“ဗမာစကား လာမပြောနဲ့ ၊မကြားချင်ဘူး” လို့ မိုင်းခေါင်စစ်ရှောင်စခန်းမှ ကလေးငယ်တဦးက သူ့ရှေ့မှာ ရပ်နေတဲ့ သတင်းထောက်ကို စူးစူးရဲရဲအော်ပြီး ထွက်ပြေးသွားပါတယ်။
သတင်းထောက်လည်း တအံ့တသြနဲ့ ထွက်ပြေးသွားတဲ့ ကလေးကို ကြည့်ပြီး “ ငါ ကရင်စကားပြောရင် မင်းနားလည် မလားလို့ “ အသံတိုးတိုးနဲ့ ပြောရင်း ငေးလို့ ကျန်နေခဲ့ပါတယ်။ မိုင်းခေါင်စစ်ရှောင်စခန်းက ကချင်ပြည်နယ်၊ ဗန်းမော် ခရိုင်၊ မန်စီမြို့နယ်ထဲက ကချင်စစ်ပြေးရှောင် ဒုက္ခသည် ၁၁၀၀ ကျော်ကို ခိုလှုံခွင့်ပေးထားတဲ့ နှစ်ခြင်းခရစ္စယာန် ဘုရားကျောင်းဝင်းတခုပါ။
ထွက်ပြေးသွားတဲ့ ကလေးငယ်က စက်တင်ဘာလ ၁၈ ရက်က မိုင်းခေါင်စစ်ရှောင် စခန်းနဲ့ ၄ ဖာလုံ ခန့်သာ ကွာဝေး တဲ့ ရွာ ၅ ရွာမှာ တပ်မတော် နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဖြစ်တာကြောင့် စစ်ဘေး ရှောင်လာသူ ၂၀၅ ဦးထဲက တယောက်။
သူ့နာမည် ဘယ်သူလဲ ။ ဘယ်ရွာကနေ စစ်ရှောင်လာသလဲ ဆိုတာ မေးခွင့်မရလိုက်ပါဘူး။
တိုက်ပွဲဖြစ်ပွားနေတဲ့ ရွာ ၅ ရွာတွေက လိုက်ကာကျေးရွာ၊ မုန်းလူ ကျေးရွာ၊ ဂျေဆောန်းကျေးရွာ ၊ ဖာဂါရိုင်ကျေးရွာ နဲ့ ကောင်းခါပါ ကျေးရွာတို့ ဖြစ်တယ်လို့ မိုင်းခေါင်စစ်ရှောင်စခန်း တာဝန်ခံ ဦးနော်မိုင်က ပြောပါတယ်။ ဦးနော်မိုင်က စက် တင်ဘာလ ၁၈ ရက်မှာ တပ်မတော်ရဲ့ တပ်ရင်း ၈၆ က လိုက်ကာကျေးရွာမှာ ရှိတဲ့ စာသင်ကျောင်းကို ဓာတ်ပုံရိုက် မယ်လို့ ပြောကာ စစ်ကြောင်းများ တက်သွားပြီးနောက်မှာ KIA နဲ့ အပြန်အလှန် ပစ်ခတ်မှုများ စတင်ဖြစ်ပွားတော့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့သွားနေတာ KIA နယ်မြေလို့ သတ်မှတ်ထားတဲ့ နေရာကိုသွားနေတော့ KIA ဘက်နဲ့ ကျနော်တို့ ဆက်သွယ်ပေး တယ်၊ KIA က ဓာတ်ပုံရိုက်မယ်ဆို ၂နာရီလောက်စောင့်၊ အကြောင်းပြန်မယ် ပြောပေမယ့် စစ်ကြောင်းတွေက မစောင့် ဘူး ဆိုပြီး စပစ်တော့တာပဲ” လို့ ဦးနော်မိုင်က သူကြုံခဲ့ရတာကို ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားချိန်မှာ ရွာ၅ ရွာအတွင်း ရွာသူ/သား ၂၀၀ ကျော် ပိတ်မိနေတာကြောင့် မိုင်းခေါင် ဒုက္ခသည်စခန်းတာဝန်ခံများက တပ်မတော်မှ တပ်ရင်းမှူးများကို တိုက်ပွဲ ရပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် “ငါတို့လည်း စစ်မဖြစ်ချင်ဘူး၊ အထက်အမိန့်ပဲ” လို့သာ ပြန်ပြောတယ်လို့ မိုင်းခေါင်စခန်း တာဝန်ခံများက ဆိုပါတယ်။
