၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတ ဖြစ်လာခဲ့ပြီး ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များကိုလည်း ရွေးချယ်ခန့်အပ်ခဲ့သည်။ ယင်းတို့အနက် အငြင်းပွားဖွယ် ပြောဆိုလုပ်ကိုင်သူများကြောင့် လူသိများ ထင်ရှားသူတဦးမှာ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင် ဖြစ်သည်။
ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းအောင်သည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များအနက် လွှတ်တော်၏ စွပ်စွဲပြစ်တင်ခြင်းအဆို တင်သွင်းခြင်းခံရသည့် တဦးတည်းသော ဝန်ကြီးချုပ်ဖြစ်ပြီး ပုသိမ်ကို စင်ကာပူလိုဖြစ်အောင် လုပ်မည်၊ ဆိုက်ကားနင်းသူများကို ချမ်းသာအောင် လုပ်ပေးနိုင်သည်ဟု ပြောဆိုခဲ့သော ဝန်ကြီးချုပ်လည်း ဖြစ်သည်။
ဧရာဝတီတိုင်းရှိ မြို့ချင်းဆက်လမ်းများ ကောင်းမွန်အောင် လုပ်ဆောင်ပေးခဲ့ပြီး ပုသိမ်မြို့ကို သာယာ လှပအောင် လုပ်ဆောင်ပေးသော ဝန်ကြီးချုပ်လည်းဖြစ်သည်။ တိုင်းအတွင်းရှိ ချောင်းကော၊ မြောင်းကောများကို တူးဖော်ပေးခဲ့သည်။
စက်မှုဇုန် စီမံကိန်းများ၊ ပုသိမ်မြို့သစ်စီမံကိန်း၊ မြကျွန်းသာ အိမ်ရာ၊ ပလက်တီနမ်အိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာ၊ ဒေသန္တရ ဆိပ်ကမ်းစသဖြင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ပုသိမ်ဒေသတဝိုက် အကောင်အထည် ဖော်ပေးခဲ့သော်လည်း အဆိုပါစီမံကိန်းများအား လွှတ်တော်သို့ တင်ပြခြင်း၊ လွှတ်တော်၏ သဘောထား ရယူခြင်း စသည့် ပွင့်လင်းမြင်သာမှု ရှိရမည့် ဒီမိုကရေစီကျင့်စဉ်ကို လျစ်လျူရှုခဲ့သူလည်း ဖြစ်သည်။
ထိုသို့ အငြင်းပွားဖွယ်များ ရှိနေသည့် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်အတွက် ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ ပြိုင်ဘက်မရှိဘဲ ဧရာဝတီတိုင်းကို စိုးမိုးထားနိုင်ခဲ့သည်။ ရွေးကောက်ပွဲ အကြိုကာလ ရောက်ရှိ၍ ပါတီအသီးသီက ကိုယ်စားလှယ်လောင်းများ တင်သွင်းချိန်တွင်မူ ဝန်ကြီးချုပ် ဦးသိန်းအောင်ကို စိန်ခေါ်သူ ၃ ဦး ပေါ်ထွက်လာခဲ့သည်။
ထိုသူတို့မှာ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဇော်ဝင်း၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဦးမြစိုးနှင့် အတိုက်အခံ အင်အားကြီးပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးအောင်ကျော်ခိုင်တို့ ဖြစ်သည်။ ဝန်ကြီးချုပ် ဦးသိန်းအောင် ရွေးကောက်ပွဲဝင်ပြိုင်မည့် အင်္ဂပူမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) တွင် ကိုယ်စားလှယ်လောင်း အမည်များ တင်သွင်းကာ တိုင်းဝန်ကြီးချုပ်ကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
တိုင်းဝန်ကြီးချုပ်ကို စိန်ခေါ်သူများအနက် တောင်သူလယ်သမားပါတီ ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်းမှာ လယ် ၂၁ ဧက ပိုင်ဆိုင်သည့် လယ်သမားတဦးဖြစ်ပြီး ပညာအရည်အချင်းကတော့ နဝမတန်း ဖြစ်သည်။
“ကျနော် ရွေးကောက်ပွဲဝင်တာက တောင်သူလယ်သမားတွေအတွက် တတ်နိုင်တဲ့ဘက်က လုပ်ပေးချင်လို့ ဝင်တာပါ။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ရင်တော့ လယ်သမားတွေ စိုက်ပျိုးစရိတ် အချိန်မီရရှိဖို့၊ စပါးတွေ ဈေးကောင်းရဖို့ အရေးတွေ လုပ်ကိုင်ပေးသွားမှာပါ” ဟု ပြောသည်။
