မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၅)အတွင်းရှိ အမှတ် ၂၆ အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းအုပ်ကြီး တာဝန်ဖြင့်ရောက်ရှိလာသည့် ဒေါက်တာ သန်းထိုက်စိုး တယောက် ပထမဆုံး တွေ့လိုက်ရသည်မှာ လေးဘက်လေးတန် မလုံခြုံံသည့် ကျောင်းတံတိုင်းနံရံများ ဝန်းရံထားသည့် နှစ်ပေါင်းအစိတ် သက်တမ်းရှိပြီဖြစ်သော ကျောင်းကြီး တခုဖြစ်သည်။
၆ ဧက ကျော်ကျယ်ဝန်းသည့် ကျောင်းကြီးအတွင်း ဆရာ၊ ဆရာမများ သင်ကြားနေသည့် အဆောင်တချို့သည် မြေစိုက်ဝါးထရံ အဆောင်များဖြစ်ပြီး မိုးရွာပြီဆိုလျှင် အဆောင်ကြမ်းခင်းမှာ ရွှံ့အလူးလူးနှင့်ဖြစ်သည်။
အားကစားကွင်းများလည်း ပီပီပြင်ပြင် မရှိလှ၊ သိပ္ပံခန်းမှာ ထာဝစဉ်သော့ခတ်ထားသည်။ စာကြည့်တိုက်မှာ စာအုပ်ရေ ၁၀၀၀ ခန့်သာရှိသည့် မြန်မာနိုင်ငံအနှံ့အပြားရှိ ပုံမှန်မြင်တွေ့နေကျ အထက်တန်းကျောင်းတစ်ခု ပုံစံသာဖြစ်သည်။ သို့သော်လည်း ဒေါက်တာ သန်းထိုက်စိုး ကတော့ လက်ရှိအခြေအနေကို တော်လှန်ရန် ဆုံးဖြတ်လိုက်သည်။ အထက ၂၆ ကို သူ အသွင်ပြောင်းပစ်မည်။ သူ့အိပ်မက်ထဲက ကျောင်းအဖြစ် အသွင်ပြောင်းမည် ဖြစ်သည်။
မိဘဆရာ အစည်းအဝေး ခေါ်လိုက်သည်။ ကျောင်း၏လက်ရှိအခြေအနေအား ရှင်းပြသည်။ သူလုပ်ဆောင်မည့် အစီအစဉ်များကို အသေးစိတ် ပြောပြသည်။ ကျောင်းသားများကိုလည်း စည်းရုံးသည်။ ဆရာ၊ ဆရာမများကိုလည်း လှုံ့ဆော်သည်။ သက်ကြီး ကျောင်းဆရာမ တချို့ကတော့ သူ့ကို နောက်ကွယ်တွင် လှောင်ပြောင်ကြသည်။ တံမြက်စည်းအသစ်လေးဆိုတော့ အရမ်းလှဲချင်နေမှာပေါ့နောက်ဆိုရင် ဒီလိုပဲ ပြီးသွားမှာပါဆိုသည့် စကားများပြောကြသည်။
အထက်တန်းကျောင်း စာကြည့်တိုက်တစ်ခုအတွက် နိုင်ငံတော်က နှစ်စဉ် ဘဏ္ဍာငွေထောက်ပံ့သော်လည်း ငွေကြေးပမာဏနည်းပါးလွန်းသဖြင့် တနှစ်လျှင် စာအုပ်ရေ ၂၀ ခန့်မျှသာ ဝယ်ယူနိုင်သော်လည်း ဒေါက်တာ သန်းထိုက်စိုး ကတော့ ဆင်ခြေမပေးပါ။
စာကြည့်တိုက်အတွင်း စာအုပ်များများထားရှိနိုင်ရန် ဘယ်လိုလုပ်ရမလဲဆိုသည့် နည်းလမ်းအသွယ်သွယ်ကိုသာ ရှာဖွေနေပါသည်။ တကယ်တော့ စာကြည့်တိုက်ကို အသက်ဝင်အောင် ကြံဆောင်ရသည်မှာ သိပ်တော့ မခက်လှ။ နီးစပ်ရာ မိတ်ဆွေများကို စာအုပ် အလှုခံသည်။ မိမိအိမ်တွင်ရှိသော စာအုပ်များကိုလည်း ကျောင်းစာကြည့်တိုက်သို့ လှူလိုက်သည်။
