ဤဆိုင်ကလေးတွင် ဈေးရောင်းသူမရှိပါ။ ဆိုင်ပေါ်တွင် ခင်းကျင်းထားသည့် စာအုပ်၊ ခဲတံ၊ ပေတံစသည့် စာရေးကိရိယာ အသီးသီးအပေါ်၌ ဈေးနှုန်းများကပ်ထားပြီး ငွေသိမ်းသည့် အစိမ်းရောင်ခြင်းကလေးတခုကို ဆိုင်ခုံပေါ်တွင် ဟောင်းလောင်း ဖွင့်ထားသည်။
ကျောင်းသား၊ ကျောင်းသူများက သူတို့လိုချင်သည့်ပစ္စည်းကို ယူပြီး ကျသင့်ငွေကို ငွေသိမ်းသည့်ခြင်းထဲသို့ ထည့်ပေးရန် သာဖြစ်သည်။ ထိုသို့ ထူးဆန်းသည့် ဈေးဆိုင်ကလေးကို ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်၊ ဇေယျဝတီ – ၁ လမ်း ရှိ ပညာ ပါရမီ အခမဲ့ပညာဒါနကျောင်း၌ ဆရာဦးကျော်နန္ဒက ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
“ဒီဆိုင်လေး တည်ထားပေးတာ အရမ်းကောင်းတယ်။ သားတို့ကျောင်းသားတွေက ကိုယ်လိုချင်တဲ့ ပစ္စည်းကိုယူတယ်။ ပြီးရင် ကျသင့်ငွေကို ငွေသိမ်းတဲ့ခြင်းထဲကို ထည့်ပေးလိုက်တယ်။ အဲတော့ ဝယ်ရတာ အရမ်းအဆင်ပြေတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာတယ်” ဟု ပညာပါရမီကျောင်း၌ ပညာသင်ကြားနေသည့် မောင်ကျော်မျိုးလွင်က ဧရာ ဝတီကို ပြောသည်။
ဤရောင်းသူမဲ့ ဈေးဆိုင်ကလေးကို ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကလေးများ၏ စာရိတ္တ ပိုင်းနှင့် စိတ်ဓာတ်ပိုင်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပညာပါရမီကျောင်း တည်ထောင်သူ ကျောင်းဆရာဦးကျော်နန္ဒက ပြောပြသည်။
“ကလေးတွေ ရိုးသားဖို့၊ ကြိုးစားဖို့၊ ဘယ်တော့မှ သူများပစ္စည်းကို မတရားမယူဘူးဆိုတဲ့ စိတ်ဓာတ်တွေ ဖြစ်လာစေဖို့၊ အချောင်သမားစိတ်ဓာတ်တွေ မရှိစေဖို့ ရည်ရွယ်ပြီး ဒီဆိုင်လေး ဖွင့်ဖြစ်ခဲ့တာပါ” ဟု သူက ပြောသည်။
ပျဉ်းမနားမြို့၊ အမှတ် – ၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းရှိစာသင်ခန်းတိုင်းတွင် ရောင်းသူမဲ့ ဈေးဆိုင်ဖွင့်လှစ်ခဲ့သည်ကို လူမှုကွန်ရက်မှ တဆင့် မြင်တွေ့ခဲ့ပြီးနောက် သူ၏ပညာပါရမီကျောင်းတွင်လည်း အလားတူ ဆိုင်မျိုးဖွင့်လှစ်ရန် စိတ်ကူးရခဲ့သည်ဟု ကျောင်းတာဝန်ခံ ဆရာဦးကျော်နန္ဒက ဆိုသည်။
ငွေကျပ် ၅ သောင်းဖိုး မတည်၍ ရင်းနှီးထားခဲ့သည့် ဤဈေးဆိုင်ကလေးကို ဦးကျော်နန္ဒ စောင့်ကြည့်မနေပါ။ စာရေးကိရိ ယာများ ခင်းကျင်းထားပြီး ငွေသိမ်းသည့်အစိမ်းရောင် ပလတ်စတစ်ခြင်းကလေးကိုလည်း ဟောင်းလောင်းဖွင့်ထားခဲ့သည်။ တပတ်ကြာမှ တခါငွေသိမ်းသည်။ ကိုယ်ကျင့်တရားမကောင်းသည့် ကျောင်းသားများရှိခဲ့မည် ဆိုလျှင်တော့ သူ့ဆိုင် အရင်း ပြုတ်သွားနိုင်သည်။