တိုင်းဝန်ကြီးချုပ်ကို အနိုင်ရအောင် ယှဉ်ပြိုင်နိုင်ပါ့မလားဆိုသည့် မေးခွန်းကိုမူ ဦးဇော်ဝင်းက ရွေးကောက်ပွဲနေ့ကျမှ သိရမည်ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
တိုင်းဝန်ကြီးချုပ်ကို စိန်ခေါ်သူ ဒုတိယတဦးဖြစ်သည့် ခေတ်သစ်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးမြစိုးကို ဧရာဝတီက ကြိုးစား၍ ဆက်သွယ်သော်လည်း မရခဲ့ပါ။
စိန်ခေါ်သူ တတိယ တဦးဖြစ်သည့် အတိုက်အခံ NLD ပါတီ ကိုယ်စားလှယ်လောင်း အသက် ၅၆ နှစ်အရွယ်ရှိ ဦးအောင်ကျော်ခိုင်မှာ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ဇာတိဖြစ်သည်။ ဥပဒေဘွဲ့ကို ၁၉၈၆ ခုနှစ်က ရရှိခဲ့ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အင်္ဂပူမြို့နယ်၌ NLD ပါတီ အောင်နိုင်ရေးအတွက် ဝန်းရံလုပ်ဆောင်ပေးခဲ့သူ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ပါတီသို့ ဝင်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း NLD ပါတီ၏ ဥပဒေအထောက်အကူပြု အဖွဲ့ဝင်နှင့် တိုင်း စည်းကမ်း ထိမ်းသိမ်းရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင် နေသူတဦးဖြစ်သည်။
“ဝန်ကြီးချုပ်နဲ့ ပြိုင်ရမယ့်အပေါ် စိုးရိမ်ပူပန်တာ မရှိပါဘူး။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကပဲ အဓိကကျပါတယ်။ ကျနော်ကတော့ ပြည်သူ့အကျိုး ထမ်းဆောင်ချင်လို့ ရွေးကောက်ပွဲဝင်တာပါ” ဟု NLD ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ခိုင်က ဧရာဝတီကို ပြောသည်။
အင်္ဂပူမြို့နယ်၏ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဝန်ကြီးချုပ် ဦးသိန်းအောင်မှာ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ ဇာတိဖြစ်ပြီး မြန်အောင်မြို့ ဇလုပ်ကြီးရွာ မူလတန်းကျောင်း၊ ထူးကြီးမြို့တွင် အလယ်တန်းနှင့် နဝမတန်း အထိ တက်ရောက်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့ လမ်းမတော် အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ကာ စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။
တပ်မတော်တွင် ၁၉၆၄ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိစစ်သက် ၃၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မိတ္ထီလာမြို့ အခြေစိုက် တပ်မ ၉၉ ၏ တမ်မမှူးအဖြစ် ဗိုလ်မှူးချုပ် သိန်းအောင် နောက်ဆုံး တာဝန်ယူခဲ့သည်။ ၁၉၉၇ တွင် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဖြစ်လာခဲ့ပြီး ကြံ့ခိုင်ရေးပါတီတွင်လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် သစ်တောရေးရာ ဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အင်္ဂပူ၌ ဝင်အရွေးခံခဲ့ရာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ဦးသိန်းအောင်အတွက် ၂၀၁၅ ရွေးကောက်ပွဲသည် ၂၀၁၀ ကကဲ့သို့ ပြိုင်ဘက်မရှိ လွယ်လင့်တကူ အနိုင်ရနိုင်သည့် အခြေအနေ မဟုတ်တော့ပါ။ ပြိုင်ဘက် ၃ ဦးအနက် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ခံအင်အား အရှိန်အဝါဖြင့် ရွေးကောက်ပွဲဝင်လာသည့် NLD ပါတီ ကိုယ်စားလှယ်လောင်းက ဝန်ကြီးချုပ် ဦးသိန်းအောင်အတွက် အဓိက အတားအဆီးတခု ဖြစ်လာခဲ့သည်။