အိမ်တွင် ပိုနေသော စာအုပ်များကိုကျောင်းစာကြည့်တိုက်သို့ လှူရန် ကျောင်းသားများကို တိုက်တွန်းသည်။ မြန်မာစာ ဆရာမများထဲ မှာ စာဖတ်ဝါသနာပါသော ဆရာမများကို စာကြည့်တိုက်မှူးအဖြစ် ခန့်အပ်ပြီး သူ့လက်သူ့ခြေ စီမံခွင့် ပေးသည်။
ကျောင်းသားများကို မုန့်စားနားချိန်၊ ထမင်းစားချိန်များတွင် ၎င်းတို့စိတ်ကြိုက် ဖတ်ရှုစေရုံသာမက ညနေခင်း ကာယချိန်များမှာလည်း နေပူပြင်းသောကြောင့် ထိုအချိန်တွင် စာဖတ်ဝါသနာပါသော ကျောင်းသားသူများကို စာကြည့်တိုက်သို့ သွားခွင့်ပြုသည်။
တဖြည်းဖြည်းနှင့် ကျောင်းစာကြည့်တိုက်လေးမှာ အသက်ဝင်လာသည်။ ကျောင်းသားများကလည်း အိမ်ပြန်ရောက်လျှင် ကျောင်းစာကြည့်တိုက်အကြောင်း မိဘများကိုပြောပြကြလေရာ မိမိတို့သားသမီးများ အမှန်တကယ်ဖတ်ရှုရကြောင်း သိရသဖြင့် မိဘများက လည်း စာအုပ်များ၊ စာအုပ်ဝယ်ရန် အလှူငွေများ လှူကြသည်။ ကျောင်းသို့ လာရောက်ကြည့်ရှုသည့် လူကြီးများကလည်း အသက် ဝင်နေသည့် စာကြည့်တိုက်တစ်ခုအဖြစ် မြင်တွေ့ရ၍ လှူသွားကြပြန်သည်။ သူကလည်း စာအုပ်ဝယ်ရန်လှုသည့် အလှူငွေများကို တခြားနေရာတွင် မသုံးပါ။ ယနေ့လှူ နက်ဖြန် စာအုပ်သွားဝယ်သည်။ ပြီးသည့်နောက် တပတ်တခါလုပ်သည့် မိဘဆရာ အစည်း အဝေး တွင် တခါတည်း စာရင်းရှင်းပြလေရာ လှူသည့်မိဘများအနေဖြင့် ယုံကြည်မှု တိုးပွားလာကြသည်။
ဤသို့ဖြင့် သူရောက်ခါစ ၂၀၀၇ ခုနှစ် ၁၂ လပိုင်းအချိန်က အုပ်ရေ ၁၀၀၀ ခန့်သာရှိသော ကျောင်းစာကြည့်တိုက်သည် ယခုဆိုလျှင် အုပ်ရေ ၁၂၀၀၀ ကျော်သွားပြီဖြစ်ပြီး မုန့်စားဆင်းချိန်၊ ထမင်းစားချိန်တွင် အခန်းလုံးပြည့် ကျောင်းသား ကျောင်းသူများ စာလာ ဖတ် နေကြသည်မှာ တခြားကျောင်းများတွင် မြင်ရခဲလှပါသည်။
ကြိုးစားမှု၏ ရလဒ်အနေဖြင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းမှ အထက်မြန်မာပြည် ကျောင်းစာကြည့်တိုက် စံပြအဖြစ် ရွေးချယ် ဂုဏ်ပြုခဲ့သကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများကလည်း စာအုပ်များ လာရောက်လှူဒါန်းကြပါသည်။