သို့သော်ဆိုင်က ရောင်းအားကောင်းခဲ့ပြီး တပတ်တခါ ငွေသိမ်းတိုင်း ၁ သောင်းကျပ်လောက်တော့ အမြတ်ကျန်သည်။ အမြတ်ငွေကို ကျောင်းအသုံးစရိတ်ထဲ ထည့်သွင်းလိုက်ပြီး အရင်းငွေဖြင့် ပစ္စည်းများ ပြန်ဝယ်ဖြည့်သည်ဟု ဦးကျော်နန္ဒက ပြောပြသည်။
“ကလေးတွေကို ကျနော်ပြောထားတယ်။ ဒီဆိုင်ကရတဲ့ အမြတ်ငွေဟာ ကျောင်းအတွက် ရန်ပုံငွေဖြစ်တယ်။ ယူလိုက လည်းယူနိုင်တယ်။ ဒီဆိုင်က မင်းတို့ဆိုင်ပဲ။ ကိုယ့်ဆိုင်ကပစ္စည်း ပြန်ယူမယ်ဆိုလည်း မင်းတို့ သဘောပဲလို့ ပြောထားတယ်။ ဒီနေ့အထိတော့ ငွေမပေးဘဲ ပစ္စည်းယူတဲ့ကျောင်းသားရယ်လို့ မကြားမိသေးပါဘူး” ဟု သူက ပြောသည်။
ဧရာဝတီသတင်းဌာနက ပညာပါရမီကျောင်းသို့ သွားရောက် လေ့လာသည့်အချိန်များအတွင်း ကျောင်းသူ၊ ကျောင်းသား များမှာ လိုချင်သည့် စာရေးကိရိယာများကို ယူငင်နေကြပြီး ကျသင့်ငွေကို ငွေသိမ်းသည့် ပလတ်စတစ်ခြင်းထဲသို့ ထည့်နေ သည်ကို မြင်တွေ့ခဲ့ရသည်။
ပညာပါရမီကျောင်း၌ ပညာသင်ယူနေသည့် ဒဿမတန်း ကျောင်းသား မောင်ထွန်းထွန်းက “ သားတို့ကတော့ ဒီဆိုင်လေး တည်တဲ့နောက်ပိုင်း ဒီမှာပဲ အားပေးတယ်။ တခါတလေ ကိုယ်က ပိုက်ဆံ ၅၀၀ တန် ထည့်လိုက်တယ်။ ပစ္စည်း ဝယ်တာ က ၃၀၀ ဖိုးရှိတယ်၊ ငွေသိမ်းတဲ့ခြင်းထဲမှာ အကြွေမရှိဘူးဖြစ်နေရင် စာရွက်တရွက်နဲ့ မောင်ထွန်းထွန်းငွေ ၂၀၀ ရရန် ဆိုပြီး စာနဲ့ရေးထည့်ထားခဲ့တယ်။ အကြွေရှိတော့မှ ပြန်ယူလိုက်တယ်” ဟု သူတို့ ကျင့်သုံးသည့် ငွေပေးငွေယူစနစ်ကို ပြောပြ သည်။
ရောင်းသူမဲ့ ဈေးဆိုင်မှာ ကျောင်းသား၊ ကျောင်းသူများ၏ စာရိတ္တကို ပြုပြင်တည့်မတ်ပေးနိုင်သည့်အတွက် အစိုးရ ကျောင်း တိုင်းတွင် ဖွင့်လှစ်သင့်ကြောင်း ၁၀ တန်းကျောင်းသား မောင်ထွန်းထွန်းက သူ့အမြင်ကို ပြောပြသည်။
“ဒီဆိုင်လေးထားတာက သားတို့ကျောင်းသားတွေအတွက် ဖြူစင်တဲ့စိတ်ထား ရှိစေတယ်။ အကျင့်စာရိတ္တ ကောင်းစေ တယ်လို့ သားထင်တယ်။ ကိုယ့်ဘာသာကိုယ် ပိုက်ဆံထည့်ပြီး ဝယ်ရတဲ့စနစ်ကို ကြိုက်တယ်။ ဖြစ်နိုင်ရင် အစိုးရကျောင်း တိုင်းမှာပါ အခုလို ရောင်းသူမဲ့ဆိုင်တွေထားရင် ကောင်းမယ်လို့ ထင်မိတယ်” ဟု သူက ပြောသည်။
