိတ်ပျက်စရာ ဖြစ်သည်ဟု ဩစတြေးလျနိုင်ငံ မက်ကွာရေး (Macquarie) တက္ကသိုလ်မှ စီးပွားရေး တွဲဖက်ပါမောက္ခ ရှောင်တာနဲလ် (Sean Turnell) က ပြောသည်။ အစိုးရက ပိုမို၍ ယှဉ်ပြိုင်မှု ရှိသည့် စီးပွားရေးဈေးကွက် ဖြစ်လာစေမည့် အခွင့်အရေးများကို ဖြုန်းတီးပစ်ခဲ့သည်ဟု သူက ဆိုသည်။
အရေးယူ ပိတ်ဆို့မှု စာရင်းဝင် ပုဂ္ဂိုလ်များက အရေးပါသူများ အဖြစ် ဆက်ရှိနေဖွယ်ရာ ရှိသည်ကို အမေရိကန် အစိုးရက သိရှိကြောင်း သို့သော်လည်း တာဝန်ယူတတ်သော စီးပွားရေး လုပ်ငန်းများ ဖြစ်လာစေရေး မျှော်လင့်ချက် ဖြင့် ဆက်လက် ဖိအားပေး သွားမည် ဖြစ်ကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွမ် မာလင်နောင်းစကီး (Tom Malinowski) က ပြောသည်။
လူပုဂ္ဂိုလ်အချို့ကို အရေးယူ ပိတ်ဆို့မှု စာရင်းမှ ပယ်ဖျက်ရန် အမေရိကန်အစိုးရက ဆန္ဒရှိနေသည် ဟု သူက ဆိုသည်။ သို့သော်လည်း အများစုအတွက် ၎င်းတို့၏ အတိတ်က အပြုအမူများကို ဖော်ထုတ်ပြရန် အတွက် အခက်အခဲ ရှိလိမ့်မည် ဟု သူက ယုံကြည်ထားသည်။
စီးပွားရေး ကိစ္စများကို တာဝန်ယူ ဆောင်ရွက်နေသော သမ္မတရုံး ဝန်ကြီး ဦးစိုးသိမ်းက အမေရိကန်၏ အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ပါဝင်နေရုံမျှဖြင့် စီးပွားရေး လုပ်ငန်းရှင်များကို တားဆီးရန် မဖြစ်နိုင်ကြောင်း ပြောသည်။ အများစုမှာ မြန်မာနိုင်ငံကို အနောက်တိုင်းက ရှောင်ကြဉ်ထားသည့် အချိန်ကတည်းက မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ တည်ဆောက်မှုများထဲတွင် အရေးပါခဲ့ကြသူများ ဖြစ်သည်ဟု သူက ဆိုသည်။
“ကျနော်တို့က သူတို့ကို ဖယ်ထုတ်လို့၊ ဒါမှမဟုတ် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူလို့လည်း မရပါဘူး။ သူတို့က ကျနော်တို့ နိုင်ငံသားတွေပါ” ဟု ဦးစိုးသိမ်းက ပြောသည်။ ။
(Wall Street Journal တွင် ဖော်ပြထားသော Shibani Mahtani နှင့် Richard C. Paddock တို့၏ ‘Cronies’ of Former Myanmar Regime Thrive Despite U.S. Blacklist ကို ဘာသာပြန်ဆိုသည်။)