ရွေးကောက်ပွဲ ပြိုင်ဘက်များနှင့် ပတ်သက်၍ စိုးရိမ်ခြင်း မရှိကြောင်း ဦးသိန်းအောင်က ဧရာဝတီသတင်းဌာနနှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုထားသည်။
“အင်္ဂပူမှာ ဝင်ပြိုင်တဲ့ ရွေးကောက်ပွဲပြိုင်ဘက်တွေနဲ့ ပတ်သက်လို့တော့ ကျနော်အနေနဲ့ မစိုးရိမ်ပါဘူး။ အချိန်တန်တော့လည်း ပြည်သူပဲ အဆုံးအဖြတ် ပေးသွားမှာပါ” ဟု ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
ဝန်ကြီးချုပ်အနေဖြင့်လွန်ခဲ့သည့် ၅ နှစ်လုံးလုံး အင်္ဂပူ၊ ထူးကြီး၊ မဲဇလီကုန်း၊ ညောင်ကျိုးစသည့် မြို့ ၄ မြို့နှင့် ကျေးရွာအုပ်စု ၈၀ စုပေါင်းထားသည့် အင်္ဂပူမြို့နယ်အတွက် လိုအပ်သည့် စာသင်ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတားနှင့် ဒေသခံတို့၏ အခက်အခဲ လိုအပ်ချက်များကို ဖြည့်ဆည်းပေး၍ စည်းရုံးရေးဆင်းထားသည့် အခြေအနေအပေါ် ယုံကြည်သည့်အတွက် ရွေးကောက်ပွဲအပေါ် မစိုးရိမ်ခြင်းလည်း ဖြစ်နိုင်ပါသည်။
“အင်္ဂပူမှာက ဝန်ကြီးချုပ် လုပ်ပေးထားတာ မနည်းဘူး။ ထူးကြီးမှာဆိုရင် မြို့တော်ခန်းမ၊ စာသင်ကျောင်း၊ ဖုန်းတာဝါတိုင်၊ မိုက်ခရိုဝေ့ဗ်၊ ဆေးရုံ၊ လမ်း၊ တံတားစသဖြင့် သေချာကို လုပ်ပေးထားတာ။ အဲဒီတော့ ဒေသခံတွေထဲမှာလည်း သူ့ကို ထောက်ခံသူတွေ အများကြီးရှိတယ်” ဟု ထူးကြီးမြို့ခံ ဦးရဲထွန်းက ပြောသည်။
NLD ပါတီအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများမှတဆင့် မဲဆွယ် ဟောပြောစည်းရုံးမှုအားကြောင့် ပြည်သူလူထုကြား လူသိများ ရေပန်းစားမှုနှင့် ပြည်သူ့ထောက်ခံမှု ရရှိရေး ဦးသိန်းအောင်၏ လုပ်ဆောင်ချက်များ အားပြိုင်နေဖွယ်ရှိသည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ်မဖြစ်မီ သစ်တောဝန်ကြီးဘဝကတည်းက အင်္ဂပူဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးသိန်းအောင် လုပ်ဆောင်ပေးခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ သို့သော် လက်ရှိအခြေအနေမှာ တိုင်းပြည် ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည့်အတွက် ပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးထက် တိုင်းပြည် ပြောင်းလဲရေးကို ဦးစားပေးသင့်ကြောင်း NLD ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ခိုင်က ပြောသည်။
“ဝန်ကြီးချုပ်ရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံက ပြောင်းလဲဖို့လိုနေပြီ။ ဒီလိုလုပ်ဖို့က ကြံ့ခိုင်ရေးပါတီက ဝန်ကြီးချုပ် ဦးသိန်းအောင် တဦးတည်း မလုပ်နိုင်ဘူး။ အဲဒီတော့ ဒေသဖွံ့ဖြိုးရေးနဲ့ တိုင်းပြည် အပြောင်းအလဲဖြစ်ရေး သေချာစဉ်းစားပြီး မဲပေးဖို့လိုပါလိမ့်မယ်” ဟု သူက ပြောသည်။
ရွေးကောက်ပွဲနိုင်ခဲ့လျှင်တော့ မပြီးပြတ်သေးသည့် ဧရာဝတီတိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဦးသိန်းအောင်က ဧရာဝတီကို ပြောသည်။