ပညာပါရမီအခမဲ့ပညာဒါနကျောင်းကို ဆရာဦးကျော်နန္ဒက ၂၀၁၂ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီးဆင်းရဲနွမ်းပါး၍ ကျူရှင်မတက်နိုင်သူ ကျောင်းသားများအား ဦးကျော်နန္ဒ အပါအဝင် ပုသိမ်မြို့မှ ဆရာ/ဆရာမ ၂၀ ဦးက စေတနာ့ဝန်ထမ်း ပြုလုပ်၍ ကျူရှင်အခမဲ့ သင်ကြားပေးနေခြင်း ဖြစ်သည်။ တည်ထောင်စက သူငယ်တန်းမှ ၈ တန်းအထိ လက်ခံသင်ကြား ခဲ့သော်လည်း နောက်ပိုင်းတွင် ၉ တန်း၊ ၁၀ တန်းကျောင်းသားများပါ သင်ကြားပေးခဲ့သည်။ လက်ရှိ ၂၀၁၅ ပညာသင်နှစ် တွင် ၁၀ တန်းကျောင်းသား ၃၀ ဦး အပါအဝင် ကျောင်းသားပေါင်း ၂၀၀ နီးပါးကို အခမဲ့ ပညာသင်ကြားပေးလျက်ရှိ ကြောင်းသိရသည်။
ကျောင်းသို့ လစဉ် လှူဒါန်းသူ အလှူရှင် မရှိသဖြင့် ဤရောင်းသူမဲ့ ဈေးဆိုင်လေးမှ ရရှိသည့်အမြတ်ငွေများကို ပညာ ပါရမီကျောင်းအတွက် လိုအပ်သည့် ဆော့ပင်၊ မင်အိုး၊ မီတာခ၊ ရေသန့်ဘူးဖိုးစသဖြင့် ပြန်လည်အသုံးပြု နေရသည်ဟု ပညာပါရမီကျောင်းမှ ဆရာများက ပြောပြသည်။
“ကျနော်တို့ စာသင်တဲ့အပိုင်းမှာ ကျောင်းသားတွေဆီကရော၊ သူတို့မိဘတွေဆီကပါ တပြားတချပ်မှ ကောက်ခံခြင်း မရှိပါဘူး။ အားလုံးအခမဲ့ပါ။ ကျောင်းတည်ထောင်ကာစက ပြင်ပအလှူရှင်တွေရှိတော့ အဆင်ပြေတယ်။ နောက်ပိုင်း နှစ်ရှည်လများဖြစ်လာတော့ အလှူရှင်ကလည်း မလှူနိုင်တော့ဘူးလေ။ အဲတော့ ကျောင်းရန်ပုံငွေရမယ့် နည်းလမ်းတွေ ရှာရတာပေါ့” ဟု ဦးကျော်နန္ဒက ပြောသည်။
၂၀၁၂ ခုနှစ်ကဆိုလျှင် ပုသိမ်မြို့၌ ပညာဒါနကျောင်းပေါင်း ၁၂ ကျောင်းအထိရှိခဲ့ပြီး ဆင်းရဲနွမ်းပါးသူတို့၏ သားသမီးများ အတွက် ပညာဒါနကျောင်းများက အင်တိုက်အားတိုက်ဖြင့် ဝိုင်းဝန်းကူညီနိုင်ခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဘဏ္ဍာရေး မတောင့်တင်းဘဲ အလှူရှင်များအပေါ် မှီခိုနေရသည့် ပညာဒါနကျောင်းများ တဖြုတ်ဖြုတ်နှင့် ပျောက်ဆုံးကုန် ကြသည်။ လက်ရှိတွင် နည်းလမ်းပေါင်းစုံဖြင့် ကြံ့ကြံ့ခံ ရပ်တည်ခဲ့သည့် ပညာပါရမီ၊ မွန်မြတ်ပီတိနှင့် ထာဝရအလင်း ဟူ သည့် ပညာဒါနကျောင်း ၃ ကျောင်းသာ ပုသိမ်၌ တည်ရှိတော့သည်။
ပုသိမ်မြို့ရှိ ငွေကြေးတတ်နိုင်သောမိဘများက သူတို့သားသမီးများကို ကျပ်သိန်းဆယ်နှင့်ချီ ကုန်ကျသော အကောင်းဆုံး ဆိုသည့် ဘော်ဒါများ၊ ကျူရှင်များ၊ စာကျက်ဝိုင်းများတွင် အပြိုင်အဆိုင် အပ်နှံနေချိန်တွင် ကုန်ထမ်း၊ ဆိုက္ကားနင်း၊ ဈေး ရောင်းကြသည့် အခြေခံလူတန်းစားမိဘများမှာ သားသမီးများအား အစိုးရကျောင်းထားနိုင်ရေးကိုပင် အနိုင်နိုင် ကြိုးစားနေ ရပြီး ကျူရှင်အတွက်တော့ အခမဲ့သင်ပေးသည့် ပညာဒါနကျောင်းများကိုသာ အဓိက အားကိုးနေကြရသည်။