ဒေသခံတွေက တိုက်ပွဲကြားမှာ ၂ရက်ခန့် ပိတ်မိနေခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်မှာတော့ KIA မှ အရာရှိ များက တောလမ်းများကို ရှင်းပြီး မိုင်းခေါင်စခန်းသို့ သွားနိုင်မယ့် လမ်းအထိ လိုက်ပို့ပေးခဲ့တာ ဖြစ်တယ် လို့ စစ်ရှောင်လာသူ တွေက ပြောပါတယ်။
ကောင်းခါပါကျေးရွာက စစ်ရှောင်လာသူ ဒေါ်ဆိုင်းဂျာက မနက် ၁၀ နာရီက နေ့လယ် ၃နာရီ တောလမ်းကို လျှောက်ခဲ့ ရပြီး လမ်းမှာ စစ်ကြောင်းတွေသွားတဲ့ လမ်းနဲ့ နီးကပ်နေတာမို့ စကားတလုံးမှ မပြောဘဲ လာခဲ့ရတယ်လို့ ပြောပြပါ တယ်။
“စစ်ကြောင်းတွေနဲ့ တွေ့ရင် အသေပဲလို့ ကျမက မှတ်ထားတော့ အရမ်းကြောက်နေတယ်၊ သူတို့က ကချင်တွေကို တွေ့ရင် ဘာမှ မမေးဘဲ သေနတ်နဲ့ပစ်မှာ ကျမသိတယ်၊ သူတို့နဲ့ လုံး၀ မတွေ့ရဲဘူး”လို့ ဒေါ်ဆိုင်းဂျာက သူ့ရဲ့လက်နှစ် ဖက်ကို ဝှေ့ရမ်းပြီး ပြောပါတယ်။
ကလေးငယ်တွေ အပါအဝင် ဒေါ်ဆိုင်းဂျာတို့လို လမ်းလျှောက်နိုင်တဲ့သူတွေကတော့ မိုင်းခေါင်စစ်ရှောင်စခန်းကို ထွက် ပြေး လွတ်မြောက်လာခဲ့ပေမယ့် မသန်စွမ်းသူနဲ့ ဖျားနာနေတဲ့ သက်ကြီးရွယ်အို ၂၃ ဦးကတော့ ရွာတွေ အတွင်းမှာ ပိတ်ပြီး ကျန်နေခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ လမ်းတလျှောက်လုံးက တောလမ်းဖြစ်တာက တကြောင်း၊ စကားတလုံးမှ မပြောနိုင်ဘဲ ပုန်းရှောင်ပြီး ပြေးခဲ့ရတာက တကြောင်းကြောင့် မသန်စွမ်းသူနဲ့ ဖျားနာနေတဲ့သက်ကြီးရွယ်အို ၂၃ ဦးကိုတော့ သူတို့ မိသားစုဝင်အသီးသီးက ရွာတွေမှာပဲ ထားပစ်ခဲ့ရပါတယ်။
ဂျေဆောန်းကျေးရွာမှ စစ်ရှောင်လာသူ ဒေါ်အာ့ပန်က “ကျမ အဖေကို နောက်မှ ပြန်လာခေါ်မယ်လို့ ပြောခဲ့တယ် ၊ သူဖျားနေတာ “ လို့ ပြောပြီး သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ပြီး ငိုပါတော့တယ်။ စစ်ဘေးရှောင်ဖို့ အချိန်မရှိတော့ တာကြောင့် ကလေးတွေကလည်း တဖက်နဲ့မို့ သူ့အဖေကို ထားခဲ့ရတယ်လို့ ပြောပြပါတယ်။
စစ်ပြေးရှောင်လာသူတွေက သူတို့ ချစ်တဲ့မိသားစုဝင်တွေအပြင် စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ စပါးရိတ်သိမ်းရတော့ မယ့် လယ်တွေ ၊ကျွဲတွေ၊ နွားတွေကို ထားပစ်ခဲ့ရပါတယ်။ သူတို့မှာ အဝတ်အစား တယောက်တစုံစီပဲ အပိုသယ်နိုင်ခဲ့ ပါတယ်။