“ဒီကိုလှူရင် စာအုပ်တွေက ဗီရိုထဲမှာ အိပ်ပျော်မနေဘူးဆိုပြီး အလှူရှင်တွေက လှူကြတယ်။ အခု စာအုပ်တွေတော်တော်လေးရှိလာတော့ ကလေးတွေအိမ်အထိ ငှားပေးဖို့ စီစဉ်နေပြီ”ဟု ကျောင်းအုပ်ကြီးက ပြောပါသည်။
ကျောင်းအုပ်ကြီးတာဝန် စတင်ထမ်းဆောင်ပြီးနောက် အားစိုက်လုပ်ရသည့်အလုပ်တစ်ခုမှာ သစ်ပင်စိုက်ပျိုးခြင်း ဖြစ်သည်။ မြို့သစ်ထဲတွင် တည်ရှိသည့်ကျောင်းဖြစ်သည့်အားလျော်စွာ ကျောင်းဝင်းအတွင်း အရိပ်ရပင်အနည်းငယ်သာ ရှိသည်။ ကလေးငယ်များ နေ ပူ ထဲတွင် ဆော့ကစားနေရသည်။ စာသင်ဆောင်များ ပူလောင်လွန်းလှ၍ နေ့လယ်ခင်းဆိုလျှင် စာသင်ကြားရသည်မှာ အဆင်မပြေ လှ၊ ထို့အတွက် တကျောင်းလုံးအနှံ့ သစ်ပင်စိုက်ရန်ကြိုးစားတော့သည်။
အမှန်တကယ်အားဖြင့် အထက ကျောင်းတိုင်း မိုးရာသီဆိုလျှင် ၂ ကြိမ် သစ်ပင်စိုက်ရသည်။ သို့သော်လည်း စိုက်ပျိုးသည့် သစ်ပင် တိုင်း၏ ၉၀ ရာခိုင်နှုန်းမှာ မဖြစ်ထွန်းလှ၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းသားများကို အလှည့်ကျတာဝန်ပေးကာ သစ်ပင်များကို ရေလောင်း စေသော်လည်း နွေရာသီ ၃ လ ကျောင်းပိတ်သည့်အချိန်တွင် စိုက်ပျိုးထားသည့် အပင်များကိုရေလောင်းပေးမည့်သူ မရှိတော့သည့်အခါ အသက်ပြင်းသည့်သစ်ပင် တပင်တလေသာ ရှင်သန်သည်။
ဒေါက်တာ သန်းထိုက်စိုး ကတော့ ထိုကိစ္စကို တကျောင်းလုံးအနှံ့ လက်လှမ်းမီသော ရေပိုက်ရှည်ကြီးများ ဝယ်ယူလိုက်ကာ နွေရာသီ ကျောင်းပိတ်ရက်တွင် သူကိုယ်တိုင်ကျောင်းထဲနေပြီး သစ်ပင်များကို ရေလိုက်လောင်းခြင်းဖြင့် မိုးရာသီက စိုက်ပျိုးလိုက်သည့် သစ်ပင် များကို မသေဆုံးအောင် ဖြေရှင်းလိုက်သည်။
ယခု ၈ နှစ်ကြာသည့်အခါတွင်တော့ သူ့ကျောင်းက ကလေးငယ်များသည် သစ်ပင်များဝန်းရံထားသည့် စာသင်ဆောင်များထဲတွင် သင်ကြားနေရပြီဖြစ်သည်။ အရိပ်အာဝါသ ကောင်းမွန်လှသည့် သစ်ပင်အုပ်ငယ်လေးထဲတွင် ကလေးတို့သဘာဝ ပျော်ရွှင်စွာဆော့ ကစားနိုင်ပြီ ဖြစ်သည်။
ပိတောက်၊ ထနောင်း၊ မန်ကျည်း၊ ရေတမာ၊ တရုတ်စကား၊ မယ်ဇလီ စသည့်အရိပ်ရအပင်များ၊ စပယ်၊ ဗိုလ်ကတော်မျက်ဝန်း၊ ဆလပ် ကြီး စသည့်ပန်းအလှပင်များ၊ ပရဆေး အပင်များဖြင့် ၂၆ ကျောင်းမှာ အဝေးကကြည့်လိုက်လျှင် တောအုပ်ငယ် တစ်ခု အလား ထင်မှတ်ရပါတော့သည်။ သစ်ပင်ပန်းမန်များကို အောင်မြင်စွာစိုက်ပျိုးနိုင်သည့် နောက်တွင်တော့ နိုင်ငံတော်အဆင့် စိမ်းလန်းစိုပြေဆုကို ၂၀၀၉ မှ ၂၀၁၅ အထိ ၆ နှစ် ဆက်တိုက် ရရှိခဲ့ပါတော့သည်။