“ကျောင်းသားမိဘတွေက ကျူရှင်မထားနိုင်ဘူး။ အဲတော့ ကျောင်းမှာ သင်တဲ့စာတွေကို နားမလည်တာတွေ ရှိတယ်။ ပြီးခဲ့တဲ့လက လပတ်စာမေးပွဲဖြေတာ ၄ ဘာသာကျတယ်။ အဲ့နောက်ပိုင်း ဒီကျောင်းမှာ အခမဲ့ကျူရှင်သင်တယ်ကြားလို့ လာတက်ဖြစ်တယ်။ အခုတော့ စာတွေလည်း နားလည်လာတယ်။ ဒုတိယလပတ်မှာ သား ကောင်းကောင်းဖြေနိုင်ခဲ့တယ် ” ဟု ၁၀ တန်း ကျောင်းသား မောင်ကျော်မျိုးလွင်က ပြောသည်။
တနှစ်ထက်တနှစ် ကျောင်းလာအပ်သည့် ကျောင်းသားအရေအတွက် လျော့နည်းသွားခြင်းမရှိသော်လည်း ကျောင်းသို့ လှူဒါန်းသည့် အလှူရှင်များ လျော့နည်း ပျောက်ဆုံးကုန်သည့်အတွက် ပညာဒါနကျောင်းလေး ဆက်လက်တည်တံ့ရန် နှစ်စဉ်သင်္ကြန်ရောက်သည်နှင့် ပညာပါရမီကျောင်းမှ ဆရာများဦးဆောင်၍ ကျောင်းသားလေးများဖြင့် “ခွပ်ဒေါင်းပျို” အမည် ရှိ သံချပ်အလှပြယာဉ်ဖြင့် အလှူခံထွက်ကြသည်။
ခွပ်ဒေါင်းပျို သင်္ကြန်မောင်တို့ဖြင့် ပုသိမ်၊ ငပုတော၊ ငွေဆောင်၊ ချောင်းသာမြို့များရှိ သင်္ကြန်မဏ္ဍပ်များတွင် လှည့်လည်
ဖျော်ဖြေရင်းရရှိလာသည့် ငွေကြေးများကို ပညာပါရမီကျောင်း၏ တနှစ်စာအိမ်ငှားခအဖြစ် ပြန်လည်အသုံးပြုကြောင်း ဦးကျော်နန္ဒက ပြောပြသည်။
“ဒီနှစ်သင်္ကြန်မှာ ကျနော်တို့ ခွပ်ဒေါင်းပျိုကားနဲ့ လှည့်ပြီးဖျော်ဖြေတာ ငွေ ၈ သိန်းလောက် အလှူခံလို့ ရခဲ့တယ်။ ဒါပေမယ့် အိမ်ငှားခက တလကို ၁ သိန်းဆိုတော့ အလှူခံငွေက အိမ်ငှားခတောင် မလောက်ပါဘူး” ဟု သူက ပြောသည်။
ပညာဒါနကျောင်းများအနေဖြင့် ငွေကြေးမလုံလောက်မှုအပြင် သင်ကြားရေးပိုင်းတွင်လည်း အခက်အခဲများကြုံတွေ့ရသည် ဟု ပညာပါရမီကျောင်း၌ စေတနာ့ဝန်ထမ်းအဖြစ် သချာၤဘာသာရပ် သင်ကြားပေးနေသည့် ဆရာဦးတင်မောင်စိုး က ပြော ပြသည်။
“ကျနော်တို့ဆီက ၁၀ တန်းကျောင်းသားတွေထဲမှာ အထက ၆ ကလည်းပါတယ်။ အထက ၄ ကလည်းပါတယ်။ ပြဿနာ က ကျောင်းက တွက်နည်းအတိုင်းမဟုတ်ရင် အဖြေမှန်လည်း အစိုးရကျောင်းတွေက အမှတ်မပေးဘူး။ အဲတော့ ကလေး တွေ အမှတ်ရဖို့ သူတို့ကျောင်းက နည်းအတိုင်း နားလည်အောင် တွက်ပြပေးရတယ်။ ဒီပညာရေးစနစ်မှာက စာတတ်ဖို့ ထက် အမှတ်ရဖို့က အရေးကြီးနေတာကိုး” ဟု သူကပြောသည်။