မိုင်းခေါင်စစ်ရှောင်စခန်းမှာ ၂၀၁၁ ခုနှစ်ကတည်းက စစ်ရှောင်လာသူ ၁၁၀၀ ကျော် ရှိနှင့်ပြီးသားမို့ ယခု ရက်ပိုင်း အ တွင်း ရောက်ရှိလာတဲ့ ထပ်တိုးဒုက္ခသည် ၂၀၅ ဦးကိုတော့ နေရာထိုင်ခင်း အတည်တကျ မပေးနိုင်သေးပါဘူး။
ယခင် ရှိနှင့်ပြီးသား စစ်ရှောင်ဒုက္ခသည်မိသားစုတစုကို အလျား ၉ ပေ၊ အနံ ၈ ပေခန့် သာကျယ်တဲ့ အခန်းတခန်းစီပဲ ပေးထားနိုင်တာ တွေ့ရပြီး နေရာထိုင်ခင်း မရသေးတဲ့သူတွေကတော့ ဆွေမျိုးနီးစပ်ရှိသူတွေက အခန်းရှိပြီးသားသူ တွေဆီမှာ သွားနေကြပါတယ်။ ဆွေမျိုးရော မိတ်ဆွေပါ အသိမရှိတဲ့သူတွေကတော့ ကျောတခင်းစာ အိပ်ဖု့ိနေရာကို စစ်ရှောင် ဒုက္ခသည်တွေ စုပေါင်းပြီး ဘုရားဝတ်ပြုတဲ့ တမံတလင်း အလွတ်တွေမှာ ဂုန်နီအိတ်တွေ ခင်းပြီး နေရာယူ ထားကြပါတယ်။
ညပိုင်းမှာတော့ ဒီတမံတလင်းက သူတို့အတွက် အိပ်စရာနေရာ ဖြစ်ပေမယ့် မနက်ပိုင်းမှာတော့ ကလေးတွေရဲ့ စာသင်တဲ့ နေရာပါ ။ တချို့ကလေးတွေကတော့ ယာယီတဲလေးတွေမှာ စာသင်ကြရပါတယ်။
ဒုက္ခသည် ၁၁၀၀ ကျော်မှာ အသက် ၁၂ နှစ်အောက် ကလေးငယ် ၄၀၀ ကျော် ရှိပြီး ကလေးအားလုံးက မိုင်းခေါင် စစ်ရှောင်စခန်းမှာပဲ ပြန်ဖွင့်ထားတဲ့ ကျောင်းတွေမှာပဲ တက်ကြပါတယ်။ ဆရာမတွေက မနက် ၈ နာရီခွဲကနေ နေ့လယ် ၃နာရီကျော်အထိ စာသင်ပေးပါတယ်။ စာမေးပွဲတွေကိုလည်း အစိုးရ ရဲ့သင်ရိုးညွှန်းတန်းအတိုင်း လုပ်ဆောင်တယ်လို့ ပြောပါတယ်။
ကလေးတွေက မနက်မိုးလင်းတာနဲ့ သူတို့မှာ ရှိတဲ့ လွယ်အိတ်၊ ကျောပိုးအိတ်၊ ကျွတ်ကျွတ်အိတ် စတဲ့ အိတ်မျိုးစုံနဲ့ ကျောင်းကို လာကြပါတယ်။ သူတို့မှာ အဖြူနဲ့အစိမ်း ဝတ်စုံတွေ မရှိပါဘူး။ သူတို့မှာရှိတဲ့ ညစ်ထေးထေး ဝတ်စုံတွေ၊ ပြဲစုတ်နေတဲ့ အကျႌတွေ ၊ ကိုယ်ခန္ဓာနဲ့ အဆမတန် ကြီးနေတဲ့ အကျႌတွေကိုပဲ ဝတ်ဆင်ပြီး ကျောင်းလာတက်ကြပါ တယ်။
လေးတန်းကျောင်းသား ဇော်မိုင်က “ ကျောင်းဝတ်စုံတွေ အိမ်မှာ ကျန်ခဲ့တယ် “ လို့ ပြောပါတယ်။
မိုင်းခေါင်စစ်ရှောင်စခန်းနဲ့ ခြံစည်းရိုးတခုသာခြားတဲ့ နေရာမှာ တပ်မတော်၊ တပ်ရင်း ၈၆ က တပ်စုတစု စခန်း ချထား ပြီး တဖက် က KIA ကို လှမ်းပစ်ခတ်နေတာကြောင့် နေ့စဉ်ပဲ ကလေးတွေရဲ့ စာအံသံနဲ့ အတူ “အုန်း” ဆိုတဲ့ မြေပြင် ပေါ်ကို လက်နက်ကြီး ကျသံတွေ ကြားနေရပါတယ် ။