ထို့အတူပင် အာဆီယံအဖွဲ့ကြီးက ပေးအပ်သည့် Eco Model Schoolဆု၊ အင်ဒိုနီးရှားအစိုးရက ပေးအပ်သည့် Eco Green Schoolဆု၊ ဂျပန်နိုင်ငံ ကီတာဂျုချုးအဖွဲ့မှ ပေးအပ်သည့် Eco Model Schoolဆု စသည့် ပြည်တွင်းပြည်ပ စိမ်းလန်းစိုပြေဆုများကိုလည်း ရရှိခဲ့ပြီး ဖြစ်သည်။
“သစ်ပင် တကယ်စိုက်ချင်ရင် အစိုးရကလည်း ကူညီတယ်ဗျ။ စည်ပင်က သစ်ပင်ပန်းမန်ဌာနတို့၊ သစ်တောဌာနတို့ကို စာတင်ပြီး တောင်း ရင် သူတို့က ချက်ချင်း လာချပေးတယ်။ အရင်အပတ်က(၄.၉.၂၀၁၅)ကို ပျိုးပင် ၁၀၀၀ လာချပေးတယ်။ စိုက်ချင်တဲ့နေ့ကျရင် သူတို့ကိုယ်တိုင် လာစိုက်ပေးတယ်။ သွားတောင်းဖို့လည်း လိုတာပေါ့ဗျာ။ မိုးပေါ်ကတော့ အလိုလိုနေရင်းကျမလာပါဘူး”ဟု ကျောင်းအုပ်ကြီးက ရှင်းပြပါသည်။
သစ်ပင်များ ရေလောင်းရန်အတွက် အဝီစီတွင်းရှိပြီး ရေဖိုး၊ မီးဖိုးမှာ အစိုးရက ကျသင့်ခံခြင်းသာ ဖြစ်သောကြောင့် တကယ် လုပ်ရန် သာ လိုကြောင်းဖြည့်စွက် ပြောပါသည်။
သိပ္ပံခန်းများ အသက်ဝင်ရန်အတွက် ပထမဆုံးလုပ်သည့် ကိစ္စကတော့ ဗိုလ်ချုပ်ခင်ညွှန့်လက်ထက် Multimedia roomများတွင် အသုံးပြုရန် လှူဒါန်းထားသည့် ကွန်ပျုတာများကို တစစီဖျက်ထုတ်ပြီး ကျောက်သင်ပုန်းတွင် ကပ်ကာ အညွှန်းများ တပ်ဆင်ပေးခြင်းဖြစ်သည်။
အထက်တန်းကျောင်း တစ်ခုတွင် အသုံးပြုရန် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ အဏုကြည့်မှန်ဘီလူးများ၊ ဓာတုဆေးရည်များကို အစိုးရ က ထောက်ပံ့ပေးသော်လည်း ကျောင်းအုပ်အများစုသည် အဆိုပါ ပစ္စည်းများပျက်စီးမည်ကို စိုးရိမ်သည့်အတွက် ဗီရိုထဲတွင်သော့ ခတ် သိမ်းထားလေ့ ရှိပါသည်။ သို့သော်လည်း ဒေါက်တာ သန်းထိုက်စိုး ကတော့အားလုံးကို အသုံးပြုစေပါသည်။
“အစိုးရက ပေးတဲ့ပစ္စည်းတွေ ကလေးတွေကိုသင်ပေးရင်းနဲ့ ပျက်ရင် ပြင်တယ်ဗျာ၊ ပြင်လို့မရရင် လူကြီးတွေကို တင်ပြတယ်။ အစားပြန်ဝယ်ပေးတယ်။ တကယ်တမ်း အကုန်လုပ်လို့ရပါတယ်။ လူကြီးတွေကလည်း သဘောကျတာပဲ။ အဲဒီပစ္စည်းတွေက အထက ကျောင်းတိုင်းကို ပေးတယ်။ ကျောင်းအုပ်တွေကိုက မလုပ်ပေးချင်လို့ မလုပ်ကြတာပါ”ဟုလည်း ၎င်းက ရှင်းပြသည်။