မည်သို့သော အခက်အခဲများ ကြုံတွေ့ရစေကာမူ တနှစ်ပတ်လုံး စာသင်ခဲ့သမျှ မိမိတို့ကျောင်းမှ ၁၀ တန်း ကျောင်းသား တဦး စာမေးပွဲအောင်မြင်သည်နှင့် မောပန်းခဲ့သမျှ ပြေပျောက်ရသည်ဟု ဆရာဦးကျော်နန္ဒက ပြောပြသည်။
“အခုချိန်မှာ ၁၀ တန်းကျောင်းသားတယောက်ကို အပြင်မှာ ဘော်ဒါအပ်ရင် ၂၅ သိန်းလောက် ကုန်တယ်ဗျာ။ အဲ့တော့ ကျနော်တို့ကျောင်းက ၁၀ တန်းကျောင်းသားတယောက် အောင်ခဲ့ရင်ကိုပဲ ကျောင်းသား ၂၀၀ လောက်ကို တနှစ်လုံး သင် ခဲ့ရတဲ့ ကုန်ကျစရိတ် ကျေသွားပြီလို့ သဘောထားတယ်။ နောက်ပြီး ပင်ပန်းခဲ့သမျှ အမောပြေပါ တယ်” ဟု သူက ပြော သည်။
ပညာပါရမီကျောင်းမှ ၂၀၁၃ – ၁၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ၂၅ ဦးဖြေဆိုခဲ့ပြီး ၁၁ ဦး အောင်မြင်ခဲ့ကာ အောင်ချက် ၄၄ ရာခိုင်နှုန်းရှိခဲ့သည့်အပြင် ၁ ဘာသာဂုဏ်ထူးရှင် ၂ ဦးထွက်ပေါ်ခဲ့သည်။ ၂၀၁၄ – ၁၅ ပညာသင်နှစ် တွင်လည်း ၂၅ ဦးဖြေဆိုခဲ့ရာ ၁၁ ဦးအောင်မြင်ခဲ့ပြီး အောင်ချက် ၄၄ ရာခိုင်နှုန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
မရှိသည့်ကြားက ကြိုးစား၍ ကျောင်းထားခဲ့ရသော အခြေခံလူတန်းစားမိဘများအတွက် မိမိတို့ သားသမီး တက္ကသိုလ် ဝင်တန်း အောင်မြင်သည့်သတင်းက အတိုင်းမသိ ဝမ်းသာပျော်ရွှင်မှုများ ပေးစွမ်းခဲ့သည်။
လက်ရှိ ၂၀၁၅ – ၁၆ ပညာသင်နှစ်တွင်လည်း တက္ကသိုလ်ဝင်တန်းဖြေမည့် ကျောင်းသူ၊ ကျောင်းသား ၃၀ အပါအဝင် နဝမတန်းနှင့် အလယ်တန်းကျောင်းသား ၁၀၀ ကျော်ကို ၎င်းတို့၏ မိဘများက ပညာပါရမီကျောင်းသို့ အားကိုးမှုများဖြင့် လာရောက်အပ်နှံထားပြီး ဆရာ၊ ဆရာမများကလည်း အခကြေးငွေ တစုံတရာမယူဘဲ ပညာဒါနပြုပေးလျက် ရှိနေဆဲဖြစ် သည်။
သို့သော် အခြေခံလူတန်းစားမိဘများ အားကိုးရာ ပုသိမ်မြို့ရှိ ပညာပါရမီ ပညာဒါနကျောင်းလေးမှာ အခက်အခဲများကြား ထဲ၌ မည်သည့်အချိန်အထိ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်မလဲဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
ကျောင်းတည်ထောင်သူ ဆရာဦးကျော်နန္ဒကတော့ “ကျနော်တို့မှာ အခက်အခဲ ဘယ်လောက်ပဲရှိပါစေ။ မြန်မာနိုင်ငံရဲ့ပညာ ရေးစနစ် မကောင်းမချင်း ပညာပါရမီကျောင်းကို ရတဲ့နည်းနဲ့ ကြံ့ကြံ့ခံ ရပ်တည်ရင်း တည်ရှိနေမှာပါ” ဟု ပြောသည်။