မိုင်းခေါင်စစ်ရှောင်စခန်းရဲ့ နေ့လယ်ခင်းတွေမှာ စာအံသံတွေနဲ့ အမြောက်ဆံ ကျသံတွေကို ပြိုင်တူ ကြားနေရပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက မိုင်းခေါင်စစ်ရှောင် စခန်းမှာ လက်နက်ကြီးတလုံး ကျပေါက်ကွဲခဲ့ပြီး ၊ မိုင်းခေါင် ၊ အထက ကျောင်းမှာ လက်နက်ကြီး ၂ လုံးကျ ပေါက်ကွဲခဲ့ဖူးလို့ လက်နက်ကြီးသံ ကြားတိုင်း ထိတ်လန့် နေတယ်လို့ ဆရာမ တွေက ပြောပါတယ်။
ကလေးတွေနဲ့စာသင်နေတဲ့ ဆရာမတွေက “အုန်း”ဆိုတဲ့ အသံကြားရင် ခဏ ငြိမ်သွားလိုက် ။ စာပြန်သင်လိုက်နဲ့ စာအံသံတွေ လက်နက်ကြီးကျသံတွေက ရောထွေးလို့ပါ ။
တပ်မတော်၊ တပ်စခန်းရဲ့ နောက်ကျောဘက် ကပ်ရပ်နေရာ ရှိတဲ့ မိုင်းခေါင်၊ အထကကျောင်းမှာတော့ လက်နက် ကြီးကျသံတွေ ကြားတာနဲ့ ကျောင်းသား ၂၅၀ ကျော်က ကျောင်းမတက်ကြတော့ဘဲ အိမ်ကိုပြန်ပြေးကြတယ်လို့ မိုင်းခေါင် ၊ အထကကျောင်းမှ ကျောင်းအုပ်ဆရာ ဦးအမ်ထယ်ဆန်းက ပြောပါတယ်။
မန်စီမြို့နယ်အတွင်းက ကလေးတွေက ၂၀၁၁ ခုနှစ်က စလို့ စစ်ပြေးရှောင်နေရတာကြောင့် စာကို ကောင်းကောင်း မသင်နိုင်ကြပါဘူး။ ၁၀ တန်းအောင်တဲ့သူကလည်း နှစ်စဉ် ၁၀၀ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းလောက်သာရှိတယ်လို့ သိရပါတယ်။
ဦးအမ်ထယ်ဆန်းက “ကလေးတွေကို စာကောင်းကောင်းသင်ပြီး ပညာတတ်ဖြစ်စေချင်တယ်၊ ကျနော်တို့ ဒေသမှာ အင်ဂျင်နီယာ၊ ဆရာဝန်လိုမျိုး အတတ်ပညာရှင် ဖြစ်တာ လုံးဝမရှိဘူး၊ သူတို့ကို ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။ ကလေးအများစုက စစ်ပြေးဘဝမရောက်ခင် ရွာတွေမှာနေရတုန်းက လိမ္မာရေးခြားရှိတဲ့ ကလေးတွေ ဖြစ်ကြပေမယ့် စစ်ပြေးပြီးနောက်မှာ ဆရာ/မတွေရဲ့ပြောစကားလည်း နားမထောင်တော့ဘူးလို့ ဆရာမတွေက ပြောပါတယ်။
မိုင်းခေါင်စစ်ရှောင်စခန်းက ဆရာမ အဂျာ့က “ ကလေးတွေက စာကို စိတ်မဝင်စားကြဘူး၊ စိတ်ဝင်စားတဲ့သူက သုံးပုံ တပုံပဲ ရှိတယ်” လို့ ညည်းတွားပါတယ် ။
ထို့ပြင် ကလေးအများစုက ပထမတန်းအရွယ်ကနေ စပြီး ဆရာမတွေက ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးတဲ့အခါ “ စစ်သား” ဖြစ်ချင်တယ်၊ “ဗမာစစ်သားတွေကို သတ်တဲ့ စစ်သား ဖြစ်ချင်တယ် “ ၊ “ KIA စစ်သား ဖြစ်ချင်တယ်” လို့ ဖြေ ကြတယ်လို့ မိုင်းခေါင်စစ်ရှောင်စခန်းက ကျောင်းအုပ်ဆရာမ ဇမိဆုန်းက ပြောပါတယ်။
“ကျမအမြဲ ပြောတယ်၊ ပညာတတ်အောင် သင်ရမယ်၊ မင်းတို့ဘာ မင်းတို့ KIA ပဲ ဖြစ်ချင်ဖြစ်ချင် ဘာပဲဖြစ်ချင် ပညာ မတတ်ရင် သူများခိုင်းတာခံရမယ်၊ ပညာတတ်ရင်တော့ လူကြီးလုပ်ရမယ်လို့ ပြောပါတယ်၊ ဒါပေမယ့် သူတို့က စာကို စိတ်မဝင်စားဘူး” လို့ ဆရာမ ဇမိဆုန်းက ဆိုပါတယ်။