“ရွေးကောက်ပွဲအနိုင်ရပြီး ဝန်ကြီးချုပ် ပြန်ဖြစ်ခဲ့ရင်တော့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့၊ စက်မှုလက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့၊ နောက်ပြီး တောင်သူလယ်သမားနဲ့ အလုပ်သမားဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ ဒါတွေကို အဓိကထား ဆောင်ရွက်မှာပါ။ မပြီးပြတ်သေးတဲ့ လုပ်လက်စ စီမံကိန်းတွေလည်း ပြီးမြောက်သွားအောင် ဆက်လက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ” ဟု သူက ပြောသည်။
ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဝန်ကြီးချုပ် ဦးသိန်းအောင် အတွက်တော့ ဒီရွေးကောက်ပွဲ အနိုင်အရှုံးက ဂုဏ်သိက္ခာအရ အလွန် အရေးကြီးသည်။
NLD ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ခိုင်ကမူ ရွေးကောက်ပွဲအနိုင်ရလျှင် ဧရာဝတီတိုင်း၏ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှု အဆင့်အတန်းများ မြင့်မားရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သိမ်းဆည်းခံ လယ်ယာမြေများ လျော်ကြေးငွေ ရရှိရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ပြောသည်။
“ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သာ အစိုးရဖွဲ့နိုင်ပြီး အာဏာရလာခဲ့ရင် မြန်မာနိုင်ငံရဲ့ စပါးကျီလို့ ခေါ်တဲ့ ဧရာဝတီ တိုင်းဒေသကြီးက ပြည်သူတွေ လူနေမှုဘဝမြင့်နိုင်ဖို့၊ ကျန်းမာရေး မြင့်နိုင်ဖို့၊ ပညာရေး မြင့်နိုင်ဖို့ကို ပြည်တွင်းပြည်ပ ထောက်ခံမှုအားတွေနဲ့ အခုထက် အများကြီးတိုးတက်အောင် ပြောင်းလဲပေး နိုင်မယ်လို့ ယုံကြည်တယ်” ဟု သူက ပြောသည်။
အင်္ဂပူ၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ခဲ့စဉ်က ဝန်ကြီးချုပ်ကိုယ်တိုင် ရေထဲဆင်း၍ စားနပ်ရိက္ခာများ ဝေခြမ်းကူညီပေးခဲ့သလို ယခုလို မဲဆွယ်ကာလရောက်သည့် အချိန်တွင်လည်း အင်္ဂပူမြို့နယ်ရှိ လူမှုရေး အသင်းအဖွဲ့များအတွက် သိန်းရာနှင့်ချီ၍ ငွေကြေး ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ကြံ့ခိုင်ရေးပါတီ၏ အောက်ခြေ ရပ်/ကျေး အဖွဲ့ဝင်များက ကျေးရွာများသို့ ဆင်း၍ နိုင်ငံသားမှတ်ပုံတင်များ အကုန်အကျခံ ပြုလုပ်ပေးကာ မဲဆွယ်မှုများလည်း ပြုလုပ်နေသည်။
NLD ပါတီအနေဖြင့် အင်္ဂပူနှင့် မဲဇလီကုန်းမြို့ပေါ်ရပ်ကွက်များ၌ အောင်နိုင်ရေယာဉ်များ လှည့်လည်နေသလို ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ခိုင် ကလည်း မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆင်း၍ မဲဆန္ဒရှင် ပညာပေးလုပ်ငန်းနှင့် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေသည်။
တောင်သူလယ်သမား ပါတီနှင့် ခေတ်သစ်ပြည်သူ့ပါတီတို့မှ ကိုယ်စားလှယ်လောင်းများကမူ စည်းရုံး မဲဆွယ်မှုများ ပြုလုပ်ခြင်း မရှိသေးကြောင်း အင်္ဂပူဒေသခံများက ပြောသည်။
ဝန်ကြီးချုပ် ဦးသိန်းအောင်၏ မွေးရပ်ဇာတိဒေသဖြစ်သည့် အင်္ဂပူမြို့နယ်၌ ဝန်ကြီးချုပ်ကပဲ တကျော့ပြန် အနိုင်ရလေမည်လား၊ ပြည်သူလူထု ယုံကြည်အားကိုးသည့် တခြား ကိုယ်စားလှယ်တဦးဦးကပဲ ဝန်ကြီးချုပ်ကို အနိုင်ယူသွားမည်လား ဆိုသည်က လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် အင်္ဂပူမြို့နယ်ရှိ ပြည်သူများက ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။