ဆီးစပ်၊ ဆီးခုံ နာကျင်မှုတွေနဲ့ ပတ်သက်ပြီး အရင်တပတ်က ပြောခဲ့ပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းတွေ များလွန်း တော့လည်း ဆက်လက် တင်ပြစရာတွေ ကျန်နေပါ သေးတယ်။ အစာလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ မျိုးပွားအင်္ဂါ လမ်းကြောင်းတွေ စုဆုံရာ ဒီနေရာမှာ နာကျင်ကိုက်ခဲမှုတွေက အကြောင်းအရာစုံ၊ အမယ်စုံလှတာမို့ ပါ။
ဆီးလမ်းကြောင်းရောဂါပိုးဝင်
ဆီးမကြာခဏ သွားချင်နေတယ်၊ ဆီးသွားတဲ့အခါ နာတယ်၊ ဆီးအိမ် တင်းနေသလို ခံစားရတယ် ဆိုရင်ဖြင့် ဆီးလမ်းကြောင်း ပိုးဝင်လေသလား စဉ်းစားရတော့မှာပါ။ UTI (Urinary Tract Infection) ခေါ်ပါတယ်။ ကုသလိုက်ရင် လွယ်ကူမြန်ဆန် ပျောက်ကင်းတတ် ပေမယ့် တခါတလေလည်း ပြင်းထန် ဆိုးရွားတတ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ် အထိ ရောဂါပိုးပျံ့နှံ့ပြီ ဆိုရင် စိုးရိမ်ရတဲ့ အကျိုးဆက်တွေ ဖြစ်လာတတ်ပါတယ်။ ကျောက်ကပ် ရောဂါပိုးဝင်တဲ့ အခါ ဖျားမယ်၊ အော့အန်မယ်၊ ခါးတခြမ်းနာမယ် ဆိုတာမျိုးတွေပါ တွဲပြီး ဖြစ်တတ်တာ သတိပြုရပါမယ်။
ဆီးကျောက်တည်
ဆီးသွားတဲ့ အခါ ခန္ဓာကိုယ်ထဲက ဆားနဲ့ သတ္တုဓာတ်တွေ စွန့်ပစ်တဲ့ နည်းလမ်းပါ။ အဲဒီ အရာဝတ္ထုတွေက သဲမှုန် လောက်ကနေ ဂေါက်သီးလောက် အထိ ရှိကြပါတယ်။ ဆီးသွားတဲ့ အခါ နာတယ်၊ ဆီးရောင်က သွေးကြောင့် ပန်းရောင် ဒါမှ မဟုတ် အနီ ဖြစ်လာတယ် ဆိုရင်ဖြင့် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေပြီလား ဆိုတာ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ တချို့ ကျောက်တွေလည်း သူ့ဘာသာ ထွက်သွားတာ တွေ့ဖူးကြမှာပါ။ တချို့ ကျတော့လည်း ကုသမှု ခံယူရပါတယ်။ သူ့အလိုလို ကျောက်က ထွက်သွားဦးတော့ နာကျင်ကိုက်ခဲမှု အတွက် ဆရာဝန်ပေးတဲ့ ဆေးတွေသောက်ဖို့နဲ့ ရေများများသောက်ဖို့ကတော့ လိုအပ်ပါသေးတယ်။
ဆီးအိမ်နာ
ဆီးခုံ၊ ဆီးစပ်မှာ မပြတ်နာကျင်နေတဲ့ အကြောင်း တခုအဖြစ် ဆီးအိမ်ရောင်တာ ကိုလည်း ထည့်တွက်ရပါတယ်။ အသက် ၃၀ ကနေ ၄၀ အကြား အမျိုးသမီးများ ပိုဖြစ်လေ့ ရှိပါတယ်။ အကြောင်းရင်း ကတော့ တိတိကျကျ ပြော မရသေးတဲ့ ဝေဒနာပေါ့။ ဆီးအိမ်မှာ နှိုးဆွပေးနေသလို ဖြစ်ပြီး တနာရီ အတွင်းမှာ အကြိမ်များစွာ ဆီးသွားချင်နေပါ တယ်။ ဆီးစပ် အပေါ်မှာ ဖိထားသလို ခံစားရပြီး ဆီးသွားနေချိန်၊ လိင်ဆက်ဆံချိန်တွေမှာ နာကျင်မှုခံစားရပါတယ်။ တကယ်လို့ အချိန်ကြာမြင့်စွာ ဒီလို ခံစားနေရပြီ ဆိုရင် ကုသမှုခံယူပြီး သက်သာစေနိုင်တာကို သတိရပါ။
အင်္ဂါ အစိတ်အပိုင်းတွေ လျော့ရဲတာ
အသက်ကြီးလာတာနဲ့ အမျှ ဆီးခုံအတွင်းထဲက အင်္ဂါအစိတ် အပိုင်းတွေ လျော့ရဲ လာတတ်ပါတယ်။ ဆီးအိမ်က သားအိမ်ပေါ် ပိလာပြီး သားအိမ်ကို နိမ့်ဆင်းစေတာမျိုးပေါ့။ သာမန်အားဖြင့် သိပ်အန္တရာယ်မရှိလှဘူး ဆိုနိုင်ပေမယ့် အတော် စိတ်မသက်သာ ဖြစ်ရတဲ့ ရောဂါမျိုးပါ။ မိန်းမကိုယ်မှာ လေးပင်နေသလို ခံစားရပြီး ဝမ်းဗိုက် အောက်ပိုင်းမှာ လည်း တင်းကျပ်ကျပ် ခံစားနေရတာမျိုး ပါ။ ခါးအောက်ပိုင်းရော၊ ပေါင်ခြံတဝိုက်တွေမှာပါ နာကျင်ရတာပါ။ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်ကုသမှုတွေနဲ့ သက်သာစေနိုင်ပါတယ်။