ဆရာမ ဇမိဆုန်းက ကလေးတွေ အကြောင်း ပြောရင်း အသံတွေ တိမ်ဝင်သွားပါတယ်။ သူ့မျက်နှာမှာ ကလေးတွေရဲ့ အနာဂတ်ကို စိုးရိမ်နေတဲ့ ပုံပေါ်နေပါတယ်။
ဆရာမ ဇမိဆုန်းက ကလေးတွေက သူတို့ KIA စစ်သားဖြစ်မှ သူတို့ မိဘတွေကို စောင့်ရှောက်နိုင်မယ် ၊ သူတို့ နေထိုင်တဲ့ အိမ်တွေကနေ ထွက်မပြေးရမှာဆိုတဲ့ အတွေးတွေ ဝင်နေတယ်လို့ ရှင်းပြပါတယ်။
ကျောင်းအားချိန်မှာ ကစားရင်လည်း စစ်တိုက်တိုင်းပဲ ကစားကြပြီး ဆရာမတွေက အဲ့ဒါတွေ မဆော့ရဘူးလို့ ပြော ရင်လည်း ကွယ်ရာမှာ ဆော့ကြတယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့စိတ်မှာ သူတို့ဘ၀ လုံခြုံဖို့ “KIA စစ်သား လုပ် ချင်တယ်” ဆိုတဲ့ စိတ်ဟာ မိဘတွေက ရိုက်သွင်းပေးတာ မဟုတ်ဘဲ သူတို့ဘာသာ သူတို့ ပြောဆိုနေကြတာ ဖြစ် တယ်လို့လည်း ဆရာမ ဇမိဆုန်းက ပြောပါတယ်။
ဂျေဆောန်းကျေးရွာမှ စစ်ရှောင်လာသူ ဒေါ်ခွန်ဒီကတော့ “ ကျမ ကလေးတွေကို ကျမတို့လို ဘဝမျိုးနဲ့ မနေစေချင်ဘူး၊ ပညာတတ်ပဲ ဖြစ်စေချင်တယ်၊ မြို့မှာ အေးအေးချမ်းချမ်းနေစေချင်တယ်”လို့ ဆိုပါတယ်။ တချို့ကလေးငယ်တွေက ကြီးပြင်းလာရင် စစ်ရှောင်စခန်းတွေမှာ ကျောင်းဆရာ လုပ်ချင်တယ်လို့ ပြောကြတဲ့သူတွေလည်း ရှိပါတယ်။
ကလေးအများစုရဲ့ စိတ်ကတော့ အနာဂတ်အတွက် စိတ်ကူးကောင်းတွေ မတွေးခေါ်နိုင်ဘဲ သူတို့ စစ်ရှောင် ဘ၀ ရောက်ခဲ့ရလို့ နာကျည်းနေတဲ့ စိတ်ကို ဖြေဖျောက်ဖို့ပဲ တွေးနေကြပါတယ်လို့ ဆရာမ ဇမိဆုန်းက ကောက်ချက် ချပါ တယ်။
ဆရာမတွေ ပြောဆိုချက်အရ ကလေးငယ်တွေကို “အသက်ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးတော့ “ အများစုက ပြုံးစိစိနဲ့ ပြန်မဖြေကြပါဘူး။
တချို့ကတော့ “ Hpyenla Galaw Mayu Ai -ဖြန်လာဂလော်မယူအိုင် ( KIA စစ်သား ဖြစ်ချင်တယ် ) “ လို့ ပြန်ဖြေ ပါ တယ်။
( ၂၀၁၁ ခုနှစ်မှ စ၍ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် ကချင်ပြည်နယ် ၊ ဒေသ အနှံ့အပြားတွင် စစ်ရှောင် ဒုက္ခသည် ၁၅၀၀၀၀ ကျော် ရှိသည် ။ ဗန်းမော် ခရိုင်၊ မန်စီမြို့နယ်ရှိ မိုင်းခေါင် စစ်ရှောင် စခန်းမှာ ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများအနက် စခန်းငယ်လေး တခုသာ ဖြစ်သည်။ )