အထက ၂၆ တွင် ဓာတု၊ ရူပ၊ ဇီဝ ဆိုသည့် သိပ္ပံခန်း ၃ ခုရှိသွားပြီ ဖြစ်သည်။ ရူပဗေဒ ခန်းတွင် ကျင်တွယ်များ၊ အဝေးကြည့်မှန်ပြောင်းများ၊ မှန်ဘီလူးများ၊ သာမိုမီတာများ၊ ဒိုင်အုပ်များ၊ ဆားကစ်များ စသည်ဖြင့် စာသင်ခန်းတစ်ခန်းစာ အပြည့်ခင်းကျင်းထားသည် ကိုတွေ့ရသည်။
ဓာတုဗေဒခန်းတွင်လည်း ဓာတုဆေးရည်များ၊ ဖန်ပြွှန်ဖန်ခွက်များ၊ အပူပေးကိရိယာများ ခင်းကျင်းထားပြီး ဇီဝဗေဒခန်းတွင် သန် ကောင်၊ တုပ်ကောင်၊ မြွေ၊ ဖား စသည့် အကောင်ပလောင်များကို ဆေးရည်စိမ်ထားသည့် ဖန်ပုလင်းများ၊ မျိုးစေ့များ၊ ရုပ်လုံးများ၊ ဆေးရောင်စုံ ကားချပ်များ၊ အဏုကြည့် မှန်ဘီလူးများကိုတွေ့ရသည်။
သိပ္ပံခန်း ၃ ခန်းစလုံးတွင် တူညီသည့်အချက်မှာ ပြဌာန်းစာအုပ်ထဲပါသည့် သိပ္ပံပညာရှင်ကြီးများ၏ ရုပ်ပုံများကို ဗီနိုင်းထုတ်၍ ကပ် ထားခြင်းဖြစ်သည်။ လက်ရှိတက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများသာမက တက္ကသိုလ် တက်ရောက်နေပြီ ဖြစ်သည့် ကျောင်းသားဟောင်းများပင် အထက ၂၆ ၏ သိပ္ပံခန်းတွင် လက်တွေ့စမ်းသပ်မှုများ လာရောက်လုပ်ဆောင်ကြသည်။
လက်တွေ့ခန်းတွင် ပစ္စည်းကိရိယာများ အစုံအလင်ထားနိုင်ရန်အတွက် ဘာသာရပ်ပြဆရာများကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေး ထား သည်။ လက်တွေ့စမ်းသပ်မှုများတွင် အသုံးပြုနိုင်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများကို ဆရာ၊ ဆရာမများကိုယ်တိုင် ဝယ်ယူ စေခြင်းအားဖြင့် အသက်ဝင်စေသည်။ မိမိတို့၏သားသမီးများ အမှန်တကယ် လုပ်ဆောင်ရကြောင်း သိရသောအခါ မိဘများက လည်း ကျောင်းအတွက်လိုအပ်သည်များ လှူဒါန်းရန် လက်မနှေးကြတော့ပါ။ ကျောင်းအုပ်ကြီးကတော့ အားမရသေးပါ။ သိပ္ပံခန်း ၃ ခု သာမက ပထဝီဝင်ခန်းနှင့် သမိုင်းခန်းများ ဆက်လက်ဖွင့်သွားရန် ကြိုးစားနေပြီ ဖြစ်သည်။
အစိုးရ အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားများ စိတ်ညစ်ရသည်မှာ အိမ်သာတက်သည့်အချိန် ဖြစ်သည်။ သို့သော်လည်း အထက ၂၆ တွင် စိတ်မညစ်ရပါ။ ၂၀၁၅ ပညာသင်နှစ်တွင် တက်ရောက်နေသည့် ကျောင်းသား ၂၀၀၀ နီးပါး(၁၉၇၆)အတွက် အိမ် သာလုံးရေ (၇၀)ရှိပြီး အိမ်သာများသန့်ရှင်းစေရန်အတွက် ပြင်ပသန့်ရှင်းရေးဝန်ထမ်း ငှားလိုက်သည်။ ဆပ်ပြာအတွက်လည်း ပူစရာ မလိုပါ။ ကျောင်းသိပ္ပံခန်းမှ ကျောင်းသားများကိုယ်တိုင် ထုတ်လုပ်ထားသော ဆပ်ပြာရည်ကို ဖောဖောသီသီထုတ်ပေးကာ တစ်ရက် လျှင် ၂ ကြိမ် သန့်ရှင်းရေးလုပ်စေတော့သည်။