ဆီးခုံအတွင်းပိုင်း သွေးပြန်ကြောတွေ
Varicose vein ခေါ်တဲ့ ခြေထောက်က သွေးပြန်ကြောတွေ ဖောင်းပြီး ထုံးနေတာမျိုး တွေ့ဖူးကြမယ် ထင်ပါတယ်။ ဆီးခုံ အတွင်းပိုင်းက သွေးပြန်ကြောတွေ မှာလည်း အဲဒီလို ဖြစ်တတ်ပါတယ်။ သွေးပြန်ကြောတွေ ဖောင်းကားပြီး ရောင်ရမ်းလာတောာ့ နာကျင်မှုခံစားရပါတယ်။ Pelvic Congestion Syndrome ခေါ်ပါတယ်။ ထိုင်နေရင်၊ ဒါမှမဟုတ် ရပ်နေရင် ပိုဆိုးတတ်ပါတယ်။ လဲလျောင်းနေရင် သက်သာ သွားတတ်ပါတယ်။ ဒီရောဂါကတော့ အသေးစား ခွဲစိတ်မှု လေးတွေနဲ့ ပြုပြင် ကုသနိုင်ပါတယ်။
အမာရွတ်တစ်ရှူး
တကယ်လို့ ဝမ်းဗိုက်အောက်ပိုင်း ခွဲစိတ်မှုတွေ ခံယူခဲ့ဖူးရင် ဆီးစပ်၊ ဆီးခုံနာကျင်မှုတွေ ခံစားရနိုင် ပါသေးတယ်။ အဲဒီအခါ အတွင်း အင်္ဂါတွေမှာ ကျန်ခဲ့တဲ့ အမာရွတ်တွေ (Adhesions) ကပ်ကျန်နေခဲ့ကြပါတယ်။ မဆက်စပ်ရမယ့် အစိတ်အပိုင်း တွေကို သွားကပ်နေမိရင် နာကျင်မှုရော၊ တခြားပြဿနာတွေပါ ခံစားရတာပါ။ သူတို့ ရှိတဲ့ နေရာလိုက်လို့ပေါ့။ ဒါမျိုးကလည်း ပြန်ပြီး ခွဲစိတ်ဖယ်ရှားရတာမျိုးတွေ လုပ်ရပါတယ်။
မိန်းမကိုယ် နာကျင်မှု
စက်ဘီးစီးတဲ့ အခါမျိုး၊ လိင်ဆက်ဆံချိန်မျိုးမှာ နာကျင်တတ်တဲ့ ရောဂါ တမျိုးရှိပါသေးတယ်။ မိန်းမကိုယ် အဝနားမှာ ပူစပ်စပ် နာကျင် ခံစားရတာမျိုးပါ။ Vulvodynia လို့ ခေါ်ပါတယ်။ တခြားဖြစ်တတ်တဲ့ ရောဂါတွေ ရှာမတွေ့ရင် ဒီဝေဒနာလို့ သတ်မှတ်ရမှာပါ။ နာလိုက်ပျောက်လိုက် ဖြစ်လေ့ရှိပြီး ရောဂါပိုးကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ဆေးဝါးတွေ၊ လေ့ကျင့်ခန်း တွေနဲ့ သက်သာစေနိုင်ပါတယ်။
လိင်ဆက်ဆံချိန် နာကျင်မှု
ဒါကတော့ အကြောင်းပေါင်းများစွာနဲ့ သက်ဆိုင်နေသလို အများစုက ကုသလို့ ရပါတယ်။ မိန်းမကိုယ်မှာ ရောဂါပိုး ဝင်ရောက်တာမျိုး ဖြစ်နိုင်သလို ချောမွေ့မှု လိုအပ်တာလည်း ဖြစ်တတ်ပါတယ်။ Dyspareunia ခေါ်တဲ့ လိင်ဆက်ဆံချိန် နာကျင်မှု အတွက်တော့ ရုပ်ပိုင်း၊ စိတ်ပိုင်း ကုသမှုတွေ လိုအပ်တတ်ပါတယ်။
အထက်မှာ ဆိုခဲ့တာတွေက ဆီးစပ်၊ ဆီးခုံ နာကျင်စေတာတွေထဲက တွေ့ရများတဲ့ အခြေအနေတွေ ပါ။ တကယ်လို့ အနည်းဆုံး ၆ လလောက် နာနေပြီ ဆိုမှဖြင့် နာတာရှည် ဆီးစပ်နာကျင်မှု အဖြစ် စဉ်းစားရပါတော့မယ်။ ဒါက အတော် ခံရ ဆိုးပါတယ်။ အိပ်ပျက်၊ စိတ်ပျက်၊ အလုပ်ပျက်၊ ဆက်ဆံရေး ပျက်တွေ ဖြစ်လာမှာပါ။ ဆရာဝန်နဲ့ တိုင်ပင်ကုသရမှာ ပါ။ အများစုက ပျောက်ကင်း သက်သာစေတဲ့ အကြောင်းတွေပါ။ တခါတလေလည်း အဖြေမရတဲ့ ပုစ္ဆာလို ဖြစ်နေတတ် ပါတယ်။ ဒါပေမယ့် ဆရာဝန်ကတော့ သက်သာရာ သက်သာကြောင်းတွေ ကူညီပေးနိုင်ပါလိမ့်မယ်။ ဆီးခုံ၊ ဆီးစပ် နာကျင်မှုကို အလေးထား သတိမူစေချင်တယ် လို့သာ သတင်းပေးလိုက် ပါရစေ။ ။