တခုထူးခြားသည်မှာ အထက ကျောင်းအများစုတွင် အိမ်သာများကို တနေရာတည်းတွင် စုပေါင်းထားစေသော်လည်း အထက၂၆ တွင်မူ ကျောင်းဆောင် ၁၄ ခုရှိသည့်အနက် ကျောင်းဆောင်တစ်ခုခြင်းစီတွင် အိမ်သာများအား ၄ လုံးတတွဲ၊ ၅ လုံးတတွဲထားကာ ရေကန်ကြီး တစ်ခုစီဆောက်လုပ်ထားခြင်းဖြစ်ပြီး အများစုသည် မိဘများဆီမှ အလှူခံရငွေဖြင့် တည်ဆောက်ခြင်းဖြစ်သည်။
မန္တလေးမြို့သစ်တွင် တည်ရှိသည့် ကျောင်းတစ်ကျောင်း ဖြစ်သည့်အားလျော်စွာ မြို့လယ်ခေါင်ရှိ ကျောင်းကြီးများကဲ့သို့ မိဘများထံမှ အလှုခံရသည်မှာ မလွယ်ကူလှပါ။ သို့သော်လည်း ဒေါက်တာ သန်းထိုက်စိုး ကတော့ မိဘဆရာ လက်တွဲကာ အထက ၂၆ကို သူ့အိမ်မက်ထဲက ကျောင်းအဖြစ် ပုံဖော်လျက် ရှိပါသည်။
“ခင်ဗျားတို့ သားသမီးတွေ တနေကုန် ကျောင်းမှာနေရတယ်။ သူတို့ ရေဘယ်လိုသောက်သလဲ၊ အပေါ့အလေး ဘယ်လိုစွန့်သလဲ ဆိုတာ စဉ်းစားဖူးလားလို့ မေးလိုက်တာ ချက်ချင်းလှူကြတာပဲ။ အဓိကကတော့ ကျောင်းအုပ်နဲ့ မိဘကြားမှာ ယုံကြည်မှုရှိသွားဖို့ပဲ လိုတယ်၊ ကျနော့်ကျောင်းမှာ တပတ်တကြိမ် မိဘဆရာ အစည်းအဝေးခေါ်တယ်။ သူတို့ဘာဖြစ်ချင်လဲ မေးတယ်။ ကျနော် ဘာ လုပ်ချင်လဲ ပြောပြတယ်။ လက်ရှိ ဘာတွေလုပ်နေတယ်ဆိုတာ အကုန်ချပြတယ်။ ယုံကြည်မှု တည်ဆောက်ရတာ မခက်ပါဘူး။ စိတ်ဓာတ်ပဲ လိုတာပါ”ဟု ကျောင်းအုပ်ကြီးက ပြောပါသည်။
ကျောင်းအုပ်ကြီး ဒေါက်တာ သန်းထိုက်စိုး ကတော့ သူ့ကျောင်းလေးထဲတွင် တချိန်လုံးနီးပါးနေကာ ကျောင်းအတွက် ဘာလုပ်ပေး ရရင် ကောင်းမလဲ ဆိုသည်ကိုပဲ စဉ်းစားနေပုံပေါ်ပါသည်။
စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွင်လည်း သူ့ကိုတွေ့နိုင်သည်။ နွေရာသီတွင်လည်း သူ့ကိုတွေ့နိုင်သည်။ သူကလည်း ဖိတ်ခေါ်ပါသည်။ ကျနော့်ကျောင်းကို လာလေ့လာချင်တဲ့ ဘယ်သူမဆို အချိန်မရွေး လာနိုင်ပါတယ်တဲ့။ ကျောင်းသားများ၏ အိမ်မက်ထဲက ကျောင်းကလေးအဖြစ် ဖော်ဆော်နိုင်ရန် ဒေါက်တာ သန်းထိုက်စိုး တယောက် ဆက်လက် ကြိုးစားနေဦးမည်ကတော့ သေချာပါသေး သည်